အင်းစိန်ထောင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးထောင် ဖြစ်၍ ၁၈၈၉ မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၁၈၉၂ ဇူလိုင်မှာ စတင် ဖွင့်လှစ်ခဲ့သည့်ထောင် ဖြစ်ပါသည်။ အုတ်ရိုး ၂ ထပ် ကာရံထားသော ထောင်ဖြစ်၍ အတွင်း အုတ်ရိုးနှင့် အပြင် အုတ်ရိုးကြား ပေ ၁၉၀ ခြားထား ပါသည်။ ၈ ထောင့် တိုင်ကပ်နာရီ ပုံသဏ္ဌာန်မျိုး ဆောက်ထားပါသည်။ အပြင် အုတ်ရိုး အမြင့် ၁၈ ပေ၊ အတွင်းအုတ်ရိုးလည်း ထိုအမြင့် နီးပါးပင် ရှိပါ၏ ။ အလယ်ဗဟိုမှာ ၆၃ ပေ မြင့်သော ဗဟိုကင်းမျှော်စင် ရှိပါသည်။ ၂ ထပ်အိပ်ဆောင် ၆ လုံး တည်ဆောက် ထားပါသည်။
အိပ်ဆောင်များတွင် ခိုက်ရန် ဖြစ်ပွားခြင်း၊ အုတ်ရိုးကျော် ထွက်ပြေးရန် ကြံခြင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စများကို အစစ ထိန်းချုပ် လုပ်ဆောင်နိုင်ရန် အင်္ဂလိပ်တို့က စနစ်တကျ ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ အတွင်းလမ်းကို ၉ ပေမြင့်သည့် အုတ်တံတိုင်း၊ သံတိုင်၊ ခြံစည်းရိုးနှင့် တံခါးများ တပ်ဆင်ထားပါသည်။ အင်းစိန်ထောင် အပြင် ခြံစည်းရိုး ဖြစ်သည့် အင်းစိန်ကမ်းနား လမ်းဝင်ပေါက်မှ အတွင်းဘူးဝ မျက်နှာစာ အထိ ပေ ၁၁၆၀ ကွာဝေးပါသည်။ ယေဘုယျအားဖြင့် တံခါးကိုးပေါက်ကို ဝင်ထွက် ဖြတ်သန်းမှ အကျဉ်းသား၊ အချုပ်သား ထောင်ပြင်သို့ ရောက်ရ ပါသည်။
စတင် ဆောက်လုပ်သည်မှ နှစ်ပေါင်း ၁၀ဝ ကျော် ထောင်ကြီးအား ထောင်ပိုင် ဦးစိန်ဌေး အုပ်ချုပ်စဉ် ထောင်ဆူပူမှု ဖြစ်ပွား၍ မီးလောင်ပျက်စီးသွားသည့် အတွက် ၎င်းထောင်ပိုင်အား နဝတ အစိုးရက ၁၉၉၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ထူးဆောင် ဝန်ထမ်းကောင်း ဆုတံဆိပ်ပင် ပေးအပ်ခဲ့သည်ဟု စာရေးသူအား ထောင်ဝန်ထမ်း များ ပြောပြ၍ သိရပါသည်။
ထိုအခါက ဦးစိန်ဌေးသည် အကျဉ်းဦးစီးဌာနတွင် ဆက်လက် လုပ်ကိုင်လိုစိတ် မရှိ၍ အငြိမ်းစား ပင်စင်ယူရန် ပြင်ဆင် နေချိန်ဖြစ်ပြီး နဝတပေးသော ဆုတံဆိပ်ကို လက်ခံယူခြင်း မရှိဘဲ ၎င်း၏သမီး၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း တဦးကသာ ကိုယ်စား လာရောက် ယူငင်သည်ဟု ကြားသိခဲ့ရပါသည်။ စာရေးသူအား ၁၉၈၈ ခု ဩဂုတ်လ ၂၆ ရက်၏ လုပ်ကြံ ထောင်ဆူမှုကို စက်ဆုပ်ရွံရှာ ကြောင်း ရင်ဖွင့်ခဲ့သူ ဦးစိန်ဌေး အနေဖြင့်လည်း သူ့အား နဝတက ပေးသော ဝန်ထမ်းကောင်း ဆုတံဆိပ်ကို ဖြူစင်သန့်ရှင်းစွာ ရဲရဲဝံ့ဝံ့လက်ခံဖို့ ခက်ခဲလှမည် ထင်ပါသည်။
အင်းစိန်ထောင်ပိုင် ဦးစိန်ဌေးကဲ့သို့ ၁၉၈၈ ဩဂုတ်လကုန်ပိုင်း အတွင်း ထောင်ဆူပူမှု ဖြစ်ခဲ့သော မြန်မာနိုင်ငံ တနံ တလျားမှ ထောင်များ၊ အကျဉ်းစခန်း ရဲဘက်စခန်းများမှ ထောင် တာဝန်ခံများအား ထိရောက်စွာ အရေးယူသလား၊ ဂုဏ်ထူးဆောင်ဆု တံဆိပ်ပေး သလား၊ ရာထူး တိုးမြှင့် ပေးသလား ဆိုသည်ကို ၈၈ ၏ သရုပ်မှန်ကို ခွဲခြားသိလိုသူများ စုံစမ်းနိုင်ရန် ဤမျှသာဖြင့် ချန်ရစ်ထားခဲ့ပါသည်။
အင်းစိန်ထောင် လုပ်ကြံ၊ ထောင်ဆူမှု စီမံချက်ကို လက်တွေ့ အကောင်အထည် ဖော်ခဲ့သူ ဒုဗိုလ်မှူးကြီး ၂ ဦးဖြစ်သည့် အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဒုဗိုလ်မှူးကြီး တင်ဦးသည် နဝတ အစိုးရခေတ်တွင် မီးသတ်ဦးစီးဌာန ညွှန်ချုပ် ဗိုလ်မှူးကြီး ဖြစ်သွားပြီး၊ မီးသတ်ဦးစီးဌာန ညွှန်ချုပ် ဒုဗိုလ်မှူးကြီး ဇော်မင်းသည် အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဗိုလ်မှူးကြီး အဖြစ် နေရာချင်း ပြောင်းလဲ တာဝန်ယူခဲ့ကြ သည်ကို စာရေးသူ တွေ့ရပါသည်။
အကျဉ်းဦးစီးဌာန ညွှန်ချုပ်များ အငြိမ်းစား ယူသောအခါ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် သူတော်စင်များ အဖြစ် ဆက်လက် တာဝန်ယူတတ်ကြသည် ကိုလည်း စစ်အစိုးရခေတ် တလျှောက် လေ့လာတွေ့ရှိရ ပါသည်။
စာဖတ်သူများ အနေဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ညွှန်ချုပ် ဒုဗိုလ်မှူးကြီး ၂ ဦးတို့သည် တည်ဆဲ တရားဥပဒေ လုပ်ထုံးလုပ်နည်းများကို အတိအလင်း ချိုးဖောက် လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ ဆန်းစစ်ရာတွင် ၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေ၊ အပိုင်း (၁)၊ အခန်း(၇) “ထွက်ပြေးခြင်းနှင့် ဆူပူထကြွခြင်းများ” ခေါင်းစဉ်အောက်ရှိ စာပိုဒ် အမှတ် ၃၁၇ မှ ၃၄၂ အတွင်း ပြဋ္ဌာန်းထားချက်များကို ဗဟုသုတအနေဖြင့် လေ့လာထားသင့် ပါသည်။
ထောင်ဆူပူမှုဖြစ်လျှင် အရံအတားတံခါး၊ အုတ်နံရံကို တွန်းချိုးရိုက်ဖျက် ဖောက်ထွက်ရန် ကြိုးစားလျှင် အကျဉ်း ထောင်မှ မည်သည့် အရာထမ်း မဆို၊ မည်သည့်လက်နက် မဆို သုံးစွဲ၍ ထွက်ပြေးခြင်းမှ ဟန့်တားအောင် သုံးစွဲခွင့် ရှိကြောင်း၊ ယင်းအမှုကိစ္စကို အကျဉ်းထောင်အရာရှိမှ အကူအညီတောင်း သည့်အခါ ရဲအရာရှိများ၊ တပ်မတော်သား များသည် အကျဉ်းသား၏ ခန္ဓာကိုယ်အား လက်နက်အသုံးပြု၍ နှိမ်နင်းနိုင်သည်။ (စာပိုဒ်-၃၁၇)။
ထို့အပြင် ထောင်အရာရှိသည် အနီးဆုံး ရဲစခန်း ဒေသဆိုင်ရာ အကြီးအကဲ၊ တရားသူကြီးနှင့် ရဲအရာရှိတို့ထံ အကြောင်းကြား ရမည်။ လိုအပ်လျှင် အခြားဒေသ ခရိုင်များမှ ရဲများထံသို့ပါ ကြေးနန်းပို့ရမည်။ (စာပိုဒ်-၃၁၈)။
ထောင်ဆူပူခြင်း၊ အနှောင့်အယှက် အဖျက်အဆီးများ ပေါ်ပေါက်သည်နှင့် အထူးကင်း တပ်ဖွဲ့တခုလုံး ကျည်အသင့် ရိုင်ဖယ် သေနတ်များ အသင့်နေရာချထား နှိမ်နင်းရန် ဆောင်ရွက်ရမည်။ သက်ဆိုင်ရာ တရားသူကြီးထံသို့ပါ အကြောင်းကြားရမည်။ (စာပိုဒ် -၃၃၆)။
ထောင်တွင်း သောင်းကျန်း ပုန်ကန်မှု ဖြစ်ခဲ့သော် ရဲတပ်ဖွဲ့နှင့် တပ်မတော်ကို အကြောင်းကြားနိုင်ရန် ကြိုတင် ဆက်သွယ်ရေး စနစ် ပြုလုပ်ထားရှိပြီး အကြောင်းကြားရမည်။ (စာပိုဒ်-၃၃၇)။
အရေးပေါ် အချက်ပေးခြင်းကို ကြားနိုင်သော အကျဉ်းထောင် အနီးအနားရှိ ရဲတပ်ဖွဲ့မှ ရဲများ အကျဉ်း ထောင်သို့ ချီတက်လာပြီး ဆူပူသူများအား နှိမ်နင်း ချိုးဖျက်ရန် ကူညီရမည်။ အကျဉ်းထောင်တာဝန်ခံသည် ရဲတပ်ဖွဲ့ တာဝန်ခံနှင့် အတူ ထောင်ဆူမှုအား တက်ညီလက်ညီ ပူးပေါင်း လုပ်ဆောင်ရမည်။ (စာပိုဒ်-၃၄၁)။
ရဲလက်စွဲ (ဒုတိယတွဲ) အပိုဒ်-၁၂၀၈ တွင် “အချုပ်သားနှင့် အပေါင်းပါ လူတစုက အခြားသူကို သေစေရန်၊ အပြင်းအထန် နာကျင်စေရန် ပြုလုပ်ခြင်း၊ အချုပ်မှ ထွက်ပြေးခြင်း ပြုလုပ်သည်ကို တွေ့သော တာဝန်ရှိ ရဲအရာရှိ၊ အကြပ်တပ်သားတို့သည် အချုပ်သားတို့ကို သေနတ်နှင့် ပစ်ခတ်နှိမ်နင်းခွင့် ရှိကြောင်း ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်ပါ သည်။
တရားဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးများကို တွေ့ကြုံလျှင် ကော်မရှင်ရ စစ်ဗိုလ်တို့သည် ပြည်သူ့ လုံခြုံရေးကို ဘေးအန္တရာယ် ဖြစ်စေနိုင်သော လူစုလူဝေးကို သက်ဆိုင်ရာ ရာဇဝတ်သူကြီးအား သတင်း ပြောကြားနိုင်ချိန် မရလျှင် မိမိလက်အောက်ခံ တပ်မတော်သားတို့ဖြင့် မိမိကိုယ်တိုင် အနိုင်အထက် ဖျက်သိမ်းခွင့် ရှိသည်။ ဖမ်းဆီးချုပ်နှောင် ထားခွင့်လည်း ရှိသည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ- ၁၃၀၊ ၁၃၁ တို့တွင် တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ (စစ်အုပ်ချုပ်ရေး ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်သည်ကို သတိပြုပါ။)
အထက်ပါ ဥပဒေ လုပ်ထုံး လုပ်နည်း ပြဋ္ဌာန်းချက်များ အရ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၆ နာရီ မတိုင်မီ နာရီ ၄၀ ကျော်က ဒီမိုကရေစီ တောင်းဆိုသူ သာမန်ပြည်သူ တဦးကို သေနတ်နှင့် ပစ်ခတ်ရန် ဝန်မလေးသော အစိုးရ၏ လက်နက်ကိုင် ရဲတပ်၊ စစ်တပ်တို့သည် သေနတ်နှင့် ပစ်ခတ် နှိမ်နင်းခွင့်ရှိသည် ဟု ဥပဒေက ပြ ဋ္ဌာန်းထားသော ရာဇဝတ် အကျဉ်းသားများကို ထိရောက်စွာ နှိပ်ကွပ်ခြင်း အလျှင်းမရှိ ဟန်ပြ မိုးပေါ် ထောင် ဖောက်သော သေနတ်သံ များ ပြုလုပ်ပြီး ထောင်မှလွှတ်ပေးခဲ့သော အမှုသည် အင်းစိန်ထောင်တွင် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လက အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသည်။
ထိုကာလက အင်းစိန်ထောင်မှ တာဝန်မဲ့ လွှတ်ပေးခဲ့သဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား၊ အချုပ်သား ၁၀ဝဝဝ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ အသိဆုံး ဖြစ်ပါသည်။ အလားတူပင် အင်းစိန် ထောင်ကြီး အတွင်း ကျန်ရှိခဲ့သော KNUနှင့် ရခိုင်ကွန်မြူနစ်ပါတီ(ACP )အဖွဲ့ဝင်များ ပါသော ကြိုးသမား ၆၂ ယောက်ထဲမှ အချို့သည် ယနေ့တိုင် သက်ရှိထင်ရှား ရှိနိုင် သေးသည်။
အလားတူ အင်းစိန်ထောင်တွင် ထိုကာလက တာဝန်ထမ်းဆောင်ခဲ့သော လက်ရှိဝန်ထမ်းနှင့် အငြိမ်းစား ဝန်ထမ်း များစွာ ရှိပါသေးသည်။
ထို့အတူ ထောင်ပုံစံ အဖြူဝတ်ဖြင့် ရန်ကုန်မြို့ထဲနှင့် ဘူတာရုံ၊ သင်္ဘောဆိပ်တို့၌ အစိုးရက တာဝန်မဲ့စွာ လွှတ်ပေး လိုက်သည့် အကျဉ်းသားများကို တွေ့မြင်သည့် ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများလည်း ယနေ့တိုင် သက်ရှိ ထင်ရှား ရှိကြပါ သေးသည်။
ဩဂုတ်လ ၂၅/၂၆ မှ ဩဂုတ်လ ၃၁ ရက်အတွင်း ဤကိစ္စများ ဖြစ်ခဲ့ကြောင်း သတင်းစာ မှတ်တမ်းများ လည်း ရှိပါသည်။ ထိုရက်ပိုင်း ကာလအတွင်း ဒီမိုကရေစီ တောင်းဆိုသူများ၏ စနစ်တကျ ချီတက် ဆန္ဒပြပွဲ များသာ ရှိခဲ့သည်။ လူသတ်ခေါင်းဖြတ်၊ ဂိုဒေါင်ဖောက်၊ မီးရှို့သည့်ကိစ္စများ မဖြစ်သေးပါ။
ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ၈၉/၉၀ တဝိုက်က သတင်းစာ ရှင်းလင်းပွဲနှင့် မိန့်ခွန်းမှတ်တမ်းများ ပြန်လည် ဆန်းစစ် လေ့လာကြည့် ကြပါ။ ၎င်းကိုယ်တိုင်က အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်စေပြီး စစ်တပ်မှ အာဏာ သိမ်းရသည့် လုပ်ရပ်များသည် စက်တင်ဘာ ၁၆/၁၇ ရက် စစ်ရုံးချုပ် အနီး တရားပွဲ ပြဿနာနှင့် ကုန်သွယ် ရေး ဝန်ကြီးရုံး အနီး ပစ်ခတ်မှု ပြဿနာများကြောင့် စတင်ဖြစ်ပေါ်လာကြောင်း ထုတ်ဖော်ဝန်ခံ ပြောကြား ထားချက် ရှိပါသည်။
ဒေါက်တာ မောင်မောင်ကလည်း ၎င်း၏ ၈၈ အရေးအခင်း ဒုတိယတွဲ၊ စာ ၃၀၅-၃၀၆ တွင် “တပ်မတော် အပေါ် စော်ကား ရန်စခဲ့ခြင်း များသည် စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ဖြစ်ပွားခဲ့ပြီး တပ်မတော် သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူ လိုက်သည်။
အကယ်၍သာ စော်ကားရန်စခြင်း မရှိဘဲ နိုင်ငံရေး အဖွဲ့အစည်း အားလုံးမှ အခြေအနေကို လက်တွဲ ထိန်း သိမ်းပြီး တည်ငြိမ်အေးချမ်းမှုကို ဝိုင်းဝန်းတည်ဆောက် သွားနိုင်ခဲ့ပါက တပ်မတော်အနေဖြင့် အာဏာ သိမ်းရန် အကြောင်းမရှိပေ” ဟု စစ်အာဏာသိမ်းရသည့် အကြောင်းပြချက်ကို ရေးသားထားပါသည်။
ဩဂုတ်လ ၂၅ ရက်တွင် နိုင်ငံရေး၌ ပြဿနာရှိနိုင်သည် ဆိုသော ဗိုလ်အောင်ကြီးလို ပုဂ္ဂိုလ်၊ စစ်ကိုင်း သပိတ်ကို ၈.၈.၈၈ နေ့တွင် မဖြစ်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် စစ်ကိုင်း ဦးတင်ဝင်းလို ပုဂ္ဂိုလ်၊ မြောက်ဥက္က လာမှ သျှောင်ကြီးဗွေ လို ပုဂ္ဂိုလ်တွေကို အကြောင်းပြချက် မရှိ ပြန်လွှတ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် ဟန်ပြ ထောင်ဆူပူ မီးရှို့မှုကြီး အင်းစိန်ထောင်မှာ ဖြစ်ခဲ့သည်။
အစိုးရ၏ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ယင်းသတင်းကို ဩဂုတ်လ ၂၆ ရက်ညတွင် ထုတ်လွှင့်ပေးခဲ့၍ ယင်းကိစ္စကို ဒေါက်တာ မောင်မောင် အစိုးရ ငြင်းခွင့် မရှိပါ။ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ခင်ညွန့် ပို၍ ငြင်းပိုင်ခွင့် မရှိပါ။
ဒေါက်တာမောင်မောင်က ၎င်း၏ ၈၈ အရေး အခင်းစာအုပ် (ဒုတိယတွဲ)၊ စာ-၁၄၅တွင် “ပြိုကွဲသွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေး ကွန်ရက်အား ပြန်လည်တည်ဆောက် နေရသည့် ဗိုလ်မှူးကြီး ခင်ညွန့်မှ ကျနော်တို့အား နေ့စဉ် ထူးခြားချက် သတင်းများ ပေးပို့ရာ မကြာခဏ ဆိုသလို နာရီနှင့် အလိုက် အချိန်နှင့်တပြေးညီ ပေးပို့ရသည်”ဟု အတိအကျ မှတ်တမ်းတင်ထားပါသည်။
Quality Publishing ထုတ် “ဦးခင်ညွန့်နှင့် အင်တာဗျူး” စာအုပ်၏ ဦးခင်ညွန့် ကိုယ်တိုင်ရေး ဥယျောဇဉ်၌ “အင်တာနက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် မိန့်ခွန်းသည် ၎င်းကိုယ်တိုင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ် ၃/၉၃ တွင် ၃၀၊ ၁၁၊ ၁၉၉၃ ရက်နေ့က ဟောပြောပို့ချချက်များ” ဖြစ်ပါသည်ဟု ကိုယ်တိုင် လက်မှတ်ရေးထိုး ဝန်ခံထားပါသည်။
အဆိုပါ မိန့်ခွန်း (အင်တာဗျူး စာ-၁၄၈) ၌ “အမျိုးသမီးက အဲဒီ ရန်ကုန်ဆေးရုံကြီးမှာ တရားဟောတဲ့ အခါကျ တော့ ပရိသတ်က တော်တော်များများ တက်လာတဲ့ အခါကျတော့ အဲဒီ့မှာ အားတက်ပြီးတော့မှ ငါနိုင်ငံရေး လုပ်တာ အောင်မြင်ပြီ ဆိုပြီးတော့၊ ထွက်ပြီးတော့မှ အရှိန်မြှင့်ပြီး လုပ်လာတာပါပဲဗျာ၊ အဲဒီမှာ တဆက်တည်း ပေါ့ဗျာ၊ ပြောချင်တာက ကျနော်တို့ အဲဒီ့အချိန်က စပြီး၊ ကျနော်တို့က စစ်ရုံးမှာပဲ အကုန်လုံး လူကြီးတွေ အကုန်အိပ်နေတာပါ” ဟုလည်း ဦးခင်ညွန့်၏ မိန့်ခွန်းတွင် ပါရှိပါသည်။
၎င်းမိန့်ခွန်းပါ အမျိုးသမီး ဆိုသူမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် တရားဟောသော နေ့ရက်မှာ ဩဂုတ်လ ၂၄ ရက်၊ နေ့လည် ၁၁-၁၂ နာရီခန့် ဖြစ်ပါသည်။ ထိုအချိန်ကစ၍ ဦးခင်ညွန့်သည် လူကြီးဆိုသူများနှင့်အတူ စစ်ရုံး၌ နေ့နေ့ညည အိပ်ခဲ့နေခဲ့ရကြောင်း ဝန်ခံထားပါသည်။
အမှတ် ၆ ထောက်လှမ်းရေးမှ စာရေးသူအား အကြမ်းနည်း စစ်ဆေးခဲ့သူ တပ်ကြပ်ကြီး မြင့်ရွှေ ကိုယ်တိုင်၊ အင်းစိန်ထောင် ဆူပူမှု ဖြစ်ပွားစဉ် ၎င်းသည် အင်းစိန်ထောင်ထဲတွင် ရှိနေပါသည်ဟု စာရေးသူအား နှုတ်ကျွံ ပြောဆို ထားခဲ့ပါသည်။
အထက်ပါ အခြေအနေ အရပ်ရပ်အရ သုံးသပ်လျှင် အင်းစိန်ထောင်၌ ဩဂုတ်လ ၂၅၊ ၂၆၊ ၂၇ ရက် ဟန်ပြ ထောင်ဆူပူမှုနှင့် သေနတ်ပစ်ခတ်မှု များကို ဦးခင်ညွန့်နှင့် သူ၏ လူကြီးဆိုသူများက ပွဲကြည့်ပရိသတ်လို မိမိတို့ ပေးသည့် ဇာတ်ညွှန်းအတိုင်း မိမိတို့၏ တပည့်ကျော် ဇာတ်လိုက် ဒုတိယဗိုလ်မှူးကြီး ၂ ဦး ပါဝင်ကပြနေသည့် အင်းစိန် ထောင်ဇာတ်လမ်းတွဲကို ထိုင်ကြည့်နေခဲ့သည်မှာ ထင်ရှားပါသည်။
စာရေးသူ အထက်တွင် ဖော်ပြခဲ့သော ဥပဒေ အချက်အလက်များ အရ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများသည် လည်းကောင်း၊ စစ်ဘက်ရဲဘက် တာဝန်ရှိသူ ပုဂ္ဂိုလ် အားလုံးသည် လည်းကောင်း၊ ထောင်ဆူသူများကို ဥပဒေ အရ လက်နက်စွဲကိုင်၍ အကြမ်းနည်း နှိမ်နင်းရန်ပါ တာဝန်အပ်နှင်း ခံထားရသူများ ဖြစ်ကြ ပါသည်။
အင်းစိန်ထောင် ဆူပူမှု စီမံချက်ကို အရပ်သား ထောင်ပိုင် ဦးစိန်ဌေးထံမှ လွှဲပြောင်းတာဝန်ယူသူမှာ ဒုဗိုလ်မှူး ကြီး အဆင့်ရှိသူ ၂ ယောက်ဖြစ် ပါသည်။ ၎င်းတို့အထက်က တာဝန်ခံ ပြည်ထဲရေး ဝန်ကြီးမှာ တပ်မတော်မှ ဗိုလ်ချုပ် ဖေမြိုင် ဖြစ်ပါသည်။
၎င်းတို့သည် အရပ်ဘက် တာဝန်ကို စစ်ဘက် ရာထူးဖြင့် တွဲဖက် ထမ်းဆောင်သူများ ဖြစ်ရာ ၎င်းတို့၏ အရပ် ဘက် တာဝန်အရ အမြင့်ဆုံးတာဝန်ခံမှာ ဒေါက်တာမောင်မောင် ဖြစ်၍ စစ်ဘက်တာဝန် အရ အမြင့်ဆုံး တာဝန်ခံမှာ ဗိုလ်ချုပ်ကြီး စောမောင် ဖြစ်ပါသည်။
စာရေးသူ တင်ပြခဲ့သော အင်းစိန်ထောင် ဆူပူမှုသည် အတုအယောင် ဖြစ်၍ တာဝန်ရှိသူများက တမင် ဖန်တီးပြီး၊ တမင် မနှိမ်နင်းဘဲ မီးရှို့စေကာ၊ နောက်တနေ့တွင် တမင်လွှတ်ပေးခဲ့သည့် ဖြစ်ရပ် မှန်ကန် သည်ဟု စာရေးသူနှင့် ပြည်သူများ ဘက်မှ ခိုင်လုံသော လူသက်သေ၊ အထောက်အထား သက်သေများ ခိုင်လုံစွာ ထုတ်ဖော်တင်ပြ နိုင်သည်နှင့် အမျှ ဦးခင်ညွန့်နှင့် လူကြီးဆိုသူများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်တွင် လည်းကောင်း၊ အပြစ်မဲ့ အရပ်သား လူ့အဖွဲ့အစည်းနှင့် လူသားများအပေါ်တွင် လည်းကောင်း၊ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး၊ အယုတ်မာဆုံး ပြစ်မှုကြီးကို ကျူးလွန်သူများ ဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာမည် ဖြစ်ပါသည်။
သို့ပါ၍ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် မြန်မာနိုင်ငံအနှံ့ ပါဝင်ခဲ့သူအားလုံး မိမိတို့လက်လှမ်းမီသမျှ သက်သေ အထောက်အထားများ၊ ကိုယ်တွေ့ မှတ်တမ်းများကို အနယ်နယ် အရပ်ရပ်မှ ဧရာဝတီသတင်း ဌာနနှင့် စာရေးသူထံ ပေးပို့ စေလိုပါသည်။ နောင်လာ နောက်သားများ အတွက် မှတ်တမ်းပြုစု ထားခဲ့ရန် ဖြစ်ပါသည်။
စာရေးသူတို့ အရပ်ဘက် လူ့အဖွဲ့အစည်း အတွင်း ရာဇဝတ်သားများ မောင်းသွင်းခံရစဉ်က မည်သည့် လက် နက်ကိုင် အဖွဲ့အစည်းကမျှ ပါဝင် ကာကွယ်စောင့်ရှောက်ခြင်း မရှိဘဲ တပ်စခန်း၊ ရဲစခန်းများနှင့် စစ်ဌာနချုပ် အတွင်းက မထွက် ဘဲ နေစေခဲ့သည့် ဦးခင်ညွန့်နှင့် တာဝန်ရှိ လူကြီး ဆိုသူများသည် ပြည်သူကို ကယ်တင် သူ မဟုတ်ဘဲ ပြည်သူများကို ဒုက္ခတွင်းထဲ မကျကျအောင် တွန်းချခဲ့သူများသာ ဖြစ်ပါသည်။
၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ပြည်သူ ကြုံတွေ့ခဲ့သော ဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ကယ်တင် ခဲ့သူမှာ မိမိတို့ ဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ သမိုင်း မှတ်တမ်းတင်ခံလိုသူများသည် စာရေးသူ တင်ပြခဲ့ သော အင်းစိန်ထောင်နှင့် အခြားထောင်ဆူပူမှုများသည် မဟုတ် မမှန်ကြောင်း၊ မိမိတို့သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ ကြောင်း၊ တရားနှင့် အညီ စီရင်ဆုံးဖြတ်သည့် မည်သည့် တရားရုံးတွင် မဆို ယင်းအချက် များကို အစစ်ခံနိုင်ကြောင်း ရင်ကော့ပြောဆို ရဲသူများ ရှိပါက ထွက်ပေါ်လာပါရန် စာရေးသူက ဖိတ်ခေါ်ပါသည်။
စာရေးသူ ယခုတင်ပြခဲ့သော အကြောင်းအရာ အဖြစ်အပျက်များသည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံး ပတ်နှင့် စက်တင်ဘာလ ပထမပတ် အတွင်း ဒေါက်တာမောင်မောင် အစိုးရ အကွက်ဆင်ခဲ့သည့် နိုင်ငံရေး ညစ်ပတ်မှု၊ အမျိုးသားထု တရပ်လုံးအပေါ် သစ္စာမဲ့မှု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ သမျှ နိုင်ငံတော် သစ္စာဖောက်မှုများ တွင် နှိုင်းယှဉ်၍ မရနိုင်သော နိုင်ငံတော် သစ္စာဖောက်မှုကြီး ဖြစ်ပါသည်။
ယင်းအမှုတွင် အဓိက တာဝန်ရှိသူများမှာ ဦးခင်ညွန့်နှင့်အတူ စစ်ရုံးပေါ်မှ ကွပ်ကဲညွှန်ကြားမှု ပြုနေသူ လူကြီး ဆိုသူများ ဖြစ်ပါသည်။ အဆိုပါလူကြီးများ မည်သူမည်ဝါ ဖြစ်သည်ကို ဦးခင်ညွန့် ထုတ်ပြောမှ အတိအကျ သိနိုင်မည် ဖြစ်ပါသည်။
စာရေးသူနှင့် ပြည်သူများထံ သတင်းမှန်ပေးခဲ့သည်ဟု ယူဆသော ပြည်သူ့ အထောက်တော် မှာလည်း စာရေးသူနှင့် အဆက်အသွယ် လုပ်၍ မရတော့ပါ။ အဆက်အသွယ် ရနိုင်ဖွယ်ရှိသော အဆင့်ဆင့်သော ပုဂ္ဂိုလ်တို့မှာ ကွယ်လွန်ခဲ့ကြ ပြီး၊ ၎င်းတို့ထံမှ ရရှိခဲ့သော “တန်ပြန် သပိတ်ဖြိုခွဲရေး ကော်မတီ” သတင်းကို စာရေးသူကတော့ သတင်းမှန်ဟု ယူဆသည်။
အဆိုပါသတင်း မှန်ပါက တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီ၏ ခေါင်းဆောင်မှာ ဦးနေဝင်းဖြစ်၍ ၎င်း၏ လက် ထဲတွင် နိုင်ငံသားများ အပေါ် သစ္စာမဲ့သော လုပ်ရပ် ကျူးလွန်ကြရန် ဝန်ခံလက်မှတ် ရေးထိုးထားသူများ စာရင်း အတိအကျ ရှိပါသည်။
အဆိုပါစာရင်းဝင် ပုဂ္ဂိုလ်များက မြန်မာနိုင်ငံသားများ အပေါ် သစ္စာရှိစွာဖြင့် မဆလ တပါတီအာဏာရှင် ဂိုဏ်းသားများ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ရိုးသားစွာ ထုတ်ဖော်ဝန်ခံလျှင် မြန်မာနိုင်ငံ၌ နောက်ထပ် အာဏာရှင် စနစ် မပေါ်ပေါက်ရေးအတွက် တားဆီးနိုင်သော သမိုင်းအထောက်အထားကောင်း တရပ် ဖြစ်လာနိုင်ပါသည်။
ယင်းသို့ ထုတ်ဖော်ဝန်ခံသူ မရှိလျှင် အခြားသက်သေခံ အထောက်အထား များလည်း မပြနိုင်လျှင်၊ ၈၈ အရေးတော်ပုံ ကာလအတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဦးနေဝင်းအား စွပ်စွဲရန် လွယ်ကူမည် မဟုတ်ပါ။
အဘယ်ကြောင့် ဆိုသော် ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၃ ရက်မှစ၍ ဦးနေဝင်းသည် မဆလပါတီမှ နုတ်ထွက် ကြောင်း တရားဝင် ကြေညာထားခဲ့၍ ဖြစ်ပါသည်။ ဦးနေဝင်းနှင့် အတူ သမ္မတ ဦးစန်းယု ကလည်း ပါတီမှ လည်းကောင်း၊ သမ္မတ အဖြစ်မှ လည်းကောင်း နုတ်ထွက်သွားခဲ့ပြီး ဖြစ်ပါသည်။
ပါတီခေါင်းဆောင်နှင့် သမ္မတရာထူး ဆက်ခံသူ ဦးစိန်လွင်မှာ ၁၉၈၈၊ ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၁၂ ရက် အတွင်း သမ္မတသက်တမ်း ၁၇ ရက်အတွင်း လုပ်ဆောင်ခဲ့ မှုများသာ တာဝန်ရှိမည် ဖြစ်ပါသည်။
ဩဂုတ်လ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်များမှာ နိုင်ငံတော် သမ္မတရာထူးနှင့် မဆလပါတီ ဥက္ကဋ္ဌ ရာထူး နေရာများ လစ်လပ်ခဲ့သောကာလ ဖြစ်ပါ သည်။ ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာ ၁၈ ရက်ကာလအတွင်း နိုင်ငံတော်သမ္မတနှင့် ပါတီဥက္ကဋ္ဌ တာဝန် ၂ ရပ်ကို ကိုင်စွဲ လုပ်ဆောင်သူမှာ ဒေါက်တာမောင်မောင်သာ ဖြစ်ပါသည်။
မဆလဂိုဏ်း၏ နိုင်ငံရေး ဆိုင်ရာ ညစ်ပတ်မှုများသည် ဒေါက်တာမောင်မောင် အုပ်ချုပ်သည့် ၃၁ ရက် အတွင်း ဖြစ်ပွားခဲ့ သည်ဟု စာရေးသူ လေ့လာ တွေ့ရှိပါသည်။ ဦးစိန်လွင်သည် သမ္မတ သက်တမ်း အတွင်း ပြောင်ပြောင် တင်းတင်း ရက်စက်ကြမ်းတမ်း စွာ အုပ်ချုပ်ခဲ့သော်လည်း နိုင်ငံရေးအရ ကောက်ကျစ်မှုကို မတွေ့ရပါ။
ဒေါက်တာမောင်မောင် အုပ်ချုပ်စဉ် ကာလအတွင်း ၎င်းသည် အပြောချိုချိုနှင့် ပရိယာယ်ကြွယ်ဝစွာ မိန့်ခွန်း ၅ ကြိမ် ပြောခဲ့ရာတွင် ၎င်း၏ အမူအရာနှင့် ပြောသော စကားထဲ၌ ရက်စက်ကောက်ကျစ်သော လုပ်ရပ်များ မကြာခင် ဖြစ်ပွားတော့မည့် အငွေ့အသက်ကို စာရေးသူကတော့ စောစောစီးစီးပင် ခံစားတွေ့ရှိခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုအတွင်း မဆလဂိုဏ်းနှင့် စစ်ထောက် လှမ်းရေးများ၏ အဖျက်အမှောင့် လုပ်ရပ်များနှင့် အကျဉ်းထောင်များ ဖွင့်ဖောက်မှုများကို ဥပဒေသမား သမ္မတကြီးသည် သူ သမ္မတတာဝန် ယူပြီး တပတ်အတွင်း ဖြစ်ပွားနေခဲ့ ပါလျက် ယင်းဖြစ်ရပ်များကို အလေး မထားသလို ဖုံးဖိရှောင်ကွင်း၍ ပြောဆိုနေခြင်း ကို ဥပဒေ သမားချင်း ဖြစ်နေ၍လား မသိ စာရေးသူကတော့ သဘာဝမကျသော ဒေါက်တာမောင်မောင်၏ လုပ်ရပ်ဟုပင် သတ်မှတ်ခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။ ။