အာခံတွင်းနဲ့ ပတ်သက်ရင် မြန်မာစကားက အဖွဲ့အနွဲ့ အတော်ပဲများပါတယ်။ “ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” ဆိုတာမျိုးက အစ “နှုတ်သီးကောင်းလျှာပါး” ဆိုတာ မျိုးက တသွယ်၊ နှုတ်ခမ်း သန္တာသွေးတို့၊ သွား ပုလဲသွယ်တို့ ဆိုတာမျိုး အလှအပ ဖွဲ့တာတွေ အထိပေါ့။ နှုတ်ခမ်းပါး ကလေးမှသည် အာခေါင်အထိ ခံတွင်းလို့ ခေါ်ဆိုကြတာ မဟုတ်လား။
ဒါပေမယ့်လည်း တရားသဘောအရ တွေးတွေး၊ ခန္ဓာဗေဒ အမြင်အရ ကြည့်ကြည့် ဓာတ်ကြီးလေးပါး ဖွဲ့စပ်ဖြစ်တည် ထားလေတော့ ပျက်စီးယိုယွင်းတာ ရှိလာတာပါပဲ။ ဗျာဓိဆိုတဲ့ အနာရောဂါ ရတတ်တာပါပဲ။ ခံတွင်းကင်ဆာ ဆိုတာ ကြီး ကလည်း ဖြစ်တတ်ပြန်တာပါပဲ။ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ထပ်တူ ခံတွင်းမှာလည်း ကင်ဆာနဲ့ပါလို့ ပြောရမှာပါပဲ။ နှုတ်ခမ်းက အစ အာခေါင်၊ လည်မျိုဝ အထိမှာ ကင်ဆာနဲ့ မကင်းနိုင်တဲ့ နေရာတွေ ဖြစ်နေပြန်ပါတယ်။
ခံတွင်း ကင်ဆာက အသက် ၄၀ ကျော် ယောက်ျားတွေမှာ အတွေ့ရများတယ် ဆိုပေမယ့်လည်း ဒီ့ထက် ငယ်သူတွေ ရော၊ အမျိုးသမီးတွေမှာပါ တွေ့ရတတ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဆိုရင် နှစ်စဉ် လူ ၆၅၀ဝ လောက် ခံတွင်းကင်ဆာ လူနာသစ် အဖြစ် တွေ့လာနေရတယ်လို့ ဆိုပါတယ်။ ခံတွင်းကင်ဆာကြောင့် သေဆုံးသူတွေလည်း တနှစ်မှာ ၁၉၀ဝ လောက်ရှိတယ် ဆိုပါတယ်။
မိတ်ဆွေ အထူးကုဆရာဝန် တယောက်ကတော့ မြန်မာနိုင်ငံမှာလည်း ခံတွင်း ကင်ဆာကို အရင်ထက် ပိုတွေ့ လာနေရပါပြီတဲ့။ စောစောသိပြီး ကုသနိုင်ရင်တော့ ပျောက်ကင်းနိုင်တယ် လို့လည်း ဆိုပါတယ်။ သားအိမ်ခေါင်း ကင်ဆာတို့၊ အရေပြားကင်ဆာတို့ထက် ပိုပြီး အသေမြန်တဲ့ ရောဂါလို့လည်း ဆိုပါတယ်။
ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းတွေ
ခံတွင်းကင်ဆာ အများစုကတော့ ဆေးလိပ်သောက်၊ အရက်သောက်တာနဲ့ ပတ်သက်နေတာကို တွေ့ရပါတယ်။ စီးကရက်၊ ဆေးပြင်းလိပ် တွေက အင်္ဂလန်မှာတော့ ခံတွင်းကင်ဆာဖြစ်ရတဲ့ အဓိက အကြောင်းတွေပါတဲ့။ ဒါတင်မက ဆေးရွက်ကြီး ငုံတာ၊ ကွမ်းစားတာ၊ တခြားတခုခု ပါးစပ်ထဲငုံတဲ့ အလေ့အထ တွေကလည်း အန္တရာယ်ရှိတဲ့ အမူအကျင့် တွေပါ။
အရက်က ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေ များရတဲ့အထဲ ဆေးလိပ်လေးပါ တွဲလိုက်တော့ ပိုပြီး ဖြစ်နိုင်ခြေ များသွားတာ ပေါ့။ နေရောင်ခြည် ထိတွေ့တာ များရင် နှုတ်ခမ်းကင်ဆာ ဖြစ်တတ်တာကိုလည်း သိထားသင့်ပါတယ်။
အခု နောက်ပိုင်း လေ့လာချက်တွေမှာတော့ ခံတွင်းကင်ဆာက သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ ဗိုင်းရပ်စ် (Human Papilloma Virus – HPV) နဲ့ ဆက်နွှယ်နေတာ ကိုလည်း တွေ့ရပါသတဲ့။ ခန္ဓာကိုယ်ရဲ့ စိုစွတ်တဲ့ အရေပြားရှိတဲ့ နေရာတိုင်းမှာ ဒီဗိုင်းရပ်စ်ကြောင့် ကင်ဆာ ဖြစ်စေနိုင်တာ တွေ့ရ ပါသတဲ့။ ဒီဗိုင်းရပ်စ်ကြောင့် ခံတွင်းကင်ဆာ ဖြစ်ရတာ ကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံမှုတွေကနေ ဖြစ်လာတာလို့ ယူဆကြပါတယ်။ ဒါကြောင့် အခုဆိုရင် ဆေးလိပ်၊ အရက်၊ ကွမ်းတွေနဲ့ အပြိုင် အဖြစ်များတဲ့ အကြောင်းတခု ဖြစ်လာနေပြီလို့ ဆိုပါတယ်။
ဘယ်လို ခံစားတွေ့ရှိရ သလဲ
ခံတွင်း ကင်ဆာကို ပုံစံမျိုးစုံနဲ့ အာခံတွင်းက နေရာစုံမှာ တွေ့ရတတ်ပါတယ်။ သာမန် မနာမကျင်တဲ့ အနာကလေး ဖြစ်လာပြီး မပျောက်တော့တာ မျိုးက စလို့ ခံတွင်းထဲမှာ အဖြူရောင်၊ ဒါမှမဟုတ် အနီရောင် အဖတ်တွေ ပေါ်လာတာ မျိုးလည်း တွေ့ရတတ် ပါတယ်။ ခံတွင်းမှာဖြစ်တဲ့ အပြောင်းအလဲ တခုခုက ၃ ပတ်ထက် ကျော်လာပြီ ဆိုရင်တော့ ခံတွင်းနဲ့ ပတ်သက်တဲ့ ဆရာဝန်ဆီ အမြန်ပြေးပြသင့် ပါတယ်။
ကိုယ့်ဘာသာ သတိထားရမယ့် လက္ခဏာတွေ ကိုလည်း သိထားကြသင့်ပါတယ်။ မျက်နှာနဲ့ လည်ပင်း တွေမှာ အဖုအကျိတ် ပေါ်လာတာ၊ နှုတ်ခမ်းမှာ အနာအဆာ ပေါ်လာတာ၊ ခုနေဖုနေသလို အလုံး အကျိတ်ရှိ သလိုလို ခံစားရတာ၊ ပါးစောင်တွေထဲမှာ အနာ၊ ဒါမှမဟုတ် အဖြူအနီ အဖတ်တွေ ပေါ်တာ၊ လျှာ၊ အာခေါင်၊ ခံတွင်းအောက်ခြေ ရှိသမျှ နေရာ တွေမှာ တခုခုအပြောင်းအလဲဖြစ်တိုင်း သတိထားပြီး ကုသမှုခံယူဖို့၊ ဆေးခန်းပြဖို့အရေးကြီးတာမို့ မပေါ့ဆသင့် ပါဘူး။
ခံတွင်းကင်ဆာကို ဘယ်လို စောစောရှာတွေ့ တတ်သလဲ
အထူးသဖြင့်တော့ သွားနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတွက် သွားဆရာဝန်ဆီ သွားရင်း စစ်ဆေးရာက တွေ့သိကြရ တာ များပါတယ်။ စောစောတွေ့သိ ကုသခဲ့ရင် ခံတွင်းကင်ဆာက ပျောက်ကင်းနိုင်တယ် လို့ ဆိုပါတယ်။ အများ အားဖြင့် ကိုယ့်ဘာသာ ခံတွင်းကို သိပ်ဂရု မစိုက်ဖြစ်ကြတာမို့ နောက်ကျမှ သိရတာကသာ များပါသတဲ့။
ခံတွင်းကင်ဆာ ဖြစ်တာကို အများအားဖြင့် သွားဆရာဝန်တွေကသာ စတင်တွေ့ရှိတာပါ။ သူတို့က ခံတွင်းတခုလုံးကို အစိတ်အပိုင်း တခုစီ စမ်းသပ်စစ်ဆေး နိုင်ကြတာကိုး။ ကိုယ့်ဘာသာ မှန်နဲ့ ကြည့်လို့လည်း ဖြစ်နိုင်ပေမယ့် ခံတွင်း တခုလုံးကို မြင်ရဖို့တော့ အဆင်မပြေလှပါဘူး။
တခုခု ပုံမှန် မဟုတ်တာ တွေ့တာနဲ့ သွားဆရာဝန်က သက်ဆိုင်ရာ အထူးကုဆီ လွှဲပြောင်းပို့အပ်မှာပါ။ အဲဒီအချိန် ကျတော့ ခံတွင်း တခုလုံးရော လည်ချောင်းအထိပါ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ်ရပါတော့မယ်။ ထူးခြားမှု တွေ့တဲ့ နေရာကနေ အသားစယူ စစ်ဆေး တာမျိုးတွေ လုပ်ရတော့မှာပါ။ အဲဒီတော့မှ ရောဂါက ကင်ဆာဆိုတာ သေချာလား မသေချာလား၊ ခွဲခြား သတ်မှတ်ရမှာပါ။
စစ်ဆေးတွေ့ရှိတဲ့ ဆဲလ်တွေက ကင်ဆာဆိုတာ သေချာပြီ ဆိုရင် ကျန်တဲ့ တကိုယ်လုံးကို စစ်ဆေးရပါ ဦးမယ်။ သွေးစစ်၊ ဓာတ်မှန်ရိုက် စတဲ့ စမ်းသပ်မှု တွေနဲ့ ကင်ဆာရဲ့ အဆင့်၊ ပျံ့နှံ့တဲ့ အနေအထား တွေကို စူးစမ်းရပါ လိမ့်မယ်။ ပြီးမှ ကုသမှုကို ရွေးချယ် စဉ်စားရတော့မှာပါ။
ခံတွင်းကင်ဆာကို ကုလို့ ရ မရ
တကယ်လို့ စောစောသိတယ်၊ ဖြစ်ခါစမှာ သိတယ် ဆိုရင်တော့ ပျောက်ကင်းဖို့ အခွင့်အလမ်းတွေ များပါတယ်။ အဲဒီလိုပဲ ဖြစ်တဲ့ ဧရိယာ ငယ်ရင်လည်း ကုသရလွယ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူအများစုကတော့ နောက်ကျမှ သိရတာများပြီး သွားရောဂါ အတွက် စမ်းသပ်ရာက အမှတ်တမဲ့ တွေ့ကြတာသာ များတယ်လို့ ဆိုပါတယ်။
ကုသပုံကတော့ အခြားကင်ဆာတွေလိုပါပဲ။ ခွဲစိတ်ဖယ်ထုတ်မယ်၊ ဓာတ်ရောင်ခြည်နဲ့ ကုမယ်၊ ကင်ဆာဆေးတွေနဲ့ ကုမယ် စသဖြင့်ပေါ့။ ရောဂါရဲ့ အဆင့်နဲ့ ပျံ့နှံ့တဲ့ အနေအထားပေါ်လိုက်ပြီး ကုသပုံအမျိုးမျိုး ကွဲပါတယ်။ ပေါင်းစပ် ကုသရတာတွေလည်း ရှိတာပါပဲ။
ခံတွင်းကင်ဆာ ကင်းစေဖို့
အရေးကြီးတာ ကတော့ ကိုယ်က ဆေးလိပ်၊ အရက်၊ ကွမ်းယာ မကင်းသူ ဖြစ်နေရင် ကိုယ့်ခံတွင်းကိုယ် အမြဲ စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ သွား ဆရာဝန်ဆီမှာ သွားစစ်ဆေးရင်း ဖြစ်စေ၊ အိမ်မှာ ကိုယ်ကိုယ်တိုင်ဖြစ်စေ အမြဲသတိထား စစ်ဆေးနေ သင့်ပါတယ်။
သွားတိုက်တဲ့ အချိန်တွေမှာလည်း ကိုယ့်ပါးစပ်မှာ တခုခု အပြောင်းအလဲ ရှိနေမလား စူးစမ်းရပါမယ်။ အနာ ဒါမှမဟုတ် အနီရောင်၊ အဖြူရောင် အဖတ်တွေ တွေ့ရင် ကုသမှုခံယူကြည့်ပြီး ၃ ပတ် ကျော်လို့မှ မပျောက်ရင်တော့ အထူးကုနဲ့ ပြသရမှာ ပါ။
နေရောင်နဲ့ ထိတွေ့နေရတဲ့ အလုပ်တွေ လုပ်ရင်လည်း အကာအကွယ် လိမ်းဆေးတွေ သုံးတာမျိုး လုပ်ရမှာပါ။ အထူးသဖြင့် နှုတ်ခမ်း အတွက် နေရောင်ကာ ခရင်မ်တွေ ရှိတတ်ပါတယ်။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်၊ အထူးသဖြင့် ဗီတာမင် အေ၊ စီ၊ အီးတွေ ပါဝင်တဲ့ အစားအစာတွေက ခံတွင်းမှာ ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။ ဒါကြောင့် သစ်သီးဝလံတွေ၊ ဟင်းသီး ဟင်းရွက်တွေကို အများကြီး စားပေးသင့် ပါတယ်။
ဖြစ်နိုင်ရင်တော့ အဓိက အကြောင်းရင်းဖြစ်တဲ့ အရက်၊ ဆေးလိပ်တွေ အလွန်အကျွံ မသောက်တာ၊ ဖြတ်ပစ်တာ မျိုး လုပ်သင့်ပါတယ်။ အခုဆိုရင် “ခေတ်မီသူတိုင်း ကွမ်းစားကြသည်” ဆိုပြီး ဖြစ်နေတဲ့ အလေ့အထကြီး ကလည်း ပတ်ဝန်းကျင်ကို ကွမ်းတံတွေးတွေနဲ့ ညစ်ညမ်းစေတဲ့ အပြင် ကိုယ့်ရဲ့ရုပ်သွင်ကိုလည်း အမြင် မလှစေရုံမက ခံတွင်း ကင်ဆာကိုပါ ဖိတ်ခေါ်ရာ ရောက်တယ် ဆိုတာ သတိတရ ရှိကြစေချင် ပါတယ်။
တကိုယ်လုံးမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေလို ပါပဲ၊ မဖြစ်အောင် ဖြစ်နိုင်ခြေရှိတာတွေကို ကာကွယ် ရှောင်ကြဉ်၊ ဖြစ်လာပြီ ဆိုရင်လည်း စောစော သိရအောင် သတိထားရမယ့် အချက်တွေကို လေ့လာ၊ ဖြစ်နေရင်လည်း အမြန် ကုသမှုခံယူပြီး ဝေဒနာ လျော့ပါးစေဖို့၊ သက်တမ်းကို ဆွဲဆန့်ဖို့၊ ကံကောင်းရင် လုံးလုံးလျားလျား ပျောက်ကင်း သက်သာဖို့ ဆိုတာတွေ ဆောင်ရွက်ဖို့ လိုတဲ့ အကြောင်း တင်ပြရင်း ခံတွင်းကင်ဆာဟာလည်း သတိပြုရမယ့် ကင်ဆာ ရောဂါတခု ဖြစ်ကြောင်း မျှဝေလိုက်ပါတယ်။ ။