Health

အခိုးအငွေ့တွေက လက်ဆောင်ပေးတတ်တဲ့ အဆုတ်ကင်ဆာ

This article has been converted from Zawgyi One to Unicode

ကင်ဆာပေါင်း များစွာထဲ အဖြစ်များလို့ ရှေ့ဆုံးနားမှာ နေရာယူထားတဲ့ ကင်ဆာတခု ကတော့ အဆုတ်ကင်ဆာပါပဲ။ အဆုတ်ကင်ဆာ ဖြစ်ရခြင်း အများစုမှာ ဆေးလိပ် သောက်တာကြောင့်လို့ ဆိုရပါမယ်။ ကိုယ်တိုင်သောက်သုံး သူတွေရော၊ တဆင့်ခံ အငွေ့ ရှူရှိုက်မိသူတွေရောမှာ တွေ့ရလို့ပါပဲ။ ဒါပေမယ့်လည်း ဆေးလိပ် လုံးဝမသောက် သူတွေနဲ့ အခိုးအငွေ့ ကာလရှည်ကြာ မထိတွေ့ဖူးသူ တွေလည်း ဖြစ်တာကိုတော့ တွေ့ရပါတယ်။

ဒါကြောင့်လည်း အဆုတ်ကင်ဆာရဲ့တရားခံက ဆေးလိပ်သောက်လို့ပါ ဆိုတာမျိုး တိတိကျကျ စွပ်စွဲ ရခက်နေပါ သေးတယ်။ ဒါပေမယ့် ဆေးလိပ် သောက်တဲ့အခါ ဆေးလိပ်မီးခိုးတွေမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက အဆုတ်ရဲ့ ပုံမှန် ဆဲလ်တွေကို ပျက်စီးစေပါတယ်။ အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ပြီးပြုပြင်ပေးပေမယ့် ထပ်ပြန်တလဲလဲ ထိတွေ့ ပျက်စီးလာတဲ့ အခါ ဒဏ်ရာ ရထားတဲ့ ဆဲလ်တွေက ပုံမှန်မဟုတ်တဲ့ နည်းတွေနဲ့ တုံ့ပြန်လာကြပါတယ်။ အဲဒါက ကင်ဆာဆဲလ်တွေ အဖြစ် ပြောင်းသွားစေတာပါပဲ။

အဆုတ်ကင်ဆာ သံသယ လက္ခဏာတွေ

ပုံမှန်အားဖြင့်တော့ အစောပိုင်း ကာလတွေမှာ အဆုတ်ကင်ဆာ အများစုက လက္ခဏာ မပြတာ များပါတယ်။ ရောဂါ ရင့်လာမှပဲ လက္ခဏာက ပြလာတာ ဖြစ်လေတော့ ပုံမှန်ဆေးစစ်ရင်း၊ ဒါမှမဟုတ် တခြား ရောဂါတွေ အတွက် စမ်းသပ် ရင်းက တွေ့ရှိမှသာ စောစောသိနိုင်တာ ဖြစ်တဲ့ အတွက် ကုသရေးမှာ အဟန့်အတားတခု ဖြစ်နေတာပေါ့။ အဆုတ် ကင်ဆာရယ် လို့ ပြောရမယ့် သံသယ ဖြစ်ဖွယ် လက္ခဏာတွေကို ဖော်ပြလိုပါတယ်။

ဘာလုပ်လုပ် မသက်သာတဲ့ ချောင်းဆိုးခြင်း

တချို့ ဆေးလိပ်သောက်သူတွေမှာ တွေ့ရလေ့ ရှိတဲ့ နာတာရှည် ချောင်းဆိုးတာမျိုးနဲ့ မတူတော့ဘဲ ပြောင်းလာ ပါတယ်။ ချောင်းဆိုးရင် သွေးနည်းနည်းချင်း ပါလာတတ်တာ၊ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူသွင်း ထုတ်ချိန်မှာ လေချွန်သံလို၊ မြွေ တွန်သံလို တရွှီရွှီမြည်လာတာ၊ ကိုယ်အလေးချိန် အလိုလို လျော့ကျလာတာ၊ အရိုးတွေ နာကျင်လာတာ၊ ခေါင်းကိုက်တာ စတဲ့လက္ခဏာ တွေရောပြွမ်းလာရင် အဆုတ် ကင်ဆာကို စဉ်းစားတဲ့အထဲ ထည့် ရတော့မှာပါ။

ဖြစ်တန်ရာအကြောင်းတွေ

အဆုတ်ကင်ဆာ ဖြစ်နိုင်၊ ဖြစ်တတ်တဲ့ အကြောင်းတွေတော့ အများသား။ ထိန်းချုပ်လို့၊ ကာကွယ်လို့ ရနိုင်တာတွေ ရှိသလို၊ ခက်ခဲတဲ့၊ ရှောင်လွှဲ မရတဲ့ အကြောင်းတွေလည်း ရှိရဲ့။ အကြောင်းရင်း တွေထဲမှာ အများဆုံးတွေ့တာက ဆေးလိပ်သောက်တာ၊ အထူးသဖြင့် တနေ့တာ စီးကရက်သောက်တဲ့ အရေအတွက် များရင်များသလို အဆုတ် ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဆေးလိပ်ဖြတ်တဲ့ သူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျ သွားတာက တော့ သိသာတယ် လို့ ဆိုပါတယ်။

ကိုယ်က ဆေးလိပ် မသောက်ပေမယ့် ကိုယ့်အနီးအပါးမှာ ဆေးလိပ်သောက်လို့ အမြဲအငွေ့ရှူနေရ တာကလည်း အဆုတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းတခု ဖြစ်နေပြန်တယ်။

သဘာဝ မြေကြီး၊ ကျောက်ခဲနဲ့ ရေတွေမှာ ရှိတဲ့ ယူရေနီယမ်ဓာတ် ပုံမှန်ပျက်သုဉ်းရာကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေ ရှူရှိုက်မိရင်လည်း အဆုတ်ကင်ဆာ ဖြစ်စေတာပါပဲ။ ဒါကတော့ ရှောင်လွှဲဖို့ ခက်ပါတယ်။ တခြား နိုင်ငံကြီးတွေမှာတော့ အဲဒီဓာတ် ငွေ့ပမာဏကို လုံခြုံစိတ်ချရတဲ့ အဆင့်မှာ  ရှိ မရှိ စမ်းသပ်နိုင်ကြပါ သတဲ့။

မျက်နှာကြက် မီးခံကျောက်ပြားတွေနဲ့ ထိတွေ့ နေရတာလည်း အဆုတ်ကင်ဆာအတွက် အခွင့်အလမ်းတွေ ပါပဲ။ တခြား ဓာတုပစ္စည်းတွေ ဖြစ်တဲ့ အာဆင်းနစ်၊ ခရိုမီယံ၊ နီကယ် စတာတွေနဲ့ ထိတွေ့ ရတဲ့ လုပ်ငန်းတွေ ကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ များလေရဲ့။ တကယ်လို့ ဆေးလိပ်သောက်သူ ဖြစ်ပြီး အဲဒီပစ္စည်းတွေနဲ့ ထိတွေ့တာ များရင်လည်း ကင်ဆာဖြစ်နိုင်ခြေက ပိုများပါတယ်။

မိသားစု မျိုးရိုးမှာ အဆုတ်ကင်ဆာ ရှိတာကလည်း ဖြစ်နိုင်ခြေများတဲ့ ရှောင်လွှဲ မရတဲ့ အကြောင်းရင်း တခု ဖြစ်နေပြန် ပါတယ်။

နောက်ဆက်တွဲ ပြဿနာတွေ

အသက်ရှူ ကျပ်ခြင်း။   ။ ကင်ဆာ ကြီးထွားလာလေ အသက်ရှူ လမ်းကြောင်း ကို ပိတ်ဆို့မှုတွေ ဖြစ်လာပြီး အသက်ရှူ ကျပ်တာ ခံစားရပါတယ်။ အဆုတ် ပတ်ဝန်းကျင်မှာ အရည်တွေ စုလာပြီးတော့လည်း အသက် ဝ၀ ရှူမရတာ ဖြစ်တတ် ပါတယ်။

ချောင်းဆိုးသွေးပါ။   ။ ကင်ဆာက အဆုတ်မှာ သွေးယိုစိမ့်စေ ပါတယ်။ ချောင်းဆိုးတဲ့ အခါ သွေးပါလာတတ် ပါတယ်။ အနည်းအပါးကနေ သွေးသွင်းရ လောက်အောင် ပြင်းထန်တတ်ပါတယ်။

နာကျင်မှု။   ။ အဆုတ်ကင်ဆာ ရင့်လာတာ နဲ့အမျှ အဆုတ်ထဲမှာရော၊ တခြားအင်္ဂါတွေ၊ အထူးသဖြင့် အရိုးကိုပါ ပျံ့နှံ့လာတဲ့ အခါ နာကျင်မှု ပြင်းထန်တတ် ပါတယ်။

အဆုတ်ရေဝင်ခြင်း။   ။ အဆုတ်ကင်ဆာကြောင့် အဆုတ်နဲ့ အဆုတ်ဖုံး အမြေး အကြားမှာ ရေတွေ စုလာတတ် ပါတယ်။

ကင်ဆာပျံ့နှံ့ခြင်း။   ။ ကင်ဆာရဲ့ သဘာဝ အတိုင်း အဆုတ်မှာ အခြေခံတဲ့ ကင်ဆာက တခြားနေရာတွေကို ပျံ့နှံ့သွား တတ်ပါတယ်။ ဦးနှောက်နဲ့ အရိုးတွေမှာ တွေ့ရများ ပါတယ်။

အဆုတ်ကင်ဆာ ရှာဖွေတွေ့ရှိပုံ

ရောဂါတွေရဲ့ ထုံးစံအတိုင်း ဖြစ်နေတဲ့ လက္ခဏာ အရ စမ်းသပ်ရင်း ဖြစ်စေ၊ တခြား စမ်းသပ် စစ်ဆေးမှုတွေ လုပ်ရာက အမှတ် မထင်ဖြစ်စေ အဆုတ်ကင်ဆာကို တွေ့ရတတ်တာ ပါပဲ။ ဓာတ်မှန်ရိုက်ရာက အဆုတ်ထဲမှာ အလုံးအကျိတ် တွေ့ရင် တခြား လိုအပ်တဲ့ စမ်းသပ်မှုတွေ ဆက်လုပ်ရာက အဆုတ်ကင်ဆာ ဟုတ်မဟုတ် သေချာအောင် လုပ်ကြရ တာပါ။ သလိပ်ထဲမှာ ကင်ဆာဆဲလ် စစ်တာ၊ အသားစ ယူတာ၊ CT San လုပ်တာတွေ စသဖြင့်ပေါ့။

အဆုတ်ကင်ဆာ ကုသတဲ့အခါ

ကင်ဆာတို့ သဘာဝ အတိုင်း ဖြစ်နေတဲ့ အဆင့် ပေါ်လိုက်လို့ ခွဲစိတ် ဖြတ်တောက်တာက အစ ဓာတ်ရောင်ခြည် သုံးတာ၊ ကင်ဆာဆေးတွေ ကျွေးတာ စသဖြင့်တွေ လုပ်ကြပါတယ်။ အဆုတ်ကင်ဆာ မှာတော့ ချောင်းဆိုးတာ၊ အသက်ရှူ ကျပ်တာ စတဲ့ လက္ခဏာတွေ သက်သာစေဖို့ အောက်ဆီဂျင်ပေးတာ၊ ချောင်းဆိုးပျောက်ဆေးတွေ တိုက်ကျွေး တာမျိုးတွေနဲ့ ပြုစုရပါတယ်။ အဲဒီလို ကုသမှုတွေ အပြင် သက်သာရာအတွက် တခြားကုသနည်းတွေ သုံးကြတာ ရှိပါတယ်။

အပ်စိုက်ကုသမှု။   ။ ကင်ဆာကြောင့် နာကျင်တာ တွေနဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အော့အန် တာမျိုးတွေ အတွက်သုံးကြပါတယ်။ လူတိုင်း အတွက်တော့ ထိရောက်တယ်လို့ မဆိုနိုင်ပါဘူး။

အိပ်မွေ့ချကုသနည်း။   ။ စိုးရိမ်ပူပန်မှုတွေ၊ အော့အန် တာတွေ၊ နာကျင်မှုတွေ အတန်အသင့် သက်သာအောင် သုံးကြ တာပါ။

နှိပ်နယ်ခြင်း။   ။ အရေပြားတွေ၊ ကြွက်သားတွေကို စနစ်တကျ ဖိညှစ်ပေးတဲ့ ဒီနည်းကလည်း နာကျင်မှုတွေ အခိုက်အတန့် သက်သာစေသလို၊ စိတ်ပြေလျော့မှုလည်း ရစေတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာ ရလောက်တဲ့ အထိတော့ မပြုလုပ်သင့် ပါဘူး။

တရားထိုင်ခြင်း။   ။ အသက်ပြင်းပြင်း ရှူသွင်းထုတ် တာကလည်း စိတ်တည်ငြိမ်မှုနဲ့ အာရုံကို တခုခုအပေါ် လွှဲပြောင်းပြီး နာကျင်မှုတွေ အခိုက်အတန့် ပြေအောင် သုံးကြပါတယ်။ ပိုပြီး နက်ရှိုင်းတဲ့ သံသရာလွတ်ကြောင်းတွေ အထိကတော့ တပိုင်းပေါ့။ စိတ်ဖိစီးမှု လျော့ကျပြီး အကောင်းမြင် စိတ်ကလေးတွေလည်း ပေါ်လာနိုင်တဲ့ နည်းတခုပါပဲ။ အလားတူတဲ့ ဂီတ နားထောင်စေတာမျိုး၊  အနုပညာ  ခံစားစေတာမျိုးတွေ ကလည်း အထောက် အကူဖြစ်ပါတယ်။

ယောဂကျင့်ခြင်း။   ။ ကိုယ်ခန္ဓာကို ဆန့်ထုတ်တာ၊ အသက်ပြင်းပြင်းရှူတာ စတဲ့ ယောဂနည်းတွေ ကလည်း ကင်ဆာ ဝေဒနာရှင်တွေ အတွက် အထောက်အကူ ဖြစ်ပါတယ်။ ကောင်းကောင်း အိပ်စက်နိုင်ဖို့လည်း အကူအညီ တခုပါပဲ။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေတော့ ရှောင်ကြဉ်ရမှာပါ။

ဒီကုထုံးတွေ အရကိုပဲ အဆုတ်ကင်ဆာ ဆိုတာက ရောဂါရင့်မှ တွေ့သိတတ်တာမို့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာဖို့နဲ့ တတ်စွမ်းသမျှ သက်တမ်းကို ဆွဲဆန့်ကြည့်တာတွေပဲ ဆိုတာ တွေ့ရမှာပါ။ ပြုပြင်လို့ မရတဲ့ အကြောင်းရင်း တွေကြောင့် ဖြစ်လာတာကို ရှောင်လွှဲ မရနိုင်ပေမယ့် ရှောင်လွှဲလို့ ရနိုင်တဲ့ ဆေးလိပ်သောက်တာ၊ ကိုယ် မသောက်ပေမယ့် အနီးအပါးမှာ ဆေးလိပ်သောက်သူရဲ့ အနံ့ကို ရှူရှိုက်နေရတာ၊ မီးခံမျက်နှာကြက်ပြားတွေ၊ ဓာတုပစ္စည်းနဲ့ ထိတွေ့မှု တွေကြောင့် ဖြစ်ရတာတွေ ကတော့ အသိတရားနဲ့ သတိထားဆင်ခြင်နိုင်ရင်ဖြင့် အဆုတ် ကင်ဆာ မဖြစ်ဖို့ ကိုယ်စွမ်းသမျှ ကာကွယ်နည်းတွေ ကျင့်သုံးနိုင်ကြပါစေ။   ။

Loading