အမလေး၊ ခေါင်းစဉ်ကို ဖတ်ပြီး ကျုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်၊ ဇန်းတင်မဲ့သူလို့ ကိုရင် ထင်ရင်ဖြင့် အလွဲကြီး လွွဲပါ လိမ့်မဗျာ။ အေးလေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းတော်ဘွဲ့တွေက ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဖတ်လို့မကုန်အောင်ရှိနေပြီပဲ။ သြော် ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံ ချရေးလိုက်တာကို ကိုရင် အထွန့်တက်ချင်ပြန်ပြီ ထင်တယ်။
ကျုပ်က ဗုဒ္ဓဘာသာဝင် ဆိုတော့ အသက်အားဖြင့် ကြီးရင့်သူ၊ ဂုဏ်အားဖြင့် ကြီးမြင့်သူဆိုရင် ရိုသေသမှုနဲ့ ဦး၊ ဒေါ်၊ ကို၊ မောင် တပ်ခေါ်နေကျမို့ပါ ကိုရင်ရဲ့။ ကိုရင့် ကိုလည်း ကျုပ်က ဗမာပီပီ၊ ဦး၊ ကို၊ မောင် စသည်ဖြင့် သင့်တော်ရာ၊ ရှေ့ဂုဏ်ပုဒ်လေး တပ်ပြီး ခေါ်ချင်တာပါပဲ။ ခက်နေတာက ကိုရင့်ဖေ့စ်ဘွတ် အကောင့်မှာ ကိုရင့်နာမည်ရင်း၊ ဓာတ်ပုံ အပါအဝင် ဇာတိပဝတ္တိ၊ ဘာတခုမှ မယ်မယ် ရရ၊ အတိအကျဖော်ပြမထားဘဲ“အာဂ ယောက်ျား တကယ့်လူ” လို့သာတွေ့ရတာကြောင့် ကျုပ်က ဘယ့်နှယ်ခေါ်ရမှန်း မသိ တာနဲ့ ကျုပ်တို့ အညာအရပ်အခေါ် ကိုရင်လို့ နာမ်စား သုံးလိုက်တာကို ကိုရင်ကျေနပ်မယ် ထင်ပါရဲ့။
နာမည်ဆိုတာ တကယ်တော့ပညတ်ပါ ကိုရင်။ အမယ်၊ စကားမစပ်၊ နာမည်ဟာ၊ ပညတ် သာဆိုရတယ် တချို့ ပုဂ္ဂိုလ်တွေအတွက် တော့ နာမည်မှာ ဘယ်လိုတပ် ခေါ်ခေါ် တင့်တယ် နေတာ၊ တစ်ညီတညွတ်တည်း ရိုသေ လေးစားသမှုရှိနေတာလည်း သတိပြုစေ ချင်တယ် မောင်။
ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့ ထိန်လင်း ခေါ်ခေါ်၊ အောင်ဆန်း လို့ ရေးချင်ရေး၊ ဗိုလ်ချုပ် ဆိုတဲ့ နာမ်စားသုံးချင်သုံး ၊ သူ့ဂုဏ်ဒြပ် နဲ့ ကောင်းသတင်း ပရမတ်ကတော့ မှေးမှိန်မသွားတတ်ဘူး မောင်ရဲ့။
တခုတော့ စကားပလ္လင် ခံထားပါရစေမောင်၊ ကိုရင်နဲ့ကျုပ်အကြားမှာ အယူအဆကွဲလွဲချက်တချို့ ရှိကောင်းရှိနိုင်တာမို့၊ တဘက်နဲ့တဘက် အနိုင်ရရင်ပြီးရော၊ ငါ့စကားနွားရဆိုတာမျိုးတွေ ကျုပ်ဘက်က အတတ်နိုင်ဆုံး ရှောင်ရှားမှာဖြစ်သလို ကိုရင့်ဘက်က လည်း၊ ထစ်ခနဲရှိ ဒေါသထွက်လာတာမျိုး မဖြစ်စေဘဲ၊ စိတ်ကိုဖြူအောင် ထားစေချင်ပါတယ်။ ကဲပါလေ ကျုပ်ပြောချင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဝတ္ထုလေး စလိုက်ကြပါစို့ရဲ့။
တကယ်တော့ ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာ ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာတွေနဲ့ ကျုပ် တယ်ပြီး အကျွမ်းမဝင်လှပါဘူး။ ဒါပေသည့် ကျုပ်ဟာ ဇာတိနိုင်ငံကနေခွဲခွာပြီး တရပ်တကျေးလည်း ရောက်နေ၊ စကားပြောဖော် မိတ်ဆွေသင်္ဂဟကလည်း ရှားသမို့ လူမှု ကွန် ရက် စာမျက်နှာပေါ် ကျုပ် ရောက်လာတာပါပဲ။ ရောက်တယ်သာပြောရတယ်၊ အမှန်အတိုင်းဝန်ခံရရင်၊ ဖေ့စ်ဘွတ်မှာ မိတ်ဆွေအချင်းချင်း ဘယ်လို ဘယ်ပုံ ချိတ်ဆက်မှုရှိ ကြတယ်ဆိုတာ အခုထက်ထိ အသေးစိတ်၊ ဂဃနဏ ကျုပ်မသိသေးပါဘူး။
ဖေ့စ်ဘွတ် သုံးခါစကဆို ကျုပ်ရဲ့စာမျက်နှာမှာ ဘာတခုမှ မရေးရဲခဲ့တဲ့အထိ။ ဟုတ်တယ်လေ။ လောကကြီးမှာ ကိုယ်ထင်မြင် ယူဆ နေတာဟာ မှန်လှချည်ရဲ့ဆိုပြီး ပြောလို့မသင့်ဘူး မဟုတ်ဘူးလား။ ဇရာထောက်နေပြီဖြစ်တဲ့ ကျုပ်ဓာတ်ပုံကို တင်ဖို့ဆိုတာလည်း ဝေလာဝေးပေါ့။ ဒီတော့ ဖေ့စ်ဘွတ်မှာ ကျုပ်အရင်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကတော့ တွေ့သမျှ စတေးတပ်(Status)တွေ လျှောက် ဖတ်တဲ့ အလုပ်ပဲ ကိုရင်။ ရေးတင်ကြတဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေကတော့ ကိုရင်သိတဲ့အတိုင်း စုံစီနဖာ သဗ္ဗသနံပေါင်း ပါပဲ။
အဲဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမေ၊ မေမေ၊ မိခင်၊ မေစု၊ အန်တီစု ဆိုတဲ့ ချစ်စနိုးလေသံတွေနဲ့ ဂုဏ်တင်ချီးမြှောက်ပြီး ရိုသေလေးစားသမှု လှိုင်လှိုင်ကြီး ပြုကြတာကိုလည်း ကျုပ်သတိထားမိပါရဲ့။ အင်း လူပုဂ္ဂိုလ်တဦးကို အခြားသူတွေက ချစ်ခင်ချီးမြှောက် နေကြတာဟာ တဦးမေတ္တာ တဦးမှာ ဆိုတဲ့ သဘောမို့ ကျုပ်စိတ်ထဲမှာတော့ မင်္ဂလာတပါးလို့သာ မြင်ပါတယ်။
ကျုပ်ကိုယ်တိုင် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ် ကောင်းချီးပေး၊ စတေးတပ်တွေ ရေးတင်တဲ့ သူစာရင်းမှာ တော့ မပါခဲ့ပါဘူး။ တချို့သော သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြပုံမရဘူး ဆိုတာ သူတို့ရေးတင်တဲ့ စာသားတွေက ဖော်ပြနေကြလေရဲ့။
ဒါလည်း ပြဿနာ မဟုတ်ပြန်ဘူး ကိုရင်။ လောကမှာ ကဲ့ရဲ့ပြစ်တင်ခံရခြင်း ကင်းတဲ့သူဆိုတာ ဟိုးအရင်ကလည်း မရှိခဲ့။ အခုလည်း မရှိ၊ နောင်လည်း ရှိမှာမဟုတ်ဘူးလို့ “ဓမ္မပဒ”က ဆိုတယ်မဟုတ်လား။ ကျုပ်စိတ်ထဲမှာ အထူးအဆန်းဖြစ်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် နှစ်သက်ခြင်းမရှိတဲ့ လူတချို့ဟာ မောင်နဲ့နှမ၊ သားနဲ့အမိကြားမှာ မကြားဝံ့မနာသာဖြစ်တဲ့ အသုံးအနှုန်း အဆဲအဆို၊ ညစ်ညမ်းတဲ့ စကားလုံး တွေနဲ့ ရေးနေကြတဲ့ကိစ္စပဲ ကိုရင်ရဲ့။
ဟုတ်ပါ့ဗျာ။ ကိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတဲ့အထဲမှာ တစ်ဂဏန်း ကနေ စာရင်းဝင်နေလေရဲ့။ ဒီထက် ထူးဆန်း တာ ကတော့ ကျုပ်မိတ်ဆွေတယောက်ရဲ့ မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲနေတဲ့ စာမျက်နှာတွေဟာ စနစ်တကျဖွဲ့စည်း ထား တဲ့ အဖွဲ့ တခုအနေနဲ့ ဆဲနေကြတာ ဆိုတဲ့အချက်ပါပဲ။ ကျုပ်ကပဲ တောသားမို့ ရိုးလွန်း အလွန်းနေရော့သလား မဆိုနိုင်ဘူး။ အံ့သြလွန်းလို့ သေတော့မယ် ဆိုပြီး ခေတ်မီမီညည်းချင်း ချရမလိုပါပဲ။
ကျုပ်တို့ဗမာပြည်ကြီး မွဲတေပြာကျနေချိန်၊ ဗမာပြည်တိုးတက်ရာ တိုးတက်ကြောင်း ဝိုင်းဝန်းကြံဆကြရမယ့် အချိန်မှာ အစိုးရ အတိုက် အခံ ပါတီခေါင်းဆောင် ဗမာအမျိုးသမီးကြီး တယောက်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှု သက်သက်ကြောင့်၊ ဗမာစာ ဗမာစကားနဲ့ ပယ်ပယ်နယ်နယ် ဆဲဆိုနေကြတာကိုဖြင့် ကျုပ်နားမလည်နိုင်တာ အမှန်ပဲကိုရင်။
အဆန်းတကာ့အဆန်းဆုံးကတော့ ကျုပ်ဟာ ချက်ဘောက်စ် ကနေ ကိုရင်ဟာ ဘယ်လိုလူမျိုးပါလိမ့် ဆိုတာ သိချင်စိတ်နဲ့ “မင်္ဂလာ ပါ”လို့လည်း နှုတ်ဆက်လိုက်ရော၊ ကိုရင်က ချက်ချင်းဆိုသလို “အန်ကယ် ကျနော့်ကို ဘလော့လိုက်ပါ၊ ကျနော်ဟာ လူကောင်း မဟုတ်ပါဘူး”ဆိုပဲ။ ဘယ့်နှယ် မကောင်းတာကို မကောင်းမှုမှန်း သိနေတဲ့လူငယ်တယောက်က ဘယ်လိုဖြစ်ပြီး ဒီဘဝရောက်နေရ သတုန်း။ ဒီမှာတင် ကိုရင့်ကို ခေါင်းတည်ပြီး ဒီစာလေး ရေးဖို့အကြောင်းပေါ်လာရော ဆိုပါတော့။
ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီးမှာ သားသမီး သုံးဦး ပွားစီးခဲ့တဲ့အနက် တဦးသောရင်သွေးဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဆို တာ ကျုပ်ကလေးဘဝကတည်းက သိခဲ့ပေမယ့် ကိုယ်တိုင်ကိုယ်ကျဆုံဖို့ အခွင့်အရေးဖြစ်လာတာကတော့ (၁၉၈၈)ခုနှစ် သြဂုတ် ၂၆ ရက်ပဲ မောင်။ ဟုတ်တယ် ကိုရင်ရ။
အဲဒီနေ့က ရွှေတိဂုံ အနောက်ဘက်မုခ်မှာ လူထုအစည်းအဝေးပွဲကြီး လုပ်တော့ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် တရား ဟောမယ် ဆိုတဲ့ သတင်းလည်းကြားရော လာပြီးအားပေးလိုက်ကြတာ၊ ကျုပ်တသက်နဲ့တကိုယ်၊ ဒီလောက်များတဲ့ လူထု ပရိသတ်ကြီး ကိုမြင်ရတာ ပထမဆုံး အကြိမ်ပါပဲ။ သူဟောတဲ့တရားက အရှည်ကြီး မဟုတ်သလို ထူးထူးခြားခြားရယ်လို့လည်း ကျုပ်စိတ်ထဲ မထင်မိပါဘူး။ သူပြောတာ၊ ကျုပ်နားလည်သလောက်တော့ “ချွတ်ခြုံကျနေတဲ့ ကျုပ်တို့တိုင်းပြည်ကြီးကို ပြန်လည်ထူထောင်ဖို့ ဒီမိုကရေစီ စနစ်ကိုထူထောင်ကြရမယ်” ဆိုတာပါပဲ။
အဲဒီအချိန်ကာလနဲ့ မရှေးမနှောင်းမှာပဲ ဗမာ့တပ်မတော်ကြီးဟာ တိုင်းပြည်ကိုချောက်ထဲမကျအောင် ကယ်တင်တယ် ဆိုလား၊ အထွေထွေ အကြပ်အတည်းက လွတ်အောင်ဆိုလား အာဏာသိမ်းလိုက်ပါလေရော။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ အမျိုးမျိုးအတပ်ခံရပြီး နှစ်ရှည်နေအိမ်အကျယ်ချုပ် ကျခံရတော့တာပါပဲ ကိုရင်။ နိုင်ငံရေးဆိုတာ တိမ်တွေပေါ်ကအရုပ်တွေလို အပြောင်းအလဲမြန်တယ်၊ နားလည်ရခက်တယ် ဆိုတာ ကျုပ်ကြားဖူးပေမယ့် ကျုပ်စိတ်ထဲ ထူးဆန်းနေတဲ့အချက်ကတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ အပတ်တကုပ် ကြိုးစားပမ်းစား၊ မအိပ်မနေ တိုင်းပြည်ကို ထူထောင်နေကြရင်း ထားစရာမရှိအောင်၊ ကျိကျိတက် ကြီးပွားကုန်ကြတဲ့ အချက်ပဲ ကိုရင်။
အဲဒီခေတ် အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲတွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတွေကနေ တခမ်းတနား လွှင့် ခဲ့ဖူးတာလည်း ကျုပ်မှတ်မိနေသေးတယ်။ ရှုတ်ချပွဲ ဆိုတာထက် ဆဲပွဲဆိုတာက ပိုမှန်ပါလိမ့်မယ် မောင်။ ကြည့်လေ။
ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယား၊ မျက်နှာဖြူမယား၊ ပြည်ပအားကိုး အမျိုးဖျက်သူ၊ ပုဆိန်ရိုး၊ အို..စုံလို့ပါပဲ ကိုရင်။ အဲဒီဆဲပွဲ တွေနဲ့ပတ်သက်လို့ တပ်မတော် အရာရှိဟောင်းတယောက်ရဲ့ သဘောထားမှတ်ချက် တခုကိုကြားရတော့ ကျုပ်ဖြင့် ပါးစပ် အဟောင်း သားတောင်ဖြစ်သွားမိတဲ့အထိ။ ဘာတဲ့။
“ကျနော်တော့ ရုပ်မြင်သံကြားမှာ အဲဒီဆဲပွဲတွေ လွှင့်တဲ့အချိန်ဆိုရင် စက်ကို ထပိတ်ထားလိုက်တယ်ဗျ။ ဒေါ်စုကို ချစ်လို့ တော့ မဟုတ်ဘူး။ စကားလုံးတွေက မကြားဝံ့မနာသာ၊ ရုန့်ရင်း ကြမ်းတမ်းလွန်းလို့ ကျနော့်သားသမီးတွေ အတုယူခိုး မှားကုန်မှာစိုးလို့၊ ဘယ်နှယ့်ဗျာ၊ လူငယ်တွေကို ယဉ်ကျေးအောင်ဆုံးမ ပဲ့ပြင်ပေးကြရမယ့် ထိပ်တန်း ပညာတတ် ပါမောက္ခတွေ၊ ကထိက ကြီးတွေ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဒေါ်စုကို ပျစ်ပျစ်နှစ်နှစ် ဆဲနေလိုက်ကြတာများ ကျနော်ဖြင့် အံ့သြလို့မဆုံးဘူး”တဲ့ မောင်ရဲ့။ အဆဲကြမ်း တဲ့ အဖြစ်များ ကိုယ့်လူတောင် သူ့ဘက်သား ဖြစ်ရတဲ့အထိ။
အံ့သြစရာတွေကတော့ ပြောမကုန်နိုင်ပါဘူး မောင်ရယ်။ ဟိုခေတ်ဟိုအခါက ဒေါ်အောင်ဆန်းစုကြည်ဆဲပွဲတွေကို ဦးဆောင်ကျင်းပ ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ လက်ရှိဒီမိုကရေစီခေတ်မှာ လွှတ်တော်ထဲရောက်နေပြန်ပြီ ကိုရင်။ အမယ်၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို “အစ်မကြီး” “အစ်မကြီး”ဆိုပြီး လုပ်နေကြပြန်လေရဲ့။
ဒါပေမယ့် ခက်နေတာကို သူတို့နှုတ်က အခေါ်အဝေါ်သာပြောင်းတာ သူတို့ရဲ့ မသမာတဲ့နည်းနဲ့ကိုယ်ကျိုး ရှာချင်တဲ့စရိုက်၊ အမူ အကျင့် တွေကတော့ ဒုံရင်းက ဒုံရင်းဖြစ်နေတုန်းပဲ ဆိုတာ ကိုရင် ကျုပ်ထက် ပိုသိပါလိမ့်မယ်။ မှန်ကန်တဲ့ခံယူချက်မရှိဘဲ၊ လူကြီး လူကောင်း နာမည်ခံပြီး လိုတမျိုး မလိုတမျိုး ပြောတာတော့ ကျုပ်တယ်ပြီး သဘောမတွေ့ လှဘူး မောင်။ ဗမာတပြည်လုံး တက် တက် စင်၊ ပြောင်သလင်းခါအောင် နည်းမျိုးစုံနဲ့ ကိုယ်ကျိုးရှာခဲ့ပြီးတာတောင် မျက်နှာပြောင်ဆက်တိုက်နေကြဆဲ၊ သူခိုးဓားပြထက် ဆိုးတဲ့သူတွေကို ကျုပ်အမုန်းဆုံးပဲ။
ဒီနေရာမှာ ကျုပ်လေးလေးနက်နက် စဉ်းစားနေမိတာက မကောင်းမှုကိုသိနေတဲ့ ကိုရင့်လို လူငယ်တယောက်ဟာ အဲဒီ ခေတ် ဟောင်းက စစ်ခေါင်းဆောင် ဟောင်းတွေနဲ့ တနည်းနည်းနဲ့များ ပတ်သက်နေသလား ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် စကားမစပ် ပုံပြင် လေးတပုဒ် ပြောပြချင်သေးတယ် ကိုရင်။
တခါတုန်းက အမှန်တရားရှာဖွေသူ တဦးဟာ အယူလွဲနေတဲ့ နာမည်ကြီးဆရာ တဦးထံမှာ တပည့်ခံမိနေသတဲ့။ ဒါပေမယ့် သူဟာ အမှန်တရားကို ဟောပြောသွန်သင်နိုင်မယ့် သူကို၊ ဆက်ရှာနေရာက တနေ့ အယူအဆ အတွေးအခေါ်မှန်တဲ့ ဆရာတဦးကို တွေ့တဲ့ အခါ အဲဒီဆရာထံမှာ တပည့်ခံပြီး သူ့ဆရာကြီးကိုပါ အပါခေါ်နိုင်ဖို့ အားထုတ်စည်းရုံးတော့ အဲဒီဆရာကြီးက “ငါ့တပည့် လောကကြီး မှာ လူလိမ်မာနဲ့လူမိုက် ဘယ်ဟာပိုများသတုန်း”လို့ မေးသတဲ့ကိုရင်။ ဒီတော့ တပည့်လုပ်သူဟာ “လူမိုက်ပိုများပါတယ်”လို့လည်းဖြေရော “အေး ဒါဆို မင်းက ဆယ်ဝင်အိုးနဲ့တူတဲ့ လူလိမ္မာမို့ ဆရာကောင်းဆီ သွားပေတော့၊ ရာဝင်အိုးကြီးနဲ့တူတဲ့ ငါ့ဆီကို လူမိုက်တွေ ထပ်ပြီး လာကြလိမ့်မပေါ့”ဆိုပဲ။
အမယ် ကိုရင်က ဘယ်ဆိုးလို့တုန်း၊ ဒီပုံပြင်ဟာ ရှင်သာရိပုတ္တရာရဲ့ ဘဝဇာတ်လမ်း ဆိုတာတောင် သိနေပါကလား။ ဟုတ်ပါတယ် ကိုရင်ရယ်။ ကိုရင့်ဆရာသမား စစ်ဗိုလ်ချုပ်တွေဟာ နိပါတ်တော်ထဲက သိဉ္စည်း ဆရာကြီးလောက်တောင် စိတ်ထား မဖြူစင်ပါကလား။ စာသံပေသံ လေးနဲ့ ဆွေးနွေးရရင် လောကကြီးမှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဆိုတာ ဘုရားရှင် အဆက်ဆက်၊ အတိုချုပ် ဆိုဆုံးမချက် ပါပဲ။
ကိုရင်က ဒေါ်အောင်ဆန်းစုကြည်ကိုမထောက်ခံဘူးဆိုရင်လည်း မထောက်ခံခွင့် ရှိပါတယ်မောင်။ သို့သော် မထောက်ခံဘူး ဆိုတဲ့ ခံယူချက်တခုနဲ့တော့ မစော်ကားသင့်ဘူး ထင်ပါတယ်။ မထောက်ခံလို့ စော်ကားမယ်ဆိုရင် ကိုရင်ဟာ ရင့်ကျက်သူ စာရင်းမှာဘယ်ပါ ပါတော့မတုန်း။ ချစ်ခြင်းမုန်းခြင်းဆိုတာ လူတိုင်းမှာရှိသော်ငြား တိုတောင်းလှတဲ့ လူ့ဘဝမှာ လူမသမာအဖြစ်နဲ့ နိဂုံး မချုပ် သင့်ဘူးပေါ့။ ကိုရင်ဟာ လူမသမာတွေရဲ့ သူခိုးသေဖော်ညှိတာကို ခံနေရသလား ဆိုတာ ကိုယ်တိုင် ဆန်းစစ်စေချင်လှစမ်းပါဘိ။
ပုထုဇနော ဥမ္မတကော ဆိုတဲ့ ဗုဒ္ဓတရားတော် အတိုင်းဆိုရင် လူတွေဟာအားလုံးအရူးပဲတဲ့ ကိုရင်ရေ။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည့် ပါ ကိုရင်။ သူ့ခေတ်သူ့အခါက မြို့အုပ်မြို့ပိုင်ရာထူးတွေ မမက်မောဘဲ ဗမာပြည်လွတ်လပ်ရေးအတွက် ရူးသွပ်ခဲ့သူပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာထူးတုန်း၊ လင် သားနဲ့ သေကွဲအကွဲခံ၊ သားတွေကိုပစ်ပြီး ဗမာပြည်၊ ဗမာလူမျိုး လူစဉ်မီရေးမှာ အရူးထ နေတာပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကျုပ်တို့ တိုင်းပြည်အတွက် မလိုဘူးလားမောင်ရယ်။ ဗမာပြည်မှာ အာဏာရူးတွေကတော့၊ လိုတဲ့ ဦးရေထက် ပိုနေပါပြီ ကိုရင်။
သြော် ကိုရင်က ကျုပ်ဘက်လိုက်တယ် ထင်နေပြန်ပါပြီ။ ဒါဆိုရင်လည်း ပိုပြီးသေချာတဲ့ အဖြေထွက်သွားအောင် နိုင်ငံ့ခေါင်းဆောင် တွေရဲ့ ဥစ္စာဓနကြွယ်ဝမှု အတိအကျကို စာရင်းကောက်မယ်လို့ ကိုရင် လေသံပစ်ကြည့်ပါလား။ တိုင်းပြည်ကို ချစ်လှပါချည့်ရဲ့ ဆို တဲ့ လူကြီး လူကောင်းအမည်ခံတွေ စကားမေး မရတော့ဘဲ၊ ပါးစပ် ပိတ်ကုန်ကြပါလိမ့်မယ်ဗျာ။ ကိုရင့်ကို နားရင်းထမရိုက်ကြရင် တောင် ကံကောင်း။
၂၀၁၅ မှာ ဗမာပြည်ရဲ့ ရွေးကောက်ပွဲရှိသတဲ့ မောင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့တော့ ကျုပ် ဆုမတောင်းပါဘူး။ အာဏာ ရူးတွေ၊ စားဖားတွေဘက်ကနေ ကိုရင့်လို ဘုမသိ၊ ဘမသိ ရပ်တည်ကြမယ့် လူမိုက်တွေ မများပါစေနဲ့လို့သာ ကျုပ် ဆုတောင်း လိုက် ပါတယ်။
အခုလို ချိုချိုသာသာစကားတွေ ပြောနေလို့ ကျုပ်ကိုလည်း လူသူတော်ကောင်းကြီးလို့ မမှတ်လိုက်နဲ့ဦးနော်။ ဘက်တူရင် လူမရွေးဘဲ ထစ်ခနဲရှိ လက်ပါချင်တဲ့ငယ်စိတ်နဲ့ဆို ကိုရင်တို့လိုလူမျိုးနဲ့ နောင်ဂျိန်ပလေးတာ ကြာလှပေါ့။ သို့ပေမယ့် ခံစားချက်ဆိုတာ အမှန် တရားနဲ့ဝေးတတ်တယ် မောင်။
အသက်အရွယ် အတွေ့အကြုံတွေ ကြီးရင့်လာသလို ဆင်ခြင်တွေးခေါ်မှုတွေလည်း တည်ငြိမ် ရင့်ကျက်သင့်တာပေါ့။ ခေတ်တွေစနစ် တွေက ပြောင်းနေပြီ မဟုတ်လား။ ကျုပ်ကိုယ်တိုင်လည်း ပြင်သင့်တာပြင်ရပေမပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်နဲ့ ကိုယ်ကျင့်တရားအပေါ် ကျုပ်မကြိုက် မနှစ်သက်တဲ့ အချိန်ကာလတွေ ရှိလာနိုင်ပါတယ်။ သူ့ကိုယ်ကျိုး အတွက် အာဏာနဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တိုင်းပြည်ကိုရောင်းစားဖို့၊ လုပ်လာတဲ့တနေ့ ကိုရင်နဲ့ကျုပ် အဆဲ မပါဘဲ မဟာမိတ် ပြုကြပါစို့။
ကဲ ဒီမှာတင် စကားရပ်ကြစို့ရဲ့။ ကျုပ်ကတော့ ဗမာပီပီ ဆုတောင်းပေးလိုက်ချင်ပါရဲ့။ မောင်ကြီးသား “အာဂ ယောကျာ် တကယ့် လူ” ဘုန်းကြီးပါစေ သက်ရှည်ပါစေ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းပါစေ။ သူယုတ်မာတွေနဲ့ လွဲလို့ သူတော်ကောင်းနဲ့ ပေါင်း ဖက် နိုင်ပါစေ။ အမှားအမှန် ဝေဖန်သိလို့ ဉာဏ်ရှိသလောက် ကြံတိုင်းမြောက်လို့ နိဗ္ဗာန်ပေါက်အောင် ခရီးဆက်နိုင်ပါစေဗျား။ ။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)