Environment

ဘေးထွက် ဆိုးကျိုးများတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်မယ် ဆိုရင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်စွမ်းအင်ဟာ လူနေမှုဘဝတွေ အတွက် မရှိမဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သဘာဝ ဓာတ်ငွေ့သိုက်တွေ အမြောက်အမြားရှိတဲ့ ကျမတို့နိုင်ငံမှာ စွမ်းအင် လိုအပ်ချက်က ပိုကြီးမားလာ နေသလို လျှပ်စစ်မီး မရသေးတဲ့ ဒေသတွေ နိုင်ငံအနှံ့အပြားမှာ ရှိနေပါတယ်။

တဖက်ကလည်း ကျောက်မီးသွေး အသုံးပြု ထုတ်လုပ်မယ့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို ကန့်ကွက်သံတွေလည်း ထွက်ပေါ်လာနေပါတယ်။

ပကတိ အခြေအနေကို ပြန်ကြည့်မယ် ဆိုရင် ရေအားလျှပ်စစ်ကနေ လျှပ်စစ်စွမ်းအားကို အများဆုံး ဖြန့်ဖြူး ပေးနေတာ ပါ။ ဒါပေမယ့် နိုင်ငံဦးရေရဲ့ ၂၉ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရနိုင်သေးတဲ့ အနေအထား ဖြစ်နေပါတယ်။

သွေး (စစ်ကိုင်း) သည် ကဗျာ၊ ဝတ္ထုတို၊ ပန်းချီ ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည့် ရန်ကုန် အခြေစိုက် စာရေးဆရာမ တဦးဖြစ်သည်။

“လောပိတ” ရေအားလျှပ်စစ် စက်ရုံရှိတဲ့ ကယားပြည်နယ်မှာတောင် လျှပ်စစ်မီး မရသေးတဲ့ မြို့နယ်တွေ ရှိနေ ပါသေးတယ်။ အလားတူ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာလည်း လျှပ်စစ်ကို ဈေးကြီးပေး သုံးစွဲနေရဆဲပါ။

မြန်မာနိုင်ငံကနေ ပြည်ပကို ရောင်းလိုက်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို သုံးပြီး မီးထိန်ထိန်လင်းနေတဲ့ နိုင်ငံတွေ ရှိပေမယ့် ပြည်တွင်းမှာတော့ ဖယောင်းတိုင်ကိုပဲ အားကိုးနေရတာဟာ လုံးဝ မဖြစ်သင့်ပါဘူး။

အခုလက်ရှိ ထုတ်လုပ် နေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏဟာ တကယ် ရှိနေတဲ့ ပမာဏထက် ဆယ်ပုံတပုံပဲ ရှိသေးတယ်လို့ လုပ်ပိုင်ခွင့် ရထားတဲ့ ကုမ္ပဏီတခုရဲ့ မန်နေဂျာက ဆိုပါတယ်။ သဘာဝဓာတ်ငွေ့ ပြည်ပကို ရောင်းချရာကနေ တနှစ်မှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ အထိ ရနေပါတယ်။

ဒီလို သဘာဝ ဓာတ်ငွေ့ ပေါများတဲ့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ စီစဉ်နေတာ မှန်ကန်ရဲ့လား ဆိုတာ ကျမတို့ စဉ်းစားကြည့်ရအောင်ပါ။

သိရသလောက် မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်ကျေးရွာ၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင်ခုံ ကျေးရွာ၊ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတို့ ပါဝင်ပါတယ်။

ရေးမြို့နယ် အင်ဒင် ကျေးရွာမှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှပ်နှံပြီး ၁၂၈၀ မဂ္ဂါဝပ် လျှပ်စစ်ကို ထိုင်းအခြေစိုက် Toyo-Thai Corporation Public Company Limited က ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။

ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာမှာတော့ “ကောင်းမြတ်သောမြေ” ကုမ္ပဏီကနေ မဂ္ဂါဝပ် ၃၂၇၀ ရှိတဲ့ လျှပ်စစ် စွမ်းအား ထုတ်လုပ်ဖို့ စီမံကိန်း စတင်ချင်တာပါ။

ငပုတောမြို့နယ် ငရုတ်ကောင်း ဒေသမှာတော့ A1 ကုမ္ပဏီနဲ့ Japan Consortium Group ကုမ္ပဏီတို့ကနေ အကောင်အထည် ဖော်ဖို့ ကြိုးစားနေတာပါ။ ငရုတ်ကောင်း ဒေသဟာ စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံသွားမယ်လို့ ဆိုပါတယ်။

A1 ကုမ္ပဏီက မြန်မာကုမ္ပဏီဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တွေကနေ ချေးငွေတွေ ရယူတည်ဆောက်မယ်လို့ သိရ ပါတယ်။

နိုင်ငံမှာ အမှန်တကယ် လိုအပ်နေတာက Clean Energy လို့ခေါ်တဲ့ သန့်ရှင်းတဲ့ စွမ်းအင်ပါ။

ကမ္ဘာ့ဘဏ်ကနေလည်း သန့်ရှင်းတဲ့ စွမ်းအင် အတွက် နည်းပညာနဲ့ ငွေကြေး ပံ့ပိုးပေးသွားမယ် လို့ ကတိပြု ထားပါတယ်။

နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင် ထုတ်လုပ်တာ၊ အမှိုက်ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တာတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ စွမ်းအင် ထုတ်လုပ်မှု တွေပါ။

ဒါပေမယ့် ကျောက်မီးသွေး လျှပ်စစ်စွမ်းအား စက်ရုံတွေဟာ ဘေးထွက်ဆိုးကျိုး အရမ်းများ တာမို့ ကန့်ကွက်သံတွေ ထွက်ပေါ်လာရတယ် ဆိုရင် မမှားပါဘူး။

စီမံကိန်းတခု လုပ်ဆောင်တော့မယ် ဆိုရင် EIA လို့ခေါ်တဲ့ Environmental Impact Assessment (သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ)၊ SIA  လို့ခေါ်တဲ့ Social Impact Assessment (လူမှုဘဝ ထိခိုက်နိုင်ခြေ)၊ HIA လို့ ခေါ်တဲ့ Health Impact Assessment (ကျန်းမာရေး ထိခိုက်နိုင်ခြေ) တွေကို မဖြစ်မနေ ထည့်သွင်းစဉ်း စားရမှာ ဖြစ်ပါ တယ်။
ဒါ့အပြင် စီမံကန်းနဲ့ ပတ်သက်ပြီး ဒေသခံ လူထုကို ပွင့်ပွင့်လင်းလင်း ချပြရမှာဖြစ်သလို ဒေသ ခံတွေ သဘောတူမှ အကောင်အထည် ဖော်ရမှာပါ။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေပြည်သာနဲ့ အေးရိပ်ငြိမ် ရပ်ကွက်ကြားက ၈ မဂ္ဂါဝပ်ထုတ်လုပ် နိုင်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံက ထွက်တဲ့ မီးခိုးငွေ့တွေ၊ ပြာမှုန့်တွေကြောင့် အနီးဝန်းကျင်က ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် စီမံကိန်းလုပ်ဖို့ လျာထားတဲ့ နေရာတွေကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ဆောက်လုပ်ခဲ့မယ် ဆိုရင် ကျန်းမာရေး ထိခိုက်မှု ရှိမှာ မလွဲပါဘူး။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံ ကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေကို ပြောပြရရင် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်တွေ့ (CO2 )၊ ဆာလ် ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (SO2)၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ (NO2)၊ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ (CO)၊ လေလွင့် အမှုန်များ၊ ဟိုက်ဒရိုကာဗွန် (V.O.C)၊ ပြဒါး (Mercury, Hg)၊ ခဲ (Lead, Pb)၊ ကက်ဒမီယမ် (Cadimium)၊ မီးခိုးခေါင်းတိုင်ပြာ၊ မီးဖိုပြာ၊ ယူရေနီယံ အနည်းငယ်တို့ ဖြစ်ပါတယ်။

ကလေးဝ ကျောက်မီးသွေးတွင်းထဲက ထွက်တဲ့ ကျောက်မီးသွေးဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အရ တတိယ အဆင့်ပဲ ရှိပါတယ်။ ဒါကြောင့် နိုင်ငံတွင်းကထွက်တဲ့ ကျောက်မီးသွေးကိုသုံးပြီး လျှပ်စစ် ထုတ်ရင် စွမ်းအင် ထင်သလောက် မရနိုင်ဘဲ စွန့်ပစ် ပစ္စည်းတွေပဲ ပိုများလာနိုင်တယ် လို့ သိရပါတယ်။

ဆက်ပြီး ကျောက်မီးသွေး လောင်ကျွမ်းရာက ထွက်တဲ့ ဓာတ်ငွေ့တွေရဲ့ ဆိုးကျိုးကို လေ့လာကြည့်ရအောင် ပါ။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ရှူရှိုက်ရရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်သလို သွေးလှည့်ပတ်မှု လုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင် ပါတယ်။

ဆာလ်ဖာဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ကို ရှူရှိုက်မိရင် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေ ထိခိုက်နိုင် ပါတယ်။

အထူးသဖြင့် ကလေးနဲ့ သက်ကြီး ရွယ်အိုတွေမှာပါ။ နိုင်ထရိုဂျင်ဓာတ်ငွေ့ကို ရှူရှိုက်မိရင် အသက်ရှူကျပ်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း၊ ပုံမှန် သွေးလည်ပတ်မှု တွေကို ထိခိုက်စေနိုင်ပါတယ်။

အားလုံးထဲမှာ အဆိုးဆုံးက ကာဗွန်မိုနော့ဆိုဒ် ဓာတ်ငွေ့ ဖြစ်ပြီး ပမာဏများများ ရှူမိရင် ချက်ချင်း အသက်ရှူ ရပ် သေဆုံးနိုင်ပါတယ်။

လေလွင့်အမှုန်တွေကို ရှူရှိုက်မိရင် ပန်းနာရင်ကျပ် ရောဂါနဲ့ အဆုတ်ရောဂါ တွေ ရနိုင်ပါတယ်။

ပြဒါးရဲ့ အန္တရာယ်ကလည်း အလွန်ကြီးမားတာ တွေ့ရပါတယ်။ ပြဒါးငွေ့ကို ရှူမိတဲ့အခါမှာဖြစ်စေ၊ ပြဒါးအရည်နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတခုခု ထိတွေ့မိလို့ အရေပြားက တဆင့်ခန္ဓာကိုယ်ထဲ ရောက် သွားရင်ဖြစ်စေ ဘယ်လို ဆေးဝါးနဲ့မှ ဖျက်ဆီးလို့ မရပါဘူး။

ပြဒါးတွေဟာ အဆုတ်ထဲကို ၈၀ ရာခိုင် နှုန်းအထိ ဝင်ရောက်နိုင်ပြီး အဲဒီကနေ သွေးလှည့် ပတ်မှုစနစ်ထဲ ဝင်ရောက် ပါတယ်။ သွေးကြောတွေ ကနေ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားတဲ့အခါ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ သွေးသားမသန့်တဲ့ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်း တဲ့ရောဂါ၊ လေဖြတ်တာ၊ အဆုတ်ကင်ဆာ၊ ကျောက် ကပ်ရောဂါ၊ သန္ဓေမအောင်နိုင်တာ၊ သန္ဓေအောင် ရင်လည်း ကိုယ်အင်္ဂါ ချို့တည့်တဲ့ ကလေးတွေ မွေးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။

 ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးရုံ တရုံ မည်သို့လည်ပတ်ကြောင်း အကြမ်းဖျင်း ရှင်းပြထားပုံ (ဓာတ်ပုံ - wikimedia.org)
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးရုံ တရုံ မည်သို့လည်ပတ်ကြောင်း အကြမ်းဖျင်း ရှင်းပြထားပုံ (ဓာတ်ပုံ – wikimedia.org)

အာဆင်းနစ် ဓာတ်ငွေ့ကို ရှူမိရင် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ တွေ ဖြစ်နိုင်သလို အမျိုးသမီး တွေမှာ လူစဉ် မမီတဲ့ ကလေးတွေ မွေးဖွားနိုင်ပါတယ်။ ခဲအငွေ့ကို ရှူမိရင် သွေးကင်ဆာ၊ အဆုတ်ကင်ဆာတွေ ဖြစ်နိုင်သလို ပန်းနာ ရင်ကျပ်ရောဂါပါ ဖြစ်ပွား နိုင်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက လျှပ်စစ် ၁ မဂ္ဂါဝပ်နာရီ ထုတ်လုပ်နိုင်ဖို့ ကျောက်မီးသွေး လောင်စာကို အသုံးပြုမယ် ဆိုရင် ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ ၂၂၉၄ ပေါင် ထွက်တယ် လို့ ထောက် ပြကြပါတယ်။ ဒီလိုဆိုရင် ရလာမယ့် စွမ်းအင်ပမာဏ နဲ့ ကျန်းမာရေးဆိုးကျိုး မကာမိဘူးလို့ ပြောရမှာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကနေ သိပ် မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ကမ္ဘာတဝန်း လုံးမှာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွှယ် နေတဲ့ ရောဂါတွေကြောင့် သေဆုံးရသူ တနှစ် အတွင်း ၇ သန်းထိ ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

ကျောက်မီးသွေး သုံးပြီး လျှပ်စစ်ထုတ်လုပ်တာဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေမှာ အသေအချာ ပါပဲ။ လျှပ်စစ်ထုတ်မယ့် ကုမ္ပဏီတွေက လေထု ညစ်ညမ်းမှု နည်းမှာပါ၊ ဘေးထွက်ဆိုးကျိုးနည်းမှာပါ လို့ ပြောနေ တာတွေဟာ ယုံကြည်ဖို့ သင့် မသင့် မေးခွန်းထုတ်ဖို့ လိုလာနေပါပြီ။

ဒီလိုဆိုရင် ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ ကျောက်မီးသွေး နည်းပညာဖြစ်တဲ့ “သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာ” (Clean Coal Technology) သုံးပြီး ထုတ်လုပ်ရင် မရနိုင်ဘူးလားလို့ စောဒကတက်စရာ ရှိပါတယ်။

ဒီ Clean Coal Technology ကို ၁၉၉၀ ခုနှစ်တွေ ကတည်းက စတင်စမ်းသပ် နေခဲ့တာပါ။ ဒါပေမယ့် ထုတ် လုပ်ရာ မှာ ဖြတ်သန်းရမယ့် အဆင့်တွေ များသလို ကုန်ကျ စရိတ်လည်း အထူးများပြားတယ်လို့ Myanmar Green Network မှ ဒေါ်ဒေဝီသန့်စင်က ပြောပါ တယ်။

မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေး ဟာ Clean Coal Technology နဲ့ ထုတ်လုပ် နိုင်အောင် စံချိန်မီတဲ့ ကျောက်မီးသွေး မဟုတ်တာကြောင့် နိုင်ငံ ခြားကနေ မှာယူတင်သွင်းရမှာပါ လို့ သူက ဆက်ပြောပါတယ်။

ကုန်ကျစရိတ် များလွန်းတာမို့ မြန်မာနိုင်ငံနဲ့ Clean Coal Technology မသင့်လျော်ဘူး လို့ ပညာရှင်တွေက ဆိုပါတယ်။ နောက်ပြဿနာ တခုက စံချိန်စံညွန်းမမီဘဲ လည်ပတ်နေတဲ့ ကျောက်မီးသွေး စက်ရုံတွေကို စစ်ဆေးတယ်ပဲ ထားဦး၊ လာဘ်ပေး လာဘ်ယူမှု လုပ်ပြီး စံချိန်စံညွှန်း မီပါတယ် လို့ တဖက်လှည့်နဲ့ လုပ်လာနိုင်တာ တွေလည်း ရှိနိုင်ပါတယ်။ စီမံကိန်း တခုကို ဦးဆောင်တဲ့သူတွေရဲ့ တာဝန်ယူမှု၊ တာဝန် ခံမှုကလည်း အထူးအရေးကြီး ပါတယ်။

ဖြစ်သင့်တာက ဒေသခံတွေရဲ့ ထောက်ခံမှုကို ရဖို့ ကျောက်မီးသွေး ကနေ လျှပ်စစ်ထုတ်တာ ကောင်း ကြောင်း တွေချည်းပဲ ပြောမနေဘဲ ကောင်းကျိုးရော၊ ဆိုးကျိုးကိုပါ ဒေသခံလူထုကို မခြွင်းမချန် ရှင်းပြရမှာ ဖြစ်ပါတယ်။

ဒေသခံတွေက သူတို့ သဘောဆန္ဒနဲ့ သူတို့ အကျိုးနဲ့ အပြစ်ကို ချိန်ဆပြီး ရွေးချယ်ခွင့်ပေးရမှာ ဖြစ်သလို ဒေသခံတွေရဲ့ သဘော တူညီချက် ရရှိမှသာ အကောင်အထည် ဖော်ခွင့် ပေးသင့်ပါတယ်။

သဘာဝဓာတ်ငွေ့ ပေါများတဲ့နိုင်ငံမှာ အဆင့်မြင့် နည်းပညာနဲ့ ပေါင်းစပ်ပြီး သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်တာကသာ အနာဂတ် စွမ်းအင် လိုအပ်ချက် အတွက် အဖြေဖြစ် မှာပါ။

တရုတ်နဲ့ ထိုင်းနိုင်ငံ တွေမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေရဲ့ ဆိုးကျိုး တွေကြောင့် သဘာဝ ဓာတ်ငွေ့ကို အစားထိုး သုံးစွဲဖို့ ဆောင်ရွက်နေချိန်မှာ ကိုယ့်နိုင်ငံက သဘာဝ ဓာတ်ငွေ့ကို ရောင်းစားပြီး ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားနေတာ မှန်ကန်ပါရဲ့လားဆိုတာကို စဉ်းစား ဆုံးဖြတ်ရမယ့် အချိန် ရောက်နေပါကြောင်း တင်ပြဆွေးနွေး လိုက်ရ ပါတယ်ရှင်။     ။

ကိုးကား-ဆရာစိန်မြင့် (သတ္တုဦးစီး) ၏ “သယံဇာတ တူးဖော်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်နည်းများနှင့် ဆက်စပ် ဆောင်းပါးများ” စာအုပ်။

Did you find apk for android? You can find new Free Android Games and apps.
Loading