Culture

ဈေးချိုတော် ညဈေးတန်း

This article has been converted from Zawgyi One to Unicode

တလောက မန္တလေးဈေးချို ညဈေးတန်းကို ပြောင်းရွှေ့တော့မယ် ဆိုတဲ့ “အတွင်းသတင်း” ပေါက်ကြားလို့ သတင်းစာ၊ ဂျာနယ်တချို့ရဲ့ စာမျက်နှာတွေ ထက်မှာ ဖတ်ခဲ့ရတယ်။ တကယ်တော့ ဈေးချို ညဈေးတန်း ဆိုတာ အခုမြင်ရတဲ့ မြင်ကွင်းက မူလသန္ဓေ၊ မူလအခင်းအကျင်း မဟုတ်ပါဘူး။

အခုမြင်ကွင်းက မြို့လယ် လမ်းမကြီးဘေး တဖက်တချက်က စားသောက်ဆိုင် ဈေးတန်းပဲ ဖြစ်နေတယ်။ မန္တလေးရဲ့ ဘုရားပွဲ၊ ပွဲဈေးတန်း သာသာပဲ ရှိတော့တာ ပေါ့။ ဪ ဈေးချိုတော် ညဈေးတန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ လောကဓံ လှိုင်းလုံးကလည်း ပြင်းထန်ခဲ့ ပေသကိုး။ အသက်ပျောက် မတတ်ချည်းပါပဲ။

မန္တလေး ဈေးချိုတော် ဆိုတာ မြန်မာမင်း လက်ထက်ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှား လာတာ ကတော့ ကိုလိုနီခေတ် ရောက်လာမှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေ ကလည်း ဈေးချိုတော် ကိုပဲ ဦးတည်ကြ၊ ဖြတ်သန်းကြတယ်။

မန္တလေးဈေးကွက်ရဲ့ အဓိက လိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် တွေကိုလည်း မတ္တရာနယ် တဝိုက်က အဓိက တင်ပို့နေရလေတော့ ဘိုးတော်ဘုရား လက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်း ကနေ ဈေးချိုအရောက် ဒုတ်ဒုတ်ထိ လှေသမ္ဗန်တွေနဲ့ တင်ပို့နိုင်တယ်။

ဒါတင်မက ဈေးချိုနဲ့ မတ္တရာကိုလည်း မီးရထားလမ်း သီးသန့် ဖောက်ပြီး ခရီးသည်နဲ့ ကုန်ပစ္စည်းတွေ သယ်ပို့ ပေးခဲ့ တယ်။

ဈေးချို ဆိုတာလည်း ၂ ပြ (ပေ ၁၂၀ဝ နီးပါး) ပတ်လည် အကျယ်အဝန်း အတွင်းမှာ အုတ်ကာ သွပ်မိုး ဈေးရုံကြီး ၁၂ ရုံကို ပင်မထား ဖွဲ့စည်း ထားတာ၊ အပြင်ပတ်လည် မှာလည်း သံဖြူတန်း၊ ထိုးမုန့်တန်း၊ မွေ့ရာထည်၊ မုန့်စုံတန်း၊ လင်းရောင် ခြည်ဈေးတန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီတိုင်ဈေး၊ ကိုင်းတန်း ဈေး၊ မန်းသီရိဈေး စတဲ့ ဈေးတန်း၊ ဈေးရုံတွေကလည်း တဆက်စပ်တည်း ဝန်းရံထားသေး တာကိုး။ ဒီတော့ အထက် မြန်မာပြည်သာမက မြန်မာ တပြည်လုံးရဲ့ အရောင်းအဝယ်ဆိုင်ရာ ပင်မဈေးကွက် အချက်အချာ ဒေသကြီး ဖြစ်ခဲ့တာ ပါ။

အနယ်နယ် အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေက ဈေးချို အနီးအနားက ပွဲရုံကြီးတွေမှာ ဘုန်းကြီးကျောင်း တွေမှာ တည်းခိုကြပြီး ဈေးဝယ်ကြတယ်။ ဒီလို ဝယ်ခြမ်းကြရတာ အများအားဖြင့် တနေ့နဲ့ မပြီးဘူး၊ မစုံလင်ဘူး။ ဒီတော့ ညပိုင်းမှာလည်း ဝယ်ချင် ခြမ်းချင်တာတွေ ရှိတယ်။ မြို့ပေါ် ပရိသတ်ကလည်း အလှူမင်္ဂလာ ပွဲလမ်း အတွက်၊ ဘုရားသွား ကျောင်းတက် အတွက် အဝတ်အထည် အလှကုန်ပစ္စည်းက အစ အိမ်သုံးကုန် လူသုံးကုန် ပစ္စည်းတွေကို တနေ ရာတည်းမှာ စုစုစည်းစည်း ဝယ်ချင်တယ်။

အဲဒီ နေရာမှာပဲ အပန်းဖြေတာ၊ စားသောက် ဖွယ်ရာတွေ စားသောက်တာ လုပ်ချင်တယ်။ ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ၁၀ နှစ်ကျော်ကာလ ၁၉၅၉ ခုနှစ်မှာ ညဈေးတန်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျ ပြောရရင် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ နေရာက ဈေးချိုတော် ရုံကြီး ၁၂ ရုံ၊ မျက်နှာစာနဲ့ ဈေးချို တိုက်တန်းကြီးတွေ အကြား၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်မှာပါ။ ဈေးချိုတော် ညဈေးတန်း လို့ သုံးနှုန်း ခေါ်ဆိုကြတယ်။

ညဈေးတန်းရဲ့ မြောက်ထိပ်မှာ ဈေးချိုနာရီစင်ကြီးက မားမားစွင့်စွင့် မိုးကြည့်နေတယ်။ တနေ့လုံး ပျားပန်းခပ်မျှ စည်ကားလှတဲ့ ဈေးချိုတော်ကြီးနဲ့ မြင်းရထား၊ ဆိုက်ကား၊ စက်ဘီး၊ မော်တော်ကား ခြေကျင် ပရိသတ်တွေနဲ့ စည်ကားလှတဲ့ လမ်းမကြီးတို့ မြင်ကွင်းဟာ ညနေစောင်းတာနဲ့ ချက်ချင်း ပြောင်းလဲ သွားတယ်။

ဈေးချိုရုံကြီး ၁၂ ရုံနဲ့ တိုက်တန်းကြီး၊ တိုက်တန်းလေးပေါ်က ဆိုင်ခန်းတွေ၊ ဈေးရုံဈေးတန်းက ဆိုင်ခန်းတွေ ပိတ်သိမ်းလိုက်တာနဲ့ လမ်းမကြီးပေါ်က ယာဉ်ရထား အသွားအလာတွေ ရပ်နားသွားပြီ၊ လမ်းမကြီးပေါ်မှာ ဈေးဆိုင် ဈေးတန်းတွေ ချက်ချင်း ခင်းကျင်းကြတယ်။ နေအလင်းရောင် ပျောက်တာနဲ့ ဆိုင်ပေါက်စေ့ အောက်လင်း ဓာတ်မီးတွေ ထွန်းညှိ ကြတယ်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ညဈေးတန်းကို စဖွင့်တော့ အစားအသောက်ဆိုင်က အိန္ဒိယလူမျိုးပိုင် ၃၁ ဆိုင်၊ တရုတ်ဆိုင် ၃၁ ဆိုင်၊ ဂေါ် ရင်ဂျီဆိုင် ၂ ဆိုင်၊ မြန်မာဆိုင် ၈၅ ဆိုင် အပါအဝင် အဝတ်အထည်၊ လူသုံးကုန်၊ အလှကုန်နဲ့ အထွေထွေ ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ပေါင်း ၅၃၄ ဆိုင် ဖွင့်လှစ်ပါသတဲ့။ ဆိုင်ခန်းတခန်းစီရဲ့ အကျယ်အဝန်းက ၆ ပေ x ၈ ပေ ရှိတယ်။ ဖွင့်ပွဲမှာ ၂၆ ဘီလမ်း (အာဇာနည်လမ်း) ပေါ်က ဟုတ်စွန်းစတိုး (ယခု အင်းဝဘဏ် နေရာ) နဲ့ တိုက်တန်းကြီးကို သွယ်တန်း ထားတဲ့ ဖဲကြိုးကို မန္တလေးမြူနီစပယ် ဥက္ကဋ္ဌ မင်းဘူး ဦးမောင်မောင်က ဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်။
ဒီ ညဈေးတန်းဟာ တလျှောက်လုံး စည်းကား ခဲ့တယ်။ ပြည်တွင်းသာမက ပြည်ပဧည့်သည်များ အထိ “ဈေးချို ညဈေးတန်း” ရဲ့ ထူးခြားတဲ့ မြင်ကွင်းနဲ့ ရောင်းဝယ်မှု ပုံစံကို ထူးခြားမှု တခုအနေနဲ့ မှတ်တမ်းတင်ကြတယ်။ ပြည်ပ ဧည့်သည်တွေရဲ့ ပြည်တွင်း အလည်အပတ် ခရီးစဉ်မှာ “ဈေးချို ညဈေးတန်း” ဟာ မပါမဖြစ်နေရာ တနေရာပါပဲ။

၁၉၆၂ ခုနှစ် နောက်ပိုင်း စီမံကိန်း စီးပွားရေး စနစ်အောက်မှာ ညဈေးတန်းကလည်း တခြားဈေးများ နည်းတူ “မှောင်ခိုပစ္စည်း” ဆိုတဲ့ ကန့်သတ်မှုအောက် အလူးအလဲ ခံရပြန်တယ်။ ဒါပေမယ့် မှောင်ခိုပစ္စည်းမှ မရောင်း၊ မဝယ်ရင်လည်း စားစရာ၊ နေစရာ၊ ဝတ်စရာ၊ သုံးစရာ မရှိလေတော့ ဒီလိုပဲ “ဒီကွေ့ ဒီတက်နဲ့လှော် … ဟိုကွေ့  ဟိုတက်နဲ့ လှော်” တဲ့ ပုံစံနဲ့ပဲ ညဈေးတန်းဟာ စည်ကားမြဲပါပဲ။ နေ့ခင်းမှာ ရောင်းချတဲ့ ပစ္စည်းတွေကိုပဲ “ပစ္စည်းမှန်၊ ဈေးမှန်” နဲ့ ညဈေးတန်းမှာ ဝယ်ယူနိုင်ကြတယ်။

လမ်းဘေးမှာပဲ မတ်တတ်ရပ် သောက်ရတဲ့ သုံးမတ် (၇၅ ပြား) တန် သံပရာရည်ကနေ စားပွဲ၊ ကုလားထိုင်နဲ့ သောက်ရတဲ့ သုံးကျပ်တန် ဖာလူဒါ အထိ ညဈေးတန်းမှာ ရတယ်။ မလိုင်ကူလ်ဖီး ရတယ်။ မုန့်တွန်ဇန် ရတယ်။ အကြော်ကောက်ညှင်းပေါင်း ရတယ်။ အလင်းထိဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။

ဆီချက်ခေါက်ဆွဲ၊ ဆန်ပြား ခေါက်ဆွဲ ရ တယ်။ ဆန်ပြုတ်၊ ကြာဆံဟင်း ရတယ်။ (အဲဒီကာလ ဝတ်သားတုတ်ထိုးတို့၊ အကင်စုံ တို့တော့ မရှိသေး ဘူး) သစ်သီးစုံ ရတယ်။ အိန္ဒိယဖြစ်၊ ယိုးဒယားဖြစ်၊ တရုတ်ဖြစ် ပစ္စည်းစုံရတယ်။

နာရီစင် အောက်မှာ အအေးသောက်ရင်း အကိုင်းရီကော်ဒါကြီး တွေက ဖွင့်တဲ့ လားရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ ပုလဲတို့ရဲ့ ခေတ်ပေါ် သီချင်းတွေ နားထောင်နိုင်တယ်။ အအေး မသောက်ချင်ရင်လည်း ခန်းမ ၂ အောက်ထပ် ဝရန်တာမှာ ထိုင်ရင်း  နားထောင်နိုင်တယ် (တောင်ပြုန်းပွဲ ကာလရောက်ရင် ရွှေမန်းတင်မောင်ရဲ့ တောင်ပြုန်း မင်းညီနောင်ကို ဖွင့်တယ်)။

ကျနော်တို့ လူငယ်တွေ အဖို့ ညဈေးတန်းမှာ စွဲမက်စရာတခုက ထိုးမုန့်ဆိုင်တွေ ပါပဲ။ ၂၈ လမ်းဘက် အဝင်နဲ့ ၂၆ ဘီလမ်းပေါ် ညဈေးတန်း အဆုံးတွေမှာ ထိုးမုန့်ဆိုင်တွေ ရှိတယ်။ ရောင်းချကြတာ ဈေးချိုသူ အပျိုဖြန်းလေး တွေ၊ လှလှပပ ယဉ်ယဉ် ကျေးကျေးလေးတွေ။ ညဈေးလာသူတွေကို ချိုသာတဲ့ အပြုံး၊ ဖွယ်ရာတဲ့ စကားလုံးတွေနဲ့ “ထိုးမုန့်လေးများ လက်ဆောင် ဝယ်ကြပါဦးရှင်၊ ထိုးမုန့်အမြည်း လေးလည်း သုံးဆောင်ကြပါ ရှင်။ မဝယ်ပေမယ့် လည်း အမြည်းလေးများ သုံးဆောင်ကြပါဦး ရှင်” စတဲ့ စကားလုံးတွေ၊ အပြုံးတွေနဲ့ ဖိတ်ခေါ်တယ်။ လူငယ်တွေ ကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ထိုးမုန့် အမြည်း စားကြတယ်။ ထိုးမုန့် ဝယ်ကြတယ်။

နောက် လူငယ်တွေ ညဈေးတန်းမှာ စွဲမက်တာ တခုက စာအုပ်ဈေးတန်း ပါပဲ။ ရွှေမြို့တော်၊ ဒေါင်းအိုးဝေ၊ သုံးရောင်ခြယ် စတဲ့ စာအုပ်ဆိုင်တွေနဲ့ အခြားအခြား စာအုပ်ဆိုင်များ ပါပဲ။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာအုပ် အသစ်တွေ၊ ဂန္ထဝင် စာဟောင်း စာကောင်းတွေ အစုံအလင် ပါပဲ။ စာအုပ်ဆိုင်တွေမှာ စာအုပ်ချစ်သူ၊ ဝယ်သူတွေ အမြဲလို စည်ကား နေတတ်တယ်။ ဈေးချို ညဈေးတန်းဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄ လမ်း) တလျှောက် ၂၈ လမ်းက ၂၆ လမ်း အထိ တောင်မြောက်နှင့် အာဇာနည်လမ်း (၂၆ ဘီလမ်း) တလျှောက် ၈၃ လမ်းကနေ ၈၆ လမ်းအထိ အရှေ့အနောက် ရှိပါတယ်။ အင်္ဂလိပ် အက္ခရာ (T) ပုံစံပါ။

ဒီလိုစည်ကားတဲ့ ညဈေးတန်းက ၁၉၈၁ ဆိုင်းတန်း မီးကြီးနဲ့ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးတွေ အပြီး မီးသတ်ကား အဝင်အထွက် ရှင်းဖို့ ဆိုကာ ဖျက်သိမ်းလိုက်တယ်။ ဘူတာကြီး အနောက်ဘက် ၇၉ လမ်းပေါ် ၂၉ လမ်းက ၃၄ လမ်းအကြား ပြောင်းရွှေ့လိုက်တယ်။

ဒီကတည်းက ဈေးချို ညဈေးတန်းရဲ့ သန္ဓေ ပျက်သွား တာပါပဲ။ ၁၉၉၀ ကျော် ကာလမှာ ၇၉ လမ်းက ညဈေးတန်းကို မူလနေရာ ပြန်ရွှေ့ပေမယ့် ပြောင်းလဲသွားတဲ့ ဈေးကွက် အခြေအနေရော၊ ဈေးချိုတော်ကြီး ဖျက်သိမ်းလိုက်တာရော လူမှုစနစ် အပြောင်းအလဲရောကြောင့် ပျက်စီးဆုံးရှုံး သွားပါပြီ။

နှစ်ပေါင်း  ၅၀ ကျော်အတွင်း  ကမ္ဘာသိ ထင်ရှားခဲ့တဲ့ ဈေးချို ညဈေးတန်းအစား ၃၄ လမ်း ဒိုင်းမွန်း ပလာဇာ အနီးက “တရုတ်ဈေး” ကတော့ အခု လေး၊ ငါး၊ ခြောက်နှစ်အတွင်း တဟုန်ထိုး ထင်ရှား စည်ကားလာလေရဲ့။

အဲဒီ “တရုတ် ညဈေးတန်းမှာ” တရုတ် အစားအသောက်၊ တရုတ်ကြိုက် အသီးအနှံ၊ တရုတ်ကြိုက် အသုံးအဆောင် ပစ္စည်းတွေ ရောင်းချတာ။     ။

Loading