တက်ဘလက်တွေ လို့ ပြောရင် Apple ရဲ့ iPad တွေနဲ့ Android ရဲ့ Tablet ကို ပြောတာပဲလို့ အများက သတိထားမိ ကြပါတယ်။ တကယ်တမ်း Laptop တွေ အစားထိုးမယ့် အဆင့်မြင့် CPU သုံး Windows Tablet တွေနဲ့ သာမန်သုံး Windows Tablet တွေ ရှိနေပါသေးတယ်။ Tablet သုံးပြီး အင်တာနက်ကြည့်ရုံ တော်ရုံ လုပ်ငန်းမျိုး သုံးစွဲရုံလောက် အတွက် Android တက်ဘလက်တွေနဲ့တင် လုံလောက်ပါတယ်။
တကယ်တမ်း ရုံးသုံးလုပ်ငန်း လုပ်ကိုင်နေတဲ့ သူတွေ၊ စာရင်းဇယား၊ ဂရပ်ဖစ်လုပ်ငန်း လုပ်ချင်တဲ့သူတွေ အတွက် Android တွေနဲ့ Tablet, iPad တွေက လုပ်မပေးနိုင်ပါဘူး။ အခု iPad နဲ့ Android Tablet တွေ မသုံးရတဲ့ အကြောင်း တွေ ရေးထားပါတယ်။
တကယ် အလုပ်လုပ်တော့မယ် ဆိုရင်
PC တွေမှာ သုံးနေတဲ့ ပုံစံအတိုင်း တကယ်အလုပ်တွေ လုပ်မယ် ဆိုရင် Windows Tablet ကလွဲပြီး တခြားသုံးစရာ မရှိပါဘူး။ အထူးသဖြင့် စတဲ့ Pagemaker, Indesign, Photoshop စတဲ့ Adode အုပ်စုဝင် ဆောဖ့်ဝဲတွေနဲ့ အင်ဂျင် နီယာ ပညာရပ် ဆိုင်ရာ ပုံဆွဲတာ၊ တွက်ချက်တာမျိုး လုပ်နိုင်တဲ့ Auto CAD ဆောဖ့်ဝဲတွေ ဖြစ်တဲ့ Auto Desk အုပ်စု ဝင် ဆောဖ့်ဝဲတွေ သုံးမယ်ဆိုရင် Windows Tablet ပဲ ရွေးရပါမယ်။ Windows Tablet တွေမှာမှ စွမ်းဆောင်ရည် ပိုမြင့်တဲ့ i5, i7 CPU သုံး Tablet တွေကပဲ အဲဒီအလုပ် တွေကို လုပ်ဆောင် ပေးနိုင်မှာ ဖြစ်ပြီး Atom CPU သုံး Tablet တွေက သုံးလို့ မရဖို့ များပါတယ်။
Office
Microsoft ရဲ့ Office ဟာ တကမ္ဘာလုံးက ရုံးလုပ်ငန်းတွေမှာ သုံးစွဲနေကြပြီး၊ Microsoft ရဲ့ Word, Excel, Power Point စတဲ့ Software တွေဟာ အသုံးအများဆုံး ဖြစ်ပါတယ်။ အဲဒီ Office software ကို အစားထိုး သုံးနိုင်မယ့် Adriod App တွေ ရှိနေပေမဲ့ တိုက်ရိုက် သုံးရတာလောက် အဆင် မပြေပါဘူး။ အလားတူ သုံးစွဲနိုင်တဲ့ အဆင့်၊ Word File တွေ ဖွင့်ကြည့်နိုင်တဲ့ Save လုပ်သိမ်းနိုင်တဲ့ အဆင့်ပဲ ရှိပါတယ်။ Office ကို တိုက်ရိုက်သုံးချင်တဲ့ သူတွေအတွက်ကတော့ Windows Tablet ကိုပဲ ရွေးရပါမယ်။
များပြားသော App
သင့် အနေနဲ့ Windows App တွေဟာ iPad နဲ့ Android App တွေလောက် မများဘူးလို့ ကြားမိ ထားတာမျိုး ဖြစ်နိုင် ပါတယ်။ iPad နဲ့ Android တွေလောက် Windows App တွေ မများပေမယ့် Windows သုံးထားတဲ့ Tablet တွေဟာ Windows Application တွေကို တိုက်ရိုက်သုံးနိုင်ပြီး အဲဒီ Application လေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အမြောက်အမြား ရှိနေကာ သုံးစွဲသူတွေ အတွက် အထူးတလည် လေ့လာ သင်ယူစရာ မလိုပါဘူး။ Windows Tablet တွေ အတွက် သီးသန့်ရေးထားတဲ့ App တွေလည်း အများအပြား ရှိနေပြီး အရေအတွက်လည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
ချိတ်ဆက်စရာများ
Windows Tablet ဟာ PC နဲ့ ရာခိုင်နှုန်းပြည့် သဟဇာတ ဖြစ်ပါတယ်။ PC မှာ လုပ်ဆောင် သုံးစွဲတာတွေကို အားလုံးနီးပါး လုပ်နိုင်ပါတယ်။ တွဲဖက် သုံးစွဲလိုတဲ့ ပစ္စည်းပစ္စယတွေ ကိုလည်း တိုက်ရိုက် ချိတ်သုံးနိုင်ပါတယ်။ ဥပမာ ပြောရရင် Keyboard၊ Mouse၊ External၊ Hard Drive၊ External DVD စတာတွေ အပြင် External Monitor ဒါမှ မဟုတ် တချို့ Screen အရွယ်အစားကြီးတဲ့ တီဗီတွေကို ချိတ်ဆက် သုံးနိုင်ပါတယ်။ လုံးဝနီးပါး Plug and Play ဖြစ်ပါတယ်။
စိတ်ကြိုက် Browser သုံးဖို့
PC တွေမှာ စွဲစွဲမြဲမြဲ သုံးခဲ့တဲ့ Browser တွေဟာ တခြား Android Tablet နဲ့ iPad တွေမှာ အလုပ် မလုပ်တဲ့ အပြင် အလုပ် လုပ်ခဲ့ရင်လည်း သုံးစွဲရတဲ့ မြင်ကွင်း နည်းနည်း ပြောင်းသွားလေ့ ရှိပါတယ်။ အထူးသဖြင့် Internet Explorer Bowser ကို စွဲစွဲမြဲမြဲ သုံးလာတဲ့သူတွေ အတွက် Windows Tablet တွေကပဲ အဆင်ပြေပါ လိမ့်မယ်။ Android Firefox လုပ်ဆောင်ချက် တွေဟာ သုံးစွဲသူတွေ အတွက် အများကြီး အဆင်ပြေစေပါတယ်။
တခြား Browser တွေကလည်း သူ့ဟာနဲ့သူ သုံးလို့ အဆင်ပြေ ပါတယ်။ ဒါပေမယ့် Tablet တွေရဲ့ ထိတွေ့လုပ်ဆောင် ရတဲ့ အပိုင်းမှာတော့ Windows မှာသုံးတဲ့ Windows တွေနဲ့ အထူးသဖြင့် Internet Explorer က ပိုအားသာ ပါတယ်။
Multitasking
iPad နဲ့ Android Tablet တွေ ကလည်း မတူညီတဲ့ App တွေကို ဖွင့်ပြီး အလုပ် လုပ်နိုင်ပါတယ်။ App နှစ်ခုပြောင်းသုံး ဖို့ နောက်ပြန်သွားတဲ့ ခလုတ်၊ ရှေ့တိုးတဲ့ ခလုတ်မျိုးတွေ နှိပ်ပြီး ပြောင်းလဲ သုံးနိုင်ပါတယ်။ ဒါပေမယ့် Windows နှစ်ခု ကို ဘယ်ညာ ယှဉ်ဖွင့် သုံးတာမျိုး အတွက် အဆင်မပြေပါဘူး။
တချို့ လုပ်ဆောင်ချက်တွေ အတွက် အဆင်မပြေပါဘူး။ Cut, Copy, Paste လုပ်ရတာက အစ အဆင့်တွေ များနေပါတယ်။ လက်ဝင်ပါတယ်။ Windows Tablet တွေကတော့ PC တွေမှာ လိုပဲ အလုပ်လုပ်နိုင်ပါတယ်။ ဘာအခက် အခဲမှ မရှိပါဘူး။ Windows ရဲ့ အရွယ် အစားကိုလည်း အလွယ်တကူ ပြောင်သုံး နိုင်ပါတယ်။
ပစ္စည်းတမျိုး တာဝန်နှစ်ခု
Windows Tablet တွေထဲမှာ ဟိုက်ကရစ် ပုံစံနဲ့ ထုတ်လုပ် ထားပြီး Slate လို့ခေါ်တဲ့ Screen ဟာ Dock မှာ တပ်ပြီး Laptop လို သုံးနိုင်ပါတယ်။ တချို့ Tablet တွေကတော့ သီးခြား External Keyboard သုံးနိုင် ပါတယ်။ အဲဒီလို သုံးနိုင်တဲ့ အတွက် Tablet လိုရော၊ Laptop လိုပါ နှစ်မျိုး သုံးနိုင်ပါတယ်။
Android Tablet တွေ မှာလည်း အဲဒီလို သုံးနိုင်တဲ့ Hy-baird အမျိုးအစားတွေ ရှိပါတယ်။ ဒါပေမယ့် Windows Laptop တွေလို PC တလုံးမှာ သုံးတဲ့ Application သုံးလို့ မရပါဘူး။ အမြဲခရီးသွားလာလေ့ ရှိသူတွေ အတွက် တာဝန်နှစ်ခုကို ပစ္စည်း တမျိုးတည်းက ထမ်းဆောင် ပေးပါတယ်။
PC ထုတ်လုပ်သူ အားလုံးနီးပါး Windows Tablet တွေ ထုတ်လုပ် ထားပါတယ်။ PC တွေ ထုတ်လုပ်ရာမှာ နာမည် ကြီး ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Hp, Dell, Lenovo, Asus, Sony, Acer, Samsung, Toshiba စတာတွေ ကနေ ထုတ်လုပ်ထားလို့ သင့်အနေနဲ့ စိတ်ချလက်ချ ရွေးချယ် သုံးနိုင်ပါတယ်။
Android ရော၊ Windows Tablet တွေပါ အများသုံးနေ ကြတဲ့ ၁၀ လက်မကနေ ၁၃ လက်မလောက် Tablets တွေက ဈေးကွက်ထဲမှာ အများဆုံး ရှိနေပေမဲ့ Screen အရွယ်အစား ၁၅ လက်မ၊ ၁၉ လက်မ၊ ၂၄ လက်မ လောက်အထိ ထုတ်လုပ် ထားကြပါတယ်။ သင့်အနေနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ Screen အရွယ်အစားကို သုံးနိုင်ပါတယ်။
Android တွေ ဘယ်လောက်ပဲ ကောင်းတယ် ပြောနေ သုံးနေကြ ပေမယ့် အလုပ်လုပ်ဖို့ အတွက် လိုအပ်တဲ့ သူတွေ ကတော့ Windows Tablet တွေ သုံးဖို့ လိုပါတယ်။ ဒါတောင်မှ ဟဲဗီးသုံးတဲ့ သူတွေ အတွက် Microsoft ရဲ့ Surface Pro 3 လို Intel i5 CPU သုံး Tablet မျိုးမှပဲ အဆင်ပြေ မှာပါ။ Android တွေ ဘယ်လောက် ကောင်းကောင်း၊ Android အတွက် (Adobe Creative Suite)၊ Android အတွက် (Microsoft Office) လိုမျိုး Software တွေ ဈေးကွက်တင် ရောင်းချ မပေးသေးတဲ့အထိ Windows Tablet တွေကို လက်လွှတ်လို့ မရသေးပါကြောင်း ရေးသား လိုက်ရပါတယ်။
Windows 8.1
Windows 8 ဟာ Tablet တွေ အတွက် ရည်ရွယ် ထုတ်လုပ်ထား ပေမယ့် သုံးရတာ သိပ်အဆင် မပြေသေး ပါဘူး။ အဲဒီ အဆင်မပြေတာ တွေကို Microsoft ကနေ Windows 8.1 မှာ ပြုပြင်ပြောင်းလဲ ထားပြီး ဖြစ်လို့ Windows 8.1 ဟာ Tablet တွေ အတွက် အဆင်အပြေဆုံး Windows ဖြစ်နေပါတယ်။ Atom CPU တွေ သုံးထားတဲ့ Tablet တွေ ဟာလည်း ဈေးနှုန်း ကျဆင်းနေပြီ ဖြစ်တဲ့ အပြင် တချို့ Tablet တွေဟာ Android Tablet ထက်ရော iPad ထက်ပါ ဈေးသက်သာ နေပါတယ်။ High end Tablet တွေ ကတော့ဈေးကြီး နေပါsတယ်။ ဒါပေမယ့် တော်ရုံ Laptop တွေထက် နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်တွေ အများကြီး မြင့်နေပါတယ်။ ။