Health

အသည်းလေး ဘရိတ်နင်းဖို့

This article has been converted from Zawgyi One to Unicode

ခေတ်ကြီး တခုလုံးရဲ့ အပျက်အစီးမှာ ကျွဲကူးရေပါ အရက်က ယဉ်ကျေးမှုရဲ့ မျက်နှာစာ ဖြစ်လာခဲ့တယ်။ တိုင်းပြည် တဝန်း လမ်းပန်း ဆက်သွယ်ရေး တွေသာ ချောမွေ့ မလာရင်နေမယ် အရက်ရဲ့ ပျံ့နှံ့မှုက အီဘိုလာထက် ဆိုးတဲ့ အနေအထား ပါပဲ။ မြို့တော်ကြီးရဲ့ ဗဟိုချက်ကနေ အိမ်ခြေ ဆယ်ဂဏန်းလောက် ရှိတဲ့ ရွာလေး အထိ ခရီးပေါက်တာ က အရက်နဲ့ ဘီယာတွေပါပဲ။ အများစုက ပြည်တွင်းဖြစ်တွေ၊ ပြီးတော့ နိုင်ငံခြားအမည်ခံ အရက်တုတွေပေါ့။ ကျား၊ မ မရွေး သောက်သုံး ကြသည် ဆိုတာကလည်း အချိုရည်တွေသာ မဟုတ်တော့ဘဲ ဘီယာ ဖြစ်လာတယ်။

အရွယ်မရွေး သောက်သုံးတာကလည်း အရက် ဘီယာတွေချည်း ဖြစ်လာပါတော့တယ်။ လုပ်ငန်းတခု လုပ်မယ် ဆိုရင် အလျင်အမြန် အကောင်အထည် ပေါ်တာကလည်း အရက်ဆိုင်ပါပဲ။ အရက်ယဉ်ကျေးမှုမှာ နာကျင်ရတဲ့ အသည်းတွေ ကလည်း များများ လာခဲ့ပါတော့တယ်။ အသည်းကြွပ် (အသည်းကျွမ်း) ဆိုတဲ့ Cirrhosis ဝေဒနာကလည်း အသည်း ကင်ဆာရဲ့ ရှေ့ပြေး အဖြစ် ချီတက်လာ တော့တယ်။

အသည်းကြွပ်ရောဂါ Cirrhosis ဟာ ကမ္ဘာ ပေါ်က  သေပျောက်နှုန်းများ  ရောဂါစာရင်းမှာ နံပါတ် ၁၂ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

အသည်းဆိုတာ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ် အပိုင်းထဲမှာ အကြီးဆုံး အစိုင်အခဲတခု ပါပဲ။ အလေး ချိန် ၃ ပေါင် လောက် ရှိတဲ့ အဲဒီအသည်းက သိပ်ပြီး အရေးပါတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးတာပါ။

• သွေးအတွက် အရေးပါတဲ့ ပရိုတင်းတွေ ထုတ်လုပ်ပေးပြီး သွေးခဲမှု ဖြစ်စဉ်၊ အောက်ဆီဂျင် ပို့ဆောင်ရေးနဲ့ ကိုယ်ခံအား စနစ်တွေ အတွက် ထောက်ကူပေးတယ်။

• ပိုလျှံနေတဲ့ အာဟာရတွေ သိုလှောင်ထားပြီး သွေးစီးကြောင်းထဲကို ပြန်ဖြန့် ဝေပေးတယ်။

• အစာခြေရာမှာ အရေးပါတဲ့ သည်းခြေရည်ကို ထုတ်လုပ်တယ်။

• ခန္ဓာကိုယ်က သကြားဓာတ် (ဂလူးကို့စ်) ကို အသွင်ပြောင်း တမျိုးဖြစ်တဲ့ Glycogen အဖြစ် သိုလှောင်ရာမှာ ကူညီ ပေးတယ်။

• သွေးထဲမှာ ခန္ဓာကိုယ် အတွက် အဆိပ်အတောက် ဖြစ်စေတဲ့ ဆေးဝါးတွေ၊ အရက်တွေကို ဖယ်ရှားပေးတယ်။

• ပြည့်ဝဆီတွေကို ဖျက်ဆီးပေးတယ်။

အသည်းကြွပ်တယ် ဆိုတာက ကျန်းမာနေတဲ့ အသည်းရဲ့ တစ်ရှူးတွေ နေရာမှာ အမာရွတ်တွေက နေရာယူလာတဲ့၊ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ဖြစ်စဉ်ပါ။ နောက်ဆုံးကျတော့ အသည်းခမျာ သူ့ လုပ်ငန်းဆောင်တာတွေ မထမ်း ဆောင်နိုင် ဖြစ်လာတာပေါ့။ အမာရွတ်တွေက အသည်းထဲ သွေး အသွားအလာကို ပိတ်ဆို့စေတော့ အာဟာရတွေ ရရှိဖို့ နှောင့်နှေးစေသလို ဆေးဝါးတွေ၊ အဆိပ်အတောက်တွေ စွန့်ပစ်ဖို့လည်း လေးလံလာခဲ့ တာပေါ့။ အသည်းက ထုတ်ပေးတဲ့ ပရိုတင်းနဲ့ တခြားအကျိုး ရှိတဲ့ ဓာတု ပစ္စည်းတွေ ထုတ်လုပ်မှုလည်း နှေးကွေးလာပါတယ်။

ဘာတွေက အသည်းကြွပ်ဆတ်စေသလဲ

အသည်းရောင် အသားဝါ စီ ပိုး၊ အသည်း အဆီဖုံးခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်းက အဖြစ်အများဆုံး အကြောင်းတွေ လို့ ဆိုပေမယ့် တခြားသော အကြောင်းတွေကလည်း အသည်းမှာ ဒဏ်ရာ အနာတရ ဖြစ်စေတာတွေ ရှိပါသေး တယ်။ အဲဒါတွေကတော့ –

• အဝလွန်တာ၊ ဆီးချိုရောဂါတွေနဲ့ ပူးတွဲနေတဲ့ အသည်းအဆီဖုံးခြင်း

• အသည်းကြွပ်စေတဲ့ ဗိုင်းရပ်စ်ပိုး၊ အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ နဲ့ စီ (ရှားပေမယ့် အသည်းရောင် အသားဝါ ဒီ ပိုးကလည်း ဖြစ်တတ်ပါတယ်)

• အဆီတွေ ချေဖျက်နိုင်စွမ်းရှိတဲ့ သည်းခြေရည်ကို အသည်းကနေ အူလမ်းကြောင်းထဲ ပို့ဆောင် ပေးတဲ့ သည်းခြေပြွန် ပိတ်ဆို့တဲ့ အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အဲဒီ ပြွန် မပါတာ၊ ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရတာ တွေက သည်းခြေရည်ကို အသည်းထဲ ပြောင်းပြန် စီးစေလို့ပါပဲ။ လူကြီးမှာတော့ ရောင်ရမ်းတာ၊ ပိတ်ဆို့တာ၊ အမာရွတ် ဖြစ်တာတွေနဲ့ တခြား အသည်းရောဂါတွေက သည်းခြေပြွန်ကို ပိတ်စေ ပြီး အသည်းကြွပ်မှု ဖြစ်စေပါတယ်။

• နှလုံးချို့ယွင်းမှု မကြာခဏ ဖြစ်သူတွေ မှာလည်း အသည်းကို ထိခိုက်ပါတယ်။

• တချို့ မွေးရာပါ အသည်းရောဂါတွေ ကလည်း အသည်းကြွပ်ဆတ်မှု ဖြစ်စေပါတယ်။ ဂလူးကို့စ် သိုလှောင်မှု ချို့ယွင်းတာ၊ အင်ဇိုင်းဓာတ် ချို့တဲ့တာ၊  သံဓာတ်တွေ  အသည်းမှာ စုတဲ့ Hemochromatosis လို ရောဂါ၊ သံဓာတ်တွေ အသည်းမှာ စုပုံစေတဲ့  Wilson’s  မျိုးတွေပေါ့။

• တချို့ ရောဂါတခုခု အတွက် စွဲသောက်နေရတဲ့ ဆေးဝါးတွေ (တီဘီဆေးလိုမျိုး)၊ ပတ်ဝန်းကျင်မှာ အဆိပ်အတောက် တွေနဲ့ ထိတွေ့နေရတာ မျိုးနဲ့ ကပ်ပါးပိုးတွေ ကူးစက်ခံရတာကလည်း အသည်းကြွပ် စေတာ ပါပဲ။

အရက် အလွန်အကျွံ သောက်ရင် အသည်းကြွပ်စေပါသလား

အရက်ကို အလွန်အကျွံ သောက်သူ အများစုက အနည်းနဲ့အများ အသည်းကို ထိခိုက်စေတာတော့ သေချာပါတယ်။ ဒါပေမယ့် အားလုံးတော့လည်း မဟုတ်ဘူး ဆိုပြန်ပါတယ်။ ဒါပေမယ့် အရက်ကို အလွန်အကျွံ သောက်တဲ့ အမျိုးသမီးတွေ ကတော့ အသည်းထိခိုက်မှု ပိုများပါတယ်။ အသည်းရောင် အသားဝါ ဘီနဲ့ စီ ကြောင့်ဖြစ်တဲ့ အသည်းကြွပ်သူ ဦးရေက အရက်ထက် ဖြစ်သူနဲ့ နှိုင်းစာရင် အလွန်ပို များတယ်လို့ ဆိုပါတယ်။

ကုသနည်း အကြောင်း

အသည်းကြွပ်ဆတ်မှုကို ကုသတာက ထိခိုက် နေသမျှကို ပုံမှန် ပြန်မရနိုင်ပါဘူး။ ယိုယွင်းမှု ရပ်တန့်ဖို့နဲ့ ရောဂါ ဆိုးရွားလာမှုကို နှေးကွေးအောင် ထိန်းတာလောက်၊ နောက်ဆက်တွဲ ရောဂါတွေ ဖြစ် မလာဖို့လောက်ပဲ တတ်နိုင် တာပါ။ အဓိကအားဖြင့်တော့ ဖြစ်တဲ့ အကြောင်းရင်းကို ရှာပြီးတော့ ကုသတာနဲ့ နောက်ဆက်တွဲ လက္ခဏာတွေ သက်သာ စေရုံ လောက်ပါပဲ။

ဘာတွေ လုပ်သင့်သလဲ

အမူအကျင့် တချို့ပြုပြင်တာ ကလည်း အသည်း ထိခိုက်မှုကို လျော့ပါးဖို့ အထောက်အကူ ပြုမှာပါ။ အထူးသဖြင့် အသည်းကြွပ် ရောဂါ ရနေပြီ ဆိုရင်-

• အရက်ဖြတ်ပါ။  ရောဂါကို  ပိုမဆိုးအောင်နဲ့ ပြန်ပြီး နေထိုင်ကောင်းလာ စေနိုင်ပါတယ်။

• အသည်းကို ထိခိုက်စေတဲ့ ပါရာစီတမောလ်လို ဆေးမျိုး ရှောင်ကြဉ်တာ လုပ်ရမှာပါ။ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် မသောက်ဘဲ အသည်း ထိခိုက်မှု မရှိနိုင်တာကို ဆရာဝန်က ရွေးချယ်ပေးဖို့ တိုင်ပင်ပါ။

• ဆား အငန်တွေကို လျှော့ချ စားသုံးတာက ကိုယ်တွင်းမှာ အရည်တွေ စုပြီး ဖောရောင်တာ တွေကို သက်သာစေပါ လိမ့်မယ်။

• မျှတတဲ့ အာဟာရနဲ့ ကယ်လိုရီ၊ ပရိုတင်းတွေ စားသုံးပါ။  ဗီတာမင်  အားဆေးတွေလည်း ဆရာဝန် ညွှန်ကြားသလို သောက်ပါ။

• အသည်းကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေရင်တော့ ပရိုတင်း အသားဓာတ် လျှော့စားရပါမယ်။

ခုလို အသက် အန္တရာယ်ရှိတဲ့ အသည်းကြွပ် ဆတ်မှု၊ တနည်းအားဖြင့် အသည်းကျွမ်းတာကို ဖြစ်နိုင်ခြေ လျော့အောင်၊ ဖြစ်နေရင်လည်း ပိုဆိုး မလာဘဲ ပြန်သက်သာ လာအောင် လုပ်ရဖို့က အမူအကျင့်ဆိုင်ရာ  ကုထုံးတွေက  ဆေးဝါး ထက်  ပိုတယ်ဆိုတာ သိမြင်မိမှာပါ။

ကင်ဆာ အဖြစ် အသွင်ပြောင်းနိုင်တဲ့ အသည်း ကြွပ်ခြင်းကို ထိန်းချုပ်ရေးမှာ ယမကာက လည်း ဆင်ခြင်ရမယ့် အကြောင်း တရပ် ဖြစ်နေပြန် ပါတယ်။ ဘာကိုမှ အလွန်အကျွံ မလုပ်တာက အသည်းကို ကျန်းမာပြီး ရေရှည် သက်တမ်း တခုဆီ ဆွဲခေါ် သွားနိုင်တာမို့ အသည်းနုတယ် ပြောလည်း အပြောခံ လိုက်ပါ။ အသည်းမာပြီ ဆိုရင် မလွှဲသာတဲ့ အဖြစ် ဆိုးတွေ တွေ့ရတတ်တယ် ဆိုတာ သတိပေး လိုက်ပါတယ်။     ။

Loading