၂၀၁၄ ဇူလိုင် ၂၅ ရက် မြန်မာ့အလင်း သတင်းစာမှာ မြန်မာ့ဆက်သွယ်ရေးက ဆင်းကဒ်များ၊ လိုသလောက် ရောင်းမည် ဆိုတဲ့သတင်း ဖတ်လိုက်ရပါတယ်။ အဲဒီ သတင်းထဲမှာ၂၀၁၃ ခုနှစ် ဧပြီကနေ ၂၀၁၄ ဇွန်လအထိ CDMA – 800MHz ဆင်းကဒ်၂၉၉၀၀၀၊ GSM ၁၇၄၉၇၀၀ ၊ WCDMA ၇၁၀၃၀၀ ရောင်းချခဲ့ပြီးကြောင်း ရေးထားပါတယ်။ ဆင်းကဒ် စုစုပေါင်း ၂.၇၅၉သန်း ရောင်းချခဲ့ပါတယ်။
ဒါက၂၀၁၃-၂၀၁၄ တနှစ်တာ ကာလဖြစ်ပြီး မြန့်မာ့ ဆက်သွယ်ရေးက ရောင်းချထားတဲ့ မိုလ်ဘိုင်းဖုန်း ဆင်းကဒ် စုစုပေါင်းက ၉.၂၅ သန်းရှိပါတယ်။
အဲဒီမှာ ကျနော် အတွေးတခု ဝင်လာပြီး ဆင်းကဒ်တခုကို ဖုန်းတလုံးနှုန်းနဲ့ ဝယ်ကြပါလိမ့်မယ်။ ဖုန်းတလုံးက တသိန်း ကနေ ငါးသိန်းနှုန်းနဲ့ အကြမ်းဖျင်းတွက်ပြီး ဖုန်းတလုံး နှစ်သိန်းနှုန်း ပျမ်းမျှထားကြည့်ပါတယ်။ ၉.၂၅ သန်းကို ၂ သိန်း နှုန်းနဲ့ မြှောက်ရင် ၁၈.၅ သန်းဖိုးလောက် ဖုန်းအတွက် သုံးလိုက်ကြတယ်လို့ တွက်မိပါ တယ်။
မြန်မာနိုင်ငံ လူဦးရေနဲ့ အကြမ်းဖျင်း အချိုးချကြည့်ရင် လူဦးရေ သန်း ၆၀ မှာ ဖုန်းသုံးစွဲသူ ၉.၂၅သန်း ဆိုတာ နည်းသေးတယ် လို့ ပြောတဲ့သူတွေ ပြောကြမှာပါ။ ဒါပေမယ့် အဲဒီငွေတွေဟာ နိုင်ငံခြားကို ထွက်သွားတာ ဖြစ်ပြီး၊ ကိုယ့်နိုင်ငံက ဘယ်လို ပစ္စည်းမျိုးတွေ ရောင်းချလိုက်ရသလဲ၊ ဘယ်လောက် အဖိုးတန်တဲ့ ပစ္စည်းတွေ ပါသွားသလဲ တွေးမိနေတာပါ။
ဖုန်းမပေးခင်တုံးကလည်း တမျိုး၊ ဖုန်းပေးပြန်တော့လည်း တမျိုးလို့တော့ မပြောပါနဲ့ဗျာ၊ ကျနော့် စိတ်ထဲ တွေးမိနေတာ ရေးပြတာပါ။
ကုမရတဲ့ဟန်းဖုန်းရောဂါ
အဲဒီမှာ ထပ်ပြီး တွေးနေမိတာက ကျနော်တို့ဆီက မိဘတွေ ထပ်ပြီး ခေါင်းကိုက်စရာ တခု တိုးလာပြီပေါ့။ သူများတွေ ဖုန်းဆိုတော့ သားတွေသမီးတွေ ပူဆာရင်၊ သူများနဲ့ တူတူတန်တန်လေး ဖြစ်အောင် ဆိုပြီး ရှိစုမဲ့စုနဲ့ဖုန်း ဝယ်ပေးကြ ရမယ်။ ဝန်ထမ်းတွေ ကြားထဲမှာ၊ အလုပ်သမားတွေ ကြားထဲမှာလည်း ဖုန်းလေးတလုံးတော့ ရှိမှ ဖြစ်မယ်ဆိုပြီး ဝယ်ကြ သုံးကြဖြစ်နေ ကြပါတယ်။
ကမ္ဘာ့စီးပွားရေးနဲ့ နည်းပညာတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပြီး တားဆီးလို့ မရနိုင် ကောင်းတဲ့ အခြေအနေ ဖြစ်နေ ပါတယ်။ လူတိုင်းကတော့ iPhone6 ထွက်ရင် iPhone6 လေး ကိုင်ချင်ကြတာပါ။ ဒါလည်း မသုံးရ၊ မဝယ်ရလို့ တားဆီးလို့ မရနိုင်ပါ။ တားမရတဲ့ အတူတူ အကျိုးရှိရှိ သုံးစေချင်ပါတယ်။
တယ်လီဖုန်းတွေ၊ အထူးသဖြင့် စမတ်ဖုန်းတွေဟာ ကွန်ပျူတာ အသေးစားလေးတွေ ဖြစ်နေပါပြီ။
စမတ်ဖုန်းတွေ ဆိုရင် အင်တာနက်သုံးတာ၊ သီချင်း ဗီဒီယို ဖွင့်ကြည့်တာ၊ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ၊ ဆိုရှယ်ကွန်ရက်သုံးတာ အကုန် သုံးနိုင်နေပါပြီ။ တယ်လီဖုန်းဆိုတာ ဖုန်းပြောရုံ သီးသန့်သုံးတဲ့ ပစ္စည်း မဟုတ်တော့ပါဘူး။ ဖုန်းသုံးတဲ့သူတွေ တော်တော်များများ မေးကြည့်မိပါတယ်။ အင်တာနက်သုံးတယ်၊ ဖေ့စ်ဘုတ်သုံးတယ်၊ message တွေပို့တယ်၊ သီချင်း နားထောင်တယ်၊ ဗီဒီယိုအပိုင်းလေးတွေ ကြည့်တယ်၊ ဒီလောက်ပါပဲ။ ဒါတောင် အင်တာနက်မသုံးတဲ့သူတွေ မသုံးကြပါဘူး။
အင်တာနက်သုံးပါ
စမတ်ဖုန်း မသုံးချင်လို့ ဝယ်မသုံးတဲ့သူတွေ၊ မတတ်နိုင်လို့ မဝယ်နိုင်တဲ့သူတွေကို မပြောလိုပေမယ့် စမတ်ဖုန်း သုံးထားပြီး ဖြစ်ရင်တော့ အင်တာနက်ချိတ် သုံးသင့်ပါတယ်။ ဖေ့စ်ဘုတ်၊ မက်ဆေ့ချ်၊ အီးမေးလ်၊ ချတ်တင် ကျွမ်းကျင်အောင်သုံး သင့်ပါတယ်။ တချိန်လုံး ချတ်တင်လုပ်နေ၊ အင်တာနက် သုံးနေတာမျိုး၊ အလွန်အကျွံ မဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်။ အတတ်ကောင်းတွေ သင်ပေးနေပြန်ပြီလို့ မယူဆပါနဲ့။
နိုင်ငံခြားမှာ ဝန်ထမ်းတွေ ဟိုဘက်ထိုင်ခုံကနေ ဒီဘက်ထိုင်ခုံ အီးမေးလ်သုံးပြီး အလုပ်ကိစ္စ အကြောင်း ပို့ပါတယ်။ ခွင့်တိုင်တာ၊ နောက်ကျတာ၊ ချိန်းဆိုတာ မျိုးတွေ အီးမေးလ်တွေ၊ message တွေသုံးပို့ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မှတ်တမ်းမှတ်ရာ ရှိနေအောင်ဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ်က ဘာ အကြောင်းအရာ အီးမေးလ်ပို့ထားတယ် ဆိုတာ မှတ်တမ်း မှတ်ထားပြီး ဖြစ်နေပါပြီ။ ဘာမှ ငြင်းချက်ထုတ်စရာ၊ အငြင်းပွားစရာ မရှိတော့ပါ။
မြန်မာနိုင်ငံက စင်ကာပူများကွန်ရက် အင်ဂျင်နီယာတွေ အနေနဲ့ အလုပ်လုပ်ကြတဲ့သူတွေ အများကြီးပါ။ သူတို့ ပထမဦးဆုံး ရင်ဆိုင်ရတာ ကွန်ရက်ပြဿနာထက်ကို ကိုယ်သွားရောက် ပြင်ဆင်လုပ်ဆောင်ပေးရမယ့် ရုံးတွေ လိပ်စာတွေကို ဖုန်း၊ အီးမေးလ် ကနေတဆင့် သူဌေးက ပို့လိုက်ပါတယ်။
မနက်ကျရင် ကိုယ့်လမ်းကြောင်း ကိုယ်ဆွဲ၊ ကိုယ့် အစီအစဉ်နဲ့ ကိုယ်လုပ်၊ Google map ရှာရ၊ ကိုယ်ပြင် ဆင်ရမယ် ရုံးက ကွန်ပျူတာကိုင်တဲ့ ဝန်ထမ်းတွေနဲ့ text message တွေ၊ အီးမေးလ်တွေ အပြန်အလှန် ပို့ရနဲ့ ကွန်ရက်ပြဿနာ တွေ ဖြေရှင်းဖို့ထက် အဲဒီပြဿနာတွေက အရင်ဆုံး ရင်ဆိုင်တွေ့ရမှာဖြစ်လို့ ကွန်ပျူတာ တင်သာမက ဖုန်းတွေကိုပါ ကျွမ်းကျင်ပြီး ဖြစ်နေဖို့လိုပါတယ်။ အရေးအကြောင်းကျမှ တောင်တလုံး မြောက်တလုံး မဖြစ်အောင် ကြိုတင်လေ့ကျင့် ထားရပါမယ်။
လိုအပ်တဲ့ ဆောဖ့်ဝဲ (App) တွေ တင်ထားပါ
Andriod အတွက် App တွေ၊ iOS အတွက် App တွေ သန်းနဲ့ချီ ရှိနေပါတယ်။ မြန်မာစာနဲ့ ပတ်သက်ရင် စာလုံးပေါင်း သတ်ပုံကျမ်း၊ စွယ်စုံကျမ်း အီးဘွတ်တွေ၊ သစ်တွက်တာ၊ အင်ဂျင်နီယာတွေ အတွက် တွက်ချက်တာ၊ အဘိဓာန်တွေ၊ စွယ်စုံကျမ်းတွေ၊ သိပ္ပံနည်းပညာဆိုင်ရာ ဂဏန်းတွက်စက်တွေ စတဲ့ App တွေ အများကြီး ရှိနေပါတယ်။ အဆင်ပြေ တာကို ရှာပြီး လိုအပ်သလို သုံးနိုင်ပါတယ်။
အင်တာနက်က ဒီလောက်နှေးနေတာ ဆိုရင်တော့ ရေတဝက်ပဲ ရှိတဲ့ ဖန်ခွက်ကို ရေတဝက်ပဲ ရှိတာလား၊ ပိုမြင်တာနဲ့ ရေတဝက်တောင် ရှိနေပါလား ဆိုတဲ့ အမြင်ကို ပြန်ပြောရပါမယ်။ အင်တာနက်သုံးရတာ အဆင်မပြေပါဘူး။ ဒါအမှန် ပါ။ ဒါပေမယ့် နေ့ဘက်သုံးရတာ အဆင် မပြေရင် ညဘက်သုံးလို့ ရပါတယ်။ ဖုန်းနဲ့ အဆင်မပြေရင် အင်တာနက်ဆိုင် ခဏသွားထိုင် သုံးလို့ရပါတယ်။
စတီရီယိုသံတောင်မှ မထွက်တဲ့ မိုနိုကက်ဆက်ကို အကောင်းလုပ် သုံးခဲ့ရပါတယ်။ သယ်လို့ရတဲ့ ဝေါ့မင်း ကက်ဆက် တိတ်ခွေ ဖွင့်စက်ကို မြင်ပဲမြင်ဖူးပါတယ်။ တီဗီကြည့်ချင်ရင် သူများအိမ်မှာ သွားကြည့်ခဲ့ရပါတယ်။ အဆင်ပြေ – မပြေ တွေ ပြောမနေဘဲ၊ အင်တာနက်မသုံးဘဲ offline သုံးနိုင်တဲ့ App တွေ ရွေးသုံးနိုင်ပါတယ်။
Tech Calc
စမတ်ဖုန်း တလုံးရှိရင် သင်ထွက်ချင်တာတွေ အားလုံး တွက်ချက်နိုင်တဲ့ App တွေ ရှိနေပါတယ်။ ပရိုဂရမ်မာတွေ အတွက် ၁၆ လီစိတ် ၊ ၈ လီစိတ်၊ ၂ လီစိတ် (Hex ၊ Oct ၊ Bin) ဒဿမကိန်း၊ ကဲကုလ (Calculus) ၊ ဓါတုဗေဒမှာ သုံးတဲ့ Periodic Table စတာတွေ အားလုံးသုံးနိုင်တဲ့ App တွေရှိနေပါတယ်။ သီးခြား Scientific Calculator ဝယ်သုံးစရာ မလိုတော့ပါဘူး။
Remote Desktop
ကွန်ရက်သမားတွေ၊ ကွန်ပျူတာ ပြုပြင်ထိမ်းသိမ်းတဲ့ သူတွေဟာ ကွန်ပျူတာ အင်တာနက်သုံးပြီး၊ အဝေးက လှမ်း ပြုပြင် ထိမ်းသိမ်းတာမျိုး လုပ်လေ့ရှိပါတယ်။ အခု Android Smart phone တွေနဲ့ Tablet တွေသုံးပြီး၊ အဝေးက လှမ်းထိမ်းလို့ ရတဲ့ App တွေပါ။ အရင်သုံးနေကျ Team-Viewer ကလည်း Android အတွက် ရေးထားပြီး၊ မိုက်ခရိုဆော့ဖ်က Microsoft Remote Desktop ဆိုပြီး၊ App တွေ ရေးပေးထားပေးပါတယ်။ ဒါကတော့ ကွန်ပျူတာ သမားတွေ အတွက်ဖြစ်လို့ သုံးနေပြီး၊ သိနေပြီး ဖြစ်ပါလိမ့်မယ်။
Smart TV Remote
အဲဒီ App က ဒေါင်းလုတ် လုပ်တဲ့ အကြိမ်ရေ ၁၀ သန်း ကျော် ရှိနေတဲ့ ရေပန်းအစားဆုံး App တခု ဖြစ်ပါတယ်။ ဆမ်ဆောင်းက တရားဝင် ရေးသားဖြန်ချိ ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆမ်ဆောင်း တီဗွီစီးရီးတွေ ဖြစ်တဲ့ B ၊ C ၊ D ၊ E နဲ့ F စီးရီး တီဗွီတွေမှာ သုံးနိုင်ပါတယ်။ သိပ် မကြာခင်သေးခင်က ထုတ် ထားတဲ့ H စီးရီးကိုတော့ လက်ရှိ အချိန်မှာ သုံးလို့ မရသေးပါဘူး။ အခု Smart TV Remote က ဆမ်ဆောင်း ရဲ့ တီဗွီတွေမှာပဲ သုံးလို့ရတာ ဖြစ်ပေမယ့် တခြား App တွေက တခြား တီဗွီတွေမှာ သုံးလို့ရနိုင်တာတွေ ရှိနေပါတယ်။
Carpenter Calculator
လက်သမား၊ ပန်းရံ၊ မြို့ပြ အင်ဂျင်နီယာတွေ အတွက် ပစ္စည်းကုန်ကျတဲ့ အရေ အတွက် သစ်၊ သံ၊ ဘိလပ်မြေ၊ အုတ်၊ ဆီဆေး၊ ရေဆေး စတာတွေ တွက်ချက်ဖို့၊ ဧရိယာမျက်နှာပြင် ဘယ်လောက်လဲ၊ ထုထည် ဘယ်လောက်လဲ၊ အခုံးတွေ၊ အခွက်တွေ၊ အရိုးတွေ၊ အသားတွေ အလွယ်တကူ တွက်ချက်ဖို့ App တွေ ရှိနေပါတယ်။ အင်တာနက်ထဲမှာ တိုက်ရိုက် ရှာ ကြည့်ပြီး၊ တွက်ချက်ပေးနိုင်တဲ့ ဝက်ဘ်ဆိုက်တွေလည်း ရှိနေပေမယ့် အခု App လေးတွေ install လုပ်ထားခဲ့ရင် တော့ အင်တာနက် ချိတ်စရာ မလိုဘဲ သုံးနိုင်ပါတယ်။
သူတို့တွက်ချက်တာတွေဟာ မြန်မာက စံချိန်စံညွှန်းနဲ့ မကိုက် ညီတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့်၊ အနီးစပ်ဆုံး တွက်ချက်ပေးနိုင်ပြီး၊ သွားရင်းလာရင်း ဖုန်းထဲမှာတင် ကောက်တွက် လို့ ရတာ အဆင်ပြေလို့ ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ပြင်ဆင်တဲ့ လုပ်ငန်းလုပ်သူတွေ မဖြစ်မနေ သုံးသင့်တဲ့ App တွေ ဖြစ်ပါတယ်။
သွေးပေါင်ချိန်တိုင်းဖို့
သင့်အနေနဲ့ Blood Presure Diary App လို့သုံးပြီး သွေးပေါင်ချိန် တိုင်းလို့ရတဲ့ အချက်အလက်တွေကို ဖုန်းရဲ့ ဆော့ဖ်ဝဲထဲမှာ bluetooth သွေးပေါင်ချိန်တိုင်းစက်ကို တွဲသုံးပြီး၊ သွေးပေါင်ချိန် မှတ်တမ်း မှတ်ထားနိုင်ပါတယ်။ သင့် မှတ်တမ်းကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသဖြင့် အချက်အလက်တွေကို စစ်ဆေး၊ စီစစ် ကြည့်နိုင်ပါတယ်။ တခြား ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ App တွေလည်း အများကြီး ရှိနေပါတယ်။
အားကစားလေ့ကျင့်ဖို့
ဝိတ်လျော့ဖို့၊ အားကစား လေ့ကျင့်ဖို့၊ မာရသွန် လေ့ကျင့်ဖို့၊ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်ဖို့ App တွေ စမ်းသုံးဖို့ မလွယ်လောက်အောင် များနေပါတယ်။ အရပ်၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ် အရွယ်အစားကို တွက်ချက်ပေးတဲ့ BMI, BMR စတဲ့ ပရိုဂရမ်တွေ၊ ကယ်လိုရီ တွက်ချက်ပေးတဲ့ ပရိုဂရမ်တွေ App တွေ ရှိပါတယ်။ အဲဒီမှာမှ ကမ္ဘာကျော် အားကစား ပစ္စည်းရောင်းချတဲ့ Nike, Adidas စတာတွေက ရေးထားတဲ့ App တွေ ရှိနေနိုင်ပါတယ်။ မန်ယူနည်းပြကြီး တောင်မှ တက်ဘလက်လေး တကိုင်ကိုင်နဲ့ ဘာ App တွေသုံးပြီး ဘာတွေမှတ်နေလဲတော့ မသိပါ။
Microsoft Office APP
ကွန်ပျူတာနဲ့ ဆက်စပ်သုံးချင်တဲ့ သူတွေအတွက် မိုက်ခရိုဆောဖ့်ရဲ့ အော့ဖစ် (Word, Excel,Power point ) စတဲ့ ဖိုင်တွေနဲ့ ဆက်စပ်သုံးနိုင်တဲ့ ပရိုဂရမ်တွေ၊ App တွေ ရှိပါတယ်။ ပီစီတွေ သုံးပြီး စာစီစာရိုက်တာ၊ စာရင်းဇယား တွက်ချက်တာ မျိုးလောက်တော့ မလွယ်ပေမယ့် အရေးပေါ် ဖွင့်ကြည့်တာ၊ ခရီးသွားလာရင်း၊ အင်တာနက်က ဖိုင်တွေကို ဖတ်ဖို့ သုံးနိုင်ပါတယ်။ အလားတူပဲ Photo-shop လိုဖိုင်တွေ သုံးဖို့လည်း App တွေ ရှိနေပါတယ်။
Build-in Features
စမတ်ဖုန်းတွေမှာ ပါပြီးသား လုပ်ဆောင်ချက်တွေကလည်း တကိုယ်ရည်သုံးဖို့ အတွက် လုပ်ဆောက်ချက်တွေ အတွက် နိုးစက်နာရီ၊ မှတ်စုတို၊ စာရင်းတွက်ဖို့၊ အသံဖမ်းဖို့၊ စတာတွေ အပြင် သတိပေးဖို့ စာရွက်လေးတွေပေါ် ရေးပြီး မမေ့အောင် ကပ်သုံးရတဲ့ PostIt ကလည်း ဒစ်ဂျစ်တယ် ဗားရှင်းအနေနဲ့ ရေးသားပေးပါတယ်။ ၃ း ၀၀ နာရီမှာ အစည်းအဝေး၊ ၇ း ၀၀ မှာ ညစာစားပွဲ စသဖြင့် မှတ်ပြီး သိမ်းနိုင်သလို သက်ဆိုင်တဲ့ မှတ်စုတွေကိုပါ အုပ်စုလိုက် တွဲထား နိုင်ပါတယ်။
အခု ရေးထားတာတွေက ကျနော် စိတ်ဝင်စားတာလေးတွေ သုံးနေတာလေးတွေထဲက နမူနာပဲ ရှိပါသေးတယ်။ Apple Phone တွေ အတွက်ဆိုရင် သီးခြား App တွေ ရှိနေပြီး၊ အခုရေးထားတာက Andriod Phone တွေ အတွက် ဖြစ်ပါ တယ်။ ဝက်ဘ်လိပ်စာတွေ မှတ်သားစရာမလိုပဲ Google App Store ထဲမှာ ရှာရင်ကို အများကြီး ရှိနေပါတယ်။ အဲဒီထဲ ကမှ အဆင့်သတ်မှတ်ချက် ကြယ်ပွင့်လေးတွေ ကြည့်ပြီး ရွေးနိုင်ပါတယ်။ သင့်အနေနဲ့ အသုံးတည့်မယ့် APP ဟုတ် မဟုတ်ကတော့ အချိန်ပေးပြီး စမ်းသပ်သုံးဖို့ လိုပါလိမ့်မယ်။ စမတ်ဖုန်းနဲ့ အင်တာနက်သာရှိရင် သင်လုပ်ချင်တာ လုပ်လို့ ရပြီပြောရင် မလွန်ပါဘူး။
သင့်ဆီမှာ စမတ်ဖုန်းတလုံး ရှိနေပြီ ဆိုပါစို့၊ အဲဒီဖုန်းကို သင်ဘယ်လောက်အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့်ဘာသာသင် ဆုံးဖြတ်ပါတော့။ ။