မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရား ပွဲများနှင့် ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ ကဆုန်လပြည့် ညောင်ရေသွန်း ပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။ ထို့ကြောင့် မန္တလေးမှ ဇာတ်၊ အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ်” ဟုခေါ်သော နောက်ဆုံးပွဲများကို ကပြ ကြပြီး အဖွဲ့ အသီးသီး ဖြုတ်သိမ်းကာ ဇာတ်ခေါင်း ခွဲကြသည်။
ထို့နောက် ပညာရှင် အသစ်များ ပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင် တီးလုံးတိုက်ကြ၊ ဇာတ်တိုက်ကြ သည်။ မကြာမီ သီတင်းကျွတ် လဆန်းသည်နှင့် ဘုရားပွဲတော်များ စတင်လျှင် ကပြကြရမည့် “သေတ္တာဖွင့်ပွဲ” အတွက် ကြိုတင် ပြင်ဆင်ကြသည်။
မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊ စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ ရွှေကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ စသည်။ မန္တလေးမြို့နှင့် အတူ တည်သော ဘုရားစေတီ တော်ကြီး များ၊ ဥပမာ ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ် တော်၊ သကျ သီဟ စသည်တို့၏ သက်မှတ်ရက်များတွင် ကျင်းပသော ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီး များကို “ဂေဇက်ရ ဘုရားပွဲတော်” များဟု ခေါ်ဆိုကြ၏။
ထို့အပြင် ရပ်ကွက် ဓမ္မာရုံ အသီးသီး၏ ဘုရားပွဲတော်များ မှာလည်း သီတင်းကျွတ် လဆန်းသည်နှင့် ကျင်းပ ကြရာ မလွန် ကြက်သွန်တန်း ဓမ္မာရုံဘုရားပွဲ၊ တရုတ်တန်း ရှေ့တော်ပြေးဝင်း ဓမ္မာရုံ ဘုရားပွဲများ ပြီးနောက် “ဂေဇက်ရ” ဘုရားပွဲတော် အဖြစ် သီတင်းကျွတ် လဆန်း ၁၀ ရက်၊ ၁၁ ရက်နေ့ များတွင် မြို့လယ်၊ ၈၂ လမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဘုရားသုံးဆူ ဘုရားပွဲတော်ကို စတင် ကျင်းပသည်။
ထိုသို့ မလွန် ကြက်သွန်တန်း ဓမ္မာရုံပွဲ၊ ရှေ့တော်ပြေးဝင်း ဓမ္မာရုံပွဲနှင့် ဘုရားသုံးဆူ ပွဲတော်များမှ စ၍ သီတင်း ကျွတ် အကြို အဖြစ် ဘုရားပွဲတော် ဂေါစဂမ် ရပ်ကွက်ရှိ အိမ်အသီးသီးက မီးရောင်စုံ များ ထွန်းညှိကြ၏။
အဆိုပါ ဘုရား ပွဲတော် များတွင် မန္တလေးမှ ဇာတ်၊ အငြိမ့်၊ တီးဝိုင်းများ သာမက စည်တော်ကြီး အဖွဲ့များပါ “သေတ္တာဖွင့်” စတင် ကပြ တီးမှုတ် ဖျော်ဖြေကြသည်။
ထို့နောက် သီတင်းကျွတ် လဆန်း ၁၁ ရက်၊ ၁၂ ရက်နေ့ များတွင် ဈေးချိုတော် အနောက်ဘက်ရှိ မဟာလော ကရံသီ အိမ်တော်ရာ ဘုရားပွဲ၊ သီတင်းကျွတ် လဆန်း ၁၃ ရက်၊ ၁၄ ရက်များတွင် အောင်နန်းရိပ်သာရပ်ရှိ မဟာသကျသီဟ ဘုရားပွဲ၊ အဆိုပါ သီတင်းကျွတ်လဆန်း ၁၃၊ ၁၄ ရက်များတွင် မင်းတဲအီကင်းရပ်ရှိ ရတနာမဉ္ဇူ ဘုရားပွဲ၊ သီတင်းကျွတ် လဆန်း ၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်ကျော် ၂ ရက်အထိ ကျင်းပသော ကျောက်တော်ကြီး၊ မဟာလောက မာရဇိန် ကုသိုလ်တော်နှင့် စန္ဒာမုနိ ဘုရားပွဲတော်ကြီးများ ဆက်တိုက် ကျင်းပကြသည်။
ရှေးအခါက ဘုရားပရိဝုဏ် ကျယ်ဝန်းပြီး အကွက်အကွင်း ကောင်းသော အိမ်တော်ရာ ဘုရား ပွဲတော်တွင် ဘုရား ပရိဝုဏ် အပြင်ဘက်၌ မည်သည့် အခကြေးငွေမှ ပေးစရာ မလိုဘဲ အဆင်ပြေသလို လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှု နိုင်သည့် “ကြည့်ချင်ပွဲ” ဇာတ်ပွဲ အပြင် ဘုရားပရိဝုဏ် အတွင်း၌ ထောင့် ၄ ထောင့်တွင် အငြိမ့် ၄ ဖွဲ့၊ တချို့နှစ်များ တွင် ၅ ဖွဲ့မျှ အပြိုင်အဆိုင် ကပြ ဖျော်ဖြေကြ၏။
အိမ်တော်ရာ ဘုရားပွဲ၌ အငြိမ့် အဖွဲ့များ အပြိုင် အဆိုင် ဖျော်ဖြေကြပုံကို “ကျနော်တို့က အိမ်တော်ရာ ဘုရား ပွဲ ကို သိပ်မျှော်လင့် ကြတယ်။ ဘာလို့လဲဆိုတော့ မန္တလေးရဲ့ အထင်ကရ ထိပ်တန်း အငြိမ့်ကြီးတွေ၊ အိမ် တော်ရာမှာ အမြဲလိုလို ထိပ်တိုက်တွေ့ကြတယ်။ မန္တလေးရဲ့ ပွဲဦးထွက် သေတ္တာဖွင့်ပွဲ ဆိုတော့ မလျှော့ဘူး၊ မညာကြဘူး။ အပြိုင်အဆိုင် ကပြကြတယ်။ ဘုရား ဂေါပက လူကြီးများနဲ့ ရပ်မိရပ်ဖများ အစီအစဉ်နဲ့ ရဟန်းသံဃာတော်များ စောင့်ရှောက် ကြီးကြပ် ကျင်းပတော့ ခိုက်ရန်ဒေါသ မဖြစ်ကြပါဘူး။ အနယ်နယ် အရပ်ရပ်က ဧည့်သည်တွေ ကလည်း သီတင်းကျွတ် အိမ်တော်ရာ ဘုရားပွဲကို ဘုန်းကြီးကျောင်း ကြီး တွေမှာ တည်းခိုပြီး ပွဲကဲခတ် လာကြတယ်။ ဒီနှစ်အတွင်း မိမိတို့ မြို့ရွာမှာ အလှူ၊ ဘုရား ပွဲ၊ ကျောင်းပွဲ၊ ဘုန်းကြီးပျံက အစ ဖျော်ဖြေရေး အတွက် ဇာတ်ငှားဖို့၊ အငြိမ့်ငှားဖို့ အိမ်တော်ရာမှာ ပရိသတ် ကြိုက်အောင် ကပြနိုင်တဲ့ အငြိမ့်အဖွဲ့က အဲဒီမှာတင် “ပွဲကဲခတ်” လူတွေက စရန်ပေး စာချုပ်ပြီး ငှားရမ်း ကြတော့တာပါ” ဟု မန္တလေးဈေးချို ဆင်တံတားသား တဦးက ရှင်းပြသည်။
အဆိုပါ ဘုရားပွဲတော်ကြီး များသည် သီတင်းကျွတ် အခါသမယနှင့် တိုက်ဆိုင် ကျင်းပကြ၍ ဘုရားပွဲနှင့် စပ်ဆိုင်သော ရပ်ကွက်များ ကလည်း ဘုရားပွဲတော်တွင် မီးရောင်စုံ ထွန်းညှိ၍ ဆင်နွှဲကြသည်။
“ရှေးကတော့ သီတင်းကျွတ် ဘုရားပွဲတော် အမီ မီးပုံးချိုးကြတယ်။ မီးပုံးတွေကို အိမ်မှာ ကိုယ့်ဘာသာ ချိုးကြ တာပါ။ ဘီလူးမ မျက်ကွင်းလို့ ခေါ်တဲ့ ခြောက်မြှောင့် မီးပုံးတွေ အများဆုံး ချိုးကြတယ်။
ပြီးတော့ မီးကြာခွက် တွေလည်း ကြိုပြီး လုပ်ထားကြတယ်။ မီးကြာခွက်ဆိုတာက ဆီစိမ်စက္ကူကို ကြာဖူးကြာ ဖက်လို ကိုက်ညှပ်ပြီး အညာဖျင်ကြမ်း လက်သုတ် ပဝါ ကြားညှပ်၊ လက်ဖနောင့်နဲ့ ဖိတွန်းပြီး ကြာဖတ်လေးလို ခုံးပြီး တွန့်အောင် ပြုလုပ်ရတယ်။ ဆီမီးခွက် နှုတ်ခမ်းမှာ အဲဒီ ကြာဖက်လေးတွေ အထပ်ထပ် ကပ်ပြီး ဆီမီး ပူဇော်ကြ တာပါ။ အများစုက အဲဒီလို ဆီမီးကြာခွက်တွေ၊ ဖယောင်း တိုင်နဲ့ ထည့်ထွန်းတဲ့ စက္ကူမီးပုံးတွေ ချိုးပြီး ထွန်းညှိကြ တာပါ။ ဈေးချို စီရုံထဲက မှန်ရောင်စက္ကူ၊ ဆီစိမ်စက္ကူတွေ ဝယ်ပြီး လုပ်ကြတာပါ။ ပြီးတော့ ဖယောင်းတိုင် ထည့်ထွန်းတဲ့ မီးလည်တွေလည်း ပြု လုပ်ကြတယ်။ မီးလည် ဆိုတာ အပေါ်က ဒလက်လို၊ ပန်ကာရွက်လို ဂျပ်နဲ့ အဝိုင်းပြု လုပ်ပြီး ဆလင်ဒါ ပြောင်းရှည်ပုံပါ။ ဆလင်ဒါ ပတ်ပတ်လည်မှာ အရုပ်တွေ ရေးဆွဲကြ တယ်။ အဲဒီ ဆလင်ဒါထဲ မီးထည့်ထွန်းပြီး လည်တယ်။ သမင်လေးတွေလိုက် တမ်းပြေးတမ်း ကစားတဲ့ပုံတို့၊ တချို့ စိတ်ကူးစိတ်သန်း ကောင်းသူ တွေက အင်္ဂုလိမာလ ချွတ်ခန်းတို့၊ မာရ်နတ်ဖျက်ဆီး ခန်းတို့၊ သုဝဏ္ဏသာမ မြှားထိခန်း တို့လို ဇာတ်တော်တွေလည်း ရေးဖွဲ့ကြတယ်။ ရပ်ကွက်ထဲ တိုက်ကြီး တာကြီး ၁ လုံး၊ ၂ လုံးလောက်ပဲ လျှပ်စစ် မီးလုံးနဲ့ မီးပူဇော်ကြ တာပါ” ဟု အသက် ၈၀ အရွယ် မန္တလေးသား စာရေးဆရာ အယ်ဒီတာကြီး တဦးက ပြန်ပြောင်း ပြောပြ သည်။
မန္တလေးတွင် သီတင်းကျွတ် လဆန်း ၁၄ ရက်မှ စ၍ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့အထိ မီးပူဇော် ကြသည်။ တာဝတိံသာမှ ဆင်းသက် ကြွရောက်လာသည့် ဘုရားရှင်ကို ရည်မှန်းပြီး ရွှေစောင်းတန်း၊ ငွေ စောင်းတန်း၊ ပတ္တမြား စောင်းတန်း သဖွယ်လည်း မီးစောင်းတန်းများ ထွန်းညှိကြသည်။ အိမ်တော်ရာ ဘုရားပွဲတော်တွင် အင်္ဂါထောင့်ရှိ ကျိုက်ထီးရိုး စေတီပရိဝုဏ်၌ တီထွင် ဆန်းသစ်သော မီးပုံး၊ မီးလုံးများ နှစ်စဉ် မထပ်ရအောင် ထွန်းညှိ ပူဇော်လေ့ ရှိသည်။
ဗုဒ္ဓဝင်လာ ဇာတ်တော်ကြီးများကို သရုပ်ဖော် ထွန်းညှိ ကြသကဲ့သို့၊ ထိုစဉ်က ခေတ်စားသော အပိုလို ၁၁ အာကာသယာဉ်ကို လွှတ်တင်သည့် စေတန် အမှတ် ၅ ဒုံးပျံ ပုံစံမျိုးကိုလည်း ၂ ထပ်တိုက် နီးပါးချိုး၍ မီးထွန်း ညှိတာ လည်း ရှိသည်။
သီတင်းကျွတ် ပွဲတော် အခါသမယသည် မန္တလေး၏ အထင်ကရ ဘုရားပွဲတော်ကြီးများ ကျင်းပသည့် အချိန်မို့ တမြို့လုံး မီးရောင်စုံ ထိန်ထိန်ညီးဖြင့် စည်ကားသော်လည်း ယခင်က ဗြောက်ဖောက်၍ ကာယိန္ဒြေ ပျက်စေမှု မျိုး အလျဉ်း မရှိခဲ့ပေ။
ဘုရားပွဲတော်ကြီးများ နှင့်အပြိုင် ဈေးချို ဝါးတန်းရပ်၊ မြို့လယ် ရသာတန်း ရပ်၊ မြောက်ပြင် ထားဝယ်ရပ်၊ အရှေ့ပြင် အောင်တော်မူရပ် စသည်ဖြင့် မီးထွန်းပွဲတော်ကြီးများ စည်ကားစွာ ကျင်းပ၍ မန္တလေး တမြို့လုံးက “မီးလမ်းလျှောက်” ဟူသော ခေါ်ဝေါ်မှုဖြင့် ခြေကျင်တမျိုး၊ စက်ဘီးများဖြင့် တသွယ် မိသားစုနှင့် ပျော်ရွှင်စွာ သွားလာကြ၏။
သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဘုရားပွဲတော်များတွင် သက်ဆိုင်ရာ ရပ်ကွက်ခံများက လာသမျှ အယုတ် အလတ် အမြတ် မရွေး ဧည့်ခံကျွေးမွေးကြသည့် အစဉ်အလာ ရှိပုံကိုလည်း “မန္တလေးက ဘုရားပွဲတော် တွေမှာ ကြာဆံဟင်း တိုက်တာမျိုး ရှိတယ်။ မန္တလေးဒေသထွက် ဆနွင်းမကင်း၊ ထိုးမုန့်၊ မာစကပ်၊ ခနုံထုပ်၊ မုန့်လုံးကြီး ဆီစိမ် စတာတွေ လည်း ကျွေး တယ်။ ဘာပဲကျွေးကျွေး မပါမဖြစ်က ဆီးဖြူသီး၊ စောင်းလျားသီး ဆားရည်စိမ်နဲ့ ငါးပိကြော်နဲ့ လက်ဖက် အကြော်စုံပါပဲ။ အိမ်ပေါက်စေ့ ဝင်စားလို့ ရပါတယ်” ဟု ဈေးချိုသူ တဦးက ပြောပြသည်။
နောက်ပိုင်းတွင် သီတင်းကျွတ် ပွဲတော်အတွက် တရုတ်ပြည်မှ အသင့်ချိတ်ဆွဲ ထွန်းညှိနိုင်သော မီးပုံးရောင် စုံများ၊ မီးလုံး ရောင်စုံများ ဝင်ရောက်လာ သောအခါ ကိုယ်တိုင် လက်ဖြစ် မီးပုံး၊ မီးကြာခွက်နှင့် မီးထွန်းရ သည့် ကလေး ကစားစရာ ပစ္စည်းများ လျော့နည်းသွားသည်။ ယခုအချိန်ထိမူ တရုတ်မီးလုံး၊ မီးပုံးများကို အန်တု၍ အသက်ဆက် ကြံ့ကြံ့ခံကာ မြန်မာ ပြည်တွင်းဖြစ် မီးပုံးနှင့် သီတင်းကျွတ် ပစ္စည်းတို့ ရပ်တည်နေရ သည်။
မန္တလေး ဘုရားပွဲတော်ကြီးများကား အစဉ်အလာ မပျက် ကျင်းပနေဆဲ ဖြစ်သော်လည်း၊ ဇာတ်၊ အငြိမ့် ထည့်ဝင်နိုင်မှု နည်းပါး သွားသည်။ နာမည် ကျော် အိမ်တော်ရာ ဘုရားပွဲတော်၌ပင် အငြိမ့်တငြိမ့်မျှ အနိုင်နိုင် ထည့်ရသည်။ သီတင်းကျွတ် ပွဲတော်နှင့် အတူ ကုမ္ပဏီ ဈေးရောင်းပွဲတော်များ၊ လျှော့ဈေး အစီအစဉ်များ၊ မော်ဒယ်လ်ရှိုးများ၊ ဒီဂျေပွဲများ၊ လက်မှတ်တစောင် ဘီယာ ၁ ခွက် အလကားသောက် ကလပ်ပါတီပွဲများ ခေတ်စားလာသည်။
သီတင်းကျွတ် လပြည့်ကဲ့သို့ အခါသမယ၌ ဆိုင်ကယ်များ အုပ်စုဖွဲ့၍ လီဗာပေးကာ မောင်းနှင် အော်ဟစ်မှု များ၊ လမ်းသွားလမ်းလာနှင့် လမ်းနံဘေးအိမ်များ အတွင်းရှိ မိန်းမပျိုများထံ အားပြင်း ဗြောက်အိုးနှင့် မီးရှူးမီး ပန်းတို့ ပစ်သွင်း နောက်ပြောင်မှုများ များပြားလာခဲ့သည်။
“လွန်ခဲ့တဲ့ လေးနှစ်လောက်က စပြီး သီတင်း မကျွတ်ခင်ကတည်းက ဗြောက်တွေ သောင်းကျန်းတယ်။ အလုပ်သွား အလုပ်ပြန် ပြန်ရမှာကိုပဲ ဗြောက်တွေနဲ့ အကြိမ်ကြိမ် ပစ်တာ ခံရတယ်။ ပြန်ပြော ပြန်ရန်တွေ့ရင် ပြဿနာ ရှာကြတယ်။ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီး သောင်းကျန်းကြတာပါ။ သက်ဆိုင်ရာက တားမြစ်ပေမယ့် မလိုက်နာ ကြဘူး။ တချို့ ဗြောက်အိုးတွေက အင်အားပြင်းတော့ သက်ကြီးရွယ်အိုနဲ့ ဝေဒနာရှင်တွေမှာ အသက်ပျောက်သည် အထိ လန့်တာမျိုး ကြုံရတယ်။ သီတင်းကျွတ် လဆန်း ၁၄ ရက်ညနဲ့ လပြည့်ည တွေမှာ အဆိုးဆုံးပါ။ ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ် နေ့ထူးနေ့မြတ် မျိုးမှာ ဒီလို ရိုင်းပျ မဖွယ်ရာတွေ လုပ်ဆောင်တာတွေဟာ ယဉ်ကျေးတဲ့ လူ့ဘောင်နဲ့ မဆီ လျော်တော့ပါဘူး” ဟု မီဒီယာ တခုမှ ဝန်ထမ်း မိန်းမပျိုတဦးက သူ့အတွေ့အကြုံကို ရှင်းပြသည်။
သီတင်းကျွတ် ပွဲတော်သည် ဘာသာရေး အစဉ် အလာအရ သာမက၊ လူမျိုး၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ကိုပါ မှတ်တမ်းတင်သည့် ပြယုဂ် ဖြစ်သဖြင့် ရိုးရာဓလေ့ ပွဲတော်များ၊ ဖျော်ဖြေမှု အစီအစဉ်များ၊ လူမှုဆက်ဆံ ရေးများ၊ စတုဒီသာ ကျွေးမွေးခြင်း ကဲ့သို့သော အစဉ်အလာများ မပျောက်ပျက်ရအောင် ထိန်းသိမ်း ကြရန် လည်း အထူး လိုအပ်လှ ပါသည်။ ။