ကယားပြည်နယ် လို့ ပြောလိုက်ရင် လွိုင်ကော် မြို့တော်ရဲ့ အထင်ကရ နေရာတွေ ဖြစ်တဲ့ တောင်ကွဲစေတီ၊ ငွေတောင်ဆည်နဲ့ လောပိတ ရေတံခွန်တို့ကို ပြေးမြင်ယောင်မိကြမှာပါ။
ဒါပေမယ့် ရှေးဟောင်း ပစ္စည်းတွေနဲ့ ရှေးဟောင်း အဆောက်အအုံတွေကို တန်ဖိုးထားတတ်တဲ့ လူတွေ အတွက်တော့ လွိုင်ကော်မြို့ကို ရောက်ရင် သွားရောက် လေ့လာသင့်တဲ့ နေရာတခု ရှိပါသေးတယ်။
လွိုင်ကော်မြို့ရဲ့ အသည်းနှလုံး လို့တောင် တင်စားနိုင်တဲ့ တောင်ကွဲစေတီ (သီရိမင်္ဂလာ တောင်တော်) ရဲ့ မျက်နှာချင်းဆိုင် ရပ်ကွက် တခုထဲကို ဝင်သွားလိုက်ရင် ဟော်ကြီးလမ်းလို့ အမည်ရတဲ့ လမ်းမကြီးတခုကို တွေ့နိုင်ပါတယ်။
အဲဒီ ဟော်ကြီးလမ်းရဲ့ အဆုံးမှာ ထီးပုံနန်းပုံ အဆောက်အအုံကြီး တလုံးကို မြင်တွေ့ရပါ လိမ့်မယ်။ အိုမင်း ဟောင်းနွမ်း နေပြီး ကြီးမားခံ့ညားတဲ့ အဲဒီ အဆောက်အအုံကြီး ကတော့ “သီရိမင်္ဂလာပုံ ကျောင်း” လို့ အမည်ရတဲ့ ဘုန်းတော်ကြီး ကျောင်း တခုပဲ ဖြစ်ပါတယ်။
ပြသာဒ် အဆင့်ဆင့်နဲ့ စုလစ်မွန်ချွန်တွေ ထည့်သွင်း တည်ဆောက်ထားတဲ့ အဲဒီ ဘုန်းတော်ကြီးကျောင်းကို “မင်္ဂလာဟော်ကြီး ပရိယတ္တိစာသင်တိုက်” လို့လည်း ခေါ်ပါတယ်။ လွိုင်ကော်မြို့သူ မြို့သားတွေ ကတော့ အဲဒီ ဘုန်းတော်ကြီးကျောင်းကို “ဟော်ကြီးကျောင်း” လို့ ခေါ်ဝေါ် ကြပါတယ်။
အဲဒီ အဆောက်အအုံကြီး ကတော့ ဒုတိယကမ္ဘာစစ် မတိုင်ခင် ကယားပြည်နယ်ကို အုပ်ချုပ်ခဲ့တဲ့ စော်ဘွား တွေ လက်ထက်ကတည်းက တည်ဆောက်ထားတဲ့ ကန္ဒရဝတီ ဟော်နန်းပဲ ဖြစ်ပါတယ်။
ဟော်ကြီးပေါ်ကို တက်ရောက်ဖို့ အတွက် လှေကား ၃ စင်း ရှိပြီး အဲဒီ အဆောက်အအုံကြီး ထဲကို ရောက်သွား ချိန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကျော်က အငွေ့ အသက်ကို ခံစားရစေတာ ကတော့ အနက်ရောင် အောက် ခံပြား ပေါ်မှာ ရွှေရောင် ဖောင်းကြွ စာလုံးတွေနဲ့ ရေးထိုးထားတဲ့ “ကယားပြည်နယ် စောဖျာဒူ ရုံးတော်ဌာန” ဆိုတဲ့ ဆိုင်းဘုတ်ပါပဲ။ နောက် တခုကတော့ စောဖျာတွေနဲ့ သူတို့ရဲ့ မိသားစုအဆက်ဆက်ရဲ့ ရှေးဟောင်း ဓာတ်ပုံတွေပါ။
အရင်ခေတ် တုန်းက စောဖျာရုံးတော် ဌာနမှာ လူဝင်လူထွက်တွေ များပြီး စည်စည်ကားကား ရှိခဲ့ကောင်း ရှိခဲ့နိုင် ပေမယ့် လက်ရှိအချိန်မှာတော့ ကြီးမားကျယ်ဝန်းတဲ့ ဟော်ကြီးကတော့ တိတ်ဆိတ် ငြိမ်သက်လို့ နေပါတယ်။
ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်ကာလတွေက ကယားပြည်နယ်ကို ကယားစော်ဘွား (စောဖျာ) သုံးဦးက အုပ်ချုပ်ခဲ့ပြီး မြို့နယ် တခုစီမှာ အုပ်ချုပ်ရေးရုံး တခုစီ တည်ဆောက်ခဲ့ကြတယ် လို့ သိရပါတယ်။
လွိုင်ကော်မြို့ မှာတော့ နယ်ရှင်စော်ဘွားတဦးက ရုံးစိုက်ထားပြီး အဲဒီ နယ်ရှင်စော်ဘွား အတွက် ကြီးမားတဲ့ ဟော်တွေ တည်ဆောက် ပေးခဲ့ရတယ်။
ရှေးလူကြီးတွေရဲ့ ဆိုစကားအရ ဒီကန္ဒရဝတီ ဟော်နန်းကြီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ စောဖျာဒူ စဝ်ခွန်လီ စိုးစံခဲ့တဲ့ အချိန်အတွင်းက ၁၉၁၂ ခုနှစ်ကနေ ၁၉၁၆ ခုနှစ်အထိ လေးနှစ် အချိန်ယူ ဆောက် လုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားတဲ့ အခါမှာတော့ တခြားသော ဟော်နန်းတွေဟာ စစ်ဘေး စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ကန္ဒရဝတီ ဟော်ကြီး အဆောက်အအုံ တခုတည်းသာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ကယားလူမျိုးတို့ရဲ့ နောက်ဆုံး လက်ကျန် ရှေးဟောင်း ယဉ်ကျေးမှုတခု ဖြစ်တဲ့ အဲဒီဟော်ကြီးရဲ့ နံရံတွေမှာ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးဆံတွေ ထိမှန်ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို မြင်တွေ့ရပါတယ်။
စော်ဘွားတွေ အုပ်ချုပ်စဉ် ကာလတုန်းက အသုံးအဆောင်တွေ ဖြစ်တဲ့ မှန်စီရွှေချ ပုခက်တွေနဲ့ ခုတင်တလုံး ကိုလည်း တွေ့ရပါတယ်။
စောဖျာတွေရဲ့ ခေတ်က ဝတ်စားဆင်ယင်ခဲ့တဲ့ အဝတ်အစားတွေ ကလည်း ယခုအချိန် အထိ ရှိနေသေးပြီး ကျန်ရစ်သူ မိသားစုဝင် တွေက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ကနဦးတုန်း ကတော့ ကန္ဒရဝတီ ဟော်နန်းကို ကယားပြည်နယ် အနောက်မြောက်ဘက်မှာ ရှိတဲ့ စောလုံ ရွာမှာ တည်ဆောက်ခဲ့ ပေမယ့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲပြီး လူဦးရေ နည်းပါလာတဲ့ အတွက် လွိုင်ကော်မြို့ကို ရွှေ့ပြောင်းပြီး ၁၉၁၂ ခုနှစ်မှာ ကန္ဒရဝတီ စောဖျာစဝ်ခွန်လီက တည်ဆောက်ခဲ့ပါတယ်။
ခရစ်သက္ကရာဇ် ၁၉၁၉ ခုနှစ်ရောက်တဲ့အခါမှာ ဟော်တက်မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ၁၉၃၀ မှာ စောဖျာစဝ်ခွန်လီ ကွယ်လွန်ခဲ့တယ် လို့ သိရပါတယ်။ သားဖြစ်သူ စောဖျာစဝ်လဝီကလည်း အရွယ်မ ရောက်သေးတဲ့ အတွက် ဦးလေးဖြစ်သူ စဝ်ရွှေဟုန်က ဆက်လက် အုပ်ချုပ်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့ စောဖျာစဝ်လဝီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့နှစ်မှာ စော်ဘွားတဦး ဖြစ်လာခဲ့ ပါတယ်။ စော်ဘွား အုပ်ချုပ်ရေး စနစ်ရဲ့ နေဝင်ချိန်လို့ ပြောရမယ့် ၁၉၅၉ ခုနှစ်မှာတော့ နိုင်ငံတော် အဓွန့်ရှည်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အကျိုးအတွက်ဆိုပြီး စော်ဘွားတွေဟာ အာဏာကို စွန့်လွှတ်ခဲ့ကြရ ပါတယ်။
အာဏာကို စွန့်လွှတ်ခဲ့ရပေမယ့် မူလပိုင်ဆိုင်ခဲ့တဲ့ မြေယာအဆောက်အအုံနဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ ဆက်လက် ပိုင်ဆိုင်ခွင့် ရခဲ့တဲ့ ပစ္စည်းတွေထဲမှာ ကန္ဒရဝတီဟော်နန်း အဆောက်အအုံလည်း တခု အပါအဝင်ပဲ ဖြစ်ပါတယ်။
စော်ဘွားဟောင်း တယောက်ဖြစ်တဲ့ စောဖျာစဝ်လဝီဟာ ၁၉၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူကွယ်လွန်တဲ့ နောက် မှာတော့ အဲဒီဟော်နန်းကို သားနဲ့သမီးတွေ ဖြစ်တဲ့ စဝ်လဖော်နဲ့ စဝ်ခေမာဝတီ တို့က ဆက်လက် ပိုင်ဆိုင်ခဲ့ကြပါတယ်။
ကယားပြည်နယ်ရဲ့ နောက်ဆုံးလက်ကျန် ဟော်နန်းကြီးကို ပိုင်ဆိုင်တဲ့ မောင်နှမနှစ်ယောက်ဟာ လွန်ခဲ့တဲ့
နှစ်ပေါင်း နှစ်ဆယ် ကာလ ၁၉၉၄ မှာ ဘုန်းတော်ကြီးကျောင်း အဖြစ် လှူဒါန်းခဲ့ပြီး “မင်္ဂလာ ဟော်ကြီး” ဘုန်းတော်ကြီးကျောင်း အဖြစ် အမည်တွင်လာခဲ့ ပါတယ်။
လက်ရှိအချိန်မှာတော့ ဟော်ကြီးကျောင်းမှာ ကယားဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာနဲ့ ပအိုဝ်း ဘာသာ စကားတွေ အသုံးပြုပြီး တရားဒေသနာတွေ ပို့ချဟောကြားပေးနေတဲ့ ကယားဆရာတော် ဘဒ္ဒန္တ ဦးစန္ဒိမာ (သဒ္ဓမ္မဇောတိကဓဇ) က ကျောင်းထိုင်လျက် ရှိနေပါတယ်။
ဟော်နန်းလို့ ဆိုလိုက်ရင် ရှမ်းစော်ဘွားတွေ စိုးစံခဲ့တဲ့ ဟော်နန်းတော်ကြီးတွေကိုသာ အမှတ်ရနိုင်ပါတယ်။ ကယား ပြည်နယ်မှာ ဟော်နန်းတွေ ရှိခဲ့တယ် ဆိုတာ လူသိနည်းလှတဲ့ အကြောင်းအရာဖြစ်ပေမယ့် ဒီကန္ဒရဝတီ ဟော်နန်းကြီး ရဲ့ သက်တမ်းကတော့ ၁၀၂ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ။