သဗြုရွာဆိုတာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပိုင်နက်ထဲမှာရှိနေတဲ့ ပဲခူးရိုးမထဲက ရွာကလေးပါ။ ရွာက နာမည် သာရှိပေမယ့် တကယ်တမ်း လူနေတဲ့အိမ်ဆိုလို့ အိမ် ၄ အိမ်နဲ့ ဘုန်းကြီးကျောင်းတကျောင်းသာ ရှိပါတော့ တယ်။ အဲဒီ တဲအိမ်လေးထဲမှာမှ လူ တကယ်နေတာက ၁ တဲတည်းပါ။ ကျန်တဲ့ တဲ ၂ တဲက ယာလုပ်ချိန်မှာ ခဏတဖြုတ် လာနေကြတဲ့ တဲတွေ။ ရွာနာမည်သာ တွင်ကျန်ရစ်ခဲ့ပြီး ရွာပျက်ကလေးလို ဖြစ်နေပါပြီ။
စက်တင်ဘာ ၉ ရက်နေ့ ည သန်းခေါင်ယံ ၁ နာရီအချိန်။ သဗြုရွာပျက်ကလေးမှာ ရှိနေတဲ့ တခုတည်းသော လူနေတဲဝိုင်းလေးအတွင်းကို အမြင့် ၅ ပေကျော်လောက်ရှိတဲ့ စွယ်စုံဆင်ရိုင်းတကောင် ဝင်လာခဲ့ပါတယ်။ ဒါ့အပြင် နံနက် ၄ နာရီအချိန်မှာ အမြင့် ၁၀ ပေ နီးပါးရှိတဲ့ ဒီဒေသက အဆိုးဆုံးလို့ နာမည်ကြီးတဲ့ တော ဆင်ရိုင်းတကောင် ထပ်ဝင်ပါ တယ်။
“အမြင့် ၁၀ ပေကျော်ရှိတဲ့ ဆင်ကြီးက ဒီ ဒေသမှာ လူနင်းသတ်ခဲ့တာ ၁၂ ယောက်လောက်ရှိပြီ။ တောဆင်ရိုင်း တွေ လူနေတဲထဲကို လာတယ်ဆိုတာ တဲထဲက ဆန်၊ ငါးပိနဲ့ ဆားတို့ကို လာစားတာ။ လူက ဆင်ရိုင်းဝင်ပြီးဆိုတဲ့ အတွေ့အကြုံကြောင့် ကြိုသိခဲ့ရင်တော့ ရှောင်နိုင်တာပေါ့။ မရှောင်နိုင်ခဲ့ရင်တော့ တဲကိုဖျက်တဲ့အပြင် လူတွေ ကိုပါ နင်းသတ်တာ” လို့ ဆင်ရိုင်းတွေအကြောင်း စုံစမ်းရေးသားဖို့ ရောက်နေ တဲ့ ကျနော်တို့ တည်းခိုနေတဲ့ ယာတဲပိုင်ရှင် ကိုပု ခေါ် ကိုအောင်ကိုဝင်းက ပြောပြတယ်။
အဲဒီလို ရန်ကုန်တိုင်းဒေသကြီးရဲ့ အပိုင်နယ်ထဲ မှာပဲ ရှိနေသေးတဲ့ ပဲခူးရိုးမ အနောက်ဘက်အခြမ်းက ရွာပေါင်း ၁၆ ရွာ ဝန်းကျင်ဟာ တောဆင်ရိုင်းတွေရဲ့ အန္တရာယ်ကို နှစ်စဉ်ကြုံတွေ့လာခဲ့တာ ၁၀ စုနှစ် ဝန်းကျင် ရှိနေပါပြီ။ ရာသီကိုလိုက်ပြီး တောဆင်တွေကလည်း ရွှေ့ပြောင်းသွားလာနေရင်း လူနေတဲတွေ ထဲကို အစာဝင်ရှာ၊ တဲတွေ ကို ဖျက်ဆီး၊ လူတွေကို နင်းသတ်နေတာ ၁၀ စုနှစ်အတွင်း လူ ၅၀ ထက် မက ရှိပြီလို့ ဒေသခံတချို့က ပြောကြ တယ်။
သဗြုရွာကလေးရဲ့ ပတ်ဝန်းကျင်က လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်များက တောတွေထူထပ်တဲ့ နေရာလေးပါ။ ရွာခံတွေကလည်း ဒီပတ်ဝန်းကျင်လေးမှာ တောင်ယာတွေကို တနိုင်တပိုင်လုပ်ရင်း နေခဲ့ကြပေမယ့် နောက်ပိုင်းနှစ်များမှာတော့ ကုမ္ပဏီတွေက ဒီကမြေတွေကို အစိုးရဆီက နှစ်ရှည်ငှားရမ်းပြီး စိုက်ခင်း တွေလုပ်လာလို့ အခုဆိုရင် သူတို့နေနေတဲ့ သဗြုရွာရဲ့ နေရာလေးတောင်မှ ဦးပိုင်ကုမ္ပဏီပိုင်တဲ့ မြေနေရာလေး ဖြစ်နေပြီလို့ ကိုပုက ဆက်ပြောပြ တယ်။
ဒီဒေသတခွင်က ကျေးရွာတချို့ဆိုရင် ရွာ နာမည်သာရှိပြီးတော့ လူတွေမနေကြတော့ဘူး။ တချို့ လူနေတဲ့ ရွာကြီးတွေရဲ့ ဘေးမှာလည်း စီမံကိန်းစိုက် ခင်းဆိုပြီး ကုမ္ပဏီတွေ၊ စစ်အရာရှိဟောင်းတွေ၊ ဝန်ကြီးဟောင်း တွေရဲ့ နာမည်တွေနဲ့ စိုက်ခင်း အမျိုးမျိုး လုပ်ပြီးတော့တောကိုအပြောင်ရှင်းပေမယ့် တောပြန် ဖြစ်စေမယ့် အပင်တွေ ဟုတ်တိပတ်တိ စိုက်ပျိုးထားတာလည်း မမြင်တွေ့ခဲ့ရပါဘူး။
အဲဒါကြောင့်ပဲ တောဆင်ရိုင်းတွေဟာ စားကျက် ရှားပါး လာတာကြောင့် လူနေအိမ်တွေထဲက ဆန်၊ စပါး၊ ဆားနဲ့ ငါးပိ စတဲ့ အစားအစာတွေကိုဝင်ရှာကြ တတ်တယ်လို့ ကိုပုက ဆိုပါတယ်။
“တောင်ပေါ်မှာလည်း ဆည်တွေရဲ့ ရေဝေ ရေလဲ တွေလုပ်တော့ ဆင်တွေရဲ့ စားကျက်က ရှားပါးကုန် တာပေါ့။ ကျနော်တို့ တောသူ တောင်သားတွေ တောင်ယာလုပ်တာက မြေနေရာနည်းနည်း၊ စီမံကိန်း စိုက်ခင်းတွေ ဆိုပြီး တခုကို ဧက ၂ ထောင်ကနေ ဧက ၅ ထောင်ဆိုပြီး လုပ်ကြတာ။ အခု Super One ကြံစိုက်ခင်းရဲ့ ဘေးနားမှာ ကြံထပ်စိုက်ဖို့ ဧက ၅ ထောင်ကို အပြောင်ရှင်းထားတယ်။ နောက်နှစ် စိုက် ကြလိမ့်မယ်” လို့ သူက ဆက်ဆိုတယ်။
လွန်ခဲ့တဲ့ နှစ်တုန်းကလည်း တောရိုင်းဆင်တကောင် အိမ်နားကပ်တာ မသိလိုက်ဘဲ ဆင်နှာမောင်း တဲထဲကို ဝင်ပြီး ခြင်ထောင်နားရောက်မှ သိ လို့ ခြောက်လှန့်လိုက်ရသေးတယ်၊ အဲဒီလို ဖြစ်ရပ်တွေကြောင့်ပဲ အရင်က သဗြုရွာကလေးမှာ အိမ်ဝိုင်း ၁၅ ဝိုင်းလောက် ရှိခဲ့ပေမယ့်အခုဆိုရင် သူတို့အိမ် တဝိုင်းထဲသာ ကျန်တော့ တယ်လို့ ကိုပုရဲ့ ဇနီးဖြစ်သူ မနေခြည်နုက ရှင်းပြပါတယ်။
“အခု တဲဝိုင်းထဲမှာ လူ ၁၆ ယောက်လောက် ရှိတယ်ဆိုတာ ယာထွန်ချိန်မို့လို့၊ တခြားရွာတွေက ဒီမှာ ယာ လုပ်ရင်း ကျမတို့ တဲဝိုင်းထဲမှာ ခဏနေကြ တာ။ ယာသိမ်းချိန်ရောက်ရင် ဒီနေရာမှာ ကျမတို့ လင်မယား ၂ ယောက်ပဲ ကျန်ခဲ့တာ။ အခု မိုးတွင်း က အိမ်တွေထဲကို ဆင်အလာ နည်းသေးတယ်။ နွေ ပေါက်ရင် သူတို့ရဲ့ အစာတွေလည်း ရှားပါးလာတော့ လူနေအိမ်တွေထဲကို ပိုကပ်တတ်တယ်” လို့မနေခြည် နုက ဆိုပါတယ်။
တောင်ခေါင်းတုံးတွေကြားက လျှိုတွေမှာပဲ တောရိုင်းဆင်တွေက နေ့ခင်းဘက်မှာ နေကြပြီး ညဘက် ရောက် တာနဲ့ ကုမ္ပဏီကြံစိုက်ခင်းတွေကို လာစားကြတယ်လို့ သဗြုရွာမှာ တောင်ယာလာလုပ် နေတဲ့ သဲဝါရွာက ကိုလှစိုးက ပြောပြတယ်။
“ဒီနှစ်လည်း ကြံစိုက်ခင်းလုပ်ဖို့ဆိုပြီး အောက် ခြေအပြောင်ရှင်းထားတဲ့ ကွင်းတွေ အများကြီးပဲ။ ကုမ္ပဏီတွေပဲ ဝင်လာကြတာ။ ကျနော်တို့ စိုက်ခင်း တွေ စိုက်တာတောင်မှ ကြံစိုက်ရင် ထွက်သမျှကြံကို သူတို့ သကြားစက် ကိုပဲ သွင်း၊ စိုက်ဖို့မြေအတွက် ဘာမှမပေးရဘူး။ တခြား ပဲတို့၊ နှမ်းတို့စိုက်လို့ရှိရင် ကုမ္ပဏီကို တနှစ်မှာတဧက ကျပ် တသောင်းနှုန်း ပြန် ပေးရတယ်။ တောဆိုတာ ဘာမှမရှိတော့ဘူး။ အဲဒါ ကြောင့် တောဆင်တွေက စားစရာရှားလာပြီး ဒီမှာ နေကြ၊ လုပ်ကြရတဲ့ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ကြရ တာ” လို့ သူက ဆက်ပြောပြတယ်။
ဒီလောက် တောဆင်ရိုင်းတွေ အန္တရာယ်ရှိနေ တဲ့ နေရာမှာ ဘာ့ကြောင့်လာပြီး စိုက်ပျိုး လုပ်ကိုင် ကြရသလဲ ဆိုရင် သူတို့နေတဲ့ ရွာတွေနားက သူတို့ ပိုင်တဲ့ လယ်တွေကို စစ်တပ်က သိမ်းခဲ့တာကြောင့် ဒီမှာလာ စိုက်ကြရတာလို့ သဲဝါရွာက ကိုအင်္ဂလိပ် ကာကာလို့ ခေါ်ကြတဲ့သူက ဆိုပါတယ်။
ဒီနေရာ၊ ဒီဒေသဟာ ဟိုးယခင်ကတည်းက တောဆင်ရိုင်းတွေ ကျက်စားခဲ့တဲ့နေရာ၊ တော တောင်ရေ မြေတွေကလည်း သူတို့ရဲ့စားကျက်၊ လူ တွေကလည်း ရွာတွေက လယ်တွေသိမ်းခံရတော့ ဒီနေရာမှာ လာလုပ်စားကြ၊ ဒီကြားထဲဒေသခံသစ်ခိုး ထုတ်တာက နည်းနည်း၊ ကုမ္ပဏီ စိုက်ခင်းဆိုပြီး အပြောင်ရှင်းစနစ်နဲ့ မြေတွေကိုရှင်း၊ ပြန်စိုက်တဲ့အပင် တွေကလည်း ဘာမှဟုတ်တိပတ်တိ စိုက်တာမဟုတ်တော့ တောတွေလည်း ပြောင်နဲ့ ဆင်ရိုင်းနဲ့လူ အတူ နေရင်း ပြဿနာဖြစ်ကြတာလို့ သူက ဆိုပါတယ်။
“ဒီဒေသခံတွေဆိုတာ အရင်က ယာနည်းနည်း လေးပဲ တနိုင်လုပ်ကိုင်ကြတာ။ ကျနော်တို့ဆိုရင် ရွာက လယ်တွေ အသိမ်းခံလိုက်ရလို့ ဒီမှာလာလုပ် တာ။ ရှင်းရှင်းပြောရရင် သူတို့စားကျက်ကို ကျနော် တို့က လာလုသလို ဖြစ်နေတာ။ နောက်ပြီး ဒီတော၊ ဒီတောင်တွေကို ကုမ္ပဏီတွေက အယောင်ပြစိုက်ခင်း တွေ အများကြီးလုပ်လာတော့ ဆင်တွေမှာ ဘယ်နား သွားနေရမှန်း မသိတော့ဘူး” လို့ သူက ဆက်ဆို တယ်။
ဒီအချိန်က သဗြုရွာပတ်ဝန်းကျင်မှာ ကြံစိုက် ခင်းတွေ ရှိတာကြောင့် ဒီနေရာမှာ ကျက်စားနေပေမယ့် ကြံရာသီကုန်တာနဲ့ အစာရှာလို့ရတဲ့ နေရာကို ထပ်ပြောင်းကြဦးမှာပါ။ ပဲခူးရိုးမထဲက ဒီတကြောမှာ နေထိုင် ကြတဲ့ ဆင်ပေါင်းက ၈၀ ဝန်းကျင်ရှိမယ် လို့ တချို့က ခန့်မှန်းကြပြီး ပဲခူးတိုင်းဒေသကြီး ဘက် အခြမ်းမှာလည်း ဒီကောင်တွေ သွားရောက် ကျက်စားတတ်လေ့ရှိတယ်လို့ ဒေသခံတချို့က ဆိုကြပါတယ်။
“ကျနော်တို့နေတဲ့နေရာက ရန်ကုန်တိုင်းအပိုင်၊ ပဲခူးရိုးမ အနောက်ခြမ်း၊ ဒီရိုးမရဲ့ အရှေ့ဘက်၊ ရန် ကုန်-မန္တလေး အမြန်လမ်းဘက်အခြမ်းက ပဲခူးတိုင်း အပိုင်နယ်မြေ။ တောင်ကြောကို ခွဲတာကလည်း ရေဟိုဘက်ဆင်းတဲ့ ဘက်ကို ပဲခူး၊ ဒီဘက်ဆင်းတာကို ရန်ကုန်ဆိုပြီးခွဲတာ။ ဒါပေမယ့် ဆင်တွေကတော့ ဒီတကြောလုံးကို ရွှေ့ ပြောင်း ကျက်စားတာပဲ။ ကျနော် တို့ဆိုရင် ယာထဲက ဝါးရုံရဲ့ အပေါ်ပိုင်းကို ရှင်းပြီး လင့်စင်လုပ်နေကြရတယ်။ ဒါတောင်မှ ဆင်တကယ် ဝင်ပြီဆိုရင် ဒီလင့်စင်က ခံနိုင်ရည်သိပ်ရှိတာမဟုတ် ဘူး။ ဒါပေမယ့် ဒီဟာမှမလုပ်ရင် ကိုယ့်အနားမှာ လင့်စင်လုပ်စရာ ဘာအပင်ကြီးမှ မရှိတော့ဘူး” လို့ ယာ ခင်းထဲမှာပဲ နေထိုင်လုပ်ကိုင်နေတဲ့ ကိုဇော်က ဆိုပါတယ်။
ကြံစိုက်ခင်းတွေကတော့ တောဆင်ရိုင်းတွေရဲ့ ဘေးကြောင့် ထွန်စက်အကြီးတွေနဲ့ ညဘက်မှာလှည့် လည် မောင်းထုတ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။ သက်ဆိုင်ရာကလည်း ဒီဒေသဟာ တောဆင်ရိုင်းတွေ ကျက်စားတဲ့ နေရာ၊ တောဆင်ရိုင်းကို သတ်ဖြတ် မယ်ဆိုရင် ဥပဒေအရ အရေးယူခံရမယ်၊ တောဆင် ရိုင်းတွေတအား သောင်းကျန်းလာရင်တော့ သူတို့ကို အသိပေးဖို့ ကြေညာစာတွေ ကပ်ထားပါတယ်။
ဒါပေမယ့် တကယ်တမ်း တောရိုင်းဆင်များ လာရောက်လို့ သက်ဆိုင်ရာကို အကြောင်းကြားတဲ့ အခါ ဆင်ရိုင်းတွေကို လာမောင်းဖို့ လွှတ်လိုက်တဲ့ ဆင်နဲ့အဖွဲ့ကို ဧည့်ခံရတာက တောဆင်တွေ စား သောက်လို့ စိုက်ခင်းတွေ ပျက်စီးရတဲ့ တန်ဖိုးထက် ပိုကုန်တာကြောင့် ဒေသခံတွေမှာ အကြောင်းကြားဖို့ကို မလုပ်လိုတော့ ဘူးလို့ ဦးပိုင်ကုမ္ပဏီရဲ့ မြေပေါ်မှာ ကြံစိုက်ထားတဲ့ ကုမ္ပဏီဝန်ထမ်းတွေက ပြောပြ တယ်။
သူတို့ရတဲ့ လခ ကျပ်တသိန်းကျော်ထဲမှာမှ လာမောင်းတဲ့ ဆင်ဦးစီးတွေ၊ လုံခြုံရေးတွေကို ဧည့်ခံရတာက တမျိုး၊ ကုမ္ပဏီဘက်ကလည်း ဒါမျိုးကို အကုန်အကျ မခံပေးတာကြောင့် တောဆင်ရိုင်းတွေ သောင်းကျန်းလည်း ကိုယ့် ကုမ္ပဏီမှာရှိတဲ့ ထွန်စက် တွေနဲ့ပဲ အိပ်ရေးပျက်ခံပြီး သွားမောင်းထုတ်တော့တယ် လို့ ကြံစိုက်ခင်းလုပ်သား ကိုနိုင်ဝင်းက ပြောပြတယ်။
“တခါတလေ ကျနော်တို့ ထွန်စက်နဲ့ လိုက် မောင်းတာတောင်မှ တချို့ဆင်တွေက သိပ်မပြေးချင် ကြဘူး။ ထွန်စက် ၂ စီး၊ ၃ စီးနဲ့ တပြိုင်တည်းမောင်းမှ သွားတာ။ ယာခင်းတွေမှာသုံးတဲ့ ထွန်စက်လေးတွေ လောက် တော့ သူတို့က သိပ်မမှုကြဘူး။ ဗျောက်အိုး အသံတွေဆိုလည်း သူတို့က နားယဉ်နေပြီ။ သိပ်မကြောက် တော့ဘူး” လို့ ကိုနိုင်ဝင်းက ဆိုပါတယ်။
ဒါပေမယ့် ဒေသခံ ရွာသားတွေအများစု တော ဆင်ရိုင်းကို သတ်ဖြတ်ဖို့နေနေသာသာ၊ လူတွေထက်ကို အကျင့် ကောင်းတဲ့ သတ္တဝါအဖြစ် ရှုမြင်ကြပါ တယ်။ တောဆင်ရိုင်းတွေဟာ သူတို့မကောင်းကြောင်း လူတွေက ပြောမယ်ဆိုရင် သိနေတယ်၊ ပြောတဲ့သူ တွေဟာ မကြာခင်မှာပဲ အန္တရာယ် ကျရောက်တတ် တယ်ဆိုတဲ့ အယူအဆလည်း ရှိကြပါတယ်။
ဆင်တကောင်ဟာ တရက်တာရဲ့ အချိန် ၃ ပုံ ၂ ပုံကို အစာစားခြင်းဖြင့် ကုန်ပါတယ်။ ဆင်ဟာ တနာရီလျှင် မိုင် ၂၀ နှုန်း တာတိုပြေးနိုင်ပြီး တည လျှင် ၄ နာရီသာ အိပ်စက်ပါတယ်။ ဆင်ရဲ့ဦးနှောက် ဟာ လူ့ဦးနှောက်ထက် ၃ ဆကြီးမားပြီး နားထင်ပိုင်း ဦးနှောက်အုံ ဖွံ့ဖြိုးမှုကြောင့် မှတ်Óဏ် ကောင်းပါ တယ်။ လူတို့ရဲ့ နားနဲ့မကြားနိုင် တဲ့ Infrasound အမျိုးအစား ၃၀ ခန့်ဖြင့် ဆင်အချင်းချင်း ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။
ဆင်ဟာ အမြင်အာရုံမစူးရှ၊ အမြင်မကျယ်သော် လည်း နေ့ရောညပါ မြင်နိုင်ပါတယ်။ မျက်စိအာရုံ အားနည်း ပေမယ့် အနံ့ခံဖို့ ဦးနှောက်ရဲ့ ၆၀ ရာခိုင် နှုန်းကို အလုပ်ပေးတာကြောင့်အနံ့ခံကောင်းပါတယ်။ ဆင်နှာမောင်း ဟာ အလွန်သန်မာပြီး အရပ်မျက်နှာစုံ ကွေးဆန့်နိုင်ပါတယ်။ အာရုံကျောမျှင် ပေါင်းများစွာ ပါဝင်တာကြောင့် အနံ့ခံရာမှာ အဓိက အသုံးဝင်ပါ တယ်။
ပဲခူးရိုးမကို ဖြတ်ဖောက်ထားတဲ့ ကားလမ်းက လည်း မိုးတွင်းကာလဆိုရင် ရွှံ့ညွှန်တွေနဲ့ ပျက်စီးနေ ပေမယ့် နွေရာသီရောက်တာနဲ့ သစ်ထုတ်၊ ဝါးထုတ်ဖို့ အတွက် ဒီကားလမ်းကိုပဲ အဓိက အားကိုးကြတယ်လို့ ဒေသခံများ က ပြောကြတယ်။
“နှစ်တိုင်းနွေပေါက်တာနဲ့ ဒီလမ်းမှာ ကျွဲလှည်း နဲ့ တမျိုး၊ ကားအစီးလိုက်တဖုံ သစ်တွေ၊ ဝါးတွေ နှစ်တိုင်းထုတ် နေကြတော့ ဆင်ရိုင်းတွေအတွက် ပို အခက်တွေ့ကြတာပေါ့ဗျာ။ ဒေသခံတွေ ထုတ်တယ်ဆိုတာ နည်းနည်း၊ အပြင်က စီးပွားရေးသမားတွေ ထုတ်တာကမှ ပိုဆိုးတာ။ လမ်းကြောင်းရှင်းပြီးပြီ ဆိုတာ သူတို့ရဲ့ လက်သုံး စကားပဲ” လို့ ကိုလှစိုးက ဆိုပါတယ်။
သစ်တောရယ်လို့ ရှိနေသေးတဲ့ တိုက်ကြီး မြို့ နယ် အပိုင်ထဲက မြိုင်ဟေဝန်ဆင်စခန်းမှာတောင် လက်ရှိ ဆင်ဝိုင်းထဲမှာ ရှိနေတဲ့ ဆင်တွေနဲ့ ရှိနေတဲ့ စောစားကျက်တောင် သိပ်မလောက်တော့ဘူးလို့ ဆင်စခန်းက တောအုပ်တဦးက မှတ်ချက်ပြုခဲ့ဖူးပါ တယ်။
“မြိုင်ဟေဝန် ဆင်စခန်းမှာ အရင်က ဆင် အကောင်ရေ ၁၃ ကောင်ပဲရှိခဲ့တာ။ အခုတော့ အကောင် ရေ ၂၀ ကျော်ရှိတော့ ဆင်စားကျက်တောင် မလောက်တော့ဘူး။ ဆင်စခန်းရဲ့ အောက်ဘက်မှာလည်း စီမံကိန်းစိုက်ခင်း ဆိုပြီး လာလုပ်တာမှာ ဆင်တွေအတွက် တကယ်အစာဖြစ်စေမယ့် အပင် တွေ မဟုတ်တော့ ကိုယ့်စခန်းက ဆင်တွေအတွက် တောင် ခက်နေပြီ။ ဒီတော၊ ဒီတောင်မှာ မှီခိုနေကြ တဲ့ တောဆင်ရိုင်းတွေအတွက် စားကျက် မလောက်တာ ပြောစရာကိုမလိုတော့ဘူး” လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။
ဒီနေရာတခုတည်းမှာ လူနဲ့ဆင် ပဋိပက္ခ ဖြစ် ပျက်ခဲ့တာတွေ မဟုတ်ပါဘူး။ အနောက်ရိုးမဖြစ်တဲ့ ရခိုင်ရိုးမထဲက ဘူးသီးတောင် မြို့နယ်နဲ့မောင်တော မြို့နယ်တို့ကြားရှိ မေယုတောင်တန်းပေါ်က ကျေးရွာ တွေမှာလည်း တော ဆင်ရိုင်းတွေနဲ့ လူတွေဟာ ပဋိပက္ခ ဖြစ်နေကြရပါတယ်။
အဲဒီနေရာမှာ ရှိနေတဲ့ သစ်တောပမာဏနဲ့ တောဆင်ရိုင်းအရေအတွက်က မမျှတတာတဲ့အပြင် လူနေရွာတွေ များစွာကလည်း ဒီတော၊ ဒီတောင်ကိုပဲ အမှီပြု လုပ်ကိုင်နေကြရတာကြောင့် ဆင်နဲ့လူ ရော ြွပမ်းကာ လူသေဆုံး မှုတွေလည်း မကြာခဏ ဖြစ် တတ်တယ်လို့ မြိုင်ဟေဝန်ဆင်စခန်းက တောအုပ် ကြီးက သူတွေ့ကြုံဖူးသမျှကို ပြန်ပြောပြတယ်။
“အဲဒီနေရာက မီဒီယာ အရောက်အပေါက်နည်း လို့ သတင်းတွေ မထွက်တာ။ လူနဲ့ဆင် ပဋိပက္ခဖြစ် တာ ဒီ့ထက် ပိုများနိုင်တယ်။ နံနက် ၉ နာရီမထိုးခင်နဲ့ ညနေ ၃ နာရီနောက်ပိုင်းဆို တောထဲကို လူတွေ မသွားရဲ တော့ဘူး။ ဆင်တွေကလည်း လူတွေရှိနိုင် မယ့် နေလယ်ခင်းမျိုးဆိုရင် တောလမ်းတွေဘက်ကို မထွက်လာ ပါဘူး။ သူ့စည်း၊ ကိုယ့်စည်းလို ဖြစ်နေတာ” လို့ သူက ဆိုပါတယ်။
ရိုးမကို ဖြတ်ဖောက်ထားတဲ့ လမ်းတလျှောက် လမ်းလျှောက်ကြည့်တဲ့အခါ ညဘက်မှာ တောရိုင်း ဆင်တွေ စားခဲ့ကြတဲ့ အစားအစာ အြွကင်းအကျန် တွေ၊ ဆင်ခြေရာတွေ၊ ဆင်တွေ ရေချိုးထားတဲ့ အိုင်တွေ ကို အများ အပြား တွေ့မြင်ရပါတယ်။
ယာကွင်းတွေကလည်း တကွင်းနဲ့ တကွင်း အလှမ်း ဝေးတာကြောင့် လူနေတဲတွေကလည်း တနေရာ အကူညီ လိုရင် နောက်တနေရာက ကူညီပေးဖို့ ခက်ခဲလှပါတယ်။
“အဲဒါကြောင့် ကျနော့်စိတ်ကူးက ဒီသဗြုရွာ လေးမှာပဲ အကုန်လုံး စုနေစေချင်တာ။ ကွင်းတွေ ထဲကလူတွေကို လည်း ပြောထားတယ်။ ဒီနှစ် မိုးကုန် ရင် ကျနော်တို့ဆီမှာ လာစုနေကြ။ ကိုယ့်ယာနဲ့လည်း အလှမ်းဝေးလှတာမှ မဟုတ်တာ။ လူများတဲ့အခါ ဆင်အန္တရာယ်လည်း စုပေါင်းကာကွယ်လို့ ရတာ ပေါ့။ နောက်တခုက ကျနော်တို့ ရွာနေရာကို အသိမ်း ခံထားရတော့ ပြန်အသိအမှတ်ပြုဖို့၊ သက်ဆိုင်ရာ မှာ ပြန်အသိအမှတ်ပြုဖို့ လုပ်ချင်တယ်” လို့ ကိုပုက ဆိုပါတယ်။