ဘာတေးလ်လင့်တနာ (Bertil Lintner) ဟာ ကျနော်တို့ မြန်မာ စာဖတ်ပရိသတ်နဲ့ မစိမ်းပါဘူး။ သူ့ရဲ့စာအုပ် Outrage (Burma’s Struggle For Democracy) ကို “ဒေါမာန်ဟုန် (ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ)” ဆိုပြီး မောင်ကြည်သစ် စီစဉ်တည်းဖြတ်၊ စံဝင်းမောင်နဲ့ မင်းမျိုးနိုင်တို့ ဘာသာပြန်ဆို ထုတ်ဝေဖူးတယ်။ နောက် The Rise and Fall of the Communist Party of Burma စာအုပ်ကို ကျော်ဝင်းက “ဗမာပြည် ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်” ဆိုပြီး ဘာသာပြန်ဆို ထုတ်ဝေခဲ့ဖူးတယ်။ အားလုံး လွင်ဦးစာပေ (လှည်းတန်း) က ထုတ်ဝေခဲ့တာပါ။
အခု ထုတ်ဝေလိုက်တဲ့ စာအုပ်ကတော့ Bertil Lintner ရဲ့ Land of Jade: A journey from India through Northern Burma to China ကို နိုင်ဦးက “ကျောက်စိမ်းမြေ (အိန္ဒိယမှ မြန်မာပြည် မြောက်ပိုင်းကို ဖြတ်၍ တရုတ်ပြည်သို့ ခရီးကြမ်း)” ဆိုပြီး ပြန်ဆိုထားတဲ့ စာအုပ်ပါ။
အခုစာအုပ်မှာ လွင်ဦးစာပေ (လှည်းတန်း) က “တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာ နေဆဲ ဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ခရီးစဉ်ကြီး အတွက် ကျောက်စိမ်းမြေကား အုတ်တချပ်၊ သဲ တပွင့် ဖြစ်ခွင့်ရပါမူ ထုတ်ဝေရကျိုး နပ်ပြီဟု အခိုင် အမာယုံကြည်လျက်လို့” ဆန္ဒပြုထားတယ်။
ဖတ်ရှု ကြည့်လိုက်တော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ခရီးစဉ် အတွက် အထောက်အကူပြုတဲ့ အချက်အလက် များကို တွေ့ရတယ်။ ဘာလဲ ဆိုတော့ ကျနော်တို့ စာဖတ်ပရိသတ် နာဂ၊ ကချင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်းတွေရဲ့ ရည်မှန်းချက်၊ လုပ်ဆောင်ချက် အနေ အထားတွေကို သိရှိနားလည်ခွင့် ရရှိလေတော့ ကျနော်တို့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်ဟာ အပြုတ်တိုက်ရေး လမ်းစဉ် မဟုတ်ဘူး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေး လမ်းစဉ် ဖြစ်တယ် ဆိုတာ နားလည်သိရှိခွင့် ရရှိလို့ ပါပဲ။
အင်အားကို မူတည်တွက်ချက်ပြီး အပြုတ်တိုက်ရေး လမ်းစဉ်ကို ကျင့်သုံးမယ် ဆိုရင်တော့ တိုင်းရင်းသား တွေနဲ့ အမုန်းတရားတွေ သံသရာရှည်မယ်၊ ဒုက္ခသည်တွေ တိုးပွားလာတယ်၊ ပြည်သူ့ဘဏ္ဍာတွေ ဖြုန်း တီးသလို ဖြစ်စေမယ်၊ တန်ဖိုးနဲ့ ပိုင်းဖြတ်လို့မရတဲ့ သားကောင်းရတနာတွေ ဆုံးရှုံးရမယ်၊ အကျိုးတရား တစုံတခုမှ ဖြစ်ထွန်းစရာ မရှိပါဘူး။ လွှမ်းမိုး ကြီးစိုးမှု ရရှိသည် ဆိုဦးတော့ တည်ငြိမ်အေးချမ်းမှု ရရှိနိုင်မယ် မဟုတ်ပါဘူး။ ဒီတော့ တွေ့ဆုံညှိနှိုင်းပြီး အဖြေ ရှာကြရမယ်။ အဖြေတခု ရရှိအောင်တော့ ကျနော်တို့လည်း ဝိုင်းဝန်း ကူညီသွားကြရမယ်။
ဘာတေးလ်လင့်တနာနဲ့ ဇနီး နန်းဆိုင်နောင်း၊ သမီးလေး ဆိုင်တိုင်း တို့ဟာ ၁၉၈၅ ခု အောက်တိုဘာ လလောက်မှာ အိန္ဒိယကနေ မြန်မာပြည် နာဂဒေသထဲကို ခိုးဝင်လာခဲ့ကြရတယ်။ အခြေအနေ မပေးလို့ အိန္ဒိယထဲ တဝဲလည်လည် ဖြစ်နေတာ ကလေး တယောက် မွေးဖွားသည်ထိ ကြာညောင်းခဲ့တယ် ဆိုပါတော့။
ဆိုင်တိုင်းကို အိန္ဒိယနယ်စပ် ကိုဟီးမားမှာ မွေးဖွားခဲ့တယ်။ ကလေး ၄၂ ရက် အရမှာ ဂျစ်ကားနဲ့ အိန္ဒိယနယ် စပ်ကို ကျော်ဖြတ်ခဲ့ကြတယ်။
နာဂဒေသကနေ ကချင်ပြည်နယ် တြိဂံဒေသ၊ ပါဂျောင်ဒေသတို့ဆီ ရောက်ခဲ့တယ်။ အဲဒီကမှ တဖန် ဗကပတို့ ကြီးစိုးရာ “ဝ” ဒေသတွေကို ရောက်ခဲ့တယ်။ အဲဒီကမှ တဆင့် တရုတ်ပြည်ထဲကို ခိုးဝင်ပြီး ဟောင်ကောင်ကို ပြန်လာကြတာ ဖြစ်တယ်။
ကား တတန်၊ ခြေလျင်တတန်၊ ဆင်တတန်၊ မြင်းတတန်၊ လှေတတန်၊ စက်ဘီးတတန် စီးပြီး ဖြတ်သန်း လာခဲ့ရတဲ့ ခရီးကြမ်းပါပဲ။ ၁ နှစ် ၆ လနဲ့ ၆ ရက်ကြာတဲ့ ခရီးလို့ ဆိုပါတယ်။
အိန္ဒိယ မြန်မာနယ်စပ်က နာဂလက်နက်ကိုင် တွေဟာ အိန္ဒိယကို လက်နက်ကိုင် တော်လှန်တိုက် ခိုက်နေကြ တယ်။ မြန်မာပြည် ဘက်ခြမ်းက နာဂတွေ ကတော့ မြန်မာကို လက်နက်ကိုင် တော်လှန်တိုက် ခိုက်နေကြ တာ မဟုတ်ပါဘူး။ သူတို့ဒေသ ကာကွယ် စောင့်ရှောက်ဖို့ လက်နက်ကိုင်ထားကြတဲ့ သဘော ပါပဲ။
နာဂတွေမှာ မျိုးစုမတူကြဘူး။ မျိုးစု မတူရင် ယုံကြည်မှုလည်း မရှိကြဘူး။ မျိုးစုတူမှ ယုံကြည်ကြတယ်။ အိန္ဒိယကို တိုက်ခိုက်နေတဲ့ နာဂတွေက အိန္ဒိယက ပြန်လည် တိုက်ခိုက်ရင် မြန်မာပြည်ထဲ ပြေးဝင်လာ တတ်ကြတယ်။ အဲဒီမှာ အိန္ဒိယက မြန်မာနဲ့ နားလည်မှုယူပြီး စစ်ဆင်ရေး ပြုလုပ်ဖို့ ကြိုး စားလာကြတာပါ။
ဘာတေးလ်လင့်တနာ ရောက်ရှိသွားတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းဟာ နယ်မြေချဲ့ထွင်ဖို့ လည်း စီမံကိန်း မရှိဘူး။ စိတ်ကူးလည်း မရှိဘူး။ မြန်မာ အစိုးရက ထိုးစစ်ဆင်လာရင် ခုခံကြဖို့ ကြိုတင် ပြင်ဆင်ထားတာ တွေလည်း မရှိပါဘူး။ ထိုးစစ်ဆင်စရာ အကြောင်းလည်း မရှိဘူးလို့ ယူဆထားကြဟန် တူပါတယ်။
သူတို့မှာ ရိုးရာ နတ်ကိုးကွယ်မှုတွေ ရှိကြ တယ်။ ခရစ်ယာန် ကိုးကွယ်မှုတွေလည်း ရှိကြတယ်။ ဘာသာရေး ကိုးကွယ် မှုက အစွန်းရောက် နေသလို ပါပဲ။ ဘေးအန္တရာယ် ဟူသမျှ လက်ဝါးကပ်တိုင်ကြီး ထူထားပြီး ဘုရားသခင်က ခံယူသွား မယ်၊ ကယ်မ သွားမယ်လို့ ယုံကြည်ထားကြ သတဲ့။ အဲဒီမှာ ထိုးစစ်ဆင်တာ ခံလိုက်ရတော့ တခါတည်း ပြိုလဲသွား တော့တယ်။
ဘာတေးလ်လင့်တနာတို့ ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်ကြတော့ လမ်းမှာ လောလောလတ်လတ် သေဆုံး နေတဲ့ နာဂ အမျိုးသမီးအလောင်းကို တွေ့ကြရတယ်။ အာဟာရပြတ်ပြီး သေဆုံးသွားတဲ့ သဘောပဲ။ ရင်ထဲ နင့်ခနဲ ခံစားလိုက်ရ တယ်။ လမ်းခရီးသွားကြ တာကလည်း သဘာဝလမ်း အတိုင်း ဆက်သွယ်ရေးကောင်း မွန်အောင် အစိုးရက ဘာမှ လုပ်ဆောင် မပေးဘူး။ လုံးဝ လျစ်လျူရှုထားတဲ့ သဘောပါ။
ကချင် လက်နက်ကိုင် တပ်ဖွဲ့က ၁၉၆၁ ခု ဖေဖော်ဝါရီလမှ ပေါ်ပေါက်ခဲ့တာပါ။ ဗကပ၊ ကရင်တို့က ၁၉၄၈ ခုမှာ၊ RSS ရှမ်းက ၁၉၅၈ ခုမှာ အသီး သီး လက်နက်ကိုင် တော်လှန်ခဲ့ကြတာ။ သဘောတရားရေးနဲ့ ဖွဲ့စည်း ထားတဲ့ စကပ ကတော့ ပြိုကွဲကျဆုံး သွားပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ ဒီမိုကရေစီ မရမချင်း ပြိုကွဲသွားမှာ မဟုတ်ပါ ဘူး။
ကချင် လက်နက်ကိုင်အဖွဲ့က ဦးနု (သန့်ရှင်းဖဆပလ) အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ် တာများနဲ့ ဆက်စပ်နေ သလားပဲ။ ကချင်မှာ ခရစ်ယာန် ဘာသာဝင်တွေက အများစုလေ။ ပြီးတော့ ကချင်ခေါင်းဆောင် ဘရန်ဆိုင်းက အဲဒီသဘော ပြောဆိုသွားတာ တွေ့လိုက်ရလို့ပါ။
ကချင်က ဗကပရဲ့ ဩဇာခံ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က ဝါဒရေးရာထက် လူမျိုးရေး အရ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲကြလို့ပါပဲ။ အခု ကျနော်တို့နိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းတွေဟာ လူမျိုးရေး အရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းကြရတာ ပိုမိုလွယ်ကူ အဆင်ပြေစေ လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဘာလို့လဲ ဆိုတော့ သူတို့က နိုင်ငံတော် အာဏာကို သိမ်းပိုက်ဖို့လည်း မဟုတ်ပါဘူး။ နိုင်ငံတော်က ခွဲ ထွက်ဖို့လည်း မဟုတ်ပါဘူး။ သူတို့ ပြည်နယ်ရဲ့ အခွင့်အရေး ရရှိဖို့နဲ့ အခွင့်အရေးကို ကာကွယ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ အနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဘာလို့ မပေးနိုင်ရမှာလဲ။ ညီနောင်တွေ ဖြစ်တဲ့ အတွက် သူတို့ကို ဘဝအတွက် အာမခံချက် ရှိအောင် ကျနော်တို့ ဘာလို့ မကာကွယ် နိုင်ရမှာလဲ။
ဘာတေးလ်လင့်တနာ သွားတဲ့ ၁၉၈၅ ခုလောက်က ကချင်ဟာ ကျောက်စိမ်း အခွန်အကောက်နဲ့ ရပ်တည်လို့ ရရှိနေသေးတယ်။ အခုတော့ ကျောက်စိမ်း လောကကို ခရိုနီလို့ ခေါ်ကြတဲ့ နီးစပ်ရာလုပ်ငန်း ရှင်တွေ ဝင်ရောက်လာကြတယ်။
ဒီမှာ အစိုးရက လုံခြုံရေး အတွက်ဆိုပြီး နယ်ပယ်တွေ ချဲ့ထွင်လာတယ်။ အဲဒီမှာ မလွဲသာမရှောင်သာ တိုက် ပွဲတွေဖြစ် လာရတော့တယ်။ ကြားက မြေစာပင် ဖြစ်ကြရတဲ့ သူတွေကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေ ကတော့ ငြိမ်းချမ်းရေး မရမချင်း ဒုက္ခတွေပင်လယ် ဝေနေ ဦးမှာပါပဲ။
ကိုးကန့်နဲ့ “ဝ” ဒေသတွေ ရောက်တော့ ရှမ်းအိမ်နဲ့ တရုတ်အိမ် အလွယ်တကူ ခွဲခြား သိနိုင်သတဲ့။ အိမ်ရှေ့မှာ ဘိန်းပင်တွေ ရှိနေရင် တရုတ်အိမ်ပဲ တဲ့။ ပြီးတော့ တရုတ်ပြည် ပိုင်နက်နဲ့ မြန်မာပြည် ပိုင်နက်ကိုလည်း အလွယ်တကူ သိမြင်နိုင်သတဲ့။ တရုတ်ပြည် ဘက်မှာ စပါး … စတဲ့ စိုက်ခင်းတွေ တွေ့နေကြရ သတဲ့။
မြန်မာပြည်ဘက်မှာတော့ ဘိန်းစိုက်ခင်းတွေ တွေ့ကြရသတဲ့။ ဘိန်းစိုက်ပျိုးမှုက နဝတ စစ်အစိုးရ လက်ထက်မှာမှ ပိုမိုကျယ်ပြန့်လာတာပါ။ အဲဒီ ဘိန်း စိုက်ပျိုးမှုကြောင့်ပဲ ဗကပ ပြိုကွဲသွားတယ်လို့ ဆိုနိုင် တယ်။
နဝတ စစ်အစိုးရက လက်နက် မကိုင်ပြီးရော ကြိုက်ရာလုပ် ဆိုတဲ့မူ ချမှတ်လိုက်တော့ ကိုးကန့်တွေက ဘိန်းကို အကြီးအကျယ် စိုက်ပျိုးကြတော့တယ်။ တောင်တန်းဒေသတွေမှာ ဘိန်းက တခြားသီးနှံတွေ ထက်စာရင် စိုက်ပျိုးရ လွယ်ကူ ဖြစ်ထွန်းဟန် တူပါရဲ့။
ပြီးတော့ မြေပြန့်လွင်ပြင်မှာ သီးနှံတွေ စိုက်ပျိုးချင်ကြ ပေမယ့် စစ်ခဏခဏ ဖြစ်နေ လေတော့ ဆုံးရှုံးမှုတွေနဲ့ ကြုံကြရတယ်။ ဘိန်းစိုက်ပျိုးမှုတွေ များပြားလာတယ်။ အဲဒီမှာ “ဝ” တွေကလည်း စိုက်ပျိုးမှုကို လုပ်ကိုင်ချင် ကြတယ်။ ဗကပ အနေနဲ့ ခွင့်မပြုနိုင်ဘူး။ ကျပ်တည်းမှုကြောင့် ပဋိပက္ခ ဖြစ်လာတယ်။ အစားထိုး မဖြေရှင်း နိုင်တော့ ပေါက်ကွဲမှု ဖြစ်ပေါ်လာရတယ်။
ဘာတေးလ်လင့်တနာ ကတော့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် အစားထိုးသီးနှံ စိုက်ပျိုးမှု အတွက် နိုင်ငံတကာက ကူညီနေကြတာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။
အဲဒီကူညီတဲ့ငွေတွေဟာ စစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အိတ်တွေသာ ပိုမိုဖောင်းသွားစေမယ်၊ ဘိန်းစိုက်ပျိုးမှုကတော့ လျော့ပါးသွားမှာ မဟုတ်ပါ ဘူး တဲ့။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ တိုက်ရိုက် သက်ဆိုင်နေပါ သတဲ့။ ငြိမ်းချမ်းမှု မရှိလို့ သီးနှံတွေ မစိုက်ပျိုးနိုင်ဘဲ ဘိန်းတွေ စိုက်ပျိုးနေကြရတာ လို့ ဆိုတယ်။
ပြီးတော့ သီးနှံစိုက်ပျိုးမှုနဲ့ ဘိန်းစိုက်ပျိုးမှုဟာ စိုက်ပျိုးသူ အတွက်တော့ အကျိုးခံစားမှုဟာ အတူတူပါပဲတဲ့။ ဘိန်းကနေ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား ထုတ်လုပ်ကြတဲ့သူတွေသာကြွယ်ပိုးကြွယ်ဝ ဖြစ်ကြတာပါ တဲ့။
ဘာတေးလ်လင့်တနာတို့ သွားရောက်ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက် ဖြစ်ပါတယ်။ ခုချိန် ထိလည်း ဗကပ ပြိုလဲ သွားတာက လွဲလို့ တခြား ထူးခြားဖြစ်စဉ်ကြီး မရှိသလောက်ပါပဲ။ ကချင်မှာရော၊ ရှမ်းမှာရော မပြီးပြတ်သေးတဲ့ တိုက်ပွဲ တွေက ဆက်လက်ဖြစ်ပွားနေဆဲပါ။
ဘာတေးလ်လင့်တနာ ပြောသလို နယ်စပ်ရောက်လာကြတဲ့ သူတွေကလည်း စစ်သားတွေ ပါတဲ့။ စစ်သား တွေ ကလည်း စစ်ဆင်ရေးနဲ့ ရောက်လာကြတဲ့ သူတွေဆိုတော့ ဖမ်းဆီး နှိပ်စက်၊ မီးရှို့၊ အနိုင့်အထက် ပြု လုပ်ကြတာလေ။ ဒီတော့ နယ်စပ်က တိုင်းရင်းသား ပြည်သူတွေနဲ့ ချစ်ကြည်မှုဟာ အလှမ်းကွာဝေး နေဦးမှာ ဖြစ်ပါတယ်။
ကျနော်တို့ဟာ နယ်စပ်က အခြေအနေတွေကို အများကြီး ပြုပြင်ပြောင်းလဲ ပေးကြရဦးမှာပါ။ ပြီးတော့ ချစ်ကြည်ရင်းနှီး နွေးထွေးမှု ရှိအောင်လည်း ကြိုးစား သွားကြရဦးမှာ။
ဒီနေရာမျာ ဆွီဒင်နိုင်ငံသား ဂျာနယ်လစ်တယောက်က ကျနော်တို့ နိုင်ငံရဲ့ နယ်စပ်ဒေသမှာ ကျနော်တို့ နိုင်ငံက နိုင်ငံတော်ကို ချစ်ပါတယ် ဆိုတဲ့ လူတွေ ဆောင်ရွက်ကြရမယ့် တာဝန်တွေ၊ လုပ်ငန်းတွေကို ညွှန်ပြသွားတယ်လို့ ဆိုနိုင်ကြောင်းပါ။