ဆောင်းပါး

ဥပဒေလောကသားတွေ ရှက်တတ်ရဲ့လား

This article has been converted from Zawgyi One to Unicode

နိုင်ငံရဲ့ ဘယ်အရပ် ဒေသမှာပဲ နေထိုင်သူ ဖြစ်ပါစေ နိုင်ငံသား တယောက်အတွက် လုံခြုံမှုရှိဖို့ အထူး အရေးကြီး ပါတယ်။ လူ အဖြစ် နေထိုင်ရှင်သန်ရေးမှာ လုံခြုံမှု ရှိမှသာ သာယာကောင်းမွန်တဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုရှိဖို့ ဆိုတာ “တရားဥပဒေ စိုးမိုးရေး” နဲ့လည်း ဆက်စပ်နေပါတယ်။

“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ စကားဟာ လက်ရှိအစိုးရ လက်ထက်မှာ အရင်ကထက် ပိုမို ကျယ်လောင် လာနေ တာပါ။ ဒါပေမယ့် ပကတိအခြေ အနေမှာ အမျိုးသမီးတွေ အပါအဝင် လူထုကြားမှာ လုံခြုံမှု မရှိတာ၊ လူသတ်မှုနဲ့ ရာဇဝတ်မှုတွေ များပြားလာ နေတာ၊ မုဒိမ်းမှုတွေ များလာတာတွေက တရားဥပဒေ စိုးမိုးမှု အားနည်းနေကြောင်း သက်သေပြ နေတာပါပဲ။

ဩဂုတ်လ ၂၆ ရက်နေ့ ည ရး၃၀ နာရီအချိန်က ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာမှာ နေထိုင်တဲ့ တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် “အေးချမ်းမြတ်မိုး” ဟာ လည်ပင်းကို ဓားနဲ့ထိုးခံခဲ့ရပြီး သေဆုံးခဲ့ရရှာ ပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ဘဝအတွက် တက်လမ်း အများကြီးရှိတဲ့ မိန်းကလေးတယောက် အသတ်ခံ လိုက်ရတာဟာ နှမြောကြေကွဲ စရာပါ။ သတ်တဲ့အချိန်က ညဉ့်နက်သန်းခေါင်မဟုတ် ဘဲနဲ့ ည ၇ နာရီခွဲပဲ ရှိသေးတာက အံ့ဩစရာပါ။

ပြီးတော့ ဦးဝိစာရအိမ်ယာက ရန်ကုန်မြို့လယ်မှာပဲ ရှိတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ လတွေမှာလည်း တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လူသတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဇွန်လထဲမှာ မင်္ဂလာဒုံ ပန်းခြံထဲမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။

ပန်းခြံလို နေရာမှာ လူသတ်မှုကို လက်ရဲဇက်ရဲ ကျူးလွန်ရဲတာဟာ မေးခွန်းထုတ်စရာပါ။ ကျူးလွန်တဲ့ တရားခံကို ဖမ်းဆီး မိပေမယ့်လည်း တချို့အမှုတွေမှာတော့ တရားခံကို ဖမ်းမမိတာတွေလည်း ရှိပါတယ်။

တခါ ဇွန်လထဲမှာပဲ လှိုင်သာယာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင် တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ဆိုင်ရဲ့ CCTV ကနေ မှတ်တမ်းတင် ထားတဲ့ မြင်ကွင်းကို ကြည့်ရသူတိုင်း တုန်လှုပ်ချောက်ချားခဲ့ ကြရပါတယ်။

ဘာလို့လဲဆိုတော့ လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်သွားလို့ပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ်ရုံးရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် ဩဂုတ်လထဲမှာ လူသတ်မှု ၁၀၉ မှု၊ မုဒိမ်းမှု ၅၆ မှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။ အဲဒီလို နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၀၉ မှုမှာ ၄၈ မှုကိုပဲ

တရားစွဲဆိုနိုင်သေး သလို ကျူးလွန်သူ ဖမ်းမမိသေးတာတွေလည်း ရှိနေပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေထဲမှာ မုဒိမ်းမှုနဲ့ လူကုန်ကူးခံရမှုတွေလည်း ပါဝင်နေ ပါတယ်။

အထူးသဖြင့် မုဒိမ်းကျင့်ခံ ရတဲ့ မိန်းကလေးတွေဟာ ငယ်ရွယ်လွန်းတဲ့သူတွေ ဖြစ်နေတာက စိုးရိမ်စရာ ကောင်းနေပါတယ်။

အသက် ၅ နှစ်ကနေ ၈ နှစ်၊ ၁၀ နှစ်ကြား မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ အကြောင်းရင်းထဲမှာ မိဘ တွေက အပြင်ထွက် အလုပ်လုပ်ရတာ၊ ညစ်ညမ်းခွေတွေ ကြည့်တဲ့သူများလာတာ၊ သူစိမ်းယောက်ျားတွေက မိန်းကလေးတွေကို အယုံသွင်း ပြောဆိုနေတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။

သက်ငယ် မုဒိမ်းမှုကျူး လွန်သူတွေကို သေဒဏ်ပေးဖို့ လွှတ်တော်မှာ အဆို တင်သွင်းသူ ရှိပေမယ့်လည်း အဲဒီ အဆို ရှုံးနိမ့်ခဲ့ ရပါတယ်။

တကယ်လို့ မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ပေးနိုင်မယ် ဆိုရင် ကျူးလွန်တဲ့ သူလျော့ကျ သွားမှာပါ။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ရသွားသလို ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံတာပါ ခံရတဲ့ အတွက် သူတို့ရဲ့ နစ်နာမှုကို ထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကို ဇနီးမယား အဖြစ် ရောင်းစားခံနေရတဲ့ မိန်းကလေးတွေအတွက် ဥပဒေအရ အကာအကွယ် ပေးဖို့လိုသလို အထူးသဖြင့် လူပွဲစားတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ လိုအပ်နေ တာပါ။

မိန်းကလေးတွေ အတွက်တင်လား ဆိုတော့ မဟုတ်သေးပါဘူး။ လူငယ်တွေကြားမှာလည်း လုံခြုံမှု မရှိတဲ့ ပြဿနာ တွေ့နေရ ပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာ၊ လုယက်ခံရတာတွေ ရှိနေသလို စိတ်ကြွ ဆေးသုံးစွဲ နေတဲ့ လူငယ်တွေ များလာတာဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

လူငယ် ၁၀ ယောက်မှာ ၆ ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိပ်မကြာမီက ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတစောင်က ဆိုပါတယ်။ ပတ်ဝန်းကျင်မှာ အရက် လှိုင်ဘောလယ် ဝယ်လို့ သောက်လို့ ရနေတာ ကလည်း ရာဇဝတ်မှု ဖြစ်ပွားစေတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ ဖြစ်ပွားမှုဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ပတ်သက်ဆက်နွှယ် နေပါတယ်။ စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံသားတိုင်းသာ သူတို့အတွက် လုံလောက်တဲ့ ဝင်ငွေရှိနေရင် ခိုးမှု၊ လုယက်မှုတွေ အလိုအလျောက် လျော့ကျသွားမှာပါ။

တချို့သော လူသတ်မှုတွေကို လေ့လာကြည့်မယ် ဆိုရင် နားကပ်လေးတရံ၊ လက်စွပ်လေး တကွင်း အတွက်ကိုပဲ လူ့အသက်ကို သတ်တာ တွေ့ရပါတယ်။ အဆင် မပြေမှုတွေ များလာတဲ့ အခါ လူသတ်ရမှာကို မကြောက်တော့တာ၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးတွေ ဝင်လာတော့တာ ပါပဲ။ ဒါကြောင့် “အူမတောင့်မှ သီလ စောင့်နိုင်တယ်” ဆိုတဲ့စကားက မှန်ကန်နေပါတယ်။

ပခုံးချင်း တိုက်မိတာလေးနဲ့ လူသတ်တဲ့ အထိ ဖြစ်ရတဲ့ ဖြစ်စဉ်ဟာ ရန်ကင်းမြို့နယ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ လူတယောက်ကို ခေါင်းပြတ်တဲ့ အထိ ရက်ရက်စက်စက် သတ်နေတာကို အဲဒီရပ်ကွက်ကို အုပ်ချုပ်နေ သူတွေက မတားဆီးနိုင် ခဲ့တာကလည်း မေးခွန်းထုတ်စရာပါ။

နောက်ဆုံး ရပ်ကွက်လူထုက မခံမရပ်နိုင် ဖြစ်လွန်းပြီး ဆန္ဒ ထုတ်ဖော်ရတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ။

ပတ်ဝန်းကျင်မှာ မူးယစ်ရမ်းကားနေတဲ့ သူတွေ ရှိနေတာကို လျစ်လျူရှုနေတာ၊ လူမိုက်အမည်ပေါက်တွေ သောင်းကျန်းနေတာကို အရေးမယူတာ၊ လောင်းကစားဝိုင်း တွေကို လွှတ်ပေးထားတာတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတာပါပဲ။

ကျမတို့ဟာ ဘယ်အရပ်ဒေသကိုပဲ သွားသွား နောက်ကျောလုံလုံနဲ့ သွားနိုင်ဖို့ အရေးကြီးပါတယ်။ “အဲဒီနေရာ ကို မသွားရဲပါဘူး ကိုယ့်ကိုရိုက်သတ်သွားရင်တောင် ဘာမှမတတ်နိုင်ဘူး” လို့ ပြောလာရရင် တရားဥပေဒ စိုးမိုးမှုမရှိတာ သိသာနေပါပြီ။

တချို့သော ရာဇဝတ်မှုတွေ အတွက် ချမှတ်တဲ့ ပြစ်ဒဏ်က နည်းလွန်းတော့ လူဆိုး၊ လူမိုက်တွေကို အယား ဖျောက်သလို ဖြစ်နေတာတွေကို ထည့်စဉ်းစားရမှာ ပါ။ ဥပမာအားဖြင့် လူသတ်မှု အတွက် ထောင် ၅ နှစ် လောက်ပဲ ချ၊ ထောင်ထဲမှာ တနှစ်၊ နှစ်နှစ်ပဲ နေ၊ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ ဆိုရင် မုန့်လုံးစက္ကူကပ် ဇာတ်လမ်းတွေ ဆက်ဖြစ်နေမှာပါပဲ။

တခါတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းတွေ့တာနဲ့ ထောင်ဒဏ် အနှစ် ၂၀ လောက် အထိ ပြစ်ဒဏ် ချမှတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မကျူးလွန်ဘဲနဲ့ ဗုံးဖောက်ခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရတာတွေ တောင်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အပြစ် မရှိတဲ့သူတွေကို ဥပဒေရဲ့ အကာအကွယ် ပေးဖို့လည်း ပါဝင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

တရားဥပဒေ စိုးမိုးရေးရဲ့ အခြေခံသဘော တရားကို ဇယားဆွဲကြည့်ရင် Rule of Action (လူ့ကျင့်စဉ်)၊ Rule of Conduct (အပြုအမှုဆိုင်ရာ စည်းကမ်းချက်)၊ Law (ဥပဒေ)၊ Customary Law (ဓလေ့ထုံးတမ်း ဥပဒေ)၊ Statute Law (ပြဋ္ဌာန်း ဥပဒေ)၊ Domestic Law/National Law (ပြည်တွင်းဥပဒေ) ရယ်လို့ ဆက်စပ်နေတာ တွေ့ရပါတယ်။

ဥပဒေရဲ့ ပင်ကိုယ်လေးနက်မှု၊ ဥပဒေ သဘောတရား တွေနဲ့ ဥပဒေနောက်ခံ သမိုင်း လမ်းကြောင်းပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ တရားဥပဒေ စိုးမိုးရေးကို အနက်အဓိပ္ပာယ် ဖော်ညွှန်းရာမှာ နိုင်ငံရဲ့အာဏာ ကြီး ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက် ပြီး ထွက်ပေါ်လာတဲ့ အယူအဆ အဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။

တရားဥပဒေ စိုးမိုးရေး အားနည်းနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဥပမာ တခုကို ထုတ်နုတ် ပြောပြချင်ပါ တယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၂၀ (ခ) မှာ “မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်း တို့ကို မည်သူမဆို ပြုလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာ မူးယစ်ရာဇာတွေရဲ့ သားသမီးတွေ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရနေတာ၊ မူးယစ်ဆေး ရောင်းဝယ်ရာက ရလာတဲ့ ငွေမည်းတွေကို အိမ်၊ ခြံ၊ မြေမှာ ရင်းနှီး မြှပ်နှံပြီး ငွေကြေးခဝါချ နေတာ၊ တချို့ မူးယစ်ရာဇာတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံရဘဲ ဘုရားဒါယကာ၊ ကျောင်းဒါယကာ အဖြစ်ပါ ခံယူခွင့် ရခဲ့တာတွေဟာ တရားဥပဒေ စိုးမိုးရေး အားနည်းတာ သိသာထင် ရှားလွန်းနေပါတယ်။

ကျမတို့ဟာ ကိုယ့်အိမ်ထဲမှာပဲ နေရင်း တခြား သူတွေရဲ့ စိတ်အနှောင့်အယှက် ပေးမှုကို ခံနေရဆဲပါ။ တခြား အခန်းတွေက နားမခံသာအောင် သီချင်းတွေ ဖွင့်ကြတာ၊ အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ပြီး အော်ဟစ် ဆူညံနေတာ တွေကို ကြိတ်မှိတ်သည်းခံရတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။

တကယ်လို့ တရား ဥပဒေသာ စိုးမိုးမယ်ဆိုရင် ဖုန်းလေးတချက် ဆက်လိုက်ရုံနဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး အဲဒီလို အနှောင့်အယှက် ပေးနေသူတွေကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။

လူထုကြားမှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အသိတွေ ရှိဖို့ လိုပါတယ်။ ကိုယ်တိုင်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရ တာကို ဥပဒေ ဘောင်အတွင်းကနေ ကျမတို့ တောင်းဆိုပိုင်ခွင့် ရှိရပါမယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူငယ်ထု အနေနဲ့ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်။

ကြုံကြိုက်လို့ ပြောရရင် ပြီးခဲ့တဲ့ ဩဂုတ်လက ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနမှာ ပြုလုပ်တဲ့ “သရုပ်ပြ တရားရုံး” တင်ဆက်မှုကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ တကယ့်တရားခွင်မှာ စစ်ဆေးသလို ဥပဒေပညာသင်ယူ နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် ပါဝင်တင်ဆက်တာ ဖြစ်ပါတယ်။

ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့သလို ဒီလို “သရုပ်ပြ တရားရုံး” တင်ဆက်မှုကနေ တရားခွင် စစ်ဆေးမှု၊ တရားရုံး တွေကနေ လက်တွေ့ ကျင့်သုံးနေတဲ့ အမှုစစ်ဆေးနည်း ကျင့်ထုံး နည်းလမ်း၊ ဥပဒေ၊ နည်းဥပဒေတို့ကို ပိုမို သဘောပေါက်နားလည် လာစေတဲ့ အကျိုးကျေးဇူးပါ ရရှိနိုင်ပါတယ်။

ဥပဒေပညာကို သင်ယူနေတဲ့သူမှ မဟုတ်ပါဘူး။ လူတိုင်းလူ တိုင်း ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။

စားကောင်းခြင်း စားရဖို့၊ အိပ်ကောင်းခြင်း အိပ်ရဖို့၊ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်း နိုင်ဖို့၊ ထိတ်လန့် ကြောက်ရွံ့ရခြင်း တွေက ကင်းဝေးစေဖို့ “လုံခြုံမှု” ရှိဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှသာ လူ့ ဂုဏ် သိက္ခာနဲ့ ပြည့်စုံတဲ့ လူသားတွေ ဖြစ်လာမှာပါ။

“တရားဥပဒေစိုးမိုးရေး” ဟာ ဟန်ပြသက်သက်၊ ကြွေးကြော်သံ သက်သက်နဲ့ အလုပ် မဖြစ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဘယ် အရပ်ဒေသမှာ မဆို တရား ဥပဒေ စိုးမိုးစေဖို့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုအပ်နေသလို တရားဥပဒေ တကယ် စိုးမိုးမှသာ လူ့ဂုဏ်သိက္ခာ နဲ့ပြည့်ဝတဲ့၊ လူဖြစ်ရကျိုး နပ်တဲ့ လုံခြုံတဲ့ လူသားဘဝတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြဆွေးနွေး လိုက်ရပါတယ်။ ။

(သွေး (စစ်ကိုင်း) သည် ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးများကို စာနယ်ဇင်းများတွင် ရေးသားလျက်ရှိသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦး ဖြစ်သည်။)

Loading