ပြခန်းမှာ ပြသထားတဲ့ ပန်းချီကားတွေက အထင်ကရ မြန်မာ့ရှုခင်းနဲ့ အဆောက်အအုံတွေကို Tone အား ကောင်းကောင်းနဲ့ ရေးဆွဲထားသလို ဝိရောဓိအရောင်တွေနဲ့ တွန်းထိုးရုန်းကြွ ဖန်တီးရေးဆွဲထားတာ တွေ့ရပါတယ်။ သို့ပေမယ့် အရောင်တွေရဲ့ ခြောက်လှန့်မှု၊ စိုးစိတ်ကဲမှုတွေကိုလည်း တဆက်တည်း ခံစားရပါတယ်။ ပြီးတော့ ပြပွဲခေါင်းစည်း Cancer ဆိုတာကြောင့်လည်း အလန့်တကြား ဖြစ်စေတဲ့ ခံစားရမှု ရစေတာ တွေ့ရပါတယ်။
ဇွန် ၂၂ ကနေ ၂၄ ရက်နေ့အထိ လောကနတ် အနုပညာခန်းမမှာ ပြုလုပ်တဲ့MPP ရဲမြင့်ရဲ့ တကိုယ်တော် ပန်းချီပြပွဲဟာ ပန်းချီပြပွဲ အတော်များများမှာ အတွေ့ရနည်းတဲ့ Idea ၊ Concept အခြေပြု ဖန်တီးတင်ပြမှု အားနည်းချက်ကို ဖြည့်ဆည်း ပေးလိုက်တယ် လို့ ခံစားရပါတယ်။
Convocation Hall လို့ အမည်ပေးထားတဲ့ ပန်းချီကား၊ သရပါတံခါးလို့ အမည်ပေးထားတဲ့ ပန်းချီကား၊ တရားရုံးချုပ်လို့ အမည်ပေးထားတဲ့ ကားတွေ အပြင် မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ ရှုခင်းတွေကို ရေးဆွဲ ထင်ဟပ်ပြထားတဲ့ ပန်းချီကားတွေ လည်း ဒီပြပွဲမှာ ပါဝင်တာတွေ့ရပါတယ်။
“ဒီပြပွဲမှာ စုစုပေါင်း ပန်းချီကား ၅၄ ကား ပြသထားပါတယ်၊ ၂၀ဝ၈ ခုနှစ်ကနေ ၂၀၁၂ အတွင်း ရေးဆွဲခဲ့တဲ့ ပန်းချီကား တွေပေါ့၊ အဲဒီတုန်းကတော့ ကင်ဆာဆိုပြီး ခေါင်းစည်းမပေးရသေးဘူး” လို့ အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပန်းချီ အမ်ပီပီ ရဲမြင့်က ပြောပါတယ်။
ဘာကြောင့် ကင်ဆာဆိုပြီး ပြပွဲအမည်ပေးထား တာလဲလို့ ထပ်ဆင့်မေးကြည့် ပါတယ်။

သူက “ပုဂံရဲ့ အနုပညာလက်ရာ အပျက်အစီးတွေ၊ ယိုယွင်းသွားတဲ့ မြန်မာ့အနုပညာ လက်ရာတွေ၊ အရင်ခေတ် တွေတုန်းက ပညာရှင်တွေတည်ဆောက်ခဲ့ကြတယ်၊ တည်ခဲ့ကြတယ် အခုခေတ်ကျတော့ ပန်းရန်သမားက ပြန်ပြင် တယ်၊ အဲဒီလို ဖြစ်သင့်ပါရဲ့လား၊ ကျနော်တော့ မဖြစ်သင့်ဘူးထင်တယ်။ ဥပမာ သရပါတံခါးကို ရှေးမူ မပျက် ပြန်လည် ပြင်ဆင်တာ မဟုတ်ဘဲ ရှေးမူကို ဖျက်ပစ်သလို ပြန်ပြင်တာကျတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။
စပြီးဆောက်လုပ် တုန်းက ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ အခုအချိန်မှာ အမျိုးသားအမွေအနှစ် မဟုတ်လား၊ ကျနော်တို့ ပုဂံမှာပဲ ဒီလိုလား ဆိုတော့ မဟုတ်ဘူး၊ တခြားနေရာတွေ၊ တခြားနယ်ပယ်တွေမှာလည်း ကင်ဆာလို ကုသရ ခက်ခဲပြီး ကူးစက်ရောဂါ ဖြစ်နေတာတွေ အများကြီး တွေ့ရတယ်” လို့ ရှင်းပြတယ်။
၂၀ဝ၆ ခုနှစ်လောက်ကတည်းက ပုဂံရှေးဟောင်း နယ်မြေမှာ ဟိုတယ်တွေ၊ အင်းတွေ၊ တည်းခိုခန်းတွေ လာရောက် ဖွင့်လှစ်ပြီးနောက် ရှေးဟောင်းစေတီ၊ ပုထိုးနဲ့ ရုပ်ပွားတော် ဆင်းတုတွေ ပျက်စီးယိုယွင်း ပျောက်ဆုံးမှု ပိုမိုများပြားလာ ကြောင်း၊ အဲဒီလို ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အနေအထားကို ပန်းချီနဲ့ ပုံဖော်တင်ပြချင်လာပြီး စီးရီးလိုက် ရေးဆွဲ လာတာ ဖြစ်ကြောင်း၊ အဆိုးဆုံးက ဘာအထောက် အထားမှမရှိဘဲ ဘုရားတွေ တည်နေကြကြောင်း ပန်းချီဆရာက ထောက်ပြပြောဆိုပါတယ်။
ကင်ဆာလို ကုသရခက်ခဲပြီး ရောဂါကူးစက်ခံ နေရတဲ့ တခြားနယ်ပယ်တွေကကော ဘာတွေများ ဖြစ်မလဲ။
“ခင်ဗျား စဉ်းစားကြည့်ဗျာ၊ ပညာရေးနယ်ပယ်ကို ကြည့်ဦးမလား၊ စီးပွားရေးနယ်ပယ်ကို ကြည့်ဦးမလား၊ တရား စီရင်ရေးဘက်၊ အုပ်ချုပ်ရေးဘက်ကို ကြည့်ဦးမလား၊ နိုင်ငံရေး ဆိုတာတော့ ပြောမနေနဲ့တော့ အားလုံးဟာ ကင်ဆာ ရောဂါ စွဲကပ်နေပါပေါ့ လားဗျာ။ ပြီးတော့ ခင်ဗျားတို့ ကျနော်တို့ နေ့စဉ် စားသုံးနေတဲ့ အစား အသောက်တွေကို ကြည့်ဦး၊ ကျန်းမာရေးနဲ့ ညီညွတ်တာ၊ ကျန်းမာရေးအတွက် အာမခံချက်ရှိတာ ဘယ်လောက် ရှိလဲ။ သယ်ယူပို့ ဆောင်ရေးမှာလည်း ဒီလိုပဲ မြင်နေရတယ် မဟုတ်လား” လို့ အမ်ပီပီ ရဲမြင့်က ပြောပါတယ်။
သူပြောတဲ့ ကင်ဆာရောဂါထဲမှာ အကျင့်ပျက် ခြစားမှု၊ အဂတိလိုက်စားမှု၊ ဘာသာရေး လူမှုရေး ရောထွေး အသုံးချမှု၊ ကိုယ့်အတ္တ အတွက် အခြားသူတွေကို ချနင်းမှု စတာတွေလည်း ပါဝင်နေဦးမလားလို့ ဆက်လက် တွေးတောမိပါတယ်။ သူ့ဘဝ သူ့ဖြတ်သန်းမှု တချို့ကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
အထက်အညာ မြင်းခြံဇာတိသား ပန်းချီဆရာ အမ်ပီပီ ရဲမြင့်ဟာ မန္တလေး ပန်ချီပန်းပုကျောင်းမှာ တက်ရောက် ပညာသင်ယူခဲ့ပြီး ၁၉၇၁ ခုနှစ်ကတည်းက ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့သူပါ။ သူ့ရဲ့လက်ဦး ဆရာတဦးက ပန်းချီဆရာ ဦးဝင်းဖေ ဖြစ်ပြီး နောက် တဦးက မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မန္တလေး ပန်းချီပန်းပု ကျောင်းအုပ်ကြီး ဆရာဦးဝင်းဖေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ သူ့ရဲ့ အမည်ရင်း ရဲမြင့်ရှေ့မှာ ဆရာရင်း ဖေ ၂ ဖေ ဖြစ်လို့ PP ကို ယူလိုက်တဲ့အကြောင်း ပြောပြပါတယ်။ ဒါဆို ရှေ့ဆုံးက M ကတော့ မိခင် (Mother) ကို ကိုယ်စားပြုကြောင်း ပြောပါတယ်။
၁၉၉၈ ခုနှစ်မှာ ညောင်ဦးကို သွားရောက်ခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ ပန်းချီရေးဆွဲပြီး ပြပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ၁၉၉၉ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အမှတ် ၃၆၁၊ သီရိပစ္စယာ ၅ ရပ် ကွက်၊ ညောင်ဦးမြို့မှာ အခြေချ နေထိုင်ကြောင်း သိရပါတယ်။
ပန်းချီဆရာ အမ်ပီပီ ရဲမြင့်ဟာ တကိုယ်တော် ပန်းချီပြပွဲ ၆ ကြိမ် ပြသနိုင်ခဲ့ရာမှာ သူ့ရဲ့ဇာတိ မြင်းခြံမြို့မှာ “ဆေးစက် အလင်္ကာ” ပန်းချီပြပွဲနဲ့ “မင်္ဂလာပါ ၈၁” ဆိုတဲ့ ပန်းချီပြပွဲ ၂ ခု ပြသခဲ့ပြီး၊ မြန်မာနိုင်ငံ ရန်ကုန်မှာ ၃ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၁ ကြိမ် ပြသခဲ့ပါတယ်။ မြို့ကြီးတွေမှာ သာမက တခြားမြို့တွေနယ် တွေမှာလည်း ပန်းချီနဲ့ ဆက်စပ်မှု ရှိစေချင်တယ် လို့ သူကပြောပါတယ်။
သူ့ရဲ့ အနုပညာလက်ရာတချို့ကို စင်ကာပူ အမျိုးသားပြတိုက်၊ မလေးရှား အမျိုးသားပြတိုက်နဲ့ ဂျပန်နိုင်ငံ ဖုကုအုက အနုပညာ ပြတိုက်တွေက ဝယ်ယူစုဆောင်းထားတယ် လို့လည်း သိရပါတယ်။
ပန်းချီဆရာ တဦးအတွက် တကိုယ်တော်ပန်းချီ ပြပွဲ ပြုလုပ်ခြင်းဟာ သူ့ဘဝ သူ့အနုပညာ အတွက် အရေးပါ ပါတယ်။ ဒီပြပွဲကနေ ဘာတွေကို ဘယ်လိုမျှော်လင့်ပါသလဲလို့ ပန်းချီဆရာ အမ်ပီပီ ရဲမြင့်ကို မေးမြန်းကြည့်တော့
“ကျနော့် ပန်းချီကားထဲမှာ ကျနော်မျှော်လင့်တာ ပါပါတယ်။ ကင်ဆာလို မည်းညစ်ဆိုးဝါးတဲ့ ကူးစက်ရောဂါတွေ ကတော့ ကောင်းကင်တိမ်ထုလိုပဲ နေရာနယ်ပယ်တွေ များစွာမှာ ရောက်ရှိ စွဲကပ်နေပြီ၊ ဒါတွေကို တုံ့ပြန် တွန်းလှန်ဖို့၊ ကျနော်တို့ ပြင်ဆင်ဖို့လိုပြီ။ မဖြစ်နိုင်တော့ဘူးလား ဆိုတော့ မဟုတ်ဘူး။ မျှော်လင့်ချက် လခြမ်းလေးက လမ်းပြပေးတဲ့ အလင်းရောင်ကို အားပြုကြိုးစားကြ ရမယ်ပေါ့ ဗျာ” လို့ သူကဖြေပါတယ်။ ။