အရေပြား ဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင် အင်္ဂါ အစိတ်အပိုင်း တခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့် အရေပြားတထောက် အလှအပကို မက်မောကြတာလည်း ရှိကြသပေါ့။ ဒါပေမယ့်လည်း ရှောင်လွှဲမရတဲ့ ဗျာဓိသဘောအတိုင်း အင်္ဂါ အစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေတော့ အရေပြားမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။
ဖြစ်တာမှ အမျိုးအစားတွေ ကွဲပြားပြီး အမျိုးအမည်တွေ အများကြီး ရှိတတ်ပါတယ်။ အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာကတော့ အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါက အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့ အရောင်ထုတ်ပေးတဲ့ အရေပြားဆဲလ် တွေမှာ ကင်ဆာဖြစ်လာတာမျိုး ပါ။ အရေပြားတင်မက မျက်လုံး နဲ့ အူတွေမှာပါ တွေ့ရတတ်ပါသေးတယ်။ အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲ ပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့် စဖွယ်ဖြစ်သလို အန္တရာယ် လွယ်ထားရသလိုပဲ ဆိုတဲ့ အသိလေး လည်း ရှိကြစေချင် ပါတယ်။
ဒီ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု များတာက ဖြစ်နိုင်ခြေ အများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲက သာမက လိမ္မော်ဝါရောင် မီးချောင်းတွေနဲ့ ထိတွေ့ရတဲ့ အရေပြားတွေမှာလည်း အန္တရာယ်ရှိတယ် လို့ ဆိုပါတယ်။ အသက် ၄၀ အောက် အမျိုးသမီးတွေမှာ အတွေ့ရများတယ် လို့ ဆိုပါတယ်။ တကယ်လို့ ကင်ဆာအဖြစ် ပြောင်းလဲလာမယ့် အရေပြားရဲ့ လက္ခဏာတွေကို ကြိုတင်သတိထားမိ သူတွေ အဖို့တော့ စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်ပါတယ်။
Melanoma ကင်ဆာက တကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်အထိများတဲ့ ကျော၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာ အဖြစ်များပါတယ်။ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခြေသည်း လက်သည်းအောက်လို နေရောင်ခြည်နဲ့ အထိအတွေ့ သိပ်မများတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရောင်မရွေး ဖြစ်တတ်တဲ့ ရောဂါပါပဲ။
ရှေးဦးလက္ခဏာတွေ
ဒီ အရေပြားကင်ဆာရဲ့ ပထမဦးဆုံး လက္ခဏာတွေကတော့
– ရှိနေတဲ့မှဲ့မှာ အပြောင်းအလဲတွေ ဖြစ်လာတာ
– ပုံမှန်အရေပြားမှာ အရောင်ပြောင်းလာတာ၊ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ တခုခု ဖြစ်လာတာတွေ ပါပဲ။ တခု သိထားဖို့က အမြဲတမ်း မှဲ့ကနေ ပေါ်လာတာ မဟုတ်ဘဲ ပုံမှန် အရေပြားကနေလည်း ဖြစ်တတ်တယ် ဆိုတာပါ။
ပုံမှန်မှဲ့ဆိုတာ
ကင်ဆာ အပြောင်းအလဲကို သိဖို့ ပုံမှန်မှဲ့ရဲ့ သဘာဝကို သိထားသင့်ပါတယ်။ ပုံမှန်မှဲ့ ဆိုတာက ယေဘုယျအားဖြင့် အရောင် တရောင်တည်းပါ။ အညို၊ ဒါမှမဟုတ် အမည်း စသဖြင့် ပေါ့။ အနားကပ်လျက် အရေပြားနဲ့ တိတိကျကျ အနားသတ်ကလေး ရှိပါတယ်။ အဝိုင်း၊ ဒါမှမဟုတ် ဘဲဥပုံတွေ့ရပြီး လက်မတစိတ် (၆ မီလီမိတာ) လောက်အချင်း ရှိတတ်ပါတယ်။ ခဲတံဖင်ပိုင်းက ခဲဖျက်လောက်ပေါ့။ တချို့တော့လည်း ဒီထက်ပိုကြီးတာ တွေ့ရတတ်ပြီး တချို့က အသက်ကြီးမှ ပေါ်လာတတ်သလို တချို့ကျတော့လည်း အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။
ပုံမှန် မဟုတ်တဲ့၊ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့
မှဲ့တခုမှာ ပုံမှန် မဟုတ်တဲ့ အနေအထားတွေရှိရင် ကင်ဆာဖြစ်နိုင်ခြေကို သတိပြုရပါတော့မယ်။ အဓိက တွေ့နိုင်တာ တွေက ပုံသဏ္ဌာန် မမှန်တာ (ထက်ခြမ်းပုံ ကြည့်ရင် နှစ်ဖက်မညီတာမျိုး)၊ အနားသတ်က တိတိကျကျ မရှိဘဲ ချိုင့်ကွေးဝင်နေတာ၊ အရောင်ပြောင်းလာတာ၊ နဂိုရှိနေတာထက် ပိုကြီးလာတာ အစရှိတဲ့ အချက်တွေပါပဲ။
တခြား အရေးပါတဲ့ အပြောင်းအလဲ ကတော့ ယားလာတာ၊ သွေးစိမ့်ထွက်လာတာတွေ ဆိုရင် သတိပြုပါ။ အရေပြား ပေါ်မှာ မဟုတ်ဘဲ တခြားနေရာတွေမှာလည်း မှဲ့ကင်ဆာကို တွေ့ရတတ်ပါသေးတယ်။ အများအားဖြင့်တော့ လက်သည်း ခြေသည်းတွေ အောက်မှာ၊ ပါးစပ်၊ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေမှာ၊ မျက်လုံး ထဲမှာ စသဖြင့်ပေါ့။
ဖြစ်တန်ရာ အကြောင်းတွေ
အရေပြား ကင်ဆာမှာ ခရမ်းလွန် ရောင်ခြည်ကို အဓိက ဖြစ်တန်ခြေရှိတဲ့ အကြောင်းလို့ သတ်မှတ်ပေမယ့် တခြား ဖြစ်နိုင်ခြေတွေလည်း ရှိနေတာပါပဲ။ အသားအရောင် နုတာ၊ ဖြူတာ၊ ဆံပင်နဲ့ မျက်လုံး အနက်ရောင် မဟုတ်သူတွေ မှာတော့ နေရောင်ခြည် လောင်ကျွမ်းတာ ပိုစေလို့ ကင်ဆာဖြစ်နိုင်ခြေ ပိုပါတယ်။
အသားညိုသူ၊ မည်းသူတွေမှာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းနည်းပါ သတဲ့။ နေလောင်ခံရတာ များတာ၊ ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုများတာ၊ အီကွေတာ အနီးမှာ နေထိုင်တာ၊ ခန္ဓာကိုယ်မှာ မှဲ့တွေများတာ၊ မိသားစုမှာ အရေပြား ကင်ဆာရှိတာ စတဲ့အချက်တွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။
ဘယ်လို တွေ့ရှိတတ်သလဲ
အရေပြား ကင်ဆာ ဖြစ်နိုင်တဲ့ အကြောင်းတွေ ကိုယ့်မှာ ရှိနေတယ်လို့ သံသယမကင်းရင် ပုံမှန်စစ်ဆေးမှုတွေ ပြုတာ ကတော့ အကောင်းဆုံးပါ။ အများအားဖြင့်တော့ ရောဂါ လက္ခဏာအရ ဖြစ်စေ၊ တခြား ရောဂါကို စစ်ဆေးရင်းနဲ့ ဖြစ်စေ၊ နှံ့စပ်သေချာတဲ့ ဆရာဝန်တွေက တွေ့ရှိတာသာ များပါတယ်။
တချို့လည်း ကိုယ့်မှာ ရှိနေတဲ့ မှဲ့ရဲ့ အပြောင်းအလဲကို သတိပြုမိတာ၊ ကိုယ့်အရေပြားကိုယ် အလှကြည့်နေတတ် သူတွေမှာ ဆိုရင်လည်း အရေပြားအရောင် ပြောင်းလာတာမျိုးကို သတိပြုမိတာကနေ ကင်ဆာဖြစ်တာကို သိရှိကြရ ပါတယ်။ သေချာတဲ့နည်းကတော့ သံသယရှိတဲ့ အရေပြား အစိတ်အပိုင်းကနေ အသားစယူ စစ်ဆေးခြင်းပါပဲ။
ကုသပုံ
အရေပြား ကင်ဆာကိုလည်း တွေ့ရှိတာ စောခြင်း၊ နောက်ကျခြင်း၊ သူ့ရဲ့ အရွယ်အစား၊ အတိမ်အနက်နဲ့ ပျံ့နှံ့မှုပေါ် မူတည်လို့ အဆင့်တွေ ခွဲခြားပြီး ကုသနည်းတွေ အမျိုးမျိုး ရှိပါတယ်။ ဖြစ်နေတဲ့ အစိတ်အပိုင်းလေးကို လှီးဖြတ်တာ၊ အဲဒီ နေရာကနေ သွားနိုင်တဲ့ သားငန်ရည်ကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေ တိုက်ကျွေးကုသတာ၊ ဓာတ်ကင်တယ်လို့ ဆိုကြတဲ့ ဓာတ်ရောင်ခြည်သုံး ကုတာ အစရှိတဲ့ ကုထုံးတွေကို သုံးကြပါတယ်။
အခုနောက်ပိုင်း ထိရောက်တယ် ဆိုပြီး သုံးလာတာက ဇီဝကုထုံးပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက် စေတာပေါ့။ ကင်ဆာနဲ့ တူတဲ့ ပစ္စည်းကို ခန္ဓာကိုယ်ကနေ၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ထုတ်ပြီး လူကိုယ်ထဲ ထည့်ပေးတဲ့ နည်းပါ။
အရေပြားကင်ဆာက စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ခုနောက်ပိုင်း ပေါ်လာတဲ့ ဆေးဝါးတွေဖြစ်တဲ့ Vemurafenib (Zelboraf) နဲ့ Dabrafenib (Tafinlar) ကတော့ အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။
ကာကွယ်နိုင်မယ့် နည်းလမ်းတွေ
အရေပြား ကင်ဆာကိုလည်း ဖြစ်နိုင်ခြေများ စေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ရင် ကာကွယ်လို့ ရနိုင်ပါတယ်။ နေ့လယ်ပိုင်း နေရောင်ခြည်ကို ရှောင်ကြဉ်သင့် ပါတယ်။ အထူးသဖြင့် နေရောင်ခြည် အစူးရှဆုံး မွန်းတည့် အချိန်တွေမှာ ခန္ဓာကိုယ်ကို ကြာရှည် ရောင်ခြည် မထိစေတာ အကောင်းဆုံးပါပဲ။ အဲဒါကလည်း ခရမ်းလွန် ရောင်ခြည်သင့်မှုကို ကာကွယ်ရာ ရောက်လို့ပါ။
နေရောင်၊ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ အဝတ်အစားတွေ၊ အရောင်ရင့်တဲ့ ချည်သားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်တာမျိုး ပေါ့။ အသားအရောင်ကို အမြဲဂရုစိုက်ပြီး အပြောင်းအလဲ တခုခုကြုံတာနဲ့ သတိမူမိတာ ကလည်း ကောင်းတဲ့ ကာကွယ်နည်းပါ။
မှန်ကြည့်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်တွေမှာ အရေပြား အရောင် အပြောင်းအလဲကို စောင့်ကြည့်၊ ရင်ဘတ်နဲ့ ကိုယ်လုံး၊ ခြေ၊ လက်တွေကို စစ်ဆေးကြည့်နေတာကလည်း ကာကွယ်နည်းပါပဲ။ မမြင်အပ်တဲ့ နေရာတွေကိုလည်း အဆင်သင့်တိုင်း ကြည့်ရှု စစ်ဆေးသင့်ပါတယ်။
အထူးသဖြင့်တော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေ နေရာအနှံ့ ပိုင်ဆိုင်ထားလေ ပိုပြီး ဂရုစိုက်ဖို့ လိုလေ ပါပဲ။ မှဲ့တွေ ပေါ်လာတယ် ဆိုရင် မှဲ့တွေမှာ အပြောင်းအလဲ တခုခု ရှိလာပြီ ဆိုရင် ကိုယ့်ဘာသာ အဝါကတ်ပြပြီး သေချာတဲ့ စစ်ဆေးမှုတွေ လုပ်သင့်တာကို သတိပြုရမှာပါ။
အဲဒီတော့ ကိုယ့်မှာ စံပယ်တင် မှဲ့ကလေးများ ရှိနေတယ် ဆိုရင်တော့ သူတပါးရဲ့ အားကျမြတ်နိုးမှု၊ မိမိဘာသာ ကျေနပ်ရတဲ့ အလှအပ အတွက်သာမက နောက်ဆက်တွဲ ကင်ဆာမဖြစ်စေဖို့၊ ဖြစ်နေရင်လည်း စောစောသိ၊ စောစောကုနိုင်ဖို့ အတွက် အမြဲ အရိပ်တကြည့်ကြည့် တသသသာ လုပ်နေပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။