လွတ်လပ်ရေး တိုက်ပွဲ သမိုင်းကာလမှာ ပေါ်ထွန်းခဲ့တဲ့ မြို့မငြိမ်းလို ပုဂ္ဂိုလ်ကြီးဟာ မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲ ကို ထင်ဟပ်စေတဲ့ သီချင်းတွေ မရေးဖွဲ့ဘဲ စာနု၊ စာယဉ်တွေနဲ့ပဲ တင်းတိမ် နေခဲ့သလားလို့ တွေးမိကောင်း တွေးထင်မိ ကြပါ လိမ့်မယ်။ ဒါပေမယ့် ဆရာငြိမ်းဟာ စာနု၊ စာယဉ်တွေနဲ့ပဲ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲမှာ ကလောင် လက်နက်နဲ့ တဖက်တလမ်းက ပါဝင်ခဲ့ပါတယ်။
ထိုသုံးပါး၊ ရေခင်းတော် မြင်းခင်းတော်နဲ့ နတ်ရှင်နောင်လို သီချင်းမျိုး တွေဟာ သူ့ကျွန်ဘဝရောက်ရတဲ့ မြန်မာလူထု အတွက် မျိုးချစ်စိတ်တွေ ပေါ်ပေါက်စေဖို့ အထောက်အကူ ဖြစ်ရ ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေး သီချင်းနဲ့ လူချွန်လူကောင်း သီချင်းတွေကလည်း ကမ္ဘာ့ လူထု၊ မြန်မာ့လူထု အတွက် မျှော်မှန်းချက် ရည်မှန်းချက် တွေကို ထင်ဟပ်စေတာပဲ မဟုတ်ပါလား။
ကျနော်တို့ဟာ ဆရာငြိမ်းရဲ့ သီချင်းများကို ပြန်လည် လေ့လာ ကြတဲ့အခါ သမိုင်းအတွက် တန်ဖိုးလည်း ရှိ၊ သီချင်းရေး ဆရာအဖို့ ဂုဏ်သိက္ခာလည်း ရှိ၊ မွန်မြတ်မှုလည်း ရှိစေတဲ့ သီချင်းတပုဒ်ကို တွေ့ရပါ တယ်။ ဒီသီချင်းဟာ အင်္ဂလိပ် နယ်ချဲ့ရဲ့ လက်နက် အားကိုးနဲ့ မတရားဖိနှိပ်တဲ့ ခေတ်ကြီးကနေ နယ်ချဲ့ကို သူ့ကျွန်မခံ မျိုးချစ်စိတ်နဲ့ ဖိရင်ကြွ၊ ထိရင်ချ ခဲ့ကြတဲ့ မြန်မာတို့ရဲ့ တိုက်ပွဲတရပ်ကို ဆရာငြိမ်းဟာ သူ တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ ဂုဏ်ပြုစပ်ဆို ခဲ့တဲ့ သီချင်းပါ။
ဆရာငြိမ်းဟာ ဒီသီချင်းနဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင် လူထုကို ဂုဏ်ပြုရုံမက အရေးကြီးတဲ့ သမိုင်း တရပ် ကိုလည်း ကမ္ပည်းထိုးခဲ့တာဖြစ်ပါတယ်။ အချိန်က လွတ်လပ်ရေး အရှိန်အဟုန် ပြင်းထန်နေတဲ့ ၁၉၃၈-၃၉ ခုနှစ်ကာလ။
၁၉၃၈ ခုနှစ်ဆန်းကတည်းက မန္တလေးမှာ ဗဟို အမျိုးသား အထက်တန်းကျောင်း (ယခု အထက -၂) က စပြီး နယ်ချဲ့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စတင်နေပြီ။ ဒီလှုပ်ရှားမှုတွေကို မန္တလေးမှာ အလွန်ဩဇာရှိတဲ့ ရဟန်းပျို အဖွဲ့ကလည်း ထောက်ခံနေပြီ။ နယ်ချဲ့ကလည်း ဖမ်းသူ ဖမ်း၊ ထောင်ချသူ ချနဲ့ ဖိနှိပ် နေပြီပေါ့။
ဒီကြားထဲ လူမျိုးရေး အဓိကရုဏ်း ကိုလည်း ဖန်တီးလိုက်သေးတယ်။ ဒါပေမယ့် နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်က မပျက်ပြယ် ခဲ့ပါဘူး။ ကျောင်းသား လှုပ်ရှားမှုက စခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေးဟာ ရဟန်းပျိုအဖွဲ့ရော၊ မြို့လူထုသာမက ဈေးချိုသူ ဈေးချိုသား တွေလည်း ပါဝင်လာကြတယ်။ ကျောင်းသားတွေနဲ့ မြို့လူထုက စီတန်းဆန္ဒပြမယ်၊ ဈေးချိုတော်ကြီး လည်း ဆန္ဒပြလူထုကြီးကို ကြိုဆိုကြမယ်၊ ဂုဏ်ပြုကြမယ်။ ခေါင်းဆောင်တွေကို ပန်းကုံးစွပ် ကြမယ်နဲ့ အုတ်အော်သောင်းတင်း ဖြစ်နေတော့ နယ်ချဲ့ဟာ ဈေးချိုတော် မှာ ပုဒ်မ ၂၃ (၇) ကို ထုတ်ပြန်လိုက် ပါတယ်။
ရဟန်းပျိုအဖွဲ့ ကလည်း မန္တလေး ဈေးချိုတော် ကြီးကို သပိတ်မှောက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒီတော့ ဈေးချိုသူ၊ ဈေးချိုသားတွေဟာ ၁၃၀ဝ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၅ ရက် (၁၉၃၈ ခု နိုဝင်ဘာ ၁၁ ရက်) နေ့မှာ ဈေးချိုရုံကြီး ၁၂ ရုံကို သပိတ်မှောက်ပြီး ဈေးချိုအနောက်ဘက်၊ သီရိဟေမာ အရှေ့ရပ်ကွက်မှာ ရှိတဲ့ အိမ်တော်ရာ ဘုရားဝင်းထဲ သွားပြီး ဈေးသွားဖွင့်ကြတယ်။
မန္တလေးဈေးချို ဆိုတာ လူမျိုးပေါင်းစုံ၊ လူတန်းစား ပေါင်းစုံကိုး။ နယ်ချဲ့ကို တော်လှန် ဖီဆန်ပြီး သပိတ်မှောက်ကြတော့ လူမျိုးခြား အရင်းရှင် ကုန်သည်ကြီးတွေက ဘယ်ပါရဲ မလဲ။ ဒါ့ အပြင် နယ်ချဲ့အလိုတော်ရိတွေ၊ တောကြောင်တွေက လည်း ဒီတိုက်ပွဲမှာ ဘယ်ပါရဲကြ မလဲ။ ဒီလိုလူတွေဟာ ဘုရားဈေးကို မလိုက်ဘဲ ခြောက်ကပ်ကပ် ဈေးချို မှာ နေရစ်ခဲ့ ကြတယ်။
တချို့လည်း ပစ္စည်းသိမ်း၊ အိမ် ပြန်ပြီး မသိလိုက် မသိဘာသာ နေကြတယ်။ ဒါပေမယ့် ဒီလိုလူတွေက လူနည်းစုပါ။ မြန်မာလူမျိုးတိုင်း၊ မျိုးချစ်စိတ် ရှိသူတိုင်းဟာ ဘုရားဈေးမှာ ရဲရဲဝံ့ဝံ့ ဈေး ထွက်ကြပါတယ်။ ဒီအချိန်မှာ ဆရာငြိမ်းဟာ ပြည်သူ့ ဘက်၊ မှန်ကန်တဲ့ဘက်က ရဲရဲရပ်ပြီး `အိမ်တော်ရာ ဘုရားဈေး´ ဆိုတဲ့ သီချင်းတပုဒ်ကို ရေးဖွဲ့လိုက်ပါ တော့တယ်။
ဒီသီချင်းရဲ့ ပထမအပိုဒ်မှာ …
`လက်ဆယ်ဖြာ စုံညီ၊ တင်ထိပ်ဦး ဖူးခဲ့သည်
မှတ်မိကြသေးရဲ့လား မေးလိုက်ချင်သည်
လေပြည်ဆော်ပြန်ရင် … ညောင်ရွက်သံ တရှဲရှဲ
ဆည်းလည်းသံ ညံစီစီ (တွေးမိပြီ)၂
လောကရံသီ၊ အိမ်တော်ရာစေတီ၊
ဘုရားဈေး ပြေးလို့ မြင်နိုင်သည်။
တို့ဂုဏ်ရောင်
ပြောင်ပြောင်၊ စည်းရုံးရေးကြောင့်
အောင်ပေသည်´ လို့ ရေးဖွဲ့ထားပါတယ်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ဘုရားရိပ်၊ တရားရိပ်ရဲ့ အေးမြပုံကို လေပြည် ညောင်ရွက်သံ၊ ဆည်းလည်းသံ စတဲ့ စကားလုံး တွေနဲ့ ခြယ်မှုန်းပြီး ဘုရားဈေးကို မှတ်မိကြပါရဲ့လားဆိုတဲ့ ချစ်စရာ မေးခွန်းလေးနဲ့ အတူ ပြည်သူလူထုရဲ့ နယ်ချဲ့ ဆန့်ကျင်ရေးမှာ စည်းရုံးရေးကြောင့် အောင်မြင်ခဲ့ပုံကို သတိရစေခဲ့ပါတယ်။
အဲဒီခေတ်က ဈေးချိုတော်ကြီးမှာ အဝတ်အထည်တွေ ရောင်းချကြတာက နိုင်ငံခြားသား အရင်းရှင် ကြီးတွေပဲ များပါတယ်။ ပြီးတော့ နိုင်ငံခြားဖြစ် အဝတ်အထည် တွေကိုပဲ အလုံးအရင်းနဲ့ ရောင်းကြတာမို့ တိုင်းရင်းသား ကုန်သည်လေး တွေရဲ့ တိုင်းရင်းဖြစ် အထည်လေးတွေဟာ မျက်နှာပန်းမလှ ဖြစ်နေတာ ပေါ့။
အခုလို ဈေးချိုကြီး သပိတ် မှောက်လိုက်တော့ ဟံဇားဦးအေး၊ ဒေါ်သန်း စတဲ့ တိုင်းရင်းသားအထည် ကုန်သည်တွေ ကပါ ဘုရားဈေးမှာလာပြီး တက်တက် ကြွကြွ ဈေးထွက်ကြ ပါတယ်။ ဒီတော့ ဆရာငြိမ်းဟာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသား အထည်ကုန်သည်များ နဲ့ တိုင်းရင်းဖြစ် အထည်များကို ဂုဏ်ပြုစပ်ဆိုတဲ့အခါ မြန်မာဖြစ် ဟံဇားအထည် တောင်မြို့ထည်တွေရဲ့ ရောင်စုံလှပုံတွေဟာ မျက်စိတွင်းက မထွက်ကြောင်း၊ ဟံဇားထည်နဲ့ တောင်မြို့ထည်များသာ ဝတ်ဆင်ပါ က မြန်မာ့ကျက်သရေ၊ မြန်မာ့အလှတွေဖြင့် အဆင် ပြေပြေ ယဉ်ပေမည်ဖြစ်ကြောင်း တခမ်းတနား စပ် ဆိုခဲ့ပါတယ်။
တခါ မန္တလေးဈေးချိုသူတွေရဲ့ ဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု တွေနဲ့ ဈေးဝယ်သူကို ပြုံး မယောင် မျက်နှာလေးနဲ့ မရဲတရဲ မေးတတ်ပုံက အစ ယနေ့ထက်တိုင် မန္တလေးရဲ့ နာမည်ကြီး အစားအသောက် ဖြစ်တဲ့ `မလိုင်ပေါက်စီ´ ပါ ဘုရားဈေးမှာ ရနိုင်ကြောင်းများကို သီချင်းရဲ့ ဒုတိယအပိုဒ်မှာ အခုလို စပ်ဆိုခဲ့ပါတယ်။
`ဟံဇားထည် (တောင်မြို့ထည်) နီပြာဝါရွှေ´
စိမ်းလဲ့ညို ကြော့ရှင်း မျက်စိတွင်းက မထွက်သည်။
မြန်မာ့အသရေ အလှတွေ၊ အဆင်ပြေ၊ ယဉ်ပေသည်။
ပြုံးမယောင် မျက်နှာလေးက၊ မရဲတရဲ ဘာဝယ်မလဲရှင်၊
ဈေးသည်ပီပီ၊ မေးတတ်ရှာသည်၊ စားဖွယ်
သောက်ဖွယ်၊ ငါးခြောက်ရယ် ငါးပိရယ်ရှိတယ်။
ဘာကိုမဆို အလိုပြည့်နိုင်သည်၊ ယုတ်စွအဆုံးတိုင်
မလိုင်ပေါက်စီ သုံးဆောင်နိုင်ပါသည်။
အပါး နံဘေး ဘုရားဈေး အိမ်တော်ရာစေတီ …”
အိမ်တော်ရာမှာ ဈေးဖွင့်တော့ မူလက ဈေးချို အမှုဆောင်အဖွဲ့ အစား ရဟန်းပျိုအဖွဲ့ရဲ့ ဩဝါဒခံ ဈေးအမှုဆောင် အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။ ဆင်တံတား ဦးသိန်းကို ဥက္ကဋ္ဌ တင်လိုက်တယ်။ မိုးကောင်းတိုက် ဦးပဏ္ဍိ၊ ဦးမေဏ္ဍက၊ ဦးကာကြီး၊ ဦးကာလေး၊ ဦးဝိမလ၊ ဦးကုသလ၊ ဦးကောလာသ (အာဇာနည်) နဲ့ ဦးနာရဒစတဲ့ ဆရာတော်ဘုရားများက ဈေးကို စောင့်ရှောက်ကြတယ်။
အဲဒီလိုနဲ့ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ နိုင်ငံရေး အနှစ်သာရ ပြည့်ဝစွာ ပေါ်ပေါက်လာခဲ့တဲ့ အိမ်တော်ရာ ဘုရား ဈေးမှာ ဈေးထွက်သူ မျိုးချစ်ဈေးသည်မလေးတွေနဲ့ ရွှတ်နောက်နောက် လူပျို ကာလသားများကြားက နောက်ပြောင် ကျီစယ်မှုဟာ ဈေးသည်မလေးတွေရဲ့ `နုတဲ့ပါးပြင်ဆီ ရှက်သွေးဥလို့နီ´ သည်အထိ အတိုင်း အထက်အလွန် ဖြစ်တတ် ပါတယ်။
ဒီလိုများ နောက် ပြောင်မှုလွန်ကဲလာရင် ဈေးအုပ်ချုပ်ရေး ဆရာတော် များက တားမြစ်အပြစ်ပေးပါတယ်။ ဒီတော့ ဆရာ ငြိမ်းက မျိုးချစ်ဈေးသည်မလေးတွေဘက်ကရပ်တည် ပြီး အစ်ကိုကာလသားတွေကို ဘုန်းဘုရား ရိုက်နှက် အပြစ်ပေးမှု မခံရလေအောင် လှပပြေပြစ်တဲ့ အရေး အသား စကားလုံးတွေနဲ့ အခုလို သတိပေး ရေးစပ် ထားပါ သေးတယ်။
`ဘုရားတန်ခိုးနဲ့ တိုးလို့လှတဲ့ ကုမ္မာရီ
ကာလသားတွေ လာပြန်ပြီ၊ ပိုက်ဆံမပေးရတိုင်း
ပိုးလဲ ပိုးရှာကြတော့သည်။ အလော်မာသဘော
မတော်တာပြော၊ သူတို့ပဲ စကြသည်။
နုတဲ့ပါးပြင်ဆီ ရှက်သွေးဥလို့နီ၊
မျက်စောင်းလေး သုန်သုန်မှုန်မှုန်
ဘုန်းဘုန်းကို လျှောက်လိုက်ရင်
အခြောက်တိုက်ပင် အရိုက်ခံထိတော့မည်´ တဲ့။
ဒါကြောင့် မြို့မငြိမ်းရဲ့ `အိမ်တော်ရာ ဘုရားဈေး´ သီချင်းဟာ ၁၃၀ဝ ပြည့်နှစ် မန္တလေးရဲ့ သမိုင်းဝင် ဖြစ်ရပ်တခုကို မှတ်တမ်းတင်တဲ့ နေရာမှာ အသံ၏ ပြေပြစ်ခြင်း၊ အဓိပ္ပာယ်ကောင်းခြင်း၊ စာသားနုခြင်း၊ ခေတ်ကို ထင်ဟပ်စေခြင်းစတဲ့ အချက်များကြောင့် ရင်ထဲ၊ အသည်းထဲ တစိမ့်စိမ့် စွဲဝင်နေရပါ တော့တယ်။ ။