ဦးနုဆိုတာ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော် အာဏာ သိမ်းယူတဲ့ ၁၉၆၂ ခု မတ်လအထိ ဦးဗဆွေကို ခေတ္တဝန်ကြီးချုပ် တာဝန်လွှဲအပ်ခြင်း၊ ဗိုလ်နေဝင်းကို အိမ်စောင့်အစိုးရ တာဝန်လွှဲအပ်ခြင်း တို့မှအပ၊ တလျှောက်လုံး ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
အဲဒီ ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ၊ ၁၉၈၈ ခုနှစ်မှာ အခိုက်အတန့်အားဖြင့် ပါတီတွေ ဖွဲ့စည်းခွင့် ပေးပြီး စည်းရုံးဟောပြော ခွင့်ရရှိတော့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီ/ ငြိမ်း) နာယက တဦးအနေနဲ့ နယ်လှည့် ဟောပြောခဲ့တဲ့ မိန့်ခွန်းတွေ၊ အဲဒီမိန့်ခွန်းတွေကို စုစည်းပြီး “ဦးနု မိန့်ခွန်းပေါင်းချုပ်” ဆိုပြီး စာအုပ် အဖြစ် ထုတ်ဝေ ထားတယ်။
နိုင်ငံရပ်ခြားမှာတော့ ၁၉၈၈ ခု စက်တင်ဘာမှာ ထုတ်ဝေခဲ့ပြီး ပြည်တွင်းမှာ ၂၀၁၂ ခုနှစ်မှ ထုတ်ဝေခွင့် ရရှိခဲ့တဲ့ ဦးနုရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလို့ ခေါ်ဆိုနိုင်တဲ့ “တာတေစနေသား” ကို ကျနော်တို့ ဖတ်ရှုခွင့်ရခဲ့တယ်။
အခု မိန့်ခွန်း ပေါင်းချုပ်ကို ဖတ်ရှုရပြန်တော့ ကျနော်တို့ အနေနဲ့ မရှင်းမလင်းခဲ့တဲ့ သမိုင်းကြောင်းတွေ ရှင်းလင်းသွား နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ အမှန်ပါပဲ။ ဆိုကြပါစို့ ၁၉၅၈ ခု၊ အောက်တိုဘာ ၂၈ ရက်၊ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ တက်လာတာ ကို ဦးနုက သူ့ရဲ့ တာတေစနေသားမှာ “အာဏာသိမ်းတာ” လို့ ဆိုထားပါတယ်။
ဒါပေမယ့် ၁၉၅၈ ခု၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးနုနဲ့ ဗိုလ်နေဝင်းတို့ အပြန်အလှန် သဘောတူထားတဲ့ စာ ၂ စောင် ဟာ သမိုင်းဝင်ပေါ့။ စဉ်းစားစရာက ပေးတဲ့စာနဲ့ ပြန်တဲ့စာက နေ့စွဲတထပ်တည်း ကျနေတာပဲ။ ကြိုတင်ပြီး လက်ဝါးများ ရိုက်ထား သလားလို့ပါ။ အခု မိန့်ခွန်းပေါင်းချုပ် နယ်လှည့်မိန့်ခွန်းနဲ့ အမေးအဖြေအခန်းမှာ အဲဒီ အကြောင်း ရှင်းလင်း ပြောဆိုထားတာ တွေ့ရတယ်။
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင် ဖွဲ့စည်းစဉ်က ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသူ၊ နောက် ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ (UNDP) ခွဲထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်ကြီး) နဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့က စစ်တပ် အာဏာသိမ်းဖို့ ကြိုးစားနေခဲ့ကြတာ တဲ့။ အဲဒီ သတင်းကိုကြားလို့ ခေါ်မေး တော့ ဗိုလ်မှူးချုပ် အောင်ကြီးက ဟုတ်တယ်လို့ ဖြေတယ်။
စစ်တပ်က အာဏာသိမ်းတယ် ဆိုရင် တပ်မတော် သိက္ခာ ကျမယ်။ ဒါနဲ့ ဗိုလ်ချုပ်နေဝင်းကို ခေါ်ပြီး အိမ်စောင့်အစိုးရအဖြစ် တရားဝင်လွှဲပြောင်း ပေးလိုက်တယ်လို့ ဆိုတယ်။ တကယ်တော့ ဒီအကြောင်းပြချက်ဟာ မခိုင်လုံလှဘူးလို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။
ဦးနုအနေနဲ့ ဗိုလ်နေဝင်းကို ခေါ်ယူမေးမြန်း ကြည့်သင့်တယ်။ ဗိုလ်နေဝင်းက ငြင်းပယ်တယ် ဆိုရင် ဗိုလ်မှူးချုပ် အောင်ကြီးနဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကို အရေးယူသင့်တာ ပေါ့။ မှန်ကန်တယ် ဆိုရင် ဗိုလ်နေဝင်းဟာ လွှတ်တော် တက်ပြီး ပုဒ်မ ၁၁၆ ကို ပြင်ဆင်ခိုင်းနေစရာ မလိုပါဘူး။ ပြီးတော့ ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလည်း ကျင်းပပေး နေစရာ မလိုပါဘူး၊ တခါတည်း အာဏာသိမ်းယူ ထားလိုက်ဖို့ပဲ ရှိပါတယ်။
ပြီးတော့ ၁၉၄၇ ခု အခြေခံဥပဒေမှာ ရွေးကောက်ခံပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင် အကြောင်းကြောင်း ကြောင့် လွှတ်တော် အတွင်း တက်ရောက်ခဲ့ရင်လည်း ၆ လ ထက်ပိုပြီး တည်ရှိပိုင်ခွင့် မရှိပါဘူး။ ဗိုလ်နေဝင်းဟာ ရွေးကောက်ခံပုဂ္ဂိုလ် မဟုတ်ပါဘူး။ ဒါ့ကြောင့် ၆ လ ထက်ပိုပြီး တည်ရှိနေလို့ မဖြစ်ပါဘူး။ အဲဒီမှာ ဗိုလ်နေဝင်း ဆက်လက် တည်ရှိနေဖို့ အတွက် ပုဒ်မ ၁၁၆ ကို ပြင်ဆင်ရပါမယ်။
ပြင်ဆင်ဖို့အဆိုကို တည်မြဲဖဆပလ ဦးကျော်ငြိမ်းက တင်သွင်းပါတယ်။ ပမညတ အမတ် သခင်ချစ်မောင် (သာယာဝတီ) ဟာ ဝိဓူရ သခင်ချစ်မောင်လို့ အမည်တွင်ကျန်ရစ်အောင် ဝိဓူရ ဇာတ်တော်နဲ့ ယှဉ်ကပ်ပြီး ဒီမိုကရေစီရေးကို ကာကွယ်ခဲ့တယ်။
မဲခွဲဆုံးဖြတ် ကြတော့ ပုဒ်မ ၁၁၆ ကို ပြင်ဆင်ဖို့ ဦးနုရဲ့ သန့်ရှင်း ဖဆပလ အမတ်တွေ ကလည်း ထောက်ခံမဲ ပေးခဲ့ကြ တယ်။ ဘာကြောင့် မကန့်ကွက်ခဲ့ကြ ပါသလဲ။ ဦးနုအနေနဲ့ ထောက်ခံဖို့ ကန့်ကွက်ဖို့ သဘောထားပေးနိုင်တဲ့ အနေ အထား ရှိတယ် မဟုတ်ပါလား။ ဘာကြောင့် ကန့်ကွက်ဖို့ သဘောထား မပေးခဲ့ပါသလဲ။
အဲဒီ အချက်တွေ ထောက်ချင့်ပြီး ၁၉၅၈ ခု အိမ်စောင့်အစိုးရ တက်ရောက်လာခြင်းဟာ အာဏာသိမ်းခြင်း မဟုတ်ဘဲ ဦးနုအနေနဲ့ ရပ်တန့်ပြီး ပြင်ဆင်ချင်လို့ စစ်တပ်ကို ယာယီအာဏာ လွှဲအပ်တယ်လို့ ယူဆမိကြောင်းပါ။
ဦးနုက ၁၉၀၇ ခု ဖွားဆိုတော့ ၁၉၈၈ ခုမှာ ၈၁ နှစ် အရွယ်ရှိပါပြီ။ အဲဒီ အရွယ်မှာ သူ့အနေနဲ့ အမတ်လည်း အရွေးချယ် မခံတော့ပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှလည်း မျက်စပစ်စရာ မလိုတော့တာ အမှန်ပါပဲ။ ကျနော့်အနေနဲ့ ဦးနုရဲ့ မိန့်ခွန်း ကို ၁၉၈၈ ခုမှာ ကျနော်တို့ရွာ မုံရွေးကြေးမုံကို လာရောက်ဟောပြောလို့ နားထောင်ခွင့် ရလိုက်ပါတယ်။
အဲဒီမှာ ဗြဟ္မစိုရ်တရား ၄ ပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)နဲ့ ဟီရိဩတပ္ပ (အရှက်၊ အကြောက်) တရား ၂ ပါး၊ ဂါရဝေါစ၊ နိဝါတောစ (တခြားသူကို လေးစားခြင်းနဲ့ မိမိကိုယ်ကို နှိမ့်ချခြင်း) တရား ၂ ပါး တို့ကို ၂ နာရီလောက် မတ်တတ်ရပ် ဟောပြောသွားတာ တွေ့ကြရတယ်။ ဦးနုရဲ့ တက်ကြွမှုကတော့ ချီးကျူးဖွယ်ရာပါပဲ။
ဒီမှာ ကျနော်တို့နိုင်ငံဟာ ဂျပန် ဖက်ဆစ် တော်လှန်ရေးမှာ ဖဆပလ အဖွဲ့ချုပ်ကြီး အဖြစ် ညီညွတ်ရေး တပ်ပေါင်းစုကြီး ထူထောင်နိုင်ခဲ့ ကြတယ်။ နောက် ဖဆပလ အဖွဲ့ချုပ်ထဲကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တယ်။
ကွန်မြူနစ် ပါတီဟာ ကွန်မြူနစ်ပါတီ ဗမာပြည် (အလံနီ)နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ (အလံဖြူ) ဆိုပြီး ၂ ပါတီ ကွဲသွားတယ်။ နောက် ပြည်သူ့ရဲဘော်ကလည်း ရဲဘော်ဖြူ၊ ရဲဘော်ဝါ ဆိုပြီး ၂ ဖွဲ့ ကွဲသွားပြန်တယ်။
ဖဆပလ ထဲမှာ ကျန်နေရစ်ခဲ့တဲ့ ဆိုရှယ်လစ်အဖွဲ့ ကလည်း သန့်ရှင်း ဖဆပလနဲ့ တည်မြဲ ဖဆပလဆိုပြီး ကွဲကြပြန် တယ်။ နောက် သန့်ရှင်းဖဆပလ အတွင်းမှာပဲ ဦး၊ သခင်၊ ဗိုလ်ဆိုတဲ့ အုပ်စုတွေ ကွဲကြပြန်ရော။
နိုင်ငံရေးမှာ အကွဲအပြဲ ဆိုတာ ဆန်းကြယ်တဲ့ ကိစ္စတွေတော့ မဟုတ်ပေဘူး။ ဒါပေမယ့် တကယ် ဆန်းစစ် လိုက်ရင်တော့ ကွဲကြ၊ ပြဲကြတယ် ဆိုတာ အာဏာပြဿနာ ပါပဲ။
အဲဒီမှာ “လောလောဆယ် ဖြစ်ပေါ်နေသော တိုင်းပြည်အခြေအနေ” ဆိုတဲ့ မိန့်ခွန်းဟာ ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲသွားတဲ့ အကြောင်းကို ရှင်းလင်းပြတဲ့ မိန့်ခွန်းပါပဲ။
ပြည်သူ့ရဲဘော်က လက်ဝဲ ညီညွတ်ရေး ထူထောင်နိုင်အောင် ကြိုးစားရှာပါသေးတယ်။ မအောင်မြင်တဲ့ အပြင် ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုပြီး ကွဲသွားတယ်။
အဲဒီမှာ ဦးနုက ဒီမိုကရေစီ လိုချင်ရင် ဒီမိုကရေစီနည်းနဲ့ တောင်းဆို၊ လက်နက်နဲ့ တောင်းဆိုရင်တော့ လက်နက်နဲ့ နှိမ်နင်းရမယ်လို့ ဆိုတယ်။ အပြတ်ရှင်းရမယ်လို့ ဆိုတယ်။ ပြည်သူ့ရဲဘော်ကတော့ ဖဆပလက ဖမ်းဆီးလို့ ကွန်မြူနစ် တွေ တောခိုသွားတယ်လို့ စွပ်စွဲတယ်။ ဦးနုကတော့ ကွန်မြူနစ်တွေ အချိန်ဆွဲနေလို့ ဖြစ်ရတာလို့ ဆိုတယ်။
ဘာပဲဖြစ်ဖြစ် ခုချိန်ထိ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ တာတော့ မငြိမ်းနိုင်အောင်ပါပဲ။ ဒါပေမယ့် အခု ဒီမိုကရေစီ တကျော့ပြန် ခေတ်မှာတော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းအဝေးနဲ့ ဆွေးနွေးနေကြ တာ အတော်လေး ခရီးပေါက်လာလို့ ဝမ်းသာရပါ သေးတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ချမှတ်ခဲ့တဲ့ သူမနာ၊ ကိုယ်မနာ လမ်းစဉ်ကို နှလုံးမူကြဖို့ပါပဲ။ သူနဲ့ကိုယ် ယှဉ်လိုက်ရင် ကိုယ်မနာဖို့ အရင်စဉ်းစားကြတာပဲ မဟုတ်ပါလား။ ဒါ့အပြင် ဦးနုရဲ့ ဗြဟ္မစိုရ်တရား ၄ ပါး လက်ကိုင်ပြုနိုင်ရင်လည်း ငြိမ်းချမ်းရေး တရား ရနိုင်လောက်ပါရဲ့။
ဦးနုအနေနဲ့ ဘာသာရေးကို နိုင်ငံရေးမှာ ဆွဲယူသုံးစွဲတာ ကိုတော့ ကျနော်တို့အနေနဲ့ အပြစ်စကား ဆိုကြရ လိမ့်မယ်။ ဓမ္မန္တရာယ် စာစောင်ထုတ်ပြီး ကွန်မြူနစ်ကို ဘာသာရေးနဲ့ယှဉ်ပြီး အပုပ်ချပါတယ်။
ကွန်မြူနစ်တွေဟာ ဘုရား မရှိ၊ တရား မရှိတဲ့ သူတွေ ဆိုပြီးတော့ပေါ့။ နောက် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့တယ်။
ဦးနုဟာ စာရေးဆရာ တဦးလည်း ဖြစ်ပါတယ်။ “ငါးနှစ်ရာသီ ဗမာပြည်” ၊ “ငရဲဆိုတာ ချိုနဲ့လား”၊ “လူထုအောင်သံ”၊ “ပြည့်သူ့နီတိ”၊ “မိတ္တဗလဋီကာ (လူပေါ် လူဇော် လုပ်နည်း)”၊ “တာတေစနေသား” စတဲ့ စာအုပ်တွေ ရေးသားခဲ့တယ်။ ရန်ကုန်ဘဆွေက ကိုကြီးကောင်း ပြဇာတ် ရေးပြီး သူ့ကိုအပုပ်ချတဲ့ စာအုပ်ရေးခဲ့တယ်။
ဒါပေမယ့် တည်မြဲ ဖဆပလ သတင်းစာတွေက သူတို့ကို တဖက်စောင်းနင်း ရေးလို့ ဆိုပြီး တန်ပြန် ဆန္ဒပြခဲ့ ကြတယ်။ ပြည်သူ့ဟစ်တိုင်၊ အိုးဝေ သတင်းစာတိုက်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့ ကြတယ်။ ဒီမှာ “မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရား လက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်” ဆိုပြီး အသံလွှင့် မိန့်ခွန်းပြောကြား ရယူလောက် အောင် အထိပါပဲ (၁၉၄၈ ခု၊ မတ် ၁၂ရက်)။
နောက် ၁၉၄၈ မတ် ၁၅ ရက်၊ တောင်သူလယ်သမား အစည်းအဝေးမှာ မိန့်ခွန်းပြောတော့ “ဒီသတင်းစာတွေ သာမက၊ သူတို့ ဘိုးအေတွေပါ ဝိုင်းပြီး ပုတ်ခတ်သည့် တိုင်အောင်” ဆိုတဲ့ စကားရပ် ပါသွားတယ်။
သူတို့ဘိုးအေ ဆိုတာ သခင်ကိုယ်တော်မှိုင်းကို ရည်ညွှန်းတာပဲဆိုပြီး သတင်းစာတွေက ဝိုင်းဆော် လိုက်ကြတာ ဦးနုတယောက် ခေါင်းငုံ့ နေရတော့တယ်။ အခုနေ ဆိုရင်တော့ နိုင်ငံတော် အကြည်ညို ပျက်စေမှုဆိုတဲ့ ပုဒ်မနဲ့ တန်းစီတရားစွဲမှာကို မြင်ယောင် မိပါရဲ့။
၁၉၆၀ ပြည့်နှစ် “ရွေးကောက်ပွဲအကြို သိမ်ဖြူကွင်း မိန့်ခွန်း” ကတော့ ဦးနုရဲ့ မိန့်ခွန်းတွေထဲမှာ စံတင်ရမယ့် မိန့်ခွန်းပါပဲ။
တည်မြဲမဲတွေကို သိမ်းကျုံးယူသွားနိုင်တယ်လို့ ဆိုပါတယ်။ `ဒု သ န သော´ ဆိုတဲ့ စကား ၄ လုံးကို `လ တ မ သ´ (လူတည်မြဲ၊ မဲသန့်ရှင်း) နဲ့ ယှဉ်ဟပ် ပြောဆိုသွားတဲ့ စကားပရိယာယ်ဟာ ကြားရသူ လက်ဖျားခါ လောက်ပါပေတယ်။
မိန့်ခွန်းတွေမှာ ဆိုတော့ များသောအားဖြင့် ကိုယ်မှန်ကန်ကြောင်း၊ သူတို့မှားကြောင်း ပြောဆိုကြတာပါ။
ဒါပေမယ့် ဦးနုက စကားပရိယာယ် ကြွယ်လေတော့ နားထောင်တဲ့သူ အဖို့ တိမ်းညွတ်မှု ရှိစေပါတယ်။ အခု သမ္မတ ဦးသိန်းစိန် လည်း လစဉ် မိန့်ခွန်းတွေ ခြွေလာလိုက်တာ ၂ နှစ် ကျော်လာပြီထင်ပါရဲ့။ ကျနော်လည်း ၄ လလောက်တော့ နားထောင်ကြည့် ပါသေးရဲ့။ ဒါပေမယ့် သမ္မတပြောကြားတဲ့ မိန့်ခွန်းတွေနဲ့ ကျနော်တို့ ဘဝပေး အခြေအနေတွေဟာ အဟပ်မညီလေတော့ နားထောင်ဖို့ စိတ်မဝင်စားတော့ပါဘူး။
ဒီမှာ ၂၀ဝ၅ ခုနှစ် ရွေးကောက်ပွဲက နီးကပ်လာပြီ ဖြစ်ပါတယ်။ မဲဆွယ် စည်းရုံးရေး ကာလက ဘယ် အတိုင်းအတာထိ ရကြမယ် လို့တော့ မပြောသာသေးဘူး။ ဒီမှာ မဲဆွယ်ကြမယ့် အမတ်လောင်းတွေ အဖို့ “ဦးနု မိန့်ခွန်းပေါင်းချုပ်” ကို လက်စွဲပြုထားကြဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ဦးနုတို့ခေတ်နဲ့ ယနေ့ခေတ် မတူကွဲပြားနေပြီ ဆိုတာတော့ သဘောပေါက်ထားဖို့ လိုတယ်။ ယနေ့ခေတ်က ပြောတိုင်းယုံတဲ့ခေတ် မဟုတ်တော့ဘူးလေ။ ။