စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ က လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက “အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေး အကောင်အထည်ဖော် လျက်ရှိသည့် အခြေအနေနှင့် သတ်မှတ်ထုတ်ပြန်နိုင်မည့် မျှော်မှန်းကာလကို သိရှိလိုကြောင်း” မေးခွန်းမေးသည်။
ယင်းမေးခွန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် အလုပ်သမား/အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြန်လည်ဖြေကြားသည်။
အနည်းဆုံးလုပ်ခ အခကြေးငွေကို တွက်ချက်ရာတွင် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုလိုအပ်ချက်၊ လက်ရှိလုပ်ခ၊ ကုန်ဈေးနှုန်း အခြေအနေ၊ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်နှင့် အဆိုပါ ကုန်ကျစရိတ် များ၏ ပြောင်းလဲချက်များနှင့် လိုက်လျောညီထွေ ရှိမည့် လူနေမှုဘဝ အဆင့်အတန်းနှင့် တဦးချင်းဝင်ငွေ စသည်တို့ကို အဓိကထား ထည့်သွင်း စဉ်းစား တွက်ချက်သွားရမည် ဟု ဒုတိယဝန်ကြီးက ပဏာမ ဖြေကြား ခဲ့သည်။
ထို့နောက် အလုပ်သမားများ အတွက် အနိမ့်ဆုံး လုပ်ခလစာကြေးကို အဆိုပြုချက်များ အရ လက်ခံရယူပြီး အများပြည်သူ သိရှိနိုင်ရန်နှင့် သဘောထား မှတ်ချက်များ ပေးနိုင်ရန် အတည်ပြု အနည်းဆုံး အခကြေးငွေ အဖြစ် သတ်မှတ် မထုတ်ပြန်မီ ရက်ပေါင်း ၆၀ ကြိုတင်ထုတ်ပြန် ကြေညာပေး သွားမည် ဟုလည်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လင်းရှင်းဖြေ ကြားရာတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးပွဲများ၊ အစည်းအဝေးများ ကျင်းပခြင်းနှင့် မေးခွန်းလွှာများ ဖြန့်ဝေ၍ စာရင်းများ ကောက် ယူခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ သုတေသန လုပ်ငန်းများမှ ရရှိလာသည့် ရလဒ်များနှင့် အလုပ်သမားများ လက်ရှိ ရရှိနေသည့် လုပ်ခလစာများကို နှိုင်းယှဉ်ပြီး အနည်းဆုံး အခ ကြေးငွေ သတ်မှတ် နိုင်ရန် အဓိကကျသည့် နေထိုင် စားသောက်မှု စရိတ် တွက်ချက်နိုင်ရေး ဆွေးနွေးလျက် ရှိကြောင်း၊ လုပ်ငန်း အမျိုးအစားအလိုက် မည်သို့သတ်မှတ်သင့် သည်ကို အလုပ်ရှင်နှင့်အလုပ်သမားများ၏ ဆွေးနွေးချက် ရလဒ် များ၊ သုတေသန ရလဒ်များ၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံး နေသည့် အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေး ကိစ္စသည် ရေရှည် အကောင်အထည်ဖော် ဆောင်ရွက် ရမည့် ကိစ္စဖြစ် ပါကြောင်း၊ နေရာဒေသနှင့် အလုပ်အကိုင် အမျိုးအစား ကွာခြားမှု၊ လူနေမှုစရိတ် ကွာခြားမှု စသည့် ထည့်သွင်းစဉ်းစားရမည့် အချက်များ များစွာရှိနေပါ ကြောင်း၊ နေရာဒေသအလိုက် လူနေမှုစရိတ် ကွာခြားခြင်း၊ အလုပ်အကိုင် အမျိုးအစားနှင့် အခြေခံ ကျွမ်းကျင်မှုကွာခြားခြင်း တို့ကြောင့် အလုပ်သမားများ၏ လုပ်ခလစာသည် ကွာခြားမှု ရှိနိုင် ပါ ကြောင်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးနိုင်ရန် ထည့်သွင်း စဉ်းစားရမည့် အခြေခံအချက်များစွာ ရှိနေသည့်အတွက် အဆိုပါအချက်များကို အပြည့်အစုံ ထည့်သွင်း စဉ်း စား တွက်ချက်ရန် အချိန် အတိုင်းအတာတခု လိုအပ်ကြောင်း၊ နိုင်ငံတကာ၌လည်း အနည်းဆုံး အခကြေး ငွေသတ်မှတ်နိုင်ရေး ကိစ္စကို နှစ်ပေါင်းများစွာ လေ့လာစိစစ်ပြီးမှ ဆောင်ရွက်ခဲ့ပါကြောင်းဟု ဖြေကြားသွား သည်ကို လေ့လာမိသည်။
ဒုတိယဝန်ကြီး၏ ဖြေရှင်းဖြေကြားချက်ကိုအပြည့် အစုံနီးပါး ပြန်လည်ဖော်ပြရခြင်းမှာ အကြောင်းရှိပါသည်။ မေးခွန်းရှင် ဦးဉာဏ်လင်း၏ အမေးသည် “အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အခြေအနေနှင့် မျှော်မှန်းကာလကို သိလို ကြောင်း” မေးထားခြင်း ဖြစ်သည်။
ယင်းသို့မေးထားသည်ကို ဒုတိယ ဝန်ကြီးဒေါ်ဝင်းမော်ထွန်း၏ ဖြေကြားချက်ထဲတွင် တိကျသော အဖြေပါ၊ မပါ ရှာဖွေကြည့် လိုရင်း ဖြစ်သည်။ ရှာဖွေကြည့်သော် အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး မျှော်မှန်း ကာလ ဘယ်ရွေ့ဘယ်မျှ ရှိသည်ဟု ဖော်ပြထားခြင်း မရှိပါ။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အခြေအနေများ အကြောင်းကိုသာ ဝေ့ဝဲရစ်သန်းကာ ပြောကြား သွားပြီး မျှော်မှန်းကာလ သတ်မှတ်နိုင်ရေး ကိုတော့ “အလုပ်သမားများ အတွက်အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကိစ္စသည် နှစ်ပေါင်းများစွာ လေ့လာစိစစ်ပြီးမှ ဆောင်ရွက်ရခြင်း ဖြစ်သည်” ဟုသာ ဆိုထား ပါသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးသည် အချိန်ယူရရိုး ထုံးစံ ဖြစ်သည်ကို အများက နားလည်ထား သည်။
ရေရှည် အကောင်အထည် ဖော်ရမည်ဆိုရာ တွင်ရေရှည် ဆိုသည်မှာ မည်မျှနှစ်ကာလ ရှည်ရှည်ကို ရေရှည် ဟု သတ်မှတ်မည် နည်း။ ထို့ပြင်နိုင်ငံ တကာက နှစ်ပေါင်းများစွာ လေ့လာစိစစ်ရသည်ဆို ရာတွင်လည်း မည် သည့်နိုင်ငံက မည်မျှ နှစ်ကာလများကို အချိန်ယူ လေ့လာစိစစ်ပါ သနည်း။ နှစ်ကာလ အတိုင်းအတာ တခု တော့ ရှိရပေမည်။
ထို့ပြင် လက်ရှိ မိမိတို့ နိုင်ငံ၏ အခြေခံလူတန်းစား အလုပ်သမားများ၏ လက်ငင်းခံစားနေရသော စားဝတ် နေရေး အခြေအနေများသည် အနည်းဆုံး အခကြေးငွေ အပြီးသတ် သတ်မှတ်ပေးနိုင်သည် အထိ ရေရှည် စောင့်စားနေ နိုင်သော၊ နှစ်ပေါင်းများစွာ လေ့လာစိစစ်နေသည် အထိ စောင့်စားနေနိုင်သော အခြေအနေများ ကိုလည်း လေ့လာ ဆန်းစစ်ရ ပါဦးမည်။
ယခု ရက်ပိုင်းတွင် မာစတာစပေါ့စ် အားကစား ဖိနပ်စက်ရုံ အလုပ်သမားများကိစ္စ မီးနီပြနေပြီ။ ကိုရီးယား နိုင်ငံသား တဦး ပိုင်ဆိုင်သည့် မာစတာစပေါ့စ် အားကစား ဖိနပ်စက်ရုံသည် စက်ရုံလည်ပတ်မှု သုံးနှစ် ကျော်ပြီး ချိန်တွင် လုပ်ငန်း ရှုံးသည်ဟု အကြောင်းပြပြီး စက်ရုံပိတ်သိမ်းကာ စက်ရုံပိုင်ရှင်သည် ကိုရီး ယား နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။ ထိုအခါ မြန်မာစက်ရုံ အလုပ်သမားများ ဒုက္ခရောက် ကျန် ခဲ့သည်။
လုပ်ခလစာ တလစာ ပေးချေရန်နှင့် အလုပ်သမား နစ်နာကြေးပေးရန် မြို့နယ်အလုပ်ရှင် အလုပ်သမား ပဋိ ပက္ခ ဖြေရှင်းရေး ခုံသမာဓိအဖွဲ့က ကြားဝင် ဆောင်ရွက်ပေးသည်။ ယင်းစက်ရုံ မပိတ် သိမ်းစဉ်က အခြေခံ အလုပ်သမား ၈၀ဝ ကျော်ရှိပြီး အနိမ့်ဆုံး လုပ်ခလစာငွေ ကျပ်ခြောက်သောင်းမှ တသိန်းခွဲ အထိ ရှိသည်။
ယင်း အခြေခံလစာငွေနှင့် အလုပ်သမား နစ်နာမှု အကျိုးခံစားခွင့် ငွေကျပ်သိန်း ပေါင်း ၂၁၀ဝ ကျော် ပေးချေ ရမည်ဟု အလုပ်သမား/ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ပြောထားသည်။
မြို့နယ်ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အရ လုပ်ခ တလစာနှင့် နစ်နာကြေးပေးရန် စောင့်ဆိုင်း လာခဲ့သည်မှာ ရက်ပေါင်း ၈၀ ကျော် ကြာသည့်အခါ တစုံတရာ ထူးခြားမှု မရှိဖြစ်နေသည်။ စက်ရုံအလုပ် သမားများ မိမိတို့ ရရှိရန် လစာငွေကိစ္စ ဝန်ကြီးဌာန ဘက်မှ မည်သို့ အကြောင်းပြန်မည်ကို သိလို၍စက်ရုံ ရှေ့တွင် စောင့်ဆိုင်း ရာမှ ရဲတပ်ရင်း ၉ ၏ အင်အားသုံး ဖြိုခွင်းခံလိုက်ရခြင်းနှင့် ရက်ရက်စက်စက် ကြုံ တွေ့ခဲ့ရသည်။
ယင်းကိစ္စသည် အလုပ်သမားအရေး အရာများကို တိုင်တွယ်နေသော အာဏာပိုင်များ သင်ခန်းစာယူရမည့် ကိစ္စ ဖြစ်သည်။ ထို့ပြင် မြန်မာ အလုပ်သမားများ အပေါ် တနပ်စား ကြံသွားသော နိုင်ငံခြားသား အလုပ်ရှင် စက်ရုံပိုင်ရှင် ဆိုသူများကိုလည်း သတိရှိရတော့မည် ဖြစ်သည်။
ကိုရီးယား နိုင်ငံသားပိုင် မာစတာစပေါ့စ် အားကစားဖိနပ် စက်ရုံ ပြဿနာသည် ယခုလို အင်အားသုံး ဖြေရှင်း လိုက်ရသည် အထိ ပဋိပက္ခအသွင် ဖြစ်ပွားရခြင်းသည် အရင်းစစ်လျှင် အခြေခံလုပ်ခလစာ ပြဿနာတွင်တည်သည်။ စက်ရုံပိုင်ရှင် ထွက်ပြေးရခြင်းက အကြောင်းရင်း မဟုတ်။ ထို့ပြင်သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ အရေးယူဆောင်ရွက်ပုံ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်း၊ အရေးတယူ မရှိခြင်း၊ မျက်ကွယ်ပြုခြင်း များတွင်လည်း မူတည်သည်။
အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေးကိစ္စများ အပြီးသတ် သတ်မှတ် မပေးနိုင်လျှင် ဒီလိုပြဿနာများ ဆက်တိုက်ပေါ်တော့ မည်ဟုလည်း မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
ယခု ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့သော မာစတာ စပေါ့စ် အားကစားဖိနပ်စက်ရုံကိစ္စ မတိုင်ခင် ယခင့် ယခင်က ပေါ်ပေါက် ခဲ့သော စက်ရုံအချို့၏ အလုပ်ရှင် အလုပ်သမား ပဋိပက္ခ ပြဿနာများသည် အနည်းဆုံး အခ ကြေးပေါ်တွင် အဓိက မူတည် နေသည်။ မူတည်နေသည်ကိုလည်း အာဏာပိုင်များ၊ စီမံခန့်ခွဲ သူများ၊ ပေါ်လ စီရေးဆွဲသူများနှင့် ကာယကံရှင် အလုပ်သမားများ သိပြီး ဖြစ်ကြ၍ အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး ကြိုးစားအားထုတ် ခဲ့ကြသည်။ အင်တိုက် အားတိုက် အားထုတ်သူများမှာ အခြေခံ အလုပ်သများ သမဂ္ဂများဖြစ်သည်။
ရလဒ် အဖြစ် အခြေခံအလုပ်သမာများ အတွက် အနည်းဆုံး အခကြေးငွေ “တရက် ကျပ်ခုနှစ်ထောင်” သတ် မှတ်ပေးသင့်သည် ဟု သတင်း ပေါ်ထွက်ခဲ့သည်။
ယင်းသို့ တရက်ကျပ် ခုနှစ်ထောင် သတ်မှတ် ပေးသင့်သည် ဟူသော အသံများ ညံစီသွားသောအခါ ပုဂ္ဂလိ က စက်ရုံ တချို့တွင် ဖိနှိပ်ထား ခံနေရဆဲ ဖြစ်သော အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်များအား ပိုမိုဖိနှိပ် လာသည်။
ဖိနှိပ်လာသည် ဆိုသည့်အသံများလည်း ပိုပြီး ကြားလာရသည်။ အကြောင်းပြချက် မခိုင်မလုံဖြင့် အလုပ် ထုတ်ပစ်ခြင်း၊ ရာထူး တဆင့် လျှော့ချခြင်း၊ အလုပ်သမား ရပိုင်ခွင့်များ ပိတ်ပင်ခြင်း၊ လစာနှုန်းထား လျှော့ချ ခြင်းများ အစရှိသဖြင့် စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်းများ ကျရောက်အောင် အမျိုးမျိုး ပြုလုပ်ခဲ့ကြ သည် ဟု ကြားသိရသည်။
ထိုအခါ အလုပ်သမားများက ဆန္ဒဖော်ထုတ် ကြသည်။ အလုပ်သမား အခွင့်အရေးများ ပေးရန်၊ နိမ့်ကျဆိုး ရွားနေသော အခြေခံ လုပ်ခလစာ တိုးမြှင့် ပေးရန် စသည်ဖြင့် တောင်းဆိုမှုများကို သက်ဆိုင်ရာ ခုံသမာဓိ အဖွဲ့များက ကြားဝင် ဖြေရှင်း ဆုံးဖြတ်ပေးခဲ့သည်။
သို့သော် ခုံသမာဓိ အဖွဲ့များ၏ ဆုံးဖြတ်ချက်များကို အလုပ်ရှင် တော်တော်များများက ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ သည်၊ လုပ်နေသည်၊ ယခုတိုင် လုပ် နေဆဲဖြစ်သည်။ တိတိပပ မြင်သာသည်မှာ အလုပ်ရှင်အများစု သည် ခုံသမာဓိ အချို့၏ ဆုံးဖြတ်ချက်များ၊ သက်ဆိုင်ရာ အလုပ်သမားရေးရာ အာဏာပိုင်များနှင့် သက်ဆိုင် ရာ ဝန်ကြီးဌာန၏ ဩဇာကို မနာခံကြ ဟူသည်ကို မြင်သာနေပါသည်။
ယခု အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကြန့်ကြာခြင်း များသည်လည်း အလုပ်ရှင်အများစုနှင့် ညှိနှိုင်းရာတွင် သဘောတူညီချက် မရ၍ဟု ပြောဆို မှုများ ရှိနေသည်။ သဘောမှာ အလုပ်ရှင် အများစု အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဩဇာ မညောင်း ဆိုသည့် သဘောဖြစ်၏။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ကိစ္စတွင် အလုပ်ရှင် အများစု ဆင်ခြေသည် အလုပ်သမားများ တရက်လုပ်ခ အနည်းဆုံး ကျပ်ခုနှစ်ထောင် သို့မဟုတ် ထို့ထက် မက ပေးရဖွယ်ရှိနေ၍ ငွေကြေး ဖောင်းပွမှု နှုန်း မြင့်တက်လာမည်။
အခြေခံ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်။ မြန်မာ ကျပ်ငွေ တန်ဖိုးကျသထက် ကျလာမည်။ သူ တို့စက်ရုံ ၏ ကုန်ထုတ်လုပ်စရိတ်များ မြင့်တက်လာ မည်ဖြစ်၍ ထုတ်ကုန် ပစ္စည်းများ ဈေးမြှင့်၍ ဖြန့်ချိရမည့် သဘော ရှိသည်။
ထို့ကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းကို ထိန်းမရ ဖြစ်ပြီး လက်လုပ်လက်စားများကို ထိခိုက်မည်။ တဆင့် တက် ရလျှင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်များကို ထိခိုက်နိုင်သည်ဟု ပြောနေကြကြောင်း ကြားသိရ သည်။
ယင်းသို့ ကောလာဟလ ဖြစ်နေသော အလုပ်ရှင်အများစု၏ ဆင်ခြေသည် လွန်စွာယုတ္တိမဲ့၏။ လွန်စွာလည်း ကောက်ကျစ်သည့် သဘော သက်ဝင်နေသည်။ စဉ်းစားရသည်မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေး ရမည့် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များသည် အထက်က ဆိုခဲ့သကဲ့သို့ အလုပ်ရှင်များ၏ ဆင် ခြေကို နားများ ယောင်နေကြ သလား၊ နားယောင်နေကြ၍လည်း ယခုထက်ထိ အဖြေ မထွက်နိုင်သေးဘဲ ကြန့်ကြာနေရသည်လား၊ မကြန့်ကြာ ကြန့်ကြာအောင် တမင်ပဲ ဖန်တီးနေလား စဉ်းစားရပါတော့မည်။
ဒုတိယဝန်ကြီး ဖြေကြားထား သလိုအနည်းဆုံး အခကြေးငွေတရပ် သတ်မှတ်နိုင်ရေးသည် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအာဏာပိုင်များ တွေ့ဆုံညှိနှိုင်းရမည်မှာ မှန်ပါသည်။ ကုန်ဈေးနှုန်းများ စာရင်းကောက် ယူရမည်။ အလုပ်သမား များ၏ နေရာဒေသ၊ အလုပ်အကိုင် အမျိုးအစား၊ လူနေမှု စရိတ်ကွာခြားမှု အနေ အထားများကို လေ့လာသုတေသန ပြုရမည်မှာ မှန်ပါသည်။ သို့သော် ယင်းသို့ လေ့လာသုတေသနပြု၊ စစ်တမ်း ကောက်နေရခြင်း၊ ညှိနှိုင်းနေရခြင်း များကို ရမယ်ရှာ၍ ဆုံးဖြတ်ရ ခက်ခဲနေခြင်း များကို ဖုံးကွယ်ထားမည် ကို စိုးမိသည်။
တခုရှိသေးသည်မှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စသည် အချိန်တို အတွင်း ချက်ချင်း သတ်မှတ် ပေးလျှင် အလုပ်သမားများ နစ်နာမည် စိုး၍ ဟူသော ဆင်ခြေမျိုးကိုလည်း မသုံးမိကြစေရန် ပန်ကြားချင်သည်။ အလုပ်သမားများလည်း မနစ်နာစေ၊ အချိန့်ကြန့်ကြာခြင်း ကိုလည်း ရှောင်ရှားနိုင်စေ၊ ဖြစ်နိုင်သမျှ မှန်မှန်မြန်မြန် စီမံ ဆောင်ရွက်သင့်သည် ဟု မြင်မိသည်။
အကြောင်းမှာ အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပေးနိုင်မှု နောက်ကျလေ အခြေခံ အလုပ်သမားများ အတွက် ထိခိုက်နစ်နာလေ၊ အလုပ်ရှင် စီးပွားရေး လောဘဇော တိုက်နေသူများ ကုပ်သွေးစုပ်ခွင့် ပိုရလေဖြစ် ပါလိမ့်မည်။ အလုပ်ရှင်အများစု၏ ဆင်ခြေဆင်လက်ကို ဆင်ခြင်ရပါမည်။
ယနေ့ အခြေခံလူတန်းစား အလုပ်သမားများ၏ စားဝတ်နေရေး အခြေအနေသည် ဆင်းရဲတွင်း နက်နေဆဲ ဖြစ်သည်။ ဆင်းရဲတွင်း နက်နေဆဲသာမက အရပ်ရပ်သော ဖိနှိပ်မှုမျိုးစုံနှင့်လည်း ရင်ဆိုင်နေရသည်။
ထိုအထဲတွင် အလုပ်သမား ဆန္ဒပြမှုများကို အင်အားသုံး နှိမ်နင်းခံရခြင်းသည် အဆိုးဝါးဆုံး ဖြစ်သည်။
ဤအခြေအနေတွင် အလုပ်သမားများ၏ ဘဝကို မငဲ့ကွက် မထောက်ညှာဘဲ အနည်းဆုံး အခကြေးငွေ သတ်မှတ် ပေးရေး ကိစ္စသည် ရေရှည်အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဟု ပြောခြင်းမျိုးသည် ရေနစ်သူကို ဝါးကူထိုး နှစ်နေသည် ဟုသာ သုံးသပ် ရပါတော့မည်။ ။
(မောင်လွင်ပြင်သည် သတင်းစာ ဂျာနယ်များတွင် သတင်းဆောင်းပါးများ ပုံမှန်ရေးနေသူ ဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။)