ပုရစ်တကောင်ကို ဆင်အုပ်စုကြီးက ဖမ်းထားစဉ် အစောင့်ချထားသော ဆင်ကြီးကို ပုရစ်က ထိုးကြိတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပုရစ်ကြီးအား ဆင်လေးက သူ့အစွယ်ကလေးဖြင့် ထိုးလိုက်သောကြောင့် အဆိုပါပုရစ် သေဆုံး သွားကြောင်း ဆင်အုပ်စုဘက်က သတင်းထုတ်ပြန် လိုက်ရာ ပုရစ်အုပ်စုအကြားတွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်လေတော့သည်။
နဂိုကတည်းက အသံကျယ်လှသော ပုရစ်များပီပီ “အို ပုရစ်တကောင် အပြစ်မဲ့စွာ သေသွားပြီ … ဒီလိုပဲ ရပ်ကြည့်နေတော့ မှာလား” ဟု အော်သည့် ပုရစ်က ထအော်သည်။ “ဒီလိုပဲ ရပ်ကြည့်နေကျပဲဟာ … နင်က ဘာဖြစ်ချင်သေးလို့လဲ” ဟု ပြောသည့် ပုရစ်က ပြောလေသည်။ “ဒါ တို့ပုရစ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပဲ … တတ်နိုင်သမျှ အသံကျယ်ကျယ် ထွက်ကြစို့၊ ငါတို့ပုရစ်တွေရဲ့ အသံစွမ်းအား ပြကြစို့” ဟု လှုံ့ဆော်သည့် ပုရစ်က လှုံ့ဆော်သည်။
“အို … ဆင်ကြီးတွေဆိုတာ ငါတို့ကို ဘယ်တုန်းက အရေးတယူ လုပ်ဖူးလို့လဲ၊ ပြီးခဲ့တဲ့ တပတ်ကမှ ဆင် သေနာပတိကြီးနဲ့ ချစ်ကြည်ရေး တည်ဆောက် လာခဲ့တာ၊ ဒီဆက်ဆံရေးလေး အဓွန့်ရှည်အောင် တည်ဆောက် ပါရစေဦး။ ပုရစ် တကောင် လောက်တော့ သေပါ့စေ” ဆိုကာ မသိချင်ယောင်ဆောင်သည့် ပုရစ်က ဆောင်သည်။
သို့သော်လည်း ဒီတခါ မကျေနပ်သည့် ပုရစ်အုပ်စုက များလေသည့်အခါ အသံပူညံပူညံ ထွက်လာသည်ကို ဆင်ကြီး များက ရိပ်မိသည့်အလျောက် သူတို့ဆင်များကို အလစ် ဝင်ဝင်တုပ်လေ့ရှိသည့် ပုရွက်ပျံများနှင့် သေသွားသည့် ပုရစ် တွဲရိုက်ထားသည့် ဓာတ်ပုံကို ပုရစ်အုပ်ကြားထဲ ပြန့်အောင်ဖြန့်လိုက် လေသည်။ ထိုပုရစ်သည် ပုရစ် အစစ်မဟုတ်ကြောင်း၊ ပုရွက်ပျံများနှင့် ပူးပေါင်းနေသည့် ပုရစ်အတုဖြစ်ကြောင်း အနည်းငယ်မျှသာ ဆင်ကြီးတို့ ဘက်က ပြောရ သေးသည်၊ နဂိုကတည်းက အတိုက်အခိုက်၊ အကွဲအပြဲ များလှသည့် ပုရစ်လောကတွင် ယင်းဝါဒဖြန့်မှုကြီး အုန်းခနဲ အောင်မြင် သွားတော့သည်။ ထိုအခါ ဝါဒဖြန့်သည့် ဆင်ကြီးများပင် အံ့သြ ယူူရလေသည်။
ပုရစ်ပညာရှင်ကြီးများက ထိုပုရစ်သည် ပုရစ် မဟုတ်သည့်အတွက် ပုရစ်များအနေဖြင့် နာစရာမလိုကြောင်း၊ ပုရစ်တို့၏ ဘက်မလိုက်ဘဲ ထွက်ရမည့် အသံ ကျယ်ကျယ်ကို တဘက်တည်းက ထွက်ပေးသည့်အတွက် ယင်းကဲ့သို့ ဆင်စွယ်နှင့် ထိုးခံရခြင်း ဖြစ်ကာ ကံမကောင်း အကြောင်းမလှသောကြောင့် သေရခြင်း ဖြစ်ကြောင်း၊ သေပြီးသည့်နောက် ရုပ် အလောင်းကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးသဖြင့်် ဆင်ကြီးများကိုပင် ကျေးဇူူး တင်သင့်ကြောင်း ပုရစ် ဆရာကြီး တချို့က သုံးသပ်ကြလေသည်။
ပုရစ်ဆိုသည်မှာ အားနည်းသည့်အတွက် အားကြီးသည့် ရန်သူများကို စုပေါင်း တွန်းလှန်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ထားသည့် ပုရစ်ကောင်စီကလည်း ယင်းကိစ္စကို ကြေညာချက် ထုတ်သင့် မထုတ်သင့် စဉ်းစားရဦးမည် ဖြစ်ကြောင်း၊ အရေးကြီး သည်မှာ ပုရစ်သည် အပျံသင်ကာစ ဖြစ်သည့်အတွက် ယင်းပုရစ်ကို အာမခံမည့် ပုရစ်တွင်း မရှိလေရာ မိမိတို့မှာ အလကား ရသည့် ကြေညာချက်ကိုပင် ထုတ်ရန် အခက်အခဲ ရှိကြောင်း … ဘာညာသရကာ ပြောကြလေသည်။
အို … ပုရစ်ဘဝ ဆိုးလေစွ၊ ဆင်စွယ်ဖြင့် ထိုးသတ်ခံရသောကြောင့် သေရသည်ကိုပင် ကန့်ကွက်မည့်သူထက် ထောက်ခံမည့်သူ ပိုများနေသည်တကား။ ဒါတင် မကသေး၊ ပုရစ်ဆိုသည်မှာ အသံထွက်ရမည် မှန်သော်လည်း ကျင့်ဝတ်ကို လိုက်နာရန် လိုအပ်ကြောင်း၊ ပုရစ်များအဖို့ ကျင့်ဝတ်မှာ လွန်စွာအရေးကြီးကြောင်း ယခုကဲ့သို့ ဆင်ကြီးများနှင့် ပုရွက်ပျံများ တိုက်ပွဲဖြစ်နေချိန်တွင် ပုရစ်များအဖို့ အသွားအလာ ဂရုစိုက်ရန် လိုအပ်ကြောာင်း၊ မိမိတို့ကဲ့သို့ ပုရစ်တွင်းက မခွာဘဲ ဖုန်းလေးဆက်ကာ တိုက်ပွဲသတင်း ရေးလျှင် ဘေးကင်း၊ ရန်ကင်း အန္တရာယ် ရှင်းမည်ဖြစ်ကြောင်း ပုရစ် နောကျေနေသည့် ဝါရင့်ပုရစ်ကြီးများက လူငယ်ပုရစ်များကို ဆုံးမ သြဝါဒစကား ပို့ချလေသည်။ အို … ပုရစ်လောက … အံ့ဖွယ်ကောင်းလေစွ တကား …။
ထိုပုရစ် သေသွားကြောင်း သတင်းထုတ်ပြန်ချက် မှာလည်း အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ တကယ်တော့ ထိုပုရစ် အစအန ပျောက်နေသည်မှာ တလခန့်ရှိပြီ ဖြစ်သော်လည်း ပုရစ်ကောင်စီ၊ ပုရစ်အသင်းများက တုတ်တုတ်မျှ မလှုပ်ကြပေ။ သို့သော်လည်း ပုရစ်၏ အမျိုးသမီး ပုရစ်မလေးက ဘဝတူ ပုရစ်များကို ရင်ဖွင့်လိုက် လေသောအခါမှသာ ကောက်ခါငင်ခါ ဆိုသလိုပင် ဆင်သေနာပတိကြီးနှင့် ပုရစ်ကောင်စီလူကြီးများ တွေ့ကြလေ၏။ ချိုသာကြည်မြ စကားစမြည် ပြောကြ လေ၏။ ပြီးသည့်နောက်မှ ယင်းပုရစ် သေဆုံးပြီဆိုသည့် သတင်း အတိအကျ ထွက်လာခြင်းဖြစ်သည်။ ထို့ထက် အံ့သြဖွယ် ကောင်းသည်မှာ ပုရစ်များအကြား သတင်းဖြန့်ချိခြင်း ဆိုသည်မှာ မြန်ဆန်လှသော်လည်း ဆင်ကြီးများဘက်မှ ထုတ်ပြန်သည့် သတင်းကို ဦးဦးဖျားဖျား ဖော်ပြနိုင်သည်မှာ ပုရစ်ကောင်စီ လူကြီး တဦးနှင့် ဆက်စပ်နေသော ပုရစ်တွင်းမှ ဖြစ်လေသည်။ သူကမူ ပုရစ်များသည် အများပြည်သူ ရုံးပိတ်ရက် ဖြစ်သောကြောင့် ယင်းနေ့တွင် ပုရစ်များ အလုပ် နားသည်ဟု ယူဆသည့်အတွက် သတင်း မထုတ်ပြန် လိုက်ရခြင်း ဖြစ်သည်ဟု ပြောသည့်အခါ ကျန်သည့်ပုရစ်များမှာ သြော် … ဟုတ်ပေသားပဲဟု ပါးစပ် အဟောင်းသားနှင့်သာ ငေးမော ကြည့်နေရ ရှာသည်မှာလည်း ထူးထွေ ဆန်းပြားသည့် အချက်တချက် ဖြစ်နေသေးတော့သည်။
ကဲ … ရှိစေတော့၊ မည်သို့ပင်ဆိုစေ ဆင်ကြီးများ လက်တွင် အဖမ်းခံလိုက်ရသော ပုရစ်ကတော့ သေသွားပြီ ဖြစ်သည်။ ကျန်သည့် ပုရစ်များ ဘာလုပ်ကြမည်နည်း ဆိုသည့်အချက်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အံ့အားသင့်ဖွယ် ကောင်းပေစွ။ ပုရစ်တကောင် ဆင်စွယ်နှင့် အထိုးခံရသောကြောင့် သေသွားသော်လည်း ကျန်ပုရစ်များကား ယခုထိ ငြင်းလို့ ခုန်လို့ ကောင်းတုန်း ဖြစ်ကြသည်။
ကြေငြာချက် ထုတ်မယ်၊ ကြေငြာချက် ထုတ်စရာမလိုဘူး၊ ဆန္ဒပြမယ်၊ ဆန္ဒမပြဘူး၊ ဆင်ကြီးတွေမှန်တယ်၊ ဆင်ကြီးတွေ မမှန်ဘူးဆိုသည့် အပေါ်ယံကိစ္စရပ် များတွင်သာ ငြင်းခုန်နေဆဲ ဖြစ်သည်။ ဆင်ကြီးများ ထုတ်ပြန်ချက်ကို တလုံးမကျန် ယုံသည့် ပုရစ်များကလည်း ယုံနေဆဲသာဖြစ်သည်။ ဆင်ကြီးများ အဖို့ ဝမ်းသာစရာ ကောင်းသည့်အချက်မှာ ထိုပုရစ် သေဆုံးမှုအတွက် တာဝန်ရှိသူများကို အရေးယူပေးရန် ပုရစ်အုပ်စုကြီးက ထိထိရောက်ရောက် တောင်းဆို ကန့််ကွက်ခြင်း မရှိသေးဘဲ နောက်ကွယ်တွင် အတင်းတုပ်နေဆဲ အဆင့်တွင်သာ ရှိနေသည့် အချက်ပင် ဖြစ်လေသည်။
အို … ပုရစ်၊ သင်ကား သေလေပြီ … ကျွနု်ပ်တို့သည်ကား ငြင်းခုံ၍ကောင်းဆဲ၊ ဆင်ကြီးများသည်လည်း အစားမပျက်၊ အသောက်မပျက်ပင် ရှိချေသေးသည် တကား၊ ရောက်ရာအရပ်က စိတ်မသက်မသာ မဖြစ်ပါနှင့်် ဤသည်တို့မှာ ဖြစ်မြဲ ဓမ္မတာသာ ဖြစ်သောကြောင့် ပြုံးပြုံးကြီးသာ ကြည့်နေပါတော့ … ကိုပုရစ် … ကျွနု်ပ်တို့ ပုရစ်များသည်ကား ယခင်ကလည်း ဤပုံစံ၊ ယခုလည်း ဤပုံစံ၊ နောင်လည်း ဤပုံစံသာ ဖြစ်ပါလိမ့်မည် … ။ သင်ကဲ့သို့ တိုက်ပွဲသတင်းကို ပုရစ်ပညာရှိများ ကဲ့သို့ ဖုန်းလေးဖြင့် မဆက်လိုဘဲ ကိုယ်တိုင်ကိုယ်ကျ ယူလိုသည့် လူမိုက်ပုရစ် အဖော်များလည်း နောင်များ မကြာခင် သင့်ထံ ထပ်ရောက် လာပါလိမ့်ဦးမည်။ နေရာထိုင်ခင်းသာ စီစဉ်ထားလိုက် ပါတော့ … ကိုပါကြီး … ဟုတ်ပေါင် … ကိုပုရစ်ကြီးရေ …။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)