အလွဲသုံးစား ဆိုတဲ့ မြန်မာစကားကို ကြားရင် အများအားဖြင့် အစိုးရကို တွေးမြင်မိမယ်၊ ဌာနဆိုင်ရာ ဆိုတဲ့ လူတွေကို မြင်မယ်။ ငွေကြေးကို သုံးရမယ့် နေရာမှာ မသုံးဘဲ၊ တလွဲသုံးတာ၊ ကိုယ်ကျိုးရှာတာ ကိုသာ အလွဲသုံးစား ထင်ကြတာ ကိုး။
မြန်မာ့ လူ့အဖွဲ့အစည်းမှာ ကိုယ်တိုင် မသိဘဲ အလွဲသုံးစား လုပ်နေမိတဲ့ ကိစ္စတွေ အတော်များ ပါတယ်။ သတိ မမူမိကြတာက ကိုယ်တိုင်ရော ဘာတွေ အလွဲသုံးစား လုပ်နေမိပါလိမ့် ဆိုတာပေါ့။ အထူး သဖြင့်တော့ အများစု လုပ်ဖြစ်နေတဲ့ အလွဲသုံးစား ကိစ္စတွေထဲမှာ ဆေးဝါးတွေကို အလွဲသုံးစားလုပ်မိ နေတာလည်း ပါနေပါတယ်။ ကိုယ်တိုင်၊ ဒါမှမဟုတ် နေထိုင် မကောင်းသူ တယောက်ယောက်နဲ့ တွေ့ရင် နှုတ်ဖျား ရောက်လာတဲ့ ကြားဖူးနားဝ ဆေးတမျိုး ညွှန်လိုက်မိတာက အလွဲသုံးစား လုပ်နေမိတာပါပဲ။
တကယ်တော့ ဆေးဝါးတွေက သိပ္ပံနည်းကျ ဖော်စပ်ထားတာတွေ ဖြစ်သလို၊ ဘာအတွက် ကောင်းပြီး ဘာတွေ ထိခိုက်နိုင်တယ် ဆိုတာလည်း တွဲပြီး ပါတတ်တာပါ။ ဆေးပညာကို သေချာလေ့လာ သင်ယူတတ်မြောက် ထားတာ မဟုတ်ဘဲ ကိုယ့်တုန်းက သက်သာလို့၊ တခြားသူ ပြောတာ ကြားဖူးလို့ ဆိုပြီး ညွှန်ကြား သောက်သုံးစေတာက အလွန် ဆိုးရွားတဲ့ လုပ်ရပ် တခုပါပဲ။ နှုတ်အားဖြင့် ရမ်းကုလုပ်တယ် ဆိုရမှာပေါ့။
အများအားဖြင့် လမ်းညွှန်ကြတာကလည်း လမ်းဘေး ဆေးဆိုင်တွေမှာ လွယ်လွယ်ဝယ်လို့ ရတတ်တဲ့ ဆေးတွေ ပေါ့။ ပြောသာ ပြောရတာပါ၊ ဒီမှာက ဆေးဝါး ရောင်းချတာတွေလည်း သေချာကွပ်ကဲမှု မရှိလေတော့ ဘာဆေး မဆို ဆိုင်တွေမှာ အလွယ်တကူ ရောင်းနေကြတာ ပါပဲ။ ဆရာဝန်ညွှန်ကြားချက်ပါမှ ဆေးရောင်းတဲ့ ဆိုင်ဆိုလည်း မြန်မြန် ဒေဝါလီ ခံရမှာပါပဲ။ ဒါပေမယ့် အဲဒီလို ဆေးဝါးတွေကနေ အန္တရာယ် မဖြစ်အောင်၊ လုံခြုံစိတ်ချရအောင် သိသင့်တာ လေးတွေ သိစေချင်ပါတယ်။
ဆေးသောက်ရပြီဆိုရင်
သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါး ကျွမ်းကျင်သူတွေ ဆီကနေ ညွှန်ကြားချက် တိတိကျကျ မရှိဘဲ မသောက်စေ ချင်ပါဘူး။ ဆေးသောက်ရပြီ ဆိုတာနဲ့ သိသင့်တာ လေးတွေက –
– ဆေးရဲ့ အမည်နဲ့ သူ့ရဲ့အာနိသင်ဘာလဲ ဆိုတာ (ဘာရောဂါ အတွက်လဲ ဆိုတာ) သိသင့်ပါတယ်။
– ပမာဏ ဘယ်လောက်သောက်ရမှာလဲ၊ အချိန် ဘယ်နှနာရီခြားရမလဲ၊ ဘယ်လောက်ရက်ကြာ အောင် သောက်ရမလဲ ဆိုတာ သိရပါလိမ့်မယ်။
– ဆေးကို ဘယ်လိုသောက်ရမှာလဲ၊ တနည်းအား ဖြင့် ပါးစပ်က သောက်ရမှာလား၊ အဆုတ်ထဲ ရှူသွင်းရမှာလား၊ နားထဲ ထည့်ရမလား၊ မျက်စိထဲ ခတ်ရမလား၊ စအိုထဲ ထည့်ရမလား၊ အရေပြားကို လိမ်းရမလား ဆိုတာတွေ သိထားရမှာပါ။ အထူး ညွှန်ကြားချက်တွေ ကလည်း အရေးကြီး ပါတယ်။ ဥပမာ – အစာနဲ့ တွဲသောက်ရမလား၊ အစာနဲ့ ဝေးဝေး သောက်ရမလား ဆိုတာတွေ ပေါ့။
– ဆေးကို ဘယ်လိုထားမလဲ ဆိုတာကလည်း အရေးကြီး ပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နေရာ၊ ဒါမှမဟုတ် အခန်းအပူချိန်၊ ဒါမှမဟုတ် ရေခဲသေတ္တာထဲ စတာတွေ ကလည်း ဆေးရဲ့ အာနိသင် ထိရောက်ဖို့ အရေးပါလှ ပါတယ်။
– ဘယ်လောက် ကြာကြာ သိမ်းဆည်းပြီးရင် စွန့် ပစ်ရမလဲ ဆိုတာလည်း သိသင့်တာပါပဲ။ ဓာတ်ဆားရည်ကို ၂၄ နာရီထက် မကျော်စေရတာ၊ မျက်စဉ်းတွေဆို အဖုံးဖွင့်ပြီး တလကြာရင် အသုံးမပြု ခိုင်းတာ၊ သတိထားမိ ကြမှာပါ။
– ဆေးသောက်ရင် ဖြစ်တတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ၊ ဓာတ်ပြုတုံ့ပြန်မှု တွေလည်း သိထား သင့်တာပေါ့။ ဆေးအများစု ကတော့ အစာလမ်းကြောင်းနဲ့ ပတ်သက်တာတွေ၊ ဝမ်းပျက်၊ ပျို့အန် ဖြစ်တတ်တာမျိုး ပေါ့။
ဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်ကြတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သိစေချင်တာက ဆေးဝါးတိုင်းမှာ သောက်သုံးမယ့် လူရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ပမာဏ ကွဲပြားတယ် ဆိုတာပါပဲ။ ဆေးနည်းနည်းလေး သောက်မိတာက အာနိသင် မပြည့်ဝသလို၊ အများကြီး သောက်မိ ရင်လည်း အသက်အန္တရာယ်ပါ ဖြစ်တတ်တာတွေ ရှိပါတယ်။
နောက်ပြီး ဆေးတမျိုးနဲ့ တမျိုးမှာ ပါဝင်တဲ့ ပမာဏ၊ အရည်အသွေး တွေလည်း ကွာခြားတာ ပါပဲ။ ဆေးသောက်ပြီးလို့ ဓာတ်မတည့်တဲ့ လက္ခဏာ တခုခု၊ ဥပမာ – ယားယံတာ၊ အသက်ရှူကျပ်တာတွေ ဖြစ်လာရင် ဆရာဝန်ဆီ အမြန်ပြေးဖို့ လည်း သတိချပ်ထားရ မှာပါ။ သောက်နေကျဆေး တောင်မှ ရံဖန်ရံခါ ဓာတ်မတည့်တာ ဖြစ်လာတတ်တာ သတိပြုပါ။
နောက်ပြီး ဆေးဆိုတာက လိုအပ်မှ သောက်သုံးသင့်တယ် ဆိုတာ အထူးစွဲမှတ်ထားဖို့ ပါပဲ။ ဥပမာ အားဖြင့် ကလေး သူငယ်တွေမှာ ဖြစ်တဲ့ဝေဒနာတွေ အတွက် ဆေးပေးမယ် ဆိုပါစို့။ နာကျင် ကိုက်ခဲတာနဲ့ အဖျား အတွက် ပါရာစီတမောလို ဆေးမျိုးကိုတောင်မှ ဆရာဝန် ညွှန်ကြားချက် မပါဘဲ မတိုက်သင့်ပါဘူး။ ဆိုင်တွေမှာ ရောင်းတဲ့ ချောင်းဆိုးပျောက်ဆေး အများစုဆိုရင် ၆ နှစ်အောက် ကလေးတွေ မသောက် သုံးသင့် ဆိုတာမျိုး ရေးထားတာတွေ တွေ့ဖူးကြမယ် ထင်ပါတယ်။
နောက် အရေးကြီးတာ တချက်က ဆေးကို ဆရာဝန် ညွှန်ကြားလို့ သောက်ရင်လည်း ဆေးပတ်လည်အောင် သောက်ဖို့ပါ။ အထူးသဖြင့် ပဋိဇီဝဆေးခေါ်တဲ့ ရောဂါပိုးသတ်တဲ့ ဆေးတွေကို ဝေဒနာ သက်သာရုံနဲ့ ဖြတ်လိုက်ရင် ပြန်ဖြစ်လာ တတ်သလို၊ အရင်ဆေးနဲ့ မတိုးတော့တဲ့ ပြဿနာက ပိုဆိုးပါတယ်။
ဆေးဝါးနဲ့ ပတ်သက်ပြီး နောက်ထပ် သိသင့်တဲ့ အချက်ကလေးတွေ ရှိပါသေးတယ်။
– ဆရာဝန် မဟုတ်ဘဲနဲ့ ကိုယ်တိုင်၊ မိသားစု၊ အသိအကျွမ်းတွေ ရောဂါဖြစ်ရင် ဒါ ဘာရောဂါပဲ လို့ ကိုယ့် ဘာသာ အမည် မတပ်မိပါ စေနဲ့။ ဆေးကုဖို့ လိုအပ်တဲ့ ရိုးရိုး နှာစေး ချောင်းဆိုးလောက် မဟုတ်ရင် ဆရာဝန် ပြဖို့က လိုအပ်ချက်ပါပဲ။
– သုံးပြီး ကျန်နေတဲ့ ဆေးအရည်တွေ ပြန်သောက်တာ၊ မျက်စဉ်းတွေ ခတ်တာမျိုးတွေ မလုပ်သင့် ပါဘူး။ ဒါတွင်မက သက်တမ်းလွန် ဆေးတွေလား ဆိုတာလည်း စစ်ဆေးရ ပါမယ်။
– တခြား တယောက်တုန်းက ဒီလက္ခဏာတွေ အတွက် ဒီဆေးသောက်တာပဲ ဆိုပြီး ကိုယ့်အလှည့်မှာ ကိုယ့်သဘောနဲ့ အဲဒီဆေးတွေ သောက်တာကလည်း စိတ်ချရတဲ့ ကုသမှု မဟုတ်တာ အသေအချာပါ။
– အရေးကြီးတဲ့ သတိထားစရာ တခုက လူကြီး အတွက် ညွှန်ထားတဲ့ ဆေးဝါးတွေကို ဘာ အကြောင်းနဲ့မှ ကလေးကို မတိုက်ကျွေး ပါနဲ့ ဆိုတာပါပဲ။
– နောက် သတိထားရမှာက အမျိုးအစား တခုတည်း ပါဝင်နေတဲ့ ဆေးနှစ်မျိုး ရောသောက် တာမျိုး မလုပ်မိဖို့ ပါ။ တချို့ဆို ဖျားလို့ ပါရာစီတမောရယ်၊ ဘိုင်အိုဂျက်ဆစ်ရယ် ရောသောက်တယ် ဆိုတာမျိုးပေါ့။
– ဆရာဝန်ညွှန်လို့ ဆေးဝယ်သောက်တယ် ဆိုရင် တောင်မှ ဆေးကတ်က ပေါက်နေသလား၊ ဖြတ်ထားတဲ့ ကတ်ထဲက ဆေးတောင်မှ မသောက် သင့်ပါဘူး။ အလုံး အကြွေတွေဆို ပိုဆိုးတာ ပေါ့။ အသေအချာ လေလုံ ခြောက်သွေ့ နေစေရပါမယ်။ သတိပြုဖို့ အရေးကြီးဆုံး ကတော့ သက်တမ်းလွန် မလွန် ဆိုတာပါပဲ။
– သာမန် ရောဂါလေးတွေ အတွက် ဆေးဆိုင်ကို အားထား နေရတယ် ဆိုရင်တောင် ဆေးဝါး ကျွမ်းကျင်သူ (အခု ဖွင့်နေတဲ့ ၃ လ သင်တန်း ဆင်းများကို မဆိုလိုပါ) ရဲ့ ဆိုင်မှာ အကြံဉာဏ် ယူပါ။ ဆေးရဲ့ မလိုလား အပ်တဲ့ အကျိုးဆက် တွေပါ ရှင်းလင်းပြောနိုင်သူဖြစ်မှ အစစအဆင် ပြေမှာပါ။
– စိတ်ချရတဲ့ဆိုင်က ဆေးဝယ်လာပြီ ဆိုရင်တောင် ဆေးခန်းက ညွှန်ကြားတဲ့ အတိုင်း ဟုတ်ရဲ့လား ဆိုတာ ဆေးအမည်၊ ပါဝင်တဲ့ ဓာတုပစ္စည်း အမည်တွေ ပြန်စစ်ကြည့်ဖို့ မမေ့ပါနဲ့။
– နောက် သတိမမူမိ ကြတဲ့ အချက်ကတော့ ဆေးတွေကို တနေရာတည်း အတူထားပြီး သောက်ခါနီးမှာ အသေအချာ မကြည့်ဘဲ သောက်မိတာမျိုး ပါ။ ကတ်တူ၊ အရောင်တူ၊ ဆေးလုံးတူတွေ မှားယွင်း သောက်မိ တတ်တာ ကြုံဖူးလို့ပါ။
အထက်က ပြောခဲ့တာတွေ အပြင် ထပ်ဆင့် မှာကြားလိုတာလေးတွေ ရှိပါသေးတယ်။
သတိမူစရာ
ကလေး သူငယ်တွေကို ဆေးတိုက်ရ လွယ်အောင် သကြားလုံးလို့ ညာပြောပြီး ဆေးတိုက်တာမျိုးက အမှန်ထင်ပြီး မကြာခဏ သောက်တာမျိုး ဖြစ်တတ်ပါတယ်။ အတွေ့အကြုံ အရ ဆေးခန်းလာတဲ့ ကလေးတွေက ဒိုင်ဂျင်းလို ဆေးမျိုးကို အတင်း အော်ဟစ် ပူဆာတာ တွေ့ရလို့ ပါ။ နောက်ပြီး ဆေး သောက်ပြီး အန်ထုတ်တဲ့ အတွက် ပြန်တိုက် တာကို ကိုယ့်သဘောနဲ့ကိုယ် မလုပ်ပါနဲ့၊ ဆရာဝန်ကို တိုင်ပင်ပါ။ ဘယ်နှနာရီ အကြာမှာ အန်တာလဲ ဆိုတာပေါ် မူတည်ပြီး ထပ်တိုက်ရမယ့် ဆေးပမာဏကို ဆရာဝန်က လမ်းညွှန်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
အားဆေးတောင်မှ ဘေးထွက်ဆိုးကျိုး ရှိတယ် ဆိုတာ အသေအချာ မှတ်ထားပါ။ အရေပြားမှာ ယားယံတာ၊ ပျို့အန် တာလို ဓာတ်မတည့်တာ မျိုးတွေ မဟုတ်ဘဲ ဆေးရဲ့ အာနိသင်အရ ကိုပဲ မူးဝေတာ၊ အိပ်ငိုက်တာတွေ ကြိုသိထားရ မှာပါ။ အဲသလိုမျိုး ဆေးသောက်ပြီး စက်တွေ၊ ယာဉ်တွေ မမောင်းမိဖို့ ကလည်း အရေးကြီးပါတယ်။ တချို့ အသက် အန္တရာယ် ဖြစ်အောင် ဓာတ်မတည့်တဲ့ ဆေးတွေ ကျတော့လည်း ဆေးသောက်ပြီး နာရီပိုင်းမှာ အသက်ရှူကျပ်ပြီး တရွှီရွှီ ဖြစ်လာတတ် ပါတယ်။ အဲဒါဆိုရင်တော့ အရေးပေါ်ကို အမြန်ဆုံးပို့ ပါတော့။
စိတ်ချရတဲ့ ထားသိုမှု
ဆေးတွေကို သူ့အညွှန်း အတိုင်းသာ ထားပါ။ ရေခဲသေတ္တာမှာ ထားသင့်တာထား၊ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားသင့်တာ ထားပေါ့။ အခန်းအပူချိန်မှာ ထားလို့ရတယ် ဆိုရင်တောင် ဗီရိုထဲ၊ အံဆွဲထဲ ထည့်ထားတာမျိုးထက် သူ့ရဲ့ မူလဘူးထဲ ထားတာက ပိုကောင်းပါတယ်။ ကလေးတွေ မမီတဲ့ နေရာလည်း ဖြစ်ဦးမှပါ။ နေရောင် တိုက်ရိုက် မထိအောင် ဂရုစိုက်ရမှာက ဆေးအားလုံးပါပဲ။
သက်တမ်းလွန် ဆေးတွေ၊ အသုံး မလိုတော့တဲ့ ဆေးတွေကို အသေအချာ ထုပ်ပိုးပြီး စွန့်ပစ်တာကလည်း အရေးကြီး တာပါပဲ။ မလိုလားအပ်တာတွေ ဖြစ်မလာဖို့ ဂရုစိုက်ရမှာ ပါပဲ။ ဖျက်ဆီးပြီးမှ စွန့်ပစ်ပါ။ အမှိုက်ပုံဖွသမားနဲ့ တွေ့လို့ ကတ်လိုက်၊ အလုံးလိုက် တွေ့ရတဲ့ ဆေးတွေက ဆိုင်ပေါ် ပြန်ရောက် မလာဘူးလို့ အာမခံဖို့ မဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်လား။
အခုလောက် ဆိုရင်ဖြင့် ဆေးဝါးတွေကို ကြုံသလို နှုတ်သင့်ရာ၊ လက်သင့်ရာ ညွှန်တာ၊ သောက်တာ မလုပ်ဖို့ သတိမူမိမယ် ယူဆရတာ ပါပဲ။ အသက် အန္တရာယ်နဲ့ ကြုံစေမယ့် ဆေးဝါးအလွဲ သုံးစားလုပ်ပြီး နောင်တဖန် ပူပန်ရတာတွေ မဖြစ်ကြပါစေနဲ့ လို့သာ။ ။