Travel

ကျမ သိကျွမ်းဖူးသော တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၏ ခါကာဘိုရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် တောင်တက် အဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးကျန်ခဲ့သည့် သတင်းသည်  လတ်တလောတွင် မြန်မာပြည်၏ ရေပန်းအစားဆုံးနှင့် လူစိတ်ဝင်စားမှု အများဆုံး သတင်းတွေထဲက တပုဒ်ပင်ဟု ဆိုရမည်။

မြန်မာနိုင်ငံ၏ အမြင့်မားဆုံး တောင်နှစ်လုံးအနက် တခုဖြစ်သည့်  ခါကာဘိုရာဇီ တောင်ထိပ်ဖျားသို့ မြန်မာနိုင်ငံသား တောင်တက် အားကစား သမားများ ပထမဆုံး တက်ရောက်မည် ဆိုသည့်သတင်း ထွက်ပေါ်လာစဉ်က လူစိတ်ဝင်စားမှု အားနည်းခဲ့သော်လည်း ယခု တောင်တက်သမား လူငယ်နှစ်ဦး ပျောက်ဆုံးနေသည့် သတင်းက မီဒီယာများရော၊ စာဖတ်သူများပါ စိတ်ဝင်စားသည့် သတင်းထူးတပုဒ်ဖြစ်လာသည်။

အလားတူ လူမှုကွန်ရက် စာမျက်နှာများတွင် အဆိုပါ အသင်းနှင့် ပတ်သက်၍ လှောင်ပြောင်ရေးသားမှုများ၊ အများပြည်သူအား နိုင်ငံရေးအရ အာရုံလွှဲလိုသည့် သတင်းဖြစ်ကြောင်း ထင်ကြေးများ၊ အသင်းသားနှစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရိုးသားမှုမရှိဘဲ ထိန်ချန်ထားခြင်းများ ရှိနေသည် ဟူသည့် စွပ်စွဲရေးသားချက်များကို ခပ်စိပ်စိပ် မြင်တွေ့ရသည်။

တချို့က ဤမျှလောက် အန္တရာယ်ကြီးမားသည့် ခရီးစဉ်မသွားမီ အသက်အာမခံ မထားခဲ့၍ ကရုဏာဒေါသော ဖြစ်ကြသည်။

တောင်တက်အားကစားနည်းသည် မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားမှု အနည်းဆုံးနှင့် ဖွံ့ဖြိုးတက်လာမှု အရှိန်အဟုန် အနည်းဆုံးဟု ဆိုရမည်။ အသင်းဝင်များနှင့် နီးစပ်သူများ မဟုတ်ပါက အသင်း၏ လုပ်ငန်းဆောင်တာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုလည်း အားနည်းသည်။

ထိုတက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းနှင့် ကျမ ၅ နှစ်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည်။ ရင်းနှီးဖူးသည်ဆို၍ တောင်တက် ခရီးစဉ်တွေမှာ အကြိမ်ကြိမ် လိုက်ပါခဲ့ဖူးခြင်းကြောင့်တော့ မဟုတ်။

တောင်တက်ခရီးဟူ၍ မွန်ပြည်နယ်ရှိ ဇင်းကျိုက်တောင်တန်း ခရီးစဉ်နှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ငါးဆူတောင် တောလမ်းကြမ်း လေ့ကျင့်ရေးခရီးစဉ် ၂ ခု နှင့်သာ လိုက်ပါဖူးသည်။ ခြေလျင်တောင်တက် အသင်းဝင် တယောက်အနေနဲ့ မဟုတ်ဘဲ သတင်းသမား တယောက် အနေနှင့် လေ့လာလို၍ လိုက်ပါခဲ့ဖူးခြင်း ဖြစ်သည်။

ထိုစဉ်က ဇင်းကျိုက်တောင်တန်း ခရီးစဉ်သည် မြန်မာနိုင်ငံ အနှံ့ရှိ တက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၀ ကျော် ပါဝင်သည့် မိုးရာသီ လေ့ကျင့်ရေး ခရီးစဉ်ဖြစ်သည်။

ကျမ လိုက်ပါခဲ့သော ထိုခရီးစဉ်တွင် ယခု ခါကာဘိုရာဇီ တောင်ထိပ်တွင် ပျောက်ဆုံးနေသည့် တောင်တက်သမား ၂ ဦးအနက် တဦးဖြစ်သည့် ကိုအောင်မြင့်မြတ်လည်း ပါသည်။ သူသည် ခရီးစဉ် တလျှောက်လုံး အလွန်တက်ကြွကာ အသင်းသားအသစ်များကို ကူညီလိုစိတ် အပြည့်ရှိသူဖြစ်သည်ကို ထိုစဉ်က သတိထားမိသည်။ ရိုးသားပွင့်လင်းသော လူငယ်တဦးဖြစ်သည်။

တောင်တက်အသင်းဝင် ၁၂၀ ကျော် စားသောက်ကြမည့် ထမင်းဟင်းများကို ကိုအောင်မြင့်မြတ် အပါအဝင် စီနီယာ အသင်းသားများဖြစ်သည့် အစ်ကို၊ အစ်မများက ချက်ကြပြုတ်ကြသည်။ တောင်တက်လမ်းတလျှောက်တွင် သူတို့ ဦးဆောင် ကြသည်။

အသင်းသား အားလုံးလိုလိုတွင် နာမည်ပြောင်များ ကိုယ်စီရှိကြသည်။ “ဒိုးလုံး” “ဖွန်ချုပ်” “ပန်းသီး” “သိုင်းပြောင်းပြန်” “ကိုကြီးကျော်” “ချိုချဉ်”  စသဖြင့် လူတကိုယ် နာမည်ပြောင် တမျိုးစီ ရှိကြသည်။ ကိုအောင်မြင့်မြတ်၏ နာမည်ပြောင်က “နံပြား” ဖြစ်သည်။

မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အသင်းသည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စသည့် ပြည်နယ်နှင့်တိုင်း အသီးသီးသို့ တောင်တက်အားကစား လေ့ကျင့်ရေး ခရီးစဉ်များ တနှစ်ပတ်လုံး အချိန်ဇယားနှင့် အလှည့် ကျ ပုံမှန် သွားကြသည်။

ခရီးစဉ် တလျှောက်တွင် ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် ဒေသများသို့ ဖြတ်သန်း သွားကြရရာ တောင်တက်ခြင်း လုပ်ငန်းအပြင် ဒေသခံများအား အသင်းဝင် ဆရာဝန်များ၊ သူနာပြုများက ဆေးဝါးကုသ ပေးခြင်း တို့ကို ပြုလုပ်ကြသည်။ ဆင်းရဲချို့တဲ့စွာ ပညာသင်ကြားနေရ သည့် ကလေးငယ်များနှင့် စာသင်ကျောင်း များအား စာရေး ကိရိယာများ ဝိုင်းဝန်း ကူညီပေးခြင်းများကို တတ်စွမ်းသရွေ့ပြုလုပ်ကြ သည်။

ခြေလျင်တောင်တက် အသင်းဝင်များသည် အခြားသော ပြည်နယ်နှင့် တိုင်း တောင်တက်ခရီးစဉ်များသို့ မသွားမီ ရန်ကုန်မြို့တွင် စနေ၊ တနင်္ဂနွေ နံနက်တိုင်း လေ့ကျင့်ရေးဆင်းရသည်။ ရန်ကုန်နှင့် အလှမ်းသိပ်မဝေးသည့် ခရီးတိုများကို လေ့ကျင့်ရေးအဖြစ် သွားကြရ သည်။ ထိုသို့ အကြိမ်ကြိမ် လေ့ကျင့်ထားသူများ၊ ကျန်းမာရေး ကောင်းမွန်သူများ၊ ကျွမ်းကျင်သူများသာ ရေခဲတောင်နှင့် အခြား မြင့်မား မတ်စောက်လွန်းသော ခရီးလမ်းကြမ်းများကို လိုက်ပါခွင့် ရကြသည်။

တောင်တက် အားကစားနည်းသည် အခြားအားကစားနည်းများနှင့် နှိုင်းယှဉ်လျှင် လူအများ စိတ်ဝင်စားမှု နည်းပါးခြင်း၊ သက်ဆိုင် ရာ က ပံ့ပိုးမှု အားနည်းခြင်းများကြောင့် လေ့ကျင့်ရေး စင်တာများ မရှိခဲ့ပေ။ ထို့ကြောင့် အသင်းပိုင် လေ့ကျင့်ရေး စင်တာတခု တည်ဆောက်ရန်၊ သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူရန်၊ တောင်တက် အားကစားအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ဝယ် ယူရန် ရည်ရွယ်၍ အသင်းသားများ၏ ရန်ပုံငွေ၊ အသင်းသားဟောင်းများ၏ လှူဒါန်းငွေများကို နှစ်ကာလအတန်ကြာ သူတို့စုဆောင်းကြသည်။

ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ ကုန်ကျမည့် ယင်းလေ့ကျင့်ရေး စင်တာကို တည်ဆောက်နိုင်မည့် အချိန်နီးကပ် လာချိန်တွင် မြန်မာ့သမိုင်းဝင် သဘာဝ ဘေးအန္တရာယ်ကြီးတခုဖြစ်သည့် နာဂစ်မုန်တိုင်း တိုက်ခတ်လေတော့သည်။ စောစောက ရည်ရွယ်ချက် တခုဖြင့် စုဆောင်းခဲ့သည့် ငွေများကို လက်တွေ့သုံးစွဲလိုက်ရသည့် အခြေအနေက ပြောင်းလဲ သွားသည်။

တက္ကသိုလ်များ ခြေလျင် တောင်တက် အသင်းသည် လေ့ကျင့်ရေး စင်တာတခု တည်ဆောက်မည့် ရည်ရွယ်ချက်ကို ဖျက်သိမ်း၍ စရိတ်စက များလွန်းသည့် တောင်တက်ခရီးစဉ် အကြီးစားများကိုလည်း ယာယီလျှော့ချကာ နာဂစ်ဘေးဒဏ်ခံရသည့် ဒုက္ခသည်များဆီသို့ သွားရောက်ခဲ့ကြသည်။ အသင်းပိုင် ရန်ပုံငွေများကို အရေးပေါ်ကယ်ဆယ်ရေး အသုံးစရိတ်များအဖြစ် အသုံးပြုခဲ့ကြလေ သည်။

ကျမသည် မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းကို ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ပို၍ အနီးကပ် လေ့လာခွင့် နှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့သည်။ အသင်း၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းခရီးစဉ်များကို သတင်းထောက် တယောက် အနေနှင့်ရော လူမှုရေး လုပ်ငန်းများ စိတ်ပါဝင်စားသူတဦး အနေနှင့်ပါ အတူတကွ လိုက်ပါခဲ့သည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်းတွင် လူအသေအပျောက် များခဲ့ပြီး ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများ၏ ကယ်ဆယ်ရေး အဖွဲ့များ အရောက်အပေါက် နည်းခဲ့သည့် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ သံဒိတ်ကျေးရွာ၊ ရေတွင်းကုန်း ကျေးရွာနှင့် ဥတို စံပြကျေးရွာများသို့ မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းက အကြိမ်ပေါင်း ရာနှင့်ချီ၍ သွားခဲ့သည်။

နာဂစ်ဖြစ်ပြီးစ တလတည်းသွားခြင်းမဟုတ်။ တနှစ်တည်း သွားခဲ့ကြခြင်း မဟုတ်။ နာဂစ်ဖြစ်ပြီး ၅ နှစ်နီးပါးအထိ လစဉ် သွားရောက် ခဲ့ကြသည်။ အရေးပေါ် လိုအပ်ချက်များ ရှိနေစဉ်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက် စသည်တို့ကို လှူဒါန်းခဲ့သည်။ သောက်သုံး ရေကန် လှူဒါန်းသည်။ စာသင်ကျောင်းဆောင် လှူဒါန်းသည်။ ပင်လယ်ရေတားတမံ တည်ဆောက်ပေးသည်။ ပြိုကျပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း တချို့ကို ပြန်လည် တည်ဆောက်ပေးခဲ့သည်။

ပြန်လည်ထူထောင်ရေး လုပ်ရမည့် အချိန်တွင် လှေ၊ ပိုက်နှင့် အသက်မွေးဝမ်းကျောင်း ပြုမည့် ပစ္စည်းကိရိယာများ၊ ကျေးလက် ဆေးပေးခန်း၊ ပညာဆက်လက် သင်ကြားရန် အခက်အခဲနှင့် ရင်ဆိုင်နေရသော ကလေးငယ်များအတွက် နှစ်စဉ်ပညာရေး ထောက်ပံ့ ငွေများ၊ အစိုးရက ခန့်အပ်ထားသော ဆရာ၊ ဆရာမများ မလောက်ငသည့် ဒေသများဖြစ်ရာ ဆွဲခန့်ဆရာ၊ ဆရာမများ ငှားရမ်းပေးခြင်း စသည့် အလုပ်များကို ထို ၅ နှစ်တာကလအတွင်း လစဉ်သွားရောက် လုပ်ကိုင် ခဲ့သည်။

ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းသော ယင်းဒေသများအတွက် ကျေးလက် ကျန်းမာရေး ဆေးပေးခန်း လှူဒါန်းခြင်း၊ လစဉ်ဆေးဝါးများ လှူဒါန်းခြင်း၊ အသင်းဝင် ဆရာဝန်များ၊ ဆေးကျောင်းသားများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများက အခမဲ့ ဆေးဝါးကုသခြင်းတို့ကို ဆက်တိုက်ပြုလုပ် ခဲ့ကြသည်။ အခြားဒေသများသို့ ဖြန့်ကျက် သွားခြင်းမပြုဘဲ ထိုဒေသသို့ ဦးတည် ၍ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။

အသင်းအတွက် အရေးအကြီးဆုံး လိုအပ်ချက်များဖြစ်သည့် လေ့ကျင့်ရေးစင်တာနှင့် အထောက်အကူပြုပစ္စည်းများ ပိုင်ဆိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးလိုက်ကြရသော်လည်း အသင်းခေါင်းဆောင်နှင့် အသင်းသားတို့၏ စိတ်အားတက်ကြွမှုနှင့် ဇွဲကြီးမှုတို့သည် လွန်စွာ အံ့သြဖွယ် ကောင်းသည်။

မှတ်မိသေးသည်။ ထိုစဉ်က မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၏ ခေါင်းဆောင် ဆရာဦးမျိုးသန့် သည် ရန်ကုန်တက္ကသိုလ်၏ မြန်မာစာ ဌာနမှူးအဖြစ် အင်းဝဆောင်တွင် နေထိုင်သည်။ တကိုယ်ရေ တကာယသမားဖြစ်သည့် ဆရာသည် သူ၏ အသင်းသား တပည့်များကို ချစ်ခင်တွယ်တာသည်။ ယခု ခါကာဘိုရာဇီ တောင်ပေါ်တွင် ပျောက်ဆုံး နေသည့် ကိုနံပြားသည် ဆရာအချစ်ဆုံး တပည့်များအနက် တယောက်ဖြစ်သည်။

ကိုနံပြားသည် ခြေလျင်တောင်တက် အသင်းနှင့် ပတ်သက်လာလျှင် လွန်စွာတက်ကြွပြီး အားကိုးရသည့် အသင်းသားတဦး ဖြစ် သည်။ နာဂစ်နောက်ဆက်တွဲ ကယ်ဆယ်ရေး ခရီးစဉ်များတွင် သူအမြဲလိုက်ပါလေ့ရှိသည်။ လိုအပ်လာလျှင် ကားရော၊ ဆီရော စိုက် ၍ အချိန်အခါမရွေး လူအပင်ပန်းခံ၍ လုပ်ဆောင်သည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကာလတွင် အသင်းဝင်များသည် ရန်ကုန်တက္ကသိုလ်ရှိ အင်းဝဆောင်တွင် လူစုကြသည်။ ခရီးဝေးသူများသည် ထိုအဆောင်တွင် ညအိပ်ကာ နံနက် ဝေလီဝေလင်း အချိန်တွင် နာဂစ်ဒေသသို့ သွားရန် ပြင် ဆင် ကြရသည်။ ဆရာဦးမျိုးသန့်သည် သူ့တပည့်များအား သူ့ဝန်ထမ်းလစာဖြင့် ချက်ပြုတ် ကျွေးမွေးသည်။ ကျန်းမာရေး မကောင်းသည့် အချိန်ကလွဲလျှင် နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ခရီးစဉ်များကို ဆရာဦးမျိုးသန့် အမြဲလိုက်ပါလေ့ ရှိသည်။ သူ့တပည့်များသည် သူ့အား ဆရာတယောက်၊ ဖခင်တယောက်သဖွယ် ချစ်ခင်တန်ဖိုးထားကြသည်ကို တွေ့မြင်ခဲ့ရသည်။

ကျမ လေ့လာခဲ့သော၊ သိကျွမ်းခဲ့သော မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းသည် ကျောင်းသား လူငယ်များ၊  တက္ကသိုလ် ကျောင်းသား ဘဝကို ကျော်လွန်ကာ လုပ်ငန်းခွင် အသီးသီး၌ ဝင်ရောက် လုပ်ကိုင်နေသူများ အားလုံး တသွေးတည်း၊ တသားတည်း ပျော်ဝင်စီးဆင်းနေသည့် မြစ်တခုနှယ်ဖြစ်သည်။ တောင်တက် အားကစားနည်းကို ချစ်မြတ်နိုးသူများ၊ မောင်နှမ သွေးသားရင်းချာများ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်များ၊ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြင့် ဖွဲ့စည်းထားသည့် အတုယူဖွယ် လူ့အဖွဲ့အစည်းငယ် တခုဖြစ်သည်ကို တွေ့ရသည်။

အမြဲတစေ ပျော်ရွှင်လန်းဆန်း တက်ကြွနေလေ့ရှိသော မြန်မာနိုင်ငံ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း ဝင်များသည် အန္တရာယ် ကြီးမားလွန်းပြီး ကြမ်းတမ်းသည့် ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးကျန်ခဲ့သော ရဲဘော်ရဲဘက် ၂ ဦး အတွက် မည်သို့ ခံစားနေရမည်ကို ကိုယ်ချင်းစာသည်။ သူတို့ကို ပြန်လည်ရှာဖွေရန် ထွက်ခွာသွားကြသည့် တောင်တက်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့များအားလုံး အန္တရာယ် ကင်းပါစေကြောင်းလည်း ဆုတောင်းမိသည်။

ကျမကြည့်ဖူးသော တောင်တက်သမားအကြောင်း ရိုက်ကူးထားသည့် နိုင်ငံခြားဇာတ်လမ်းတခုတွင် ယခုကဲ့သို့ပင် ရေခဲတောင်ပေါ်တက်သည့် တောင်တက်သမားများ အန္တရာယ်နှင့် ကြုံရသည်။ ရေခဲများ ပြိုကျ၍ တောင်တက်သမားများ ရေခဲချိုင့်ကြီးတခု အတွင်း သို့ ပြုတ်ကျသွားသည်။ အလွန်အေးသည့်ဒဏ်ကြောင့် အသက်ရှု ရပ်မသွားစေရန်နှင့် ခန္ဒာကိုယ်တွင်း သွေးများ ဆက်လက် လည် ပတ် နိုင်စေရန် ကျောပိုးအိတ်အတွင်း အသင့်ဆောင်ထားသော ဆေးဘူးများကို အသုံးပြုကြရသည်။

တောင်ခြေတွင် ကယ်ဆယ်ရေး အဖွဲ့များ အသင့်ရှိသည်။ ထိုအဖွဲ့များသည် တောင်တက်သမားတို့၏ အသက်အာမခံ ကုမ္ပဏီများမှ အထူးကယ်ဆယ်ရေး အဖွဲ့များဖြစ်သည်။ သူတို့တွင် ရဟတ်ယာဉ်များရှိသည်။ အရေးပေါ် ကယ်ဆယ်ရေးနှင့် အသက်ကယ် ပြုစုရေး စနစ်များ ရှိသည်။ သူတို့နိုင်ငံများမှ အသက်အာမခံ ကုမ္ပဏီများ၊ ထိခိုက်မှုအာမခံကုမ္ပဏီများသည် အသက်သေဆုံးမှ၊ ထိခိုက်နစ်နာ မှ သာ လျော်ကြေးပေးရန် ထိုင်စောင့်နေခြင်းမျိုး မဟုတ်။ အာမခံခြင်းနှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများကို တပြိုင်နက်တည်း ဝန်ဆောင်ပေးကြသည်။ ထိုသို့ ဝန်ဆောင်မှုများ အားကောင်းစေရန် ပုဂ္ဂလိက အာမခံကုမ္ပဏီများကို သက်ဆိုင်ရာ အစိုးရက တာဝန် ခံ ၍ ဖိအားပေးသည်။

ရဲဘော်ရဲဘက် တောင်တက်သမားများနှင့် ထိုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရှာဖွေခြင်းများကို ခက်ရာခဲဆစ် လုပ်ကိုင်ကြပြီး နောက် ရက်အနည်းငယ်အတွင်း ဒုက္ခရောက်နေသူများကို သေဆုံးတော့မည့် ဆဲဆဲတွင် ကယ်တင်နိုင်ခဲ့သည်။ ပျော်စရာကောင်း သော ဇာတ်သိမ်းဖြစ်သည်။

ယခု ကျမသိကျွမ်းပြီးသော ခြေလျင်တောင်တက် အသင်းဝင် ခါကာဘိုရာဇီ တောင်တက်သမားများ ပျောက်ဆုံးနေသည့် ဖြစ်ရပ် သည်လည်း ထိုသို့သော ပျော်စရာ ဇာတ်သိမ်းမျိုးနှင့် အဆုံးသပ်နိုင်ရန် ဆုတောင်းခြင်းမှတပါး အခြားမရှိတော့ပြီဟုသာ ဆိုရပေ မည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading