မြန်မာနိုင်ငံတွင် ကျင့်ဝတ်နှင့် ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစု ကြည်၏ တောင်းဆိုမှု များကို အလေးထားသည့် အနေဖြင့် အမေရိကန်နိုင်ငံမှ လူငယ် ဇနီးမောင်နှံ ၂ ဦးက ကချင် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော ဝါးစက်ဘီး ကိုယ်ထည်များ ထုတ်လုပ်မည့် လူထုအခြေပြု ကုမ္ပဏီ တခု တည်ထောင်ရန် စီစဉ်ခဲ့သည်။
စေတနာ့ ဝန်ထမ်းများ ဖြစ်သည့် Jeff Parker နှင့် Kristen Parker တို့သည် မူလက အင်္ဂလိပ်စာ သင်ကြား ပေးရန် ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့က ဒေသခံများကို စက်ဘီးကိုယ် ထည်များ တည်ဆောက် နိုင်ရန် လေ့ကျင့် သင်ကြားပေးလိုပြီး၊ ကုမ္ပဏီ လည်ပတ်လုပ်ဆောင် နိုင်ရန် လိုအပ် သော ဦးဆောင်မှု စွမ်းရည်များ ရရှိနိုင်အောင်လည်း ကူညီပေးချင်သည်။ အနာဂတ် တွင်လည်း တခြားသူ များကို ပြန်လည် လေ့ကျင့် သင်ကြားပေး နိုင်ရန် ဖြစ်သည်။
Jeff Parker နှင့် Kristen Parker တို့က နောက် ၈ လ အကြာတွင် အမေရိကန်နိုင်ငံသို့ ပြန်ရန် စီစဉ်ထား သည်။ သူတို့ ပြန်သွားပြီးနောက် ဒေသခံများထံတွင် ကိုယ်ပိုင် ပစ္စည်း ကိရိယာများ ရှိနေမည် ဖြစ်ပြီး ကမ္ဘာတ လွှားရှိ ဈေးကွက်တွင် ရောင်းချနိုင်ရန် သူတို့က ကူညီပေးဦးမည် ဖြစ်သည်။
မြစ်ကြီးနားနေ အသက် ၁၈ နှစ်မှ ၃၀ အရွယ်ရှိသူများ၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့များ ဖြစ် နေကြပြီး အများစုက အလွယ်တကူ ရရှိနေသည့် မူးယစ်ဆေးဝါး သုံးစွဲနေကြသည်ဟု Parker ဇနီးမောင်နှံက ပြောသည်။
“အလုပ်လက်မဲ့ ပြဿနာနဲ့ မူးယစ်ဆေး သုံးစွဲမှုတွေ အကြောင်း ကျနော်တို့ သတိထားမိခဲ့တယ်၊ ကျနော်တို့ တခုခု လုပ်ပေး နိုင်မယ်လို့ တွေးမိခဲ့တယ်။ ကျနော်တို့ သူတို့နဲ့ အတူတူ အလုပ်လုပ်နိုင်တယ်။ ဒေသတွင်း လှုပ်ရှားမှု တရပ်ကို ဖန်တီးပြီး ပြင်ပ ကမ္ဘာနဲ့ ဆက်သွယ်ပြီးတော့ သူတို့တွေ ကိုယ့်ဘာသာကိုယ် ရပ်တည် နိုင်လိမ့်မယ်” ဟု Jeff Parker က ဧရာဝတီသို့ ပြောသည်။
စက်ဘီးစီးခြင်းကို နှစ်သက်စွဲလမ်းသူ တယောက်ဖြစ်ပြီး စက်ဘီးများ၏ နည်းပညာပိုင်းကိုလည်း စိတ်ဝင်စား သည့် Jeff Parker က အင်တာနက်တွင် ဝါးစက်ဘီးများ အကြောင်း ဖတ်မိခဲ့ပြီး နောက် ဝါးစက်ဘီးကိုယ် ထည်များ တည်ဆောက် ရန် စိတ်ကူး ပေါ်လာခဲ့သည်။ ထို့နောက် သူတို့ စိတ်ကူး အတွက် ဖြစ်နိုင်ခြေ ရှိ သည်များကို လေ့လာ သုတေသန ပြုခဲ့ပြီး စနစ်တကျ ထုတ်လုပ်ထားသည့် စက်ဘီး ကိုယ်ထည်များကို တခုလျှင် အမေရိကန်ဒေါ်လာ ၁၀ဝ၀ ဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် စီစဉ်ခဲ့သည်။
ကြိုတင်မှာကြားရသည့် ကိုယ်ထည်တခု အတွက် တခြားပြိုင်ဘက်များထက် သက်သာသည့် ဈေးနှုန်း ဖြစ်ပါသည်။ လုပ်ငန်း ရပ်တည်နိုင်ရန် အတွက် တနှစ်လျှင် စက်ဘီးကိုယ်ထည် ၃၅ ခု ရောင်းချနိုင်ရန် လိုအပ်သည်ဟု သူတို့က တွက်ချက် ခဲ့သည်။
ဒေါ်လာ ၁၀ဝ၀ တန် စက်ဘီး ကိုယ်ထည် တခု ရောင်းရတိုင်း အလုပ်သမား တယောက်ကို ၃၈ ရက် အလုပ်ပေးနိုင်ပြီး နိုင်ငံခြား တင်ပို့ရန် နောက်တခု၊ ဒေသခံများကို သူတို့ တတ်နိုင်သည့် ဈေးနှုန်းဖြင့် ရောင်းချရန် နောက်ထပ် ၃ ခု တည်ဆောက် ခွင့်ပြု နိုင်သည်။ ၎င်းတို့ကို ဒေသတွင်းတွင် ဈေးနှုန်းချိုသာစွာနှင့် ရရှိနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ များသောအားဖြင့် ဆိုက်ကား အပိုပစ္စည်းများမှ ရရှိသည်။
အထောက်အပံ့ဖြင့် စက်ဘီးများ ပြုလုပ်ခြင်းက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ပြီး အလုပ်သမား များ၏ စွမ်းရည်ကို မြင့်တက် စေကာ လက်ရှိ ရရှိနေသည်ထက် အရည်အသွေး ပိုမို ကောင်းမွန်သည့် စက်ဘီးများကို ဈေးနှုန်းချိုသာစွာ ရရှိနိုင်မည်ဟု Kristen Parker က ပြောသည်။
မကြာသေးမီက တရားမဝင် လိုင်စင်မဲ့ယာဉ် များ ဖမ်းဆီး နှိမ်နင်းမှု ပြုလုပ်ခဲ့ရာတွင် မြစ်ကြီးနားမှ ပြည်သူအများစု၏ ယာဉ်များ သိမ်းဆည်းခြင်း ခံခဲ့ရသည်။ ထို့ကြောင့် စက်ဘီးများသည် ခရီးသွားလာရေး အတွက် နောက်ထပ် နည်းလမ်း တခု ဖြစ်လာနိုင် ပါသည်။
`နောက်ဆုံးမှာ ကျနော်တို့ အနေနဲ့ မြန်မာ ပြည်မှာ စက်ဘီးအသင်း တမျိုး ရှိစေချင်ပါတယ်။ အရှေ့တောင်အာရှမှာ စက်ဘီးပြိုင်ပွဲတွေ ရှိပါတယ်။ ဒါက ကချင်ပြည်နယ်နဲ့ နိုင်ငံတကာ အဆက်အသွယ် တွေ ရရှိစေနိုင်တဲ့ နည်းလမ်းတခု ဖြစ်သလို၊ သူတို့ ကိုယ်ပိုင်အသိုင်းအဝိုင်း အပြင်ဘက်က ပြည်သူတွေ အကြောင်း သိလာနိုင်ပါလိမ့်မယ်´ ဟု Jeff Parker က ပြောသည်။
Jeff Parker နှင့် Kristen Parker တို့က စီမံ ကိန်းအတွက် သူတို့၏ မင်္ဂလာလက်ဖွဲ့ အဖြစ် ရရှိခဲ့သည့် ငွေများထဲမှ အများဆုံး အသုံးပြုခဲ့သည်။ သို့သော်လည်း စီမံကိန်း အတွက် အရင်းအနှီး ပိုမိုရရှိရန် Kickstarter အမည်ဖြင့် ရန်ပုံငွေ ရှာဖွေရေး ဝက်ဘ်ဆိုက် တခုလည်း ပြုလုပ်ထားသည်။
ဝက်ဘ်ဆိုက်မှ တဆင့် ပထမဆုံးမှာယူ ခဲ့သော ကိုယ်ထည် ၂၉ ခုကို မှာကြားမှု စောခြင်း၊ နောက်ကျ ခြင်း အပေါ်တွင် မူတည်၍ အမေရိကန်ဒေါ်လာ ၃၀ဝ မှ ၉၀ဝ အတွင်း ဈေးနှုန်းများဖြင့် ရောင်းချမည် ဖြစ်ကြောင်း ကြော်ငြာ ရောင်းချသည်။ ပထမဆုံး ဈေးနှုန်းချိုချိုဖြင့် ရောင်းချခဲ့သည့် ကိုယ်ထည်များကို ရရှိသူများအား တနှစ် အတွင်း တလလျှင် တကြိမ်ခန့် စက်ဘီးသုံးစွဲရသည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းသွားမည် ဖြစ်သည်။ ကုမ္ပဏီက ဒီဇိုင်းများ အပြောင်းအလဲ ပြုလုပ်ရာတွင် အကူအညီ ဖြစ်စေရန် မေးမြန်းခြင်း ဖြစ်ကြောင်း သိရသည်။
ပထမဆုံး ရောင်းချမည့် ကိုယ်ထည် ၂၀ မှ ရရှိငွေများဖြင့် ကိုယ်ထည် တည်ဆောက်သူ ၅ ဦးကို Auto CAD ဆော့ဖ်ဝဲ အသုံးပြု၍ ကြိုတင်မှာ ကြားသည့် အတိုင်း ကိုယ်ထည် ဒီဇိုင်းရေးဆွဲခြင်း နှင့် Jeff Parker ၏ ကိုယ် ပိုင် ပြုလုပ်ထား သည့် ကိရိယာများကို အသုံးပြု၍ တပ်ဆင်ထုတ်လုပ်ခြင်းများ အပါအဝင် အပြည့်အဝ လေ့ကျင့်မှုပေးနိုင်မည် ဖြစ်သည်။
အလုပ်သမားတဦးချင်းကို အပြည့်အဝ လေ့ကျင့် ပေးနိုင်ရန်အတွက် အချိန် ၁ လ ကြာမြင့်မည်ဖြစ် သည်။
Jeff Parker နှင့် Kristen Parker တို့က မြစ်ကြီးနားတွင် နေရာ ရရှိထားပြီး ဖြစ်ကာ ဒေသခံများအား ၎င်းတို့ ၏ အစီအစဉ် အကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်သည်။ ဒေသခံ ပြည်သူများကလည်း သင်တန်းသားများ စတင် ရွေးချယ်မည့် အချိန်ကို မေးမြန်းခဲ့ကြသည်။ သို့သော်လည်း ကနဦး လေ့ကျင့်ရေး စရိတ်ကို ကာမိစေမည့် လုံလောက်သည့် မှာကြားမှု မရရှိမီ အထိ မည်သူ့ကိုမှ အလုပ်ခန့်ထားမည် မဟုတ်ဟု သူတို့က ပြောသည်။
လုပ်ခလစာ မတန်တဆ ပေးခြင်းအားဖြင့် ဒေသ၏ စီးပွားရေးကို မထိခိုက်စေရန် ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း လုပ်ခထက် အနည်းငယ်ပိုသည့် လစာကိုသာ ပေးမည် ဖြစ်သည်။ အလုပ်သမား တယောက် ချင်း၏ လေ့ကျင့်မှုနှင့် တိုးတက်မှု အပေါ်တွင်မူတည်၍ ၄၂ ရာခိုင်နှုန်း အပို ထပ်ပေးမည် ဖြစ်သည်။
အလုပ်သမား ခန့်ထားရာတွင်လည်း မြစ်ကြီးနားရှိ တိုင်းရင်းသား လူမျိုးစု အစုံကို ကိုယ် စားပြုနိုင်ရန် သူတို့ကြိုးစားနေသည်။
“ကျနော်တို့က ဒီ အသိပညာနဲ့ လေ့ကျင့်မှုကို ယူလာပေးတာ သက်သက်ပါပဲ။ ပြီးတော့ ကျနော်တို့က ဒီက လူမှု အသိုင်းအဝိုင်းထဲမှာ အရေးပါတဲ့အရာ တခုဖြစ်အောင် ပြုလုပ်ပေးပါတယ်။ နောက်ပိုင်းမှာ သူတို့ ကိုယ်ပိုင် ဖြစ်လာမှာ ပါ။ ဒါကြောင့် Jeff နဲ့ Kristen က ကြီးကြပ်နေတယ် လို့ မပြောနိုင်ပါဘူး။ ကျနော်တို့က ဒီအသိပညာကို ဝေမျှပေးနေ တာ သက်သက်ပါပဲ” ဟု Jaff Parker က ပြောသည်။
ဒေသခံများ အနေဖြင့်လည်း စီမံကိန်း အတွက် ၎င်းတို့၏ ထူးကဲသည့် စွမ်းရည်များ၊ အသိပညာများကို ယူဆောင် ပေးလာမည် ဖြစ်သည်။
ဝါးနှင့် ပတ်သက်သည့် ဒေသတွင်း ဗဟုသုတ မရှိခဲ့လျှင် အဆင်ပြေမည်ဟု မထင်ကြောင်း Jeff Parker က ပြော သည်။ “ဒေသတွင်း ဗဟုသုတ မရှိဘဲနဲ့ ဒီစီမံကိန်းကို ဘယ်နေရာမှာမှ လုပ်လို့မရပါဘူး” ဟု သူက ဆိုသည်။
Jaff Parker နှင့် Kristen Parker တို့၏ အစီအစဉ်များက ချီးကျူးဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း ဝါးက စက်ဘီး ကိုယ်ထည်များ ပြုလုပ်ရန် အတွက် အရည်အသွေး ကောင်းမှသာ ဖြစ်မည်။ ထိုအချက်နှင့် ပတ်သက်၍ Kristen Parker က သံသယ အနည်းငယ် ရှိနေသည်။
“ဝါးက နဂို အနေအထားကို ပြန်ရောက်နိုင်စွမ်း အရမ်းကြီးတယ်။ ကာဗွန်ဖိုင်ဘာထက် ပိုအားကောင်း ပြီးတော့ တခြား အရာတွေထက် လမ်းရဲ့တုန်ခါမှုကို ပိုစုပ်ယူနိုင်တယ်” ဟု သူက ပြောသည်။
ကိုယ်ထည်ပြုလုပ်ရန် အတွက် သင့်လျော်သည့် ဝါးသည် သက်တမ်း ၂ နှစ်မှ ၃ နှစ် အတွင်း ရှိရမည် ဖြစ် သည်။ ဒေသခံများက ကြည့်လိုက်ရုံမျှဖြင့် သက်တမ်းကို ပြောနိုင်ကြသည်။ ၎င်းတို့ကို ခြောက်သွေ့သည့် ရာသီတွင် အစိမ်းရောင် ရှိနေချိန်၌ ခုတ်ယူရမည် ဖြစ်သည်။ ထို့နောက် ၃ ပတ်ခန့် နေလှန်းပြီး ခြောက်သွေ့ စေရန် အပူပေးရ သည်။ မီးအပူကြောင့် ဝါးသည် အညိုရောင်သို့ ပြောင်းလဲသွားပြီး အမျှင်များ ပတ်လည်ရှိ အစေးများသည် ဒြပ်ပေါင်းတခုလို အစိုင်အခဲဖြစ်သွားကာ ဝါးကို ပိုမိုကြံ့ခိုင် စေသည်။
ကိုယ်ထည် ဝါးလုံးများကို တွဲဆက်ပြီး လျှော်မျှင်များဖြင့် ရစ်ပတ်ကာ ခဲသွားနိုင်သည့် ကော်ဖြင့် အပေါ်မှ ထပ်အုပ်ရ သည်။ ထို့နောက် ကိုယ်ထည် တခုလုံးကို အရောင်တင်ဆီ သုတ်လိမ်းပြီးနောက် အရောင်တောက် ပလာသည် အထိ ပွတ်တိုက်ပေး ရသည်။
Jaff Parker ၏ အဆိုအရ သတ္တုကိုယ်ထည် များသည် ပျက်စီးနိုင်ပြီး အချိန်ကြာသည်နှင့်အမျှ အားနည်း ချက်များ ရှိလာနိုင် သော်လည်း ဝါးကို အသုံးပြုပါက ထိုသို့ မဖြစ်နိုင်ကြောင်း သိရသည်။
သုတေသန ပြုလုပ်ချက်များ အရ သဘာဝ အတိုင်း ဆက်ထားသော ဝါးကိုယ်ထည်များသည် နှစ်ပေါင်း ၂၀ ကျော်ခံပြီး တခြားသော မည်သည့် သတ္တု ကိုယ်ထည်များထက် မဆို သက်တမ်းပိုရှည်သည် ဟု သူက ပြောသည်။
Jaff Parker နှင့် Kristen Parker တို့သည် ပထမဆုံး ဝါးစက်ဘီး ကိုယ်ထည်ကို ပြုလုပ်ပြီးနောက် သူတို့၏ နည်းပညာ ကို ပိုမိုကောင်းမွန် လာစေရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ထိုင်းလူမျိုး ဝါးစက်ဘီး ပြုလုပ်သူ တဦးဖြစ်သော Oat ထံတွင် လေ့လာ သင်ယူခဲ့သည်။ Oat သည် Brown Bike အမည်ဖြင့် ဝါးစက်ဘီး ကိုယ်ထည်များကို နှစ်ပေါင်းများစွာ ပြုလုပ် ရောင်းချခဲ့သူ ဖြစ်သည်။
Jeff Parker နှင့် Kristen Parker တို့တွင် မြစ်ကြီးနားမြို့၌ ဝါးစက်ဘီး ကိုယ်ထည်များ ထုတ်လုပ်ရန် အတွက် လိုအပ်သော နည်းပညာများ၊ ကိရိယာများ အားလုံး ရှိနေပြီ ဖြစ်သည်။ သူတို့အတွက် လိုအပ်နေသည့် အရာမှာ ပထမဆုံး မှာယူမှု များသာ ဖြစ်သည်။
လျှော့ဈေးဖြင့် ရရှိနိုင်မည့် ပထမဆုံး ကိုယ်ထည်များထဲမှ တခုကို မှာယူနိုင်ရန်၊ သို့မဟုတ် လှူဒါန်းနိုင်ရန်၊ သို့မဟုတ် သူတို့ ပြုလုပ်နေသည့် စီမံကိန်းနှင့် ပတ်သက်သည့် တခြားအချက်အလက်များကို သိရှိ နိုင်ရန်အတွက် Burmar Bike Partnership အကြောင်းကို Jeff Parker နှင့် Kristen Parker တို့၏ အင်တာနက် စာမျက်နှာ Kickstarter တွင် ဝင်ရောက် ကြည့်ရှုနိုင် ပါသည်။ ။
(The Irrawaddy အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် Mark Inkey ရေးသော Building Bamboo Bikes in Burma ဆောင်းပါးကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။)