စံမတူလို့ပြောလို့ ဟာသသရုပ်ဆောင် ဦးစံမတူနဲ့ မှားနေပါဦးမယ်။ စံချိန်စံညွှန်းတွေ မတူညီတာကို ပြော ချင်တာပါ။ စံချိန်စံညွှန်း သတ်မှတ်ချက်ဆိုတာ တဦးတယောက်တည်း၊ တနိုင်ငံတည်း သတ်မှတ် လို့ရတာမျိုး မဟုတ်ပါ။
နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အတိုင်းအတာ၊ အမြန်နှုန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ အဆောက် အအုံ၊ လမ်းတံတားတွေသာမက ရထား၊ သင်္ဘော၊ လေယာဉ်၊ အစားအသောက်၊ အသီးအနှံ၊ အဝတ်အစား၊ မုန်တိုင်း၊ မြေငလျင် ရှိရှိသမျှ စံသတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီမှာကတော့ ငါ့လှေငါထိုး ငါ့မြင်းငါစိုင်းပြီး လုပ်ချင်ရာတွေ လုပ်နေကြပါတယ်။
အုတ်ခဲက စလိုက်ရအောင်။ မြို့ပြအင်ဂျင်နီယာတွေအတွက် စံသတ်မှတ်ချက်တွေနဲ့ ကုန်ကျမယ့်ပစ္စည်းတွေ တွက်ချက်ဖို့ Yellow Book ဆိုတာ ရှိပါတယ်။ အဆောက်အအုံတခုမှာ ၄ ဒသမ ၅ လက်မ နံရံ၊ အကျယ် ဘယ်လောက်၊ အမြင့်ဘယ်လောက်ဆိုရင် အုတ်၊ သဲ၊ ဘိလပ်မြေ၊ အလုပ်သမား ဘယ်နှယောက်အထိ တွက်နိုင်ပါတယ်။
အုတ်ခဲရဲ့ အရွယ်အစား သတ်မှတ်ထားတာက ၉ x ၄ ဒသမ ၅ x ၃ လက်မ ဖြစ်ပါတယ်။ လက်တွေ့ဝယ် ယူတဲ့ အခါမှာ အရွယ်သေးတာ၊ ပိန်တာ၊ လိမ်တာ၊ မီး မကျက်တာတွေပဲ ဝယ်လို့ရပါတယ်။ ဆိုက်ပြည့်တဲ့ အုတ်က တော်တော်ကို ရှားပါတယ်။ အလျားအနံ ကိုက်ခဲ့ရင်တောင်မှ အထူက နည်းနည်းတော့ လျော့နေတာမျိုးပါ။
အုတ်ခဲတလုံးရဲ့ ခံနိုင်ရည်အား စမ်းဖို့ဆိုတာ ဝေလာဝေး၊ တွေ့တဲ့ရွှံ့စေးတူး၊ မာသွားပြီးရော ဖုတ်ထားတဲ့ အုတ်တွေ သုံးနေကြတာပါ။ စာရွက်ပေါ်မှာတွက်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဘယ်လိုလုပ် မှန်တော့မလဲ။ ဤသည်မှာလည်း စံမတူခြင်းတမျိုး ဖြစ်ပါတယ်။
သစ်လည်း စံမတူပါဘူး။ သစ်ဝယ်ဖူးရင် သိပါလိမ့်မယ်။ ၄ x ၄ သစ်တချောင်း ၁၂ ပေဆိုရင် ၃ ဒသမ ၇၅ x ၃ ဒသမ ၈၊ ဒါမှမဟုတ် ၃ ဒသမ ၇ x ၃ ဒသမ ၉၊ တမူးလျော့၊ တမတ်လျော့တွေကို ၄ x ၄ ဈေးနဲ့ တွက်ယူပါ တယ်။
၆ x ၅ မူးပျဉ် အတိအကျ လိုချင်ရင် ၆ x ၃ မတ် ဝယ်ရပါတယ်။ ၆ x သုည ဒသမ ၇၅ ပြောဝယ်မှ ၆ x ၆ မူးလောက် ရပါမယ်။ အဲဒါကို ရွေဘော်ထိုး၊ ကော်ပတ်စားမှ ၆ x ၅ မူး အတိအကျရပါမယ်။
အဲဒီလို စံသတ်မှတ်ထားတာ ဘယ်အချိန်ကတည်းကလည်း မသိပါ။ အဲဒီ ဆိုက်မပြည့်တာကိုက စံဖြစ်နေပါပြီ။
အမဲ၊ သား ငါး ဝယ်ရင်လည်း အလေးမလျော့တာ မရှိသလောက်ပါ။ ဒီကြားထဲ ကြက်သားရေထိုး၊ ငါးထဲ ခဲထည့်၊ ပဲထဲ ခဲရော၊ ပဲဆီထဲ တခြားဆီရော၊ ဓာတ်ဆီဆိုင်က ဂါလန်မပြည့်၊ လမ်းဘေးဆိုင်က ၁ ဂါလန်ကို ၄ လီတာပဲ သတ်မှတ်ရောင်းနေကြတာလည်း ရှိဆဲပါ။ သမာဓိချိန်ခွင် လျှာမထွက်တော့တာ ဘိုးတော်ဘုရား လက်ထက်ကတည်းကနဲ့ တူပါတယ်။ အရင်ကလောက် သိပ်မဆိုးတော့တာ မြစ်ကမ်းနားက ဘိလပ်မြေ၊ မီးချောင်းကွဲ အချိုမှုန့်တွေ သိပ်မကြားမိတာပါ။
ဘတ်စ်ကားမှတ်တိုင် ဆိုတာလည်း ဘတ်စ်ကားရပ်ဖို့ပါ။ စီးတဲ့သူတွေကလည်း ဘတ်စ်ကားမှတ်တိုင်က မစီးသလို၊ ဘတ်စ်ကားတွေကလည်း မှတ်တိုင်မှာ မရပ်ပါဘူး။ ရှေ့ကားရှိနေရင် ကျော်ရပ်တာ၊ နှစ်ထပ် ရပ်တာ ကြုံရသလို ရပ်တင်တာတွေ လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မမြတ်ရမယ့်အလုပ်ကို မြတ်အောင်လုပ်နေကြလို့ပါ။
တိုင်းပြည်အများစုမှာ မြို့တွင်း သယ်ယူပို့ဆောင်ရေးကနေ အမြတ်ရအောင် မလုပ်ပါဘူး။ ခရီးသွားသူတွေ အဆင်ပြေအောင် စီစဉ်လေ ရှုံးလေပါပဲ။ အဲဒီအရှုံးကို တခြားကောက်ခံထားတဲ့ အခွန်အခတွေကနေ ကျခံပါတယ်။
ဘတ်စ်ကားတွေဟာ ၅ နာရီခွဲမှာ စထွက်မယ်။ ၁၅ မိနစ်တစီးထွက်ရမယ် သတ်မှတ်ထားရင် လူတယောက် မှ မရှိလည်း ထွက်ပါတယ်။ မိုးရွာလည်း ထွက်ပါတယ်။ နှင်းကျလည်း ထွက်ပါတယ်။
အများပြည်သူတွေစီးတဲ့ ကားဖြစ်လို့ ကားအကောင်းစားတွေ၊ လုံးဝနီးပါး စိတ်ချရတဲ့ကားတွေ သုံးပါတယ်။ လက်ကိုင်တွေ၊ ခြေနင်းတွေကအစ မချောအောင်၊ မတော်တဆမဖြစ်အောင်၊ မသန်မစွမ်းတွေအတွက် ဝှီးချဲတွေ အလွယ်တကူ တက်ဆင်းနိုင်အောင် ဟိုက်ဒရောလစ် အတင်အချလုပ်ပေးနိုင်တဲ့ ပစ္စည်းတွေ တပ်ထားပေးပါတယ်။
ဒီမှာကတော့ မမြတ်မြတ်အောင်၊ ငါးပိသိပ် ငါးချဉ်သိပ်တင်ပြီး၊ အန္တရာယ်ဖြစ်လောက်အောင် လုမောင်းနေ တာ၊ အဲဒီအလုပ်ကို တာဝန်ယူထားတဲ့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) က ဘာလုပ်နေသလဲ မသိပါ။
သူလုပ်ရမယ့် အလုပ်ကို မလုပ်တဲ့အပြင် တရားဝင်ပေးရတဲ့ ရာခိုင်နှုန်း၊ တရားမဝင်ပေးထားတဲ့ ဆက်ကြေးပါ ထပ်ယူထားတော့ ကားဆရာတွေက သူ့ကုန်ကျစရိတ်နဲ့ ကာမိအောင် မလုပ်သင့်တာတွေ အကုန်လုပ် ကုန် ပါတယ်။
အဲဒီလိုပြောရင် အရေးယူသင့်တာတွေ အရေးယူနေပါတယ်။ ဘယ်လိုစည်းကမ်းချက်တွေ ထုတ်ပြန်ထား ပါတယ်ဆိုတာ ပြန်ဖြေမှာပါ။
နံနက်ပိုင်းမှာ စည်းကမ်းတင်းကျပ်၊ ညနေဘက်ကျတော့ အရင်အတိုင်း ပြန်ဖြစ်ဆိုတာမျိုး လုပ်လို့မရတဲ့ ကိစ္စပါ။
အချိန်ပြည့် စည်းကမ်းတင်းကျပ်ပြီး မလိုက်နာရင် ထိထိရောက်ရောက် အရေးယူတာမျိုး လုပ်ရပါမယ်။ တကယ်လို့ တာဝန်ရှိတဲ့သူတွေက ဓာတ်ဆီဈေးလျှော့ ထုတ်ခွင့်တွေပေးခဲ့ရင် ကားသမားတွေဘက်ကလည်း အခေါက်ဖျောက်၊ ဆီရောင်းစားတာမျိုး လုပ်ကြပါဦးမယ်။
ဘတ်စ်ကားတွေဆိုလည်း အမြင့်၊ အကျယ်၊ ထိုင်ခုံအရေအတွက် စတာတွေအားလုံးကို စံချိန်စံညွှန်းနဲ့အညီ တွက်ချက်တိုင်းတာ နေရာချ ထုတ်လုပ်ထားတာပါ။ တွက်ခြေကိုက်အောင် ထိုင်ခုံတွေကို နေရာကျဉ်း၊ ခုံ အရေအတွက်တိုး၊ အရေးပေါ်ထွက် ပေါက်တွေလည်း ပိတ်ကုန်၊ ဘယ်မောင်း၊ ညာမောင်း မတူလို့ အဆင်းအတက်တွေ ပြောင်းပြန်ဖြစ်၊ လေးတွေထပ်ပိုး၊ ကားဘီးတွေဆိုက်ကြီး၊ ကုန်တင်ကားကို လူစီး၊ အခုထိ မပြီးနိုင်သေးပါဘူး။
ကောင်းပါတယ်ဆိုတဲ့ ကားတွေကလည်း ဥရောပက ကားတွေဖြစ်လို့ ထိုင်ခုံတွေကကြီးနေပါတယ်။ ထိုင်ရတာအဆင်မပြေပါ။ အရပ် ၆ ပေလောက် စံထားပြီး တိုင်းထွာထုတ်လုပ် ထားတဲ့ ခုံတွေဟာ အရှေ့တိုင်းသားတွေအတွက် အဆင်မပြေနိုင်ပါ။
မြို့တွင်းဘက်စ်ကားတွေရဲ့ ခြေနင်းခုံတွေလည်း မြင့်နေပါတယ်။ သူများမသုံးတော့တဲ့ကားတွေ ဝယ်စီးနေရ တော့လည်း ဘာမှပြောလို့ မရတော့ပါဘူး။
တကမ္ဘာလုံးမှာ လူကူးမျဉ်းကျားမှာ ကားကရပ်ပေးပါတယ်။ လူကူးမျဉ်းကျားမှာ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မောင်းကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်။
ပြည်ပက ဧည့်သည်တွေလာရင် သူတို့ကလည်း လမ်းလျှောက်သွားရတာကို သဘောကျကြပါတယ်။
လူကူးမျဉ်းကျားမှာ စိတ်ချလက်ချ ဖြတ်မကူးနဲ့ဆိုတာ ပြောရပါတယ်။ ဘယ်လောက်အထိဆိုးတဲ့ ရှက်ဖို့ ကောင်း တဲ့ ကိစ္စပါလဲ။ လူတွေကလည်း လုကူး၊ ကားတွေကလည်း တိုးဝင်၊ မျဉ်းကျားက စိမ်းနေနေ၊ နီနေနေ ကားကြည့်ပြီးကူးရပါတယ်။
သူများတိုင်းပြည်တွေမှာ မျက်မမြင်တွေတောင်မှ တုတ်လေးနဲ့စမ်းပြီး ဘာအကူအညီမှမလိုဘဲ သူ့ဘာသာသူ ကူးသွားနိုင်တဲ့ မျဉ်းကျားဟာ ဒီမှာတော့ အသက်လုဖြတ်ကူးနေရတာပါ။
ဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးတဲ့အတွက် ဆီဆိုင်တွေဖွင့်ကြတာ အများအပြားပါ။ ရန်ကုန်နဲ့ ပဲခူးကြားထဲမှာ ဆီဆိုင်ဘယ်နှစ်ဆိုင် ရှိသလဲ။ တဆိုင်နဲ့တဆိုင် ဖင်ချင်းပေါက်နေပြီး ပန့်တလုံးတည်းနဲ့ ၁၀ ပေပတ်လည်လောက်ပဲ ကျယ်တဲ့ဆိုင်က လည်းရှိနေပြီး ဘေးဘက်က ဓနိ မိုးထရံကာဝါးတဲ၊ ထင်းမီးနဲ့ ထမင်းချက်နေတာ ဘယ်လောက်မှ မဝေးပါဘူး။
ဆီဆိုင်တွေမှာ ပန့်ကိုင်တဲ့သူတွေကလည်း အနီးအနားက သင့်လျော်တဲ့သူတွေ ဆွဲခန့်ထားတာ လို့ထင် ပါတယ်။ ဆီဆိုင်ဖွင့်ဖို့ သတ်မှတ်ချက်တွေ၊ တဆိုင်နဲ့တဆိုင်ရဲ့ အကွာအဝေး၊ ဝန်ထမ်းတွေကို မီးသတ်သင် တန်းမျိုး၊ လေ့ကျင့်ပေးတာမျိုး မဖြစ်မနေ လုပ်ရပါမယ်။ သုံးတဲ့ပစ္စည်းတွေ၊ ကိရိယာတွေ၊ မီးသတ်ပစ္စည်းတွေ
ပြည့်ပြည့်စုံစုံ ရှိမရှိ၊ တိတိကျကျ မစစ်ဆေးဘဲ ဖွင့်ခွင့်ပြုထားတာ သေချာပါတယ်။ လောင်စာဆီကြောင့် မီးလောင်ခဲ့ရင် မီးသတ်မယ့်ကားမျိုး မရှိပါ။ မတော်တဆများဖြစ်ခဲ့ရင် မတွေးဝံ့စရာပါ။ ဆီဘောက်ဆာ ကားတွေလည်း အရင်ကထက် အများကြီးပိုကြီးလာတာ တွေ့ရပါတယ်။
ဆီကားမောင်းတဲ့သူတွေကို လုံခြုံရေးသင်တန်း၊ မီးသတ်သင်တန်းတွေ အရင်တက်ပြီးမှ မောင်းခွင့်ပြု မယ်ဆို တာမျိုး၊ လုံခြုံရေးအချက်အလက်တွေ တိတိကျကျလိုက်နာမှု ရှိမရှိ ဘယ်အဖွဲ့အစည်းတွေက တာဝန်ယူစစ် ဆေး သလဲ၊ ဒီဌာနမေးရင် ဟိုဌာနလွဲချ၊ ဟိုဌာနမေးရင် တခြားဌာနလွဲချလုပ်မှာ သေချာပါတယ်။ ဒီကြားထဲ ဆီဆိုင်တွေက ဆီလီတာမပြည့်လို့ ပြဿနာတက်တာ ကြားရပါသေးတယ်။
တက္ကစီကားတွေကလည်း လူပါရင် တက္ကစီဆိုင်းဘုတ်ကို မီးပိတ်ထားတယ်။ လူမပါရင် မီးဖွင့်ထားတယ်။ တက္ကစီဆိုင်းဘုတ် မီးပိတ်ထားရင်မတားနဲ့၊ ဘာမှ ခက်ခက်ခဲခဲ လုပ်နေစရာ မလိုတာပါ။ ဂျပန်မှာ ပြတင်းပေါက်တွေ အရွယ်အစားကအစ စံသတ်မှတ်ထားပါတယ်။ ပြတင်းပေါက် အမျိုး ၅၀ ရှိတယ်ဆိုရင် နံပါတ်နဲ့မှတ်ပြီး လိုက်ကာတွေ၊ လိုက်ကာတန်းတွေ ဝယ်လို့ရအောင် လုပ်ထားပါတယ်။ တိုင်းစရာမလိုပါ။ ပြတင်းပေါက် နံပါတ် ၃၀၊ ၃၅ စသဖြင့်မှတ်ပြီး ပြောလိုက်ရုံပါပဲ။ အိမ်ရောက်ရင် အဲဒီပစ္စည်းထဲက အညွှန်း အတိုင်းတပ်၊ မတော်မရှိ အဆင်ပြေပြေ တပ်သုံးနိုင်ပါတယ်။
ရထားလမ်းတွေကလည်း လွန်ခဲ့တဲ့နှစ် ၁၅၀ ကျော်လောက်ကတည်းက သုံးနေကြတဲ့ ခွင်အကျယ် အတိုင်း သုံးနေတာဖြစ်ပါတယ်။ နိုင်ငံတော်တော် များများမှာ မသုံးကြတော့ပါဘူး။ သူများနိုင်ငံက တင်သွင်းတဲ့ ဘီးနဲ့ ဝင်ရိုးခွင်တွေဟာ ဒီက ရထား လမ်းနဲ့မတော်ပါဘူး။
ပြည်ပကတင်သွင်းတဲ့ ရထား တွဲတိုင်းကိုသာ ခွင်ပြန်ပြင်ပြီးသုံးနေကြရင်၊ တသက် လုံး ပြင်ဆုံးတော့မှာ မဟုတ်ပါဘူး။
အဲဒီတွဲတွေ၊ ရထားခေါင်းတွေသုံးနိုင်တဲ့ ရထားလမ်းခွင်အကျယ် တခုကို စံသတ်မှတ်ပြီး ရထားလမ်းတွေကို တဖြည်း ဖြည်းချင်း ချဲ့သုံးလို့ မဖြစ်နိုင်ဘူးလား။တင်သွင်းလာတဲ့ ရထားတွဲတိုင်းကို ပြင်မယ့် အစား ရထားလမ်းခွင်အကျယ်ကို ပြင်သင့်ပါတယ်။ ဖိနပ်မတော်တာကို ဖနောင့်လှီးသလိုဖြစ်နေပါတယ်။
မြန်မာတပြည်လုံး ရထားလမ်းတွေ ဘယ်လိုချဲ့မလဲလို့တော့ မပြောနဲ့ဗျာ။ မြန်မာပြည်က ရထားလမ်းတွေ ကလည်း ၁ နှစ်တည်း၊ ၂ နှစ်တည်းနဲ့ အပြီးဖောက် ထားတာမဟုတ်ပါဘူး။ လမ်းပိုင်းတခုချင်းစီ စလုပ်ခဲ့တာ ပါ။ လမ်းချဲ့တာလည်း မြို့ပတ်လမ်းက စမယ်။ ရန်ကုန်နဲ့ ပဲခူး၊ ရန်ကုန်နဲ့ ပြည် စသဖြင့် တပိုင်းစီ ချဲ့သွားလို့ ရပါတယ်။ ပဲခူးလေယာဉ်ကွင်းအထိ လမ်းသစ်ဖောက်မယ်။ နောက်ပိုင်းမှ တဖြည်းဖြည်းချင်း ချဲ့သွားမယ် ဆိုရင် ဖြစ်နိုင်ပါတယ်။
အခုတော့ တရုတ်နိုင်ငံက စွန့်ပစ်ပစ္စည်း ကွန်ကရစ်ဇလီဖားတုံး စက်ရုံကအစ ခွင်အကျဉ်းအတွက်ပဲ ထုတ်လုပ်နိုင်ပါတယ်။
ရထားလမ်းအကျယ်အတွက် ဇလီဖားတုံးထုတ် လုပ်လို့ရရဲ့လားဆိုတာ မသေချာပါ။ အစကတည်းကလည်း မရွေးခဲ့ပါ။ ဆွေမျိုးပေါက်ဖော်ကြီးက အကူအညီပေးတာဆိုတော့ ရွေးလို့လည်းမရပါ။ ရထားလမ်းတွေလည်း ချဲ့သာချဲ့ထားတယ်။ မြေသားတွေ အသားမကျခင် မပြီးပြီးအောင် ဖြစ်သလို မြေဖို့ထားတာ။ ဖွင့်ပွဲရက်အမီ လက်ပူတိုက် မပြီးပြီးအောင် လုပ်ထားတာတွေကြောင့် ရထားတွေ တွဲချော်တာ၊ လမ်းတွေပျက်တာ ပြင်မဆုံးတော့ပါ။
နာမည်ကျော် လျှပ်စစ်မီးကြိုးတွေအကြောင်း ဆက်ပါဦးမယ်။ နိုင်ငံတော်များများမှာ မိန်းပါဝါကြိုးတွေ အကုန် လုံး မြေအောက်ကေဘယ်ကြိုးတွေ သွယ်မထားနိုင်ကြပါဘူး။ တိုင်ထောင်ပြီး၊ လေထဲမှာပဲ သွယ်ထားကြ ပါတယ်။
မီးကြိုးတိုင်းဟာလည်း အကြောင်းအမျိုးမျိုးနဲ့၊ သဘာဝဘေးအန္တရာယ်နဲ့ ပြတ်ကျတာ၊ တိုင်တွေကျိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြတ်ကျရင်ဓာတ်အား ပြတ်သွားအောင်၊ အများပြည်သူတွေ အသက်အန္တရာယ် မဖြစ်အောင် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ လုပ်ထားပါတယ်။၂၂၀ ဗို့အား ကြိုးတွေမှာ ကြေးကွင်း တွေတပ်ပြီး အပ်ချထားတာ အရင်ကတွေ့မိပါတယ်။ အခု ရှိတဲ့ဟာက ရှိ၊ မရှိတဲ့ဟာက မရှိ၊ ကြေးဈေး ကောင်း လို့ ကြေးကွင်းတွေ အဟောင်းဆိုင်ဆီ ရောက်ကုန်ပြီနဲ့ တူပါတယ်။
၄၄၀ ဗို့အား သူ့ထက်ပိုများတဲ့ မီးလိုင်းတွေမှာလည်း လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ လုပ်ထား ဖို့လိုပါမယ်။
အခုတော့ မီးကြိုးပြတ်ကျတိုင်း ဓာတ်လိုက်သေနေကြတာ၊ အဓိပ္ပာယ်မဲ့ သေဆုံးနေ ကြတာဖြစ်ပါတယ်။ တခါမက အခါခါရှိနေပါပြီ။ ဒါတောင်မှ တာဝန်မဲ့စကားပြောထားတာ ဖတ်ရပါတယ်။
လေကြမ်းလို့ သစ်ကိုင်း ကြိုးလို့၊ မီးကြိုးပြတ်တာ ပြဿနာမရှိပေမယ့် ပြတ်ကျတဲ့ မီးကြိုးကြောင့် ဓာတ်လိုက် တာကတော့ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ နင်းမိတဲ့သူက ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ သဘောဆိုတာ တော်တော်ဆိုးဝါးတဲ့ ဖြစ်ရပ်ပါ။
ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း လိုတိုးပိုလျှော့ လုပ်ချင်ရာလုပ်နေတာကို ခွင့်ပြုထားတာ တော် တော်ဆိုး တဲ့ ကိစ္စပါ။ အရေးပေါ်လှေကားက တမတ်လုံး၊ သုံးမူးလုံးလောက်နဲ့ လုပ်ထား၊ အရေအတွက်ရော အရည်အသွေးပါ ဝိတ်လျှော့၊ လှေကားထစ်တွေ အချိုးပြင်ထား၊ အရွယ်အစား၊ အချိုးအကွေ့တွေ အဆင်ပြေ သလို လုပ်ထားလို့ နာရေးလည်းဖြစ်ရော၊ သယ်မရ ရွေ့မရဖြစ်တာ မကြာခဏပါ။
ဂါထားရင်တမျိုး၊ မဂါထားရင်တမျိုး ခွင့်ပြုနေတာတွေ ရပ်သင့်ပါပြီ။ စင်ကာပူမှာ ကွင်းဆင်းစစ်ဆေးသူ တွေ ဟာ လစာတော်တော်ကောင်းပါတယ်။ ဒါပေမယ့် သူတာဝန်ယူ စစ်ဆေးထားတဲ့ တိုက်၊ အဆောက်အအုံတွေ တခုခုဖြစ်လို့ကတော့ အရင်ဆုံး အချုပ်ထဲဝင်၊ နောက်မှ ပြဿနာရှင်းဆိုပြီး အရေးယူခံရပါတယ်။
ကားတွေသွင်းပြီးမှ ကားလမ်းတွေ ပိတ်လို့၊ ကားလမ်းတွေချဲ့ ခုံးကျော်တံတားတွေဆောက်၊ တံတားတခု ဆောက်လို့ အဆင်မပြေတော့ နောက်ထပ်တခု ထပ်ဆောက်၊ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါ။
ရန်ကုန်တမြို့လုံးအတွက် စဉ်းစားပြီး စီမံကိန်းတခု လုံးရေးဆွဲထား၊ ပြီးမှ မလုပ်နိုင်ရင်လုပ် နိုင်တဲ့အပိုင်းကို တဖြည်းဖြည်းချင်း လုပ်သွားမှ အဆင်ပြေပါလိမ့်မယ်။ ဒဂုံမြို့သစ် ချဲ့ထားတုန်းက မြို့ပတ်ရထားလမ်းလုပ်ဖို့ လျာထားတဲ့မြေနေရာတွေ မရှိတော့ပါ။ တော်တဲ့သူတွေ (အမျိုး) ကို ဝေပေးလိုက် ပြီးပါပြီ။ အခုချဲ့မယ်ဆိုရင် အိမ်တွေဖယ်ခိုင်းတာ၊ လယ်မြေတွေသိမ်းတာ လုပ်ကြပါဦးမယ်။
သွင်းကုန်ပေါ်မှာလည်း စံသတ်မှတ်ချက်မထားဘူး။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဘာကုမ္ပဏီက ထုတ်လုပ်မှန်းမသိ ရေးချင်ရာရေး၊ တပ်ချင်တဲ့တံဆိပ်တပ် ရောင်းနေတဲ့ ဆေးဝါးတွေ၊ အီလက်ထရောနစ်၊ လျှပ်စစ်ပစ္စည်းတွေ၊ စက်တွေ၊ အင်ဂျင်၊ ထော်လာဂျီ၊ မြေသယ်ယာဉ်တွေ၊ ကားတွေသုံးခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ် ပါတယ်။ ဂျပန်၊ အမေရိကန်လို နိုင်ငံမျိုးမှာ Made in China ဆိုတာ မသုံးဘူးဆိုရင် ကျောက်ခေတ်လူသား လို နေရပါလိမ့်မယ်။
ဦးထုပ်၊ ဖိနပ်၊ အကျႌ၊ ဘောင်းဘီ၊ ကင်မရာ၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းတွေ အားလုံးနီးပါး ချိုင်းနားမိတ် တွေပါ။ အရည်အသွေးလည်း မညံ့ပါ။ စပြီးတင်သွင်းကတည်းက စံချိန်စံညွှန်း သတ်မှတ်ပေးထားပြီး အဲဒီအတိုင်း တင်ပို့အောင် စည်းကမ်းကြပ်မထားတာပါ။
ဒီမှာတော့ စံသတ်မှတ်တာ စည်းကမ်းလျော့တဲ့အတွက် စံမမီတာတွေ ဝယ်သွင်း၊ ကင်ဆာဖြစ်၊ အဆိပ်ဖြစ်၊ တရက်အာမခံ စက်ပစ္စည်း၊ ကြေးကြိုးမသုံးထားတဲ့ မော်တာ၊ ဆိုင်ကဝယ်ပြီး ထွက်သွားရင် အာမမခံတော့တဲ့ တမိနစ်အာမခံ အီလက်ထရောနစ် ပစ္စည်းတွေဟာ တနှစ်တနှစ်ကို တိုင်းပြည်ဘဏ္ဍာငွေတွေ ဘယ်လောက် ဆုံးရှုံးသလဲ။ LED ဓာတ်မီးတွေနဲ့ ခြင်ရိုက်ဘက်တံတွေတင် နည်းတဲ့အရေအတွက် မဟုတ်ပါ။ သိတဲ့သူတွေ တွက်ကြည့်ကြပါတော့။
LED တွေ ဘာတွေထိ ကြီးကြီးကျယ်ကျယ် လျှောက်မပြောပါနဲ့ဦး။ စံချိန်စံညွှန်း သတ်မှတ်တာတွေ အားလုံးဟာ ခက်ခဲနေတာ မဟုတ်ပါ။ ကိုယ့်အထွာနဲ့ကိုယ် အားလုံးစုပေါင်းပြီး ပြင်ဆင်လိုက်နာကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။