တချို့က လက်စွပ်ကို Selffies ဓာတ်ပုံရိုက်သည့် အခါ ပိုကြည့်၍ ကောင်းအောင် လက်ကို ပြုပြင်ကြသည်။ တချို့ ကတော့ သူတို့ နှစ်ခြိုက်သည့် ပေါ့ပ်အဆိုကျော်များနှင့် ရုပ်ချင်းတူအောင် မျက်နှာကို ခွဲစိတ်ပြုပြင် ကြပြီး ဂီတဗီဒီယို ရိုက်ကူးကြသည်။ တချို့ကလည်း သူတို့ကိုယ်သူတို့ Ken အရုပ် သို့မဟုတ် Barbie အရုပ်နှင့် တူအောင် ခွဲစိတ် ပြုပြင် နိုင်ဖို့ အတွက် အမေရိကန်ဒေါ်လာ တသိန်းကျော် သုံးစွဲကြသည်။
သေချာသည်မှာ ထိုကိစ္စများနှင့် ပတ်သက်သော သတင်းများတွင် မလိုလားသံများ ပါဝင်နေတတ်သည်။
ခေါင်းစဉ် တပ်ရာတွင်လည်း “ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်သော” အစရှိသည့် စကားလုံးများကို သုံးကြသလို၊ ဆောင်းပါး များတွင် “ဆိုးရွားသော၊ စိတ်ပျက်ဖွယ်ရာ ကောင်းသော” စသည့် စကားလုံးများ သုံးကြသည်။ မှတ်ချက်ပေးရာ တွင်လည်း ပတ်သက်နေသူများ၏ ကိုယ်ရေးကိုယ်တာကို စော်ကားခြင်းမျိုး မှသည် လူသားမျိုးနွယ် ကျဆုံးတော့ မည်မှာ သေချာနေပြီဟူသည့် သဘော သတ်မှတ်ကာ ခပ်ပြင်းပြင်း တင်ပြခြင်းများ ပါဝင်နေသည်။
အလှအပ၊ နည်းပညာနှင့် မိမိကိုယ်မိမိ ပြုပြင်ခြင်း ကိစ္စက မည်သည့် အတွက်ကြောင့် လူအများအပြား အတွက် စက်ဆုပ် ရွံရှာစရာ အကြောင်းတခု ဖြစ်လာရပါသနည်း။
ပြဿနာ မဟုတ်သည် များကို အရေးအရာယူ ပြောကြည့်ကြစို့။
သုံးစွဲရသည့် ငွေကြေးပမာဏက ပြဿနာ မဟုတ်ပါ။ အနည်းဆုံးတော့ အမြင်ကျယ်ကျယ် ထားရှိသူ တယောက် အတွက် ပြဿနာ မဖြစ်သင့်ပါ။ တူညီသော ငွေပမာဏကို တခြားသော အရာများ အတွက် အကျိုးရှိစွာ အသုံးချ နိုင်သည်ဟု ဆင်ခြေပေးခြင်း မျိုးလည်း အမြဲတမ်း ရှိနိုင်ပါသည်။
သို့သော်လည်း လူတယောက်အနေဖြင့် တခြားသူ၏ အပိုငွေကို မည်သို့ သုံးစွဲသင့်သည်၊ မည်သို့ မသုံးစွဲသင့် စသဖြင့် ပြောဆို ခြင်းက လူ့ကျင့်ဝတ်ကို ထိခိုက်နိုင်စေကြောင်း အသိဉာဏ်ရှိသူအများစု သိထားကြပြီးဖြစ်သည်။
နောက်ထပ် သင်သိသင့်သော အချက်မှာ အနုပညာ လက်ရာများကို လူတိုင်း ဝယ်ယူမည် မဟုတ်ပါ။ တချို့က ဆာလောင်ငတ်မွတ် နေသော ကလေးငယ်များအား ကျွေးမွေးခြင်းအားဖြင့် ပိုက်ဆံကို အကျိုးရှိစွာအသုံး ချချင်သူများ ဖြစ်နိုင်သည်။
ခွဲစိတ်ပြီး အလှအပ ပြင်ဆင်သည့် လုပ်ရပ်များအပေါ် တုံ့ပြန်ကြသည့် ခံစားမှုကို ကုန်ကျစရိတ် တခုတည်းနှင့် ရှင်းပြ၍ မရနိုင်ပါ။ ဒေါ်လာ နှစ်သောင်းလောက်ပေးလျှင် ကားကောင်းကောင်း တစီး ရနိုင်ပါလျက်နှင့် ဒေါ်လာ ငါးသိန်းတန်ကား ဝယ်ယူသူ အမြောက်အမြား ရှိသည်။
ဒေါ်လာ ငါးသိန်းတန်ကား ပိုင်ဆိုင်သူများကို အပြစ်ဆိုမည့် သဘောထားအမြင် တင်းမာသူများ ရှိနေမှာ သေချာသော်လည်း အလွန်နည်းပါးသည့် လူနည်းစုသာ ဖြစ်ပါသည်။ လူများစုက မျက်လုံးပြူး ပြီး ကားအကောင်းစားကို သရေယိုကြမည်။
သို့သော်လည်း တခြားတဖက်တွင်မူ အလှအပ ပြုပြင်ရေး အတွက် ဒေါ်လာတသိန်း သုံးစွဲသူကို သနားစရာ ကောင်းသူ၊ စိတ်ဖောက်ပြန်နေသူ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူ၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင် ရာမှာပါ ပေါ့သွမ်းသူ အပြစ် မေးငေါ့တတ်ကြသည်။
ပြဿနာက ခန္ဓာကိုယ် ပြုပြင်ခြင်းတွင် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ရှိနေခြင်းကြောင့် မဟုတ်ပါ။ အလှအပ အတွက် ပြုပြင်ရာတွင် ပြုလုပ်ပုံ ပြုလုပ်နည်းများကို ကြားသိရသူ တယောက်အနေနှင့်လည်း ပြဿနာတခု အဖြစ် ရှုမြင်မည် မဟုတ်ပါ။
ယခု နောက်ပိုင်းတွင် အများအပြား ပြုလုပ်လာကြသည့် လက်ပြုပြင်ခြင်း (Hand lift) သည် Juvederm ဟုခေါ်သည့် ဖြည့်သွင်းပစ္စည်း ထည့်သွင်းခြင်းနှင့် မျက်နှာပြင်ကို ပြုပြင်ရာတွင် အရေပြားပေါ်မှ မညီညာသည့် အရောင်များကို လျှော့ချရန် လေဆာကုသမှုပေးခြင်းတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။
အဆိုပါ နည်းလမ်းများကို ပြုလုပ်ရာတွင်လည်း တရားဝင် အသိအမှတ်ပြု လက်မှတ်များ ရရှိထားသည့် အလှအပ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များက လုပ်ဆောင်ပေးခြင်း ဖြစ်သည့် အတွက် နားဖောက်ခြင်း သို့မဟုတ် ဆေးမင်ကြောင် ထိုးခြင်းများနည်းတူ လုံခြုံစိတ်ချမှု ရှိပါသည်။
ခွဲစိတ်ပြုပြင်ခြင်း အစစ်ကတော့ စွန့်စားမှု မြင့်မားပါသည်။ အမှားအယွင်း ဖြစ်သွားခြင်းနှင့် ပတ်သက်သည့် ကြောက်စရာ ဇာတ်လမ်းများလည်း သတင်းများတွင် တွေ့ရသည်။ ပုံမှန်အားဖြင့် ခွဲစိတ်ဆရာဝန် အစစ် မဟုတ်သူများ ထံသို့ သွားခဲ့ကြသူများ ဖြစ်ပါသည်။
သို့သော်လည်း ခွဲစိတ်ခြင်းကို သင့်လျော်သော အခြေအနေတွင် လက်မှတ်ရ ကျွမ်းကျင်မှု ပြည့်ဝသည့် ပညာရှင်များက ဆောင်ရွက်ခဲ့လျှင် အန္တရာယ် အလွန်နည်းပါသည်။ ဆိုးရွားသည့် အမှားအယွင်း ဖြစ်နိုင်မှုနှုန်းက ၁ ရာခိုင်နှုန်း၏ တဝက်ထက်ပင် နည်းပါသည်။

အကယ်၍ ပြဿနာသည် ငွေကြေးလည်း မဟုတ်၊ အန္တရာယ် ရှိခြင်းလည်း မဟုတ်လျှင် မည်သည့်အရာ ဖြစ်မည်နည်း။ Being Liberal အမည်ရှိ Facebook စာမျက်နှာတွင် ပလတ်စတစ်ဆာဂျရီနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အချိန် တွင် ထိုမေးခွန်းကို ကျနော် မေးခဲ့ပါသည်။ မိမိကိုယ်မိမိ နိုင်ငံရေး အရ လွတ်လပ် စွာ စဉ်းစားတတ်သူများဟု ယူဆ ထားကြသူများက ကိုယ်ခန္ဓာကိုယ် ပြင်ဆင်ဖို့ ရွေးချယ်ခဲ့ကြသူများအပေါ် မည်သို့ဆုံးဖြတ် သတ်မှတ်မည်ကို သိရှိရန် မေးခဲ့ခြင်း ဖြစ်ပါသည်။
ကုန်ကျစရိတ်နှင့် အန္တရာယ်များမှုအကြောင်း အရေးမပါသည့် ငြင်းခုံမှုများကို ဖယ်ထုတ်လိုက် သည့်နောက် တွင် အများဆုံးတွေ့ရသည့် တုံ့ပြန်မှုက ၃ မျိုးရှိပါသည်။
(၁) လှပလာအောင် ပြုပြင်ရန် ရွေးချယ်ခဲ့သူများသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိသူများ ဖြစ်ကြသည်။
(၂) လှပလာအောင် ပြုပြင်ရန် ရွေးချယ်ခဲ့သူများသည် အတွေးတိမ်သူများ ဖြစ်ကြပြီး လူတယောက်၏ အတွင်း သဏ္ဌာန်ထက် ပြင်ပရုပ်ရည်ကို ပိုမိုဂရုစိုက်သူများ ဖြစ်ကြသည်။
(၃) လှပလာအောင် ပြုပြင်ရန် ရွေးချယ်ခဲ့သူများသည် အပြင်ပန်းအသွင်ကို ဦးစားပေးသည့် ဝါဒ (Lookism) နှင့် ကိုယ့်ကိုယ်ကိုယ် စွဲလမ်း မြတ်နိုးမှုဝါဒ (Nar-cissism) တို့ကို စွဲကိုင်သူများဖြစ်ပြီး ထိုကဲ့သို့မှ မပြုလုပ်ရလျှင် သူတို့သည် ဆွဲဆောင်မှု မရှိသူများ ဖြစ်ကြောင်း အများသိစေရန် အမြဲတမ်းပြောပြနေသည့် စရိုက်လက္ခဏာ ရှိကြသည် ဟူ၍ ဖြစ်ကြသည်။
ကျနော်တို့ သည် လူမှုရေးအရ တိုးတက်ပြောင်းလဲမှုများ ကြီးမားစွာ ဖြစ်ပေါ်နေသည့် ကာလတွင် နေထိုင်နေကြခြင်း ဖြစ်ပါသည်။ ကွဲပြားခြားနားသော သူများတွင် ကွဲပြားသော တန်ဖိုးများ၊ အလိုဆန္ဒများ၊ ကိုးကွယ်ရာ ဘာသာတရားများ၊ ကျင့်ဝတ်များနှင့် လိုက်လျောညီထွေ ဖြစ်မှုများ တိုးတက်ဖွံ့ဖြိုး လာနေသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းဟု ခေါ်နိုင်ပါ လိမ့်မည်။
ထို့ကြောင့် “အရွယ်ရောက်သူ ၂ ဦး သဘောတူလျှင် အိပ်ခန်း အတွင်း၌ ၎င်းတို့ အလိုရှိသလို ပြုမူနိုင်သည်” ဟု ပြောကြသူများ ကပင် လှပအောင်ပြုပြင် ပြောင်းလဲမှု လုပ်ချင်သူများကို အတွေးတိမ်သူ သို့မဟုတ် မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသူဟု ဘောင်ကျော်ပြီး သတ်မှတ်သည်မှာ အဘယ်ကြောင့်နည်းဟု မေးစရာရှိပါသည်။
ရယ်စရာ ကောင်းသည်မှာ နှာခေါင်း ပြုပြင်ခြင်း၊ နှုတ်ခမ်း အသား ဖြည့်ခြင်း စသည့်ကိစ္စများကို အသိဉာဏ်တိမ်မှု၊ စိတ် မတည်ငြိမ်မှု အဖြစ် သဘောထားသည့် နိုင်ငံရေးအရ လွတ်လပ်စွာ တွေးခေါ်သူများကပင် ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခြင်းနှင့် တခြားသော ကိုယ်ခန္ဓာ ပြုပြင်မွမ်းမံခြင်း များကို အနုပညာ ထုတ်ဖော်မှု၊ ပုဂ္ဂလရွေးချယ်ခွင့် စသည် ဖြင့် မြင်တတ်ကြပြန်သည်။
လူများအပေါ် ထိုကဲ့သို့ ကြိုတင်သတ်မှတ် ဆုံးဖြတ်ချက်ချခြင်းက အမှန်တကယ်ပင် သက်သောင့်သက်သာ ခံစားရပါသလား။
Facebook တွင် ကိုယ်ခန္ဓာ ခွဲစိတ်ပြုပြင်မှုနှင့် ပတ်သက်၍ Comment တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် အမျိုးသမီးတဦးက “အမျိုးသမီးတယောက် အနေနဲ့ရော၊ လူသားတယောက် အနေနဲ့ပါ ကျမကို လူတွေက ကျမရဲ့ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ လာပြောတာ၊ ကျမ လုပ်တာကို အကဲဖြတ်တာ ကျမ လုံးဝ မလိုချင်ဘူး။ တကယ်လို့ ကျမက ကိုယ်ဝန် ဖျက်ချရင် ကျမ လူသတ်သမား ဖြစ်မယ်။ တကယ်လို့ ကျမက ပလတ်စတစ်ဆာဂျရီ လုပ်ရင် ကျမက ပလွှားချင်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူ ဖြစ်မယ်။ ကျမက ခြေထောက်က အမွှေးတွေကို မရိတ်ရင် ရွံစရာဖြစ်မယ်။ တကယ်လို့ ကျမက ပဋိသန္ဓေတားဖို့ လုပ်ရင် မကောင်းတဲ့ မိန်းမဖြစ်မယ်” ဟု ရေးသားခဲ့သည်။
ဤသို့ဆိုလျှင် လှပစေရန် ပြုပြင်ခြင်းကို ဆန့်ကျင်မှုက လိင်ကွဲပြားမှုကို အခြေခံ၍ ခွဲခြားဆက်ဆံသည့် ဘက်ဆီသို့လည်း ရောက်ရှိသွားနိုင်သည်ကို အလွယ်တကူ သိနိုင်ပါသည်။
ကျနော့် အနေဖြင့် ဆိုလျှင် လူတယောက်က သူပိုင်ဆိုင်သည့် ကိုယ်ခန္ဓာ သို့မဟုတ် အသွင်အပြင်ကို ကိုယ်တိုင် စီမံခန့်ခွဲခြင်းကို မှားယွင်းသည်ဟု မယူဆပါ။ သို့သော်လည်း သင်လက်မခံနိုင်ပါက ပလတ်စတစ်ဆာဂျရီ ပြုလုပ်လိုခြင်း သည် အတွေးတိမ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် စွဲလမ်းမြတ်နိုးမှု အလေ့အထများ ရှိနေခြင်း၏ လက္ခဏာတရပ်အဖြစ် သင်ထင်ပါလိမ့်မည်။
သေချာသည်မှာ လှပစေရန် ပြုပြင်ထားသူများကို ထိတ်လန့်ဖွယ်ရာ၊ စိတ်ပျက်ဖွယ်ရာ သို့မဟုတ် အသိဉာဏ်တိမ်သူ များ အဖြစ် ခေါ်ဝေါ်ခြင်းသည် အားနည်းသူကို အပြစ်တင်ခြင်းသာ ဖြစ်ပါသည်။ အတိကျဆုံး ဆိုရလျှင် ထိုသို့ ပြစ်တင်ရှုတ်ချခြင်း သည်သာ တကယ့်ရှက်စရာ ကိစ္စ ဖြစ်ပါသည်။
(The Daily Dot ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် Greg Stevens ၏ Every argument cosmetic surgery is wrong ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။)