ထမင်းဘူး (The Lunchbox) ဆိုတဲ့ အိန္ဒိယ ရုပ်ရှင်ဇာတ်ကားလေး ကြည့်ရတယ်။ အထူး ပြုလုပ်ချက်တွေ မပါဘူး၊ ကင်မရာ လှည့်စား ချက်တွေ မပါဘူး။ ပုရိသပရိသတ်တွေ တတမ်းတမ်း တ တတ ဖြစ်အောင်လှတဲ့ မင်းသမီးလည်း မပါသလို၊ အမျိုးသမီး ပရိသတ်တွေ မွေ့မွေ့မူးမူး စိတ်ကူးယဉ်စရာ ကောင်းအောင် ချောတဲ့ခန့်တဲ့ မင်းသားလည်း မပါဘူး။ ကြည့်သူ ပရိသတ် စိတ်လှုပ် တရှားရှား ဖြစ်အောင် အက်ရှင်ခန်းတွေ မပါသလို၊ သည်းထိတ်ရင်ဖို အလှည့်တွေ အပတ်တွေ ဆိုတာတွေလည်း မရှိဘူး။
ပြီးတော့ အတင်း ဇာတ်နာခိုင်းတဲ့ လုပ်ဇာတ်တွေ မပါသလို ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်း သီချင်းဆိုပြီး တိုင်ပတ် ပြနေတာလည်း မရှိဘူး။ အိမ်ထောင်ရေး ဖောက်ပြန်မှု အကြောင်း ရိုက်ပြထားပေမယ့် လိင်စိတ်နိုးကြွစေမယ့် မွေ့ရာထက် အခန်းတွေ လုံးဝမပါလို့ အမိနဲ့သား၊ မောင်နဲ့နှမ မိသားစု အတူ ထိုင်ကြည့်လို့ ရတယ်။
ဒါပေမယ့် အဲဒီ ရိုးရိုးသန့်သန့် သာမန်ဇာတ်လမ်း၊ သာမန် ဇာတ်ဆောင်နဲ့ ဒီဇာတ်ကားဟာ ရိုက်ကူး စရိတ်က ဒေါ်လာ ၁ သန်းပဲ ရှိပြီး ဝင်ငွေက ဒေါ်လာ ၁၄ သန်းကျော် ရတာမို့ ဒေါ်လာ ၁၃ သန်း ကျော် မြတ်တယ်ဗျား။
ဇာတ်လမ်းက တကယ့် ရိုးရိုးလေး။
အိန္ဒိယမှာ ဒဘ်ဘာဝါလား (Dabbawala) လို့ခေါ်တဲ့ ထမင်းချိုင့်ပို့ အလုပ်ကို လုပ်တဲ့ လုပ်ငန်းရှိတယ်။ ထမင်းချိုင့်ပို့ သမားတွေ ဆိုပေမယ့် အထင်တော့ မသေးနဲ့ ယူနီဖောင်းနဲ့၊ အစည်းရုံးနဲ့၊ သမိုင်းကြောင်းနဲ့ဗျ။ အဲ… သမိုင်းကြောင်း လေး ကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ကိုလိုနီ မျက်နှာဖြူ ဆရာကြီးများရဲ့ ကောင်းမှုနဲ့ အရင်းရှင် စီးပွားရေး စနစ် အိန္ဒိယမှာ ကောင်းကောင်း အမြစ်တွယ်လာတဲ့ အခါ အိန္ဒိယမှာ ကော်လာဖြူ လူတန်းစား ရှိလာတယ်။
ဒါပေမယ့် အိန္ဒိယ ကော်လာဖြူတွေကြားမှာ ဆိုင်မှာ စားတာမျိုးက ပေါ်ပြူလာ မဖြစ်ဘူး တဲ့။ အထူးသဖြင့် အမျိုးဇာတ် အစွဲ သိပ်ပြင်းထန်တဲ့ အိန္ဒိယမှာ ဆိုင်မှာ စားတာ မသန့်ဘူး လို့ တချို့က ယူဆသလို၊ တချို့ကလည်း အိမ်က အိမ်ရှင်မ လက်ရာလောက် မကောင်းဘူးလို့ ယူဆကြတယ်။ ပြီးတော့ အိမ်က ထမင်းစားတာ စရိတ်ပိုသက်သာပြီး ဖွယ်ဖွယ်ရာရာ ဖြစ်တာလည်း ပါမှာပေါ့။
ဒါပေမယ့် ပြဿနာက အိမ်ထမင်းချိုင့် ဆွဲလာပြီး ရုံးမှာ စားဖို့က နံနက် ရုံးချိန် ၈ နာရီအမီ ထမင်းဘူးရဖို့က ဘယ်လွယ်ပါ့ မလဲ။ ဒီလိုနဲ့ ခင်ပွန်းသည်က ရုံးသွား၊ အိမ်ရှင်မတွေက နေ့လယ်စာအမီ ချက်ပြုတ်ပြီး ခင်ပွန်းသည် ရှိရာ လိုက်ပို့ ပေးရတာပေါ့။
ဒါကလည်း အိမ်ထောင်ရှင်မ အတွက် အတော့်ကို ကသီလင်တ နိုင်တဲ့ အလုပ်ပဲလေ။ ဒီလိုနဲ့ ထမင်းချိုင့် ပို့ပေးမယ့် တယောက်ယောက်ကို ရှာရတော့ တာပေါ့။ အဲဒီမှာ ထမင်းချိုင့် အချိန်မီ မရောက်တဲ့ ပြဿနာတွေ၊ ချိုင့်မှားပြီး ပို့မိတဲ့ ပြဿနာတွေ၊ ထမင်းချိုင့် ပျောက်သွားတဲ့ ပြဿနာတွေနဲ့ ကြုံရပြန်ရော။ အဲဒီမှာပဲ စီးပွားရေး မျက်စိအမြင် အရမ်း ကောင်းတဲ့ မဟာဒီယိုဟာ ဗာဂျီဘက်ချီ ဆိုတဲ့ လူ တယောက်က ဘုံဘေမြို့မှာ လူ ၁၀ဝ လောက်ကိုစု၊ ယုံကြည် စိတ်ချရတဲ့ ထမင်းချိုင့်ပို့ဆောင်ရေး လုပ်ငန်း ဆိုပြီး အပီအပြင် လုပ်ချလိုက် ပါလေရော။
အချိန်မီ ရောက်အောင် ပို့ပေးမယ်၊ မမီရင်၊ မရောက်ရင်၊ မှားရင်၊ ပျောက်ရင် သူလျော်မယ် ဆိုပြီးတော့ပေါ့။ နောက်ပိုင်း ခေတ်တွေ ပြောင်းသွား သလို၊ ပုံသဏ္ဌာန် ပြောင်းသွားပေမယ့် ဒဘ်ဘာဝါ လားတွေရဲ့ ထမင်းချိုင့်ပို့ လုပ်ငန်းကတော့ အခု အချိန်အထိ အောင်မြင်စွာ လုပ်ကိုင်နေတုန်းပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော် ဘက်ချီရဲ့ ခေတ်က ထမင်းချိုင့် မမှားအောင်၊ မပျောက်အောင် စနစ်တကျ စီမံခန့်ခွဲခဲ့ တုန်းကလိုပဲ အခုချိန်အထိ ဒဘ်ဘာဝါလား ထမင်းချိုင့် ပို့သမားတွေဟာ အမှားအယွင်းမရှိ အောင်မြင်စွာ ဆက်လက် လုပ်ကိုင်နေ တုန်းပဲတဲ့။ သူတို့ဟာ စက်ဘီးတွေ သုံးပြီး တအိမ်တက် တအိမ်ဝင် ထမင်းချိုင့်တွေ လိုက်စုတယ်၊ ပြီးရင် ရထားနဲ့ သုံးဘီးတွေကို သုံးပြီး တရုံးဝင် တရုံးဆင်း စားသုံးသူ အလုပ်စားပွဲ အရောက် ထမင်း စားချိန်အမီ လိုက်ပို့ ပေးတယ်၊ အိမ်က မှာလိုက်တဲ့ သတင်းစကား၊ အိမ်ကို ပြန်ပြောခိုင်းတဲ့ သတင်း စကားတွေကို အမှားယွင်းမရှိ သယ်ဆောင် ပေးတယ်။
လက်ရှိ ဘုံဘေမြို့မှာ ဒဘ်ဘာဝါလား အလုပ် လုပ်ကိုင်နေသူ ၅၀ဝ၀ လောက် ရှိပြီး ထမင်းချိုင့်ပေါင်း ၂ သိန်းလောက် ကို နေ့စဉ် ပို့ပေးနေရပါ သတဲ့။ အဲဒီ လောက်များတဲ့ ထမင်းချိုင့်တွေကို ပို့ပေး နေရပေမယ့် ၁၈၉၀ ကနေ ဒီကနေ့အထိ နှစ်ပေါင်း ၁၂၄ နှစ်အတွင်း အမှားအယွင်းက ဆယ်ဂဏန်းလောက်ပဲ ရှိဖူးသတဲ့၊ ယုံချင်ယုံ မယုံချင်နေပေါ့နော်။ သူတို့ အဆိုအရ အကြိမ် ၈ သန်းလောက် ပို့ပါမှ ၁ ကြိမ် လောက်ပဲ အမှားအယွင်း ရှိတယ် ဆိုပဲ။
The Lunchbox ရုပ်ရှင်ဇာတ်ကား အကြောင်း ပြန်ဆက်ရရင် ဇာတ်လမ်းက အကြိမ် ၈ သန်းမှာမှ ၁ ခါလောက်ပဲ အမှားအယွင်း ရှိပါတယ်ဆိုတဲ့ ထမင်းချိုင့်ပို့ အလုပ်သမားတွေရဲ့ အပြောထဲက အဲဒီ အမှား ၁ တခါ အကြောင်းနဲ့ စတယ်။
ဆားဂျန် ဆိုတဲ့လူကြီးက အားလုံးကို ငြီးငွေ့နေ တဲ့ မုဆိုးဖို စာရင်းကိုင်စာရေးကြီး။ မယားသေပြီး ကတည်းက စားနေရတဲ့ ဆိုင်ဟင်း ဆိုင်ထမင်းကိုလည်း ငြီးငွေ့တယ်၊ လုပ်သက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ လက်ရှိအလုပ် ကိုလည်း ငြီးငွေ့ နေတယ်။
အီလာ ဆိုတဲ့ ကောင်မလေးက ကလေးတယောက် အမေ၊ အိမ်ရှင်မ။ ခင်ပွန်း သည်က သူ့ကို ငြီးငွေ့ပြီး အပြင်မှာ မယားငယ် တယောက် ရှိနေပုံရတယ်၊ အီလာက ခင်ပွန်းသည် သူ့အပေါ် စိတ်လည်လာအောင် အစားအသောက် တွေ၊ သူ့ရဲ့အလှအပတွေနဲ့ လက်စွမ်းပြ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့သူ။
တိုတိုပြောရရင် အီလာ သူ့ယောက်ျားဆီ ပို့ပေးလိုက်တဲ့ ထမင်းချိုင့်က အခါ ၈ သန်းမှာ တခါပဲ မှားပါတယ် ဆိုတဲ့ ဒဘ်ဘာဝါလား ထမင်းချိုင့်ပို့သမားရဲ့ အမှားကြောင့် ဆားဂျန်ဆီ ရောက်သွားပြီး ဆားဂျန် အတွက် ဆိုင်က ပို့ပေးလိုက်တဲ့ ထမင်းချိုင့်က အီလာ့ ယောက်ျားဆီ ရောက်သွားတယ် ဆိုပါတော့။
ပြောင်သလင်းခါပြီး ပြန်ရောက်လာတဲ့ ထမင်း ချိုင့်ကို ကြည့်ပြီး အီလာခမျာ အတော်လေး ဝမ်းသာသွားတယ်၊ သူ့ယောက်ျား သူ့လက်ရာကို သဘောကျတယ် ပေါ့။ ဒါပေမယ့် သူ့ယောက်ျား ပြန်လာလို့ မေးတော့မှ ထမင်းချိုင့် မှားသွားတာ အီလာ သိလိုက်တယ်၊ ဒါနဲ့ နောက်တနေ့ ထမင်းချိုင့်ထဲ အီလာက စာတစောင် ထည့်လိုက်တယ်၊ သူချက်တာ ကြိုက်လို့ ကျေးဇူးတင်ကြောင်း။ ဒီလိုနဲ့ ဆားဂျန်နဲ့ အီလာ တယောက်နဲ့ တယောက် မမြင်ဖူးဘဲ စာနဲ့ ရင်းနှီး သွားကြတယ်၊ တယောက်နဲ့ တယောက် ခံစားချက်တွေ အပြန်အလှန် ရင်ဖွင့်ကြတယ် ဆိုပါတော့။
ဇာတ်ကားလေးထဲမှာ ကျား မ အခွင့်အရေး မညီမျှတဲ့ အိန္ဒိယ လူနေမှုပုံစံကို ထောက်ပြထားတယ်၊ သမီးရှင် မိဘတွေရဲ့ ဘဝ နောက်ဆုံး ကာလပိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒုက္ခတွေကို မီးမောင်းထိုးပြ ထား တယ်။ ပြီးတော့ မွမ်းကျပ်နေတဲ့ အိမ်ထောင်သည် တယောက်အဖို့ ထွက်ပေါက် သေးသေးလေး ကလည်း ကျင့်ဝတ်တွေကို လွှတ်ပစ်ချ လိုက်ဖို့ ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း ပြသွားတယ်။ ပြီးတော့ ရုပ်ရှင်က အသံကြားရမှ ရုပ်မြင်ရမှ မဟုတ်ဘဲနဲ့ လည်း နှလုံးသား နှစ်ခု နီးစပ်နိုင်တယ် ဆိုတာ ကိုလည်း ပြသွားသေးတယ်။
လက်တွေ့ ဘဝတွေထက် ပိုပြီး ဆန်းကြယ်တဲ့ ဇာတ်လမ်းဆိုတာ မရှိဘူး ဆိုတာ ဟုတ်သလိုလို ပဲ။ ဘာမှ အဆန်းတကြယ် မရှိတဲ့ သာမန်ဘဝ သရုပ်မှန် ဇာတ်လမ်းလေးက ပရိသတ်ကို မပျင်းမရိအောင် ထိန်းသွားနိုင်တာ ချီးကျူးဖို့ အရမ်းကောင်းတာပဲ။
ဘာ အတွက်ကြောင့်၊ ညာ အတွက်ကြောင့် ဆိုပြီး အကြောင်းပြချက်တွေနဲ့ မဲပြာပုဆိုး ချစ် ကွဲ ညား၊ ဒါမှ မဟုတ် အတင်းကလိထိုး ရယ်၊ ဒါမှမဟုတ် အကြောင်းမဲ့ ထိုးခုတ်၊ ဖော်ချွတ်ရင်ချွတ်၊ မဟုတ်ရင် အတင်း ဇာတ်နာ ခိုင်းပြီး ပရိသတ်ကို ငိုခိုင်း စတဲ့ ဇာတ်ကားတွေနဲ့ အခုအချိန်အထိ အီရောလိုက် နေတဲ့ မြန်မာကားတွေကို ဒီ Lunchbox လို ကားတွေနဲ့ ယှဉ်မိတိုင်း ပိုလို့ပိုလို့ စိတ်ပျက်မိပါတယ်။
ဒီလို ဟိုအကြောင်းပြချက် ပေး၊ ဒီ အကြောင်းပြချက် ပေးပြီး ကိုယ့်အရည်အသွေးကို မြှင့်တင်ဖို့ မကြိုး စားဘဲ ပေါချောင်ကောင်းတွေ လိုက်ရိုက်နေလို့ ၊ ဟော အခုဆို ဟိုလူကြီးတွေက ဆင်ဆာပြန်ထိုင်မယ် ဆိုပြီး လုပ်လာပြန်ပြီ။ အကြောင်းပြချက်ကတော့… စည်းမရှိ ကမ်းမရှိ ရိုက်ချင်ရာ ရိုက်နေလို့ အဆိပ် အတောက်ဖြစ်ပြီး အမျိုးဘာသာ ယဉ်ကျေးမှု ထိခိုက်တယ် တဲ့။
နောက်ဆုံး ပြောရရင် ဇာတ်ကားတကား အဆိပ်အတောက် ဖြစ် မဖြစ် ဆိုတာ ဝေဖန်ဖို့ ဉာဏ်ရည် ပြည့်တဲ့ပရိသတ် မြန်မာပြည်မှာ ရှိပါတယ်။ ပရိသတ်ကို အထင်မသေးကြ ပါနဲ့။ ဟိုဟာဖြတ် ဒီဟာဖြတ် ဆိုတာကြီးတွေ လာမလုပ်နဲ့ တော့၊ နဂိုကတည်းက တုံးတိ စုတ်ပြတ်ပြီး ဖြစ်သလို ရိုက်နေတဲ့ မြန်မာကားတွေ စုံးစုံး မြုပ်သွားလိမ့်မယ် လို့ပဲ ဆိုလိုက်ပါရစေ။ ။
(အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ Ritesh Batra စီစဉ်ရိုက်ကူးပြီး၊ Arun Rangachari က ထုတ်လုပ်သည်။ ဇာတ်ကား၏ ဝတ္ထုဇာတ်ညွှန်း Ritesh Batra နှင့် သရုပ်ဆောင် Irrfan Khan ၊ Nimrat Kaur ၊ Nawazuddin Siddiqui တို့ပါဝင် သရုပ်ဆောင်ထားသည်။)