ရှေးတုန်းက အငြိမ့်ညွန့်ပေါင်းတွေ သိပ်ပေါတယ်။ ပေါရောပေါ့၊ သဘင်ပညာကို တကယ် တတ်သူတွေလည်း
ပေါတာကိုး။
လက်ဆည်ကန် “ယပ်ဝင်း” ဘုရားပွဲ အငြိမ့် ညွန့်ပေါင်းက နာမည်အကြီးဆုံးလို့ ဆိုကြပါတယ်။ စိန်ဗေဒါကြီးနဲ့ မင်းသမီး အကျော်အမော်တွေပွဲ လေ။ လေဘာတီ မမြရင်၊ ဥက္ကလာ အေးကြည်၊ ယုဝတီ မြသောင်းခင်၊ ဩဘာသောင်းတို့က ပင်တိုင်။
လူရွှင်တော်က ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ကိုအာလူး၊ ကိုဓာတ်စိန် တဲ့။ တော်ရုံတန်ရုံနဲ့လည်း ဒီညွန့်ပေါင်းပွဲမှာ အနားမကပ်ရဲ ကြဘူး။ ချိတ်လုံး၊ ခွင်လုံးနဲ့ ပြက်ရတာ မဟုတ်ဘူး။ နဖူးတွေ့၊ ဒူးတွေ့ လာဘ်လုံးတွေနဲ့ လူရယ်အောင် လုပ်ရတာ ကလား။ ပညာပြည့်ပါမှ။
ဒီညွန့်ပေါင်းမှာ ကမယ့် မင်းသမီးက စိန်ဗေဒါကြီးဆီ သီချင်းသွားတိုက်ထားရတယ်။ အဲဒီလို ကြို တိုက်ထားတာတောင် တကယ် ကမယ့် ညမှာ ဦးဗေဒါ ဆိုတဲ့ အရှိန်နဲ့ လန့်နေလို့ မကခင် ကတည်းက ဆိုင်းဝိုင်းဘက် ဦးတချချ လုပ်နေရ တယ်။ ဒါမှလည်း ဦးဗေဒါကြီးက ကိုယ်ကနိုင်မယ့် အဆစ်မျိုးနဲ့ ပို့ပေးမှာ ကိုး။
အဲဒီလို ဦးဗေဒါကြီးကို ဦးချပြီးမှ ကကြရတာနဲ့ ပတ်သက်ပြီး လူကြီးတွေဆီက ကြားဖူးတာလေးတခု ဖောက်သည် ချပါဦးမယ်။
မမြရင်တို့၊ ဩဘာသောင်းတို့ ခေတ်ကောင်းနေတုန်း ရန်ကုန်မှာ သူတို့နဲ့ ခေတ်ပြိုင် မင်းသမီးတလက် ရှိသတဲ့။ သူကလည်း ရန်ကုန်မှာ တကယ့် ဒိတ်။ တနှစ်တော့ မန္တလေး မြို့လယ်ကောင် ရပ်ကွက်ကြီး တရပ်ကွက်ရဲ့ ကထိန်ပွဲမှာ ကမယ့် အငြိမ့်ညွန့်ပေါင်း အတွက် အဲဒီမင်းသမီးကို ငှားပါတယ်။
ရန်ကုန် မင်းသမီး ဆိုတော့လည်း မန္တလေးက စိတ်ဝင်စားတာ ပေါ့။ ထိပ်တန်းမင်းသမီးမို့ ပညာသည်ချင်း ကလည်း အကဲခတ် စောင့်ကြည့်တာပေါ့။ အဲဒီမင်းသမီးက မန္တလေးမင်းသမီးတွေ ထက်သာတာ ပညာတင်မက၊ အဝတ်အစား ဖက်ရှင် ထွင်တာလည်း နာမည်တလုံးနဲ့ ဆိုကိုး။
ဒီတော့ ပညာကလည်း ပြောစရာမရှိ၊ အပြင် အဆင်ကလည်း ပြောစရာမရှိ၊ စကားအပြော ကလည်း အဆတ် ကလေးတွေနဲ့ ပီယပါလှတယ်လို့ နာမည်ကြီး နေတော့ ပရိသတ် မျှော်လင့်မယ် ဆိုလည်း မျှော်လင့်စရာ ပေါ့။
ကထိန် ညွန့်ပေါင်းပွဲ ရောက်တော့ မင်းသမီးတွေ ရှေ့ထွက်၊ နောက်ထွက် မဲနှိုက်ကြတယ်။ အဲဒီ ဧည့်သည် မင်းသမီးက နောက်ဆုံး အလှည့် ကျတယ်။ မန္တလေး မင်းသမီးတွေ ကတော့ စိန်ဗေဒါဆိုတဲ့ အရှိန်နဲ့ မကခင်ကတည်းက ရွာစား ကြီးကို ဦးချလို့ ရိုရိုသေသေနဲ့ သပ်သပ်ရပ်ရပ် အလုပ် လုပ်သွားကြ သတဲ့။
ဒါပေမယ့် ဧည့်သည် မင်းသမီး အလှည့်ကျတော့ ရွာစားကြီး ပညာနဲ့ ဂုဏ်အရှိန်ကို မထေမဲ့မြင်တဲ့ မာနနဲ့မို့ ဦးချရ ကောင်းမှန်း၊ နှုတ်ဆက် ဂါရဝပြုရကောင်းမှန်း မသိဘဲ သူ့ အလှည့် အရောက်မှာ ဆိုင်းဝိုင်းရှေ့ ဝင်တဲ့ပြီး ခပ်မော့မော့ပဲ ဒူးတုပ် ထိုင်နေတာကိုး။ ဆိုင်းဝိုင်းရှေ့ ရောက်နေတာတောင် ရွာစားကြီးကို မျက်လွှာလေး တချက် ပင့်ကြည့်ဖော် မရဘူး။
ပရိသတ်ကလည်း ရွာစားကြီးနဲ့ အငြိမ့် ညွန့်ပေါင်းကို ကြုံဖူးနေကျပရိသတ်မို့ ဒီပွဲကဖြင့် ကြည့်ကောင်းပြီ ဆိုတာ ရိပ်မိပြီ။ ပွဲကြီးပွဲကောင်းပေါ့။
ခဏနေတော့ ဦးဗေဒါက လေပြေထိုးတယ်။ လေပြေ အထိုးမှာ မထင်မှတ်ဘဲ လေးကင်းထည့် တီးလိုက် ရော။ လေးကင်းအတီး နောက်ထိုင် ညိုစိမ့်နဲ့ ဂုံညင်းက ဘာပြောကောင်းမလဲ ဗြုန်းဆို ခါးထောင်း မြောင်အောင် ကျိုက်ထည့် ပြီး ဆိုင်းနောက်ကနေ ကျွမ်းပစ်ပြီး ကျားနှစ်ကောင် သဏ္ဌာန်လုပ် ထွက်လာကြရော။
ကျားနှစ်ကောင်က လေးကင်းနဲ့ ကျွမ်းပစ်လိုက်ကြ၊ စင်တဖက်တချက် ကူးလိုက်ကြ၊ ဗိန်းမောင်းနဲ့ နှစ်ကောင် လုံးလိုက် ထွေးလိုက်၊ သတ်လိုက် ပုတ်လိုက်ကြ။
ဒီတင် ဧည့်သည်မင်းသမီးက ခပ်ကြောင်ကြောင် ဖြစ်နေပြီ။ ရွာစားကြီးကလည်း ညာသံပေးပြီး ဗိန်းမောင်း ရိုက်တော့တာ ကိုး။ ကျားနှစ်ကောင်ကလည်း ဆိုင်းသံနဲ့အတူ မြူးလိုက်ကြတာ။ မင်းသမီးအနား နှစ်ကောင်သား ဝေ့လိုက်၊ ဝိုက်လိုက်၊ ပတ်ချာလှည့်လိုက်၊ အနံ့ခံလိုက်၊ စူးစမ်းလိုက်။
လက်နဲ့ မင်းသမီး ပခုံးနား တို့ကြည့်သယောင် လုပ်လိုက်၊ ပွတ်ကာ သီကာ လှည့်ထွက်သွားလိုက်၊ ပြန်ပြီး အနံ့ခံလိုက်၊ တို့ကြည့်လိုက် လုပ်နေကြတယ်။ မင်းသမီးလည်း ထိုင်ရာက မထရဲ၊ အောက်ပဲ ဆင်းပြေးရမလို၊ ငြိမ်ခံ ရမလိုနဲ့ ကျားနှစ်ကောင်က ဗိန်းမောင်းနဲ့ တော်တော် လေးလည်း ကစားပြီးမှ ဗိန်းမောင်းအချ နောက်ကျွမ်း ပစ်ထည့်ပြီး ဆိုင်းဝိုင်းနောက်ကို ကျားနှစ်ကောင် ဝင်သွားတာကိုး။
အမလေး ဒီတော့မှ မျက်လုံးအဝိုင်းသားနဲ့ အကြောက်ကြီး ကြောက်နေတဲ့ မင်းသမီးလည်း သက်ပြင်းချနိုင်တော့ တယ်။ ပရိသတ်က သဘောကျ လွန်းလို့တဲ့။ လက်ခုပ်လက်ဝါး တီးပြီး အော်လိုက်၊ ဟစ်လိုက်နဲ့ တဝေါဝေါ ပွဲကျလို့။ မင်းသမီးမှာ လိပ်ပြာ လွင့်မတတ် အသားတွေ တုန်နေပြီး သီချင်းတောင် အသံကိုက် မဆိုနိုင်တော့ဘူး။
ဒီတော့မှ မင်းသမီးက ရွာစားကြီးကို ဦးချပြီး သူ့မှာ ပညာ မပြည့်သေးပါကြောင်း၊ ရွာစားကြီးက သက်သက် ညှာညှာနဲ့ ပို့ပေးပါရန် အကြောင်း တောင်းပန်သတဲ့။ ရွာစားကြီးက ပြုံးပြုံးကြီးနဲ့ “မင်းသမီး ဘာမှမကြောက်နဲ့ ရဲရဲဆို၊ ရဲရဲက” ဆိုပြီး အဲဒီ မင်းသမီး အကြိုက် ဒိုးဆစ်၊ ဒိုးကွက်တွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ပို့ပေးတာ ပရိသတ်လည်း ကြိုက်လိုက် ကြ၊ သဘောကျလိုက် ကြတာ ဆိုကိုး။
နောက်တော့ အဲဒီမင်းသမီးလည်း မန္တလေးပွဲ ခွင်ဆိုရင် ရွာစားကြီးနဲ့ ကျကျနန တီးလုံးတိုက်ပြီး အနောက် ပြင်က ဘုန်းကြီးပျံ တပွဲမှာ ဦးသင်္ခါ၊ ဦး ဓာတ်ခိုး၊ ကိုပေါစိန်တို့နဲ့ မန္တလေးပရိသတ် စွဲလောက်အောင် အလုပ် လုပ်သွား နိုင်ခဲ့တယ်။
အငြိမ့်ညွန့်ပေါင်းပွဲ တွေမှာဆိုရင် ရွာစားကြီးက မင်းသမီးတွေကို သူတို့ အကြိုက် တီးလုံး၊ ဒိုးဆစ်တွေနဲ့ ပို့ပေး၊ အရောင်တင်ပေး တတ်တာ ပရိသတ်က သိတော့ အငြိမ့်ညွန့်ပေါင်းတဲ့ ပွဲဆို မလွတ်တမ်းပဲ။
မမြရင် အလှည့်ရောက်ရင် နောက်ထတွေက ရွာစားကြီးနဲ့ မမြရင်ကို ချိတ်လုံး၊ ကလိလုံးတွေနဲ့ ဆွပေး ကြရော။ ရွာစားကြီး ကလည်း အူအမြူးကြီး မြူးပြီး တီးလိုက်တာများ မီးကုန်ယမ်းကုန်။
ဥက္ကလာ အေးကြည်ကတော့ ကြိုးကြိုးစားစား ကတတ်တယ်။ အပင်ပန်းခံနိုင်တယ်။ ဒီတော့ ရွာစားကြီးက တေးထပ် တပုဒ်ကို ဟန်ကြီး ခင်းပြီးမှ တီးပေး သတဲ့။ ဥက္ကလာ အေးကြည် ဆိုတာကလည်း သူ့ ပရိသတ်နဲ့သူ မကခင် စင်နောက် မှာတောင် ပွဲစည်တဲ့ မင်းသမီးမျိုး။
အဲဒီခေတ်က မင်းသမီးထဘီက ဗြန့်ထဘီတွေ၊ မင်းသမီး ထဘီဝတ်တော့ ညာခြေ လေး နောက်ထိုးပြီး ခြေဖျားလေး ထောက်၊ ဘယ်ခြေလေး ခွင်ပြီး ဘယ်ဘက်ပေါင် တလျှောက်က ထဘီ အဆက်တလျှောက် အပ်ချိတ်နဲ့ သီရတာကိုး။ အဲလို အပ်ချိတ်ထိုးရင်း နှုတ်ခမ်းထောင့်စွန်းမှာ စီးကရက် ခဲထားပုံက ဘယ်သူနဲ့မှ မတူဘူးတဲ့။
စီးကရက်မီးခိုး မျက်စိထဲဝင်မှာမို့ မျက်လုံးလေး မှေးထားတာလည်း ဟန်ပါလှ သတဲ့။ ဥက္ကလာ အေးကြည်က အဲဒီလို မင်းသမီး။
ယုဝတီ မြသောင်းခင်ကတော့ အချောဆုံး၊ အလှဆုံး မင်းသမီး။ ဖြူဖြူဖွေးဖွေး လုံးကြီးပေါက်လှ၊ သီချင်းဆိုတော့ အသံက ကနွဲ့ကလျနဲ့မို့ ချစ်စရာ ကောင်းသတဲ့။
ဩဘာသောင်း ကတော့ ဆရာထာရေးတဲ့ ပေါ် ပြူလာဘလူးဘလက် သီချင်းထဲကလို (ပုတက်တက် မည်းနက် ညိုပြာမှောင်) အသားနဲ့၊ လူပြက် ဦးဓာတ်အိုး ပြောသလို ချိုးနာလေး မိုးသီးမှန်ထားတဲ့ ရုပ်မျိုး လို့ ဆိုသကိုး။ ဒီညွန့်ပေါင်းပွဲမှာ အဲဒီလို ရုပ်မျိုးနဲ့ နင်လား၊ ငါလား ပခုံးချင်းယှဉ်နိုင်တာက သူ့အက ကြောင့်ပေါ့။ ဒိုးစိပ်စိပ်၊ စည်းသုတ်မှာ ကကြစို့ဆိုရင် ဘယ်သူမှ လိုက်မမီအောင် ကနိုင်တဲ့ မင်းသမီး။
တန်ဆောင်မုန်းလ ကထိန်ပွဲတွေက ရွာစားကြီး စိန်ဗေဒါနဲ့ အငြိမ့်ညွန့်ပေါင်းပွဲကို ကြုံဖူးသူတိုင်း ဒီနေ့အထိ တသသ ပြော မဆုံးနိုင်အောင်ပါပဲ။ ။