သခင်သန်းထွန်း ဆိုတာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ ဆိုတာကတော့ ၁၉၄၈ ခု မတ် ၂၈ ရက်မှာ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲသွားတဲ့ ပါတီပေါ့။ ပထမ ပဲခူးရိုးမမှာ အခြေခံစခန်း တည်ဆောက် ပါတယ်။ (အခုတော့ ပဲခူးရိုးမ တလျှောက်လုံး သစ်တောတွေ ပြောင်တလင်း ဖြစ်သွားပြီမို့၊ ဘယ်လို အခြေခံစခန်း တည်ဆောက်ခဲ့ကြပါသလဲ ဆိုတာ နားလည်ဖို့ ခဲယဉ်းပါလိမ့်မယ်)။
၁၉၆၈ ခုနှစ်မှာ ဥက္ကဋ္ဌ သခင်သန်းထွန်း ချောင်းမြောင်းလုပ်ကြံခံရပြီး ထိုးစစ်ဆင် ချေမှုန်းခံရတော့ မြန်မာပြည် အရှေ့မြောက်ပိုင်း တရုတ်ပြည်နယ်စပ် “ဝ” ဒေသကို ပြောင်းရွှေ့အခြေစိုက် စခန်းတည်ထောင်ပါတယ်။
၁၉၈၉ ခုနှစ်မှာ “ဝ” လက်နက်ကိုင်တပ်သားတွေရဲ့ အာဏာသိမ်းပိုက်မှုကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီဟာ ပြိုကွဲသွား တော့တယ်။
အခု စာအုပ်က အဲဒီ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ ဂျပန်ဖက်ဆစ် တော်လှန်ရေး အပြီး လွတ်လပ်ရေး မရခင် စပ်ကြား မြေပေါ်မှာ ရှိနေစဉ် ရေးသားခဲ့တဲ့ နိုင်ငံရေး ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ အစီရင်ခံစာတွေ၊ စာအုပ် အမှာစာတွေကို စုစည်းထားတဲ့ စာအုပ်ပါ။ စာ ၁၅ ပုဒ် (အညာပြန် ဆောင်းပါး ၁၊ ၂၊ ၃ တို့ကို တပုဒ်တည်း အဖြစ် သတ်မှတ်တယ်) နဲ့ ကိုလိုနီ အစိုးရက ထုတ်ပြန်တဲ့ ရန်သူတော်စာရင်းတို့ ပါဝင်တာ တွေ့ရတယ်။
ပထမဦးဆုံး သခင်ဗဟိန်း (၁၉၁၇-၁၉၄၆) ရဲ့ “ဓနရှင်လောက” စာအုပ်ကို အမှာစာ ရေးပေးထားတာ တွေ့ရတယ်။ အဲဒီ စာအုပ်မှာ သခင်စိုးကလည်း အမှာစာ ရေးပေးထားတယ်။ သခင်ဗဟိန်းဟာ ၂၉ နှစ်အရွယ် ကွန်လွန်သွားရှာပေမယ့် နိုင်ငံအတွက် အလုပ်တွေ အများကြီး လုပ်သွားနိုင်ခဲ့သူပါ။
“မြင်းခွာ တချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ၁၃၀ဝ ပြည့် အရေးတော်ပုံ အတွင်းက တပြည်လုံး ဟိန်းသွားစေတဲ့ ကြွေးကြော်သံက သခင်ဗဟိန်းရဲ့ စကားပေါ့။
ကွန်မြူနစ် ပါတီရဲ့ အာဘော် ပြည်သူ့အာဏာ ဂျာနယ်မှာ သခင်ဗဟိန်းက အယ်ဒီတာချုပ်ပါ။ ဆရာကြီး ဒဂုန်တာရာက “သခင်ဗဟိန်း (သို့မဟုတ်) ကဗျာ” လို့ ရုပ်ပုံလွှာ ရေးဖွဲ့ခဲ့ဖူးတယ်။ ဓနရှင်လောက စာအုပ်ကလည်း သူ့ခေတ် သူ့အခါနဲ့ ဆိုရင်တော့ အတွေးအမြင် အယူအဆအရ အင်မတန် ခေတ်ရှေ့ ပြေးတဲ့ စာအုပ်လို့ ဆိုရပါ့မယ်။
နောက် ရန်သူတော်စာရင်းပါ။ ကိုလိုနီ အစိုးရက သူတို့ရန်သူတွေကို လေ့လာပြီး ရန်သူတော်စာရင်း ပြုစု ထိန်းသိမ်း ထားတယ်။ သခင်သန်းထွန်းက ရန်သူတော် စာရင်း အမှတ် ၁၂ ပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရန်သူတော် စာရင်း အမှတ် ၁ လို့ ဆိုပါတယ်။ အဲဒီမှာ သခင်သန်းထွန်းရဲ့ ပုံသဏ္ဌာန်ကို အမြင့် ၅ ပေ ၂ လက်မ၊ ကိုယ်နေ တောင့်သည်၊ ဆံပင်နက်သည်၊ မျက်ခုံးသေးသည်၊ မျက်လုံးများ ငယ်သည်၊ နဖူးမောက်သည်၊ နှာခေါင်းပြားသည်၊ ပါးစပ်ကျယ်သည်၊ နားရွက်များ သာမန်ဖြစ်သည်၊ အသားရောင် ညိုသည်လို့ တွေ့ကြရတယ်။
အဖ ဦးဘိုမောင်၊ ၁၉၁၁ ခုဖွား၊ ဇာတိ တောင်ငူခရိုင် ကညွတ်ကွင်းမြို့၊ ဇနီးက ဒေါ်ခင်ကြီးပါ။ ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်ရဲ့ အစ်မ အရင်းပါ။ ဒါကြောင့် သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မယား ညီအစ်ကို တော်စပ် ပါတယ်။
သခင်သန်းထွန်းနဲ့ သခင်စိုးကြီးဟာ အရပ်အနေအထား၊ ကိုယ်လုံးပုံသဏ္ဌာန် အနေအထား တူသယောင်ရှိလို့ တချို့က ညီအစ်ကို တော်စပ်တယ်လို့ ထင်မှတ်ကြသတဲ့။
“ဆိုရှယ်လစ်ဝါဒနှင့် ဗမာရာဇဝင်” ဆောင်းပါးက ဘုံဝါဒနှင့် တို့ဗမာစာအုပ် ၁၉၅၄ ထဲမှာ ပါဝင်ပါတယ်။ ဗမာ့ ရာဇဝင်ကို တကောင်း အဘိရာဇာကနေ ကိုလိုနီခေတ်ထိ အကြမ်းဖျင်းဖော်ပြထားတယ်။
ပဒေသရာဇ်သရုပ်ကိုတော့ မင်းတွေဟာ ပြည်သူ ဆင်းရဲသားတွေကို ဘုရားတည်ခိုင်းပြီး သူတို့က ဘုရား ဒါယကာဘွဲ့ခံယူကာ သေလွန်တာနဲ့ နတ်ပြည်လား သွားကြတယ်။ ကိုယ်တိုင်ကိုယ်ကျ ဘုရားတည်ခဲ့ကြတဲ့ ဆင်းရဲသားတွေကိုတော့ ဖော်ပြမထားဘူးလို့ သုံးသပ်ပြထား တယ်။
အဲဒီဆောင်းပါးမှာ မျက်မှောက်ကာလ အခြေအနေကတော့ လွတ်လပ်ရေးပဲ။ ဒီတော့ လွတ်လပ်ရေး လိုလား တဲ့သူတွေ အားလုံးကို ပူးပေါင်းရမယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရပြီးမှ ဓနရှင်၊ အလုပ်သမား စတဲ့ ပြဿနာတွေကို ဖြေရှင်းယူမယ် တဲ့။
“ဗိုလ်ချုပ်အောင်ဆန်း ထံသို့” က ဗိုလ်ချုပ်အောင်ဆန်းဆီကို ပေးပို့တဲ့ စာပါပဲ။ စာထုတ်ပြီး ပေးလိုက်တော့ မှတ်တမ်း ဝင် သမိုင်းဝင် ဖြစ်သွားတာပေါ့။ ဂျပန်တော်လှန်ရေး ပြီးတော့ ဗမာ့တပ်မတော်က ဧရာဝတီတိုင်းမှာ သူတို့ ကောင်းသလို တင်တဲ့ အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေကြတယ်။
ဆိုပါစို့ မဟာမိတ်တွေ တက်လာတော့ ဂျပန်ငွေတွေ မသုံးရလို့ အမိန့်ထုတ်တယ်။ ပြည်သူတွေ အခိုက်အတန့် ဒုက္ခ ဖြစ်ကြရတယ်။ အဲဒီမှာ ဗမာ့တပ်မတော်က ဂျပန်ငွေစက္ကူ ဆက်လက် အသုံးပြုခွင့် ပြုထားတယ်။
ဒီတော့ ဂျပန်ငွေ စက္ကူတွေ မသုံးကြရတဲ့နယ်က ငွေတွေ၊ အသုံးပြုခွင့် ရရှိထားတဲ့ နယ်ကို ဝင်ရောက်ဖို့ ဟန်ပြင်နေကြတယ်။ တကယ်လို့သာ ဝင်ရောက်ခဲ့မယ် ဆိုရင် ပြည်သူတွေ ပိုမို ဒုက္ခရောက်သွားကြမယ်။ ဘာလို့လဲ ဆိုတော့ စပါးတွေ လှိမ့်ပြီး ဝယ်ကြမယ်၊ ဈေးကောင်းရတော့ ရောင်းကြမယ်၊ နောက်ဆုံး သုံးမရတဲ့ ဂျပန်ငွေစက္ကူတွေသာ ကျန်ရစ်မှာပေါ့။
အဲဒီမှာ တပ်နဲ့ နိုင်ငံရေးသမား အမြင်မတူမှုလေးကို တွေ့လိုက်မိတယ်။ တပ်က ရေတိုသာ မြင်တယ်၊ နိုင်ငံ ရေးသမား က ရေရှည်မြင်တယ်။ ဒါကြောင့်လည်း တပ်အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ပြဿနာတခုရှင်း၊ ပြဿနာနှစ်ခုပေါ်ပြီး ရှေ့ဆက် မလျှောက်နိုင်ဘဲ နောက်ဆုံးမှာတော့ နိုင်ငံတွေဟာ ဆင်းရဲမွဲတေမှု ဖြစ်ကုန်ကြရတာကို တွေ့ကြရတယ်။
“ဗိုလ်ကျော်ဇောထံသို့” ဆိုတဲ့ပေးစာ ကလည်း ဗိုလ်ကျော်ဇောကို အခြေအနေ အရပ်ရပ် ရှင်းလင်းပြတဲ့စာပါ။ ဗိုလ်ကျော်ဇော ဆိုတာ ရဲဘော်သုံးကျိပ်ဝင် တဦးပါ။ လွတ်လပ်ရေး ရရှိပြီးတော့ တိုင်းမှူးဖြစ်ခဲ့တယ်။ အဲဒီတုန်းက စစ်တိုင်းတွေက ဒီလောက် မများသေးဘူး။
တောင်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်း နှစ်တိုင်း ရှိတယ်။ အခုတော့ ရှမ်းပြည်နယ်တခုတည်းမှာ စစ်တိုင်း သုံးတိုင်း ရှိတယ်။ ဗိုလ်ကျော်ဇောဟာ တရုတ်ဖြူ ကျူးကျော်စစ်ကို တိုက်ခိုက်အောင်မြင်ခဲ့လို့ နာမည်ကောင်းနဲ့ ကျော်ကြားခဲ့ တယ်။ ဒါကြောင့် တပ်က အနားပေးခြင်းကို ခံလိုက်ရတယ်။
၁၉၇၆ ခုနှစ်မှာတော့ မိသားစုနဲ့အတူ လွတ်မြောက်ဒေသ ထွက်ခွာသွားတယ် ကွယ်လွန်ချိန် အထိပါပဲ။
ပြည်သူ့စစ် ပြည်သူ့အာဏာက ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်မှာ သဘာပတိအဖြစ် ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ။ “လွတ်လပ်ရေး ရရင် ဒီမိုကရေစီ ဖြစ်မယ်၊ ဒီမိုကရေစီ ဖြစ်မှလည်း လွတ်လပ်မယ်၊ လွတ်လပ်တဲ့ ဒီမိုကရေစီဟာလည်း လူထုဒီမိုကရေစီ ဖြစ်မယ်” ဆိုတဲ့ သဘောတရားလည်း တွေ့လိုက်ရတယ်။ အခု ကျနော်တို့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ နှိုင်းယှဉ်အတွေး နယ်ချဲ့ ကြည့်ကြဖို့ပါ။
ပြီးတော့ ကွန်မြူနစ်ဆိုတာကို အဓိပ္ပာယ်ရှင်းပြတယ်။ “ကွန်မြူနစ် ဆိုတာ သဘောတရားကို ဖျက်ဆီးသူ၊ ပုတ်ခတ်သူများ မဟုတ်၊ လူတိုင်းကြိုက်တဲ့ ဘာသာအယူဝါဒ ရှိနိုင်သလို၊ ကိုယ်ကြိုက်တဲ့အယူ ယူခြင်းသာ ဖြစ်တယ်။ သူများအယူဝါဒကို မနှောင့်ယှက်” တဲ့။
သံဃာတော်များကို သခင်သန်းထွန်းရဲ့ လျှောက်ထားချက် တဲ့။ မန္တလေး နေပြည်တော် အဖွဲ့ချုပ် နာယကဆရာတော် သံဃာတော်များကို လျှောက်ထားတာပါ။
အဲဒီမှာ တွေ့ရတာက အောက်ပါ အချက်တွေပါ။
(က) နိုင်ငံရေး လုပ်ငန်းတွင် မြန်မာ၊ ကရင်၊ ရှမ်းတို့ ပါသည်။ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်တို့ပါသည်။ သို့ဖြစ်၍ နိုင်ငံရေး လုပ်ငန်းမှာ လူတမျိုး သို့မဟုတ် ဘာသာတမျိုးတည်း၏ လုပ်ငန်း မဟုတ်၊
(ခ) လူမျိုးစုံ၊ ဘာသာစုံ ပါဝင်သော လုပ်ငန်းတို့တွင် ဗုဒ္ဓဘာသာကိုချည်း ပြောလျှင် အခြားလူမျိုး၊ အခြားဘာသာတို့ကို ထိခိုက်စရာ ရှိသည်၊
(ဂ) သို့ဖြင့် ပါဝင်သော အဖွဲ့ (သို့မဟုတ်) လုပ်ငန်းအားဖြင့် ဆောင်ရွက်ရန်မသင့်၊
(ဃ) သို့သော် တိုင်းပြည်ကိစ္စမှာ သံဃာတော်များ လျစ်လျူရှု မထားနိုင်သဖြင့် ဗုဒ္ဓဘာသာကိစ္စတခုတည်း သဘောမျိုးမဟုတ်ဘဲ ဒါယကာ၊ ဒါယိကာမများ အကျိုး ရည်စူး၍ တတ်စွမ်းသမျှ ဩဝါဒပေးသင့်သည်။ ကူညီသင့်သည် တဲ့။
သူရဲ့ သဘောအတိုချုပ်က “ခြေရှုပ်သော နိုင်ငံရေး မပါဘဲ၊ သန့်ရှင်းသော နိုင်ငံရေးတွင် ပါဝင်ရန်” ဖြစ်ပါသတဲ့။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေ၊ ရပ်ကွက်အကျိုး လုပ်ကိုင်စရာရှိလျှင် ဝိုင်းဝန်းလုပ်ကြဖို့ပါ။
မျက်မှောက် ဖြစ်ပျက်နေတဲ့ အခြေအနေမှာ ပြည်သူတွေ၊ သက်ဆိုင်ရာ ဘာသာဝင်တွေ၊ အလေးအနက်ထား စဉ်းစား ကြရမယ့်အချက်တွေ ဖြစ်တယ် လို့ ယူဆမိပါတယ်။
“အထက် ဗမာပြည်ရဲ့ နိုင်ငံရေး”တဲ့။ အဲဒီသုံးသပ်ချက်က လွတ်လပ်ရေး လှုပ်ရှားမှုမှာ သုံးသပ်ခဲ့တာပါ။ အခုတော့ဖြင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် မပြောပါနဲ့၊ ပြည်နယ်၊ ပြည်မတောင် မခွဲခြားဘဲ တခုတည်း စုစည်းကြဖို့ပါ။
အဲဒီလို စုစည်းနိုင်အောင် အခု သခင်သန်းထွန်းရဲ့ အထက်မြန်မာပြည်ရဲ့ နိုင်ငံရေး ဆောင်းပါးလို့ ဖြစ်တည် လာတဲ့ သမိုင်း အနေအထား၊ လက်ရှိ အနေအထားတွေနဲ့ သူ့အခြေ၊ ကိုယ့်အခြေတွေကို ဆန္ဒစွဲမပါ၊ ပကတိ အခြေအနေ အတိုင်း သုံးသပ်ရှုမြင်နိုင်ဖို့ရာ အရေးကြီးလှ ပါတယ်။ ပြီးတော့ ဦးတည်တဲ့ စေတနာကလည်း မှန်ကန်ဖို့ အရေးကြီးလှ ကြောင်းပါ။
ဒီနောက် ဖဆပလ အထွေထွေ အတွင်းရေးမှူးရဲ့ ရွှေတိဂုံ အလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလ အစည်းအဝေး အစီရင်ခံစာ၊ အညာပြန်ဆောင်းပါး၊ ဇဝန အာကျယ်ဝတ္ထု ဝေဖန်ချက်၊ ထောင်အရသာ ဆိုတာတွေကို ဖတ်ရှုရပါတယ်။ ဘာပဲဖြစ်ဖြစ် ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ ပြည်သူတွေနဲ့ လက်တွဲပြီး ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ နိုင်ငံရေး အတွေ့အကြုံ၊ အမြင်၊ ခံယူချက်တွေကို ကျနော်တို့ လေ့လာဖို့ ဆင်ခြင် သုံးသပ် နိုင်ဖို့ ဖတ်ရှုသင့်ကြတဲ့ စာအုပ်တအုပ် ဖြစ်ကြောင်းပါ။ ။