Culture

ဇာတ်သံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ။ နတ်တော်လ၏ ရက်တရက်မှာ အခါတိုင်းလိုပဲ နေ့လယ်နေ့ခင်း တရေး တမော အိပ်အပြီး ရေမိုးချိုး၊ နံ့သာဖြူ၊ ကရမက်တွေလိမ်းပြီး ဒေါ်ဒေါ်လူထုဒေါ်အမာ ကျနော်တို့ အလုပ် စားပွဲဆီ ဆင်းလာပါ တယ်။

အဲဒီနေ့က အရှေ့ယပ်ဝင်း ဓမ္မာရုံ ဘုရားပွဲမို့၊ လူထုတိုက် ခေါင်းရင်း ၃၃ လမ်းပေါ်မှာ ဇာတ်တဖွဲ့က စင်တွေ ထိုးပြီး ပွဲဦးည အဖြစ် ကပြခဲ့ပြီး ပါပြီ။ ဒီနေ့ တည ကပြဦးမှာပေါ့။ ဒေါ်ဒေါ်လည်း ဆင်းလာရော ကျနော်က “ဒေါ်ဒေါ် မနေ့ညက အိပ်လို့ ရမှာမဟုတ်ဘူး နော်၊ ဇာတ်သံတွေကို တညလုံး ဆူနေမှာပေါ့” လို့ ပြောလိုက်တယ်။ ဒေါ်ဒေါ်က သတင်းစာ လေး ကိုင်ရင်း “ဇာတ်သံ မကြားရပါဘူး ကွယ်” တဲ့။

ကျနော်က “ဒေါ်ဒေါ်ကလည်း ဒေါ်ဒေါ့်အိပ်ခန်းနဲ့ ကပ်ပြီး ဇာတ်စင်ထိုးထားတော့ ဇာတ်သံတွေနဲ့ ဘယ့်နှယ် လုပ်ပြီး ဒေါ်ဒေါ်အိပ်လို့ ရမှာလဲ” လို့ ထပ်ပြီး အတွန့်တက်မိတယ်။  ဒေါ်ဒေါ်က အေးအေးဆေး ဆေးပါပဲ။ “ဇာတ်သံဖြင့် မကြားမိပေါင် ကွယ်” တဲ့။ “ဒေါ်ဒေါ်ကလည်း လုပ်ရော့မယ်။ ဒေါ်ဒေါ့် ခေါင်းရင်းမှာ ဇာတ် စင်ကြီးလေ။ ဇာတ်သံတွေနဲ့” လို့ ထပ်အပြော ဒေါ်ဒေါ်က ပြုံးပြီး “အဲဒါ ဇာတ်သံတွေမှ မဟုတ်ဘဲ ကွယ်” တဲ့။

ဪ တည့်တည့်ပြောမှ ရိပ်မိတော့တာ ကိုး။ဟုတ်တာပေါ့။ ဘယ်သူ ဘယ်ဝါ၊ ဇာတ်အဖွဲ့ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထား ပေမယ့် ပွဲထွက်ကတည်းက ပွဲအသိမ်းအထိ စတိတ်ရှိုးပဲ သီဆိုနေကြတော့ “ဇာတ်သံ စစ်စစ်” မကြားရတော့ဘူး လို့ ဒေါ်ဒေါ်က ပြောလိုက်တာပါ။ အဲဒီတော့မှ ကျနော်လည်း သဘော ပေါက်သွားပြီး တူအရီးနှစ်ယောက် ရယ်မောကြရ တယ်။
ကျနော် ဇာတ်ကြိုက်ပါတယ်။ ဇာတ်ပွဲကို ဘယ်တုန်းက စကြည့်ဖူးတာလဲ လို့ စဉ်းစားလိုက်တော့ ကျနော် ၄ နှစ်၊ ၅ နှစ် လောက်ပဲ ရှိမှာပေါ့။ သီတင်းကျွတ် ကျောက်တော်ကြီးပွဲမှာ ရွှေမန်းတင်မောင်ဇာတ်ကို အမေ့လက် ဆွဲပြီး လိုက်ကြည့်ရ တာပါ။

အမေက ပဲဆီ၊ နှမ်းဆီ စတဲ့ စားဆီတွေကို ပုံးထဲထည့် ခေါင်းပေါ်ရွက်ပြီး တရပ်ဝင် တရပ်ထွက် လှည့်လည် ဈေးရောင်း ရတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ပါ။ မန္တလေးအနောက်ပြင် ထန်းမြင့်ရပ်ထဲကိုလည်း အမေက ဆီရောင်း ထွက်ရ ပါတယ်။ ထန်းမြင့်ရပ်ထဲမှာ ရွှေမန်းတင်မောင်တိုက် ရှိပါတယ်။ ဝင်းကျယ်ကျယ်ထဲက တထပ်တိုက် ခပ်ကြီးကြီး ပါပဲ။

အဲဒီဝင်းရဲ့ မြောက်ဘက် ကပ်လျက် ကြားလမ်းထဲက အမေ့ဆီ ဖောက်သည်အိမ်ကနေ ဇာတ်တိုက်နေတဲ့ ရွှေမန်းတင်မောင်ကို ဆီဗျပ်ကြီး ဘေးချပြီး အမေက ငေးမောနေကျ တဲ့။ အမေစတည်းချ နေကျ အဲဒီကြား လမ်းထဲက အိမ်ကလည်း ရွှေမန်းတင်မောင် ဇာတ်ထဲက မင်းသားလတ် စိန်လှမောင်နဲ့ မမညွန့်တို့ အိမ်တဲ့။

မမညွန့်က စက်ချုပ်တာ လေ။ ဇာတ်သူဇာတ်သားတွေရဲ့ ဇာတ်ဝတ်ဇာတ်စားတွေ မှန်သမျှ မမညွန့်က ချုပ်ပေးရတာ။

တနှစ်တော့ စိန်လှမောင်နဲ့ မမညွန့်တို့က  ဇာတ်တိုက်ရာ  ဆီဗျပ်ကြီး ချပြီး  ငေးနေတဲ့ အမေ့ကို မေတ္တာ လက်မှတ် ပေးပါတယ်။ လက်လုပ်လက်စား တယောက်အတွက် မေတ္တာလက်မှတ် ရမှ ဇာတ်ပွဲကြည့်နိုင် တာကိုး။

ဒါကြောင့် ကျောက်တော်ကြီး ဘုရားပွဲမှာ အမေက သူ့သမီးငယ်နဲ့၊ သူ့သား ကျနော့်ကို လက်ဆွဲ၊ နောက်ထပ် တူမအဖော်နဲ့ ရွှေမန်းတင်မောင်ဇာတ် ကြည့်ကြတာပါ။

မှတ်မှတ်ရရ အဲဒီညမှာ ရွှေမန်းတင်မောင်က “လှည်းသားငါးရာ” အော်ပရာ ကပြပါတယ်။ နောက်ပိုင်းဇာတ် က လက်ဝဲသုန္ဒရ ပါ။ ကျနော် ပထမဆုံးကြည့် ရတဲ့ဇာတ်ပွဲမှာ စွဲလမ်းသွားတာက ရွှေမန်းတင်မောင်ရဲ့ “အဆို အပြော” တွေပါပဲ။ နဘေတွေ ထပ်ပြီး လင်္ကာသွားနဲ့ စာတွေရွတ်တာများ အံ့ဩလွန်းလို့ အသက်ရှူ တောင် မေ့လောက်ထင်ရဲ့။

“လှည်းသားငါးရာ”  အော်ပရာကလည်း တလျှောက်လုံး ရွှေမန်းတင်မောင်ရဲ့ အသံနဲ့ သီချင်းနဲ့ အပြနဲ့ အက နဲ့ချည်းမို့ အားမရနိုင်ဘဲ အမေ့ရင်ခွင် ကြားကနေ ဒူးထောက်ကြည့်မိတော့ နောက်ဖျားကနေ ပြောင်းဖူးရိုးနဲ့ လှမ်းပစ်ပြီး ထိုင်ခိုင်းတာလည်း မှတ်မိနေပါတယ်။

နောက်ပိုင်း လက်ဝဲသုန္ဒရမှာလည်း အပြောတွေ၊ အဆိုတွေ၊ အငိုတွေကို တအံ့တဩဖြစ်ခဲ့ ရတယ်။ ငိုချင်း ချပြီး ဆိုင်းက ငိုချင်းဆိုင်းတီး တာလည်း သဘောကျနေတယ်၊ ဆိုင်းဝိုင်းထဲက နောက်ထက ဝါးလက် ခုပ်ကိုင်ပြီး ငိုချင်းဆိုင်း အချမှာ “ဟေ..” “ဟေ..” “ဟေ..” လို့ အော်တာလည်း ကြိုက်နေတယ်။

နောက်ခံ ပိတ်ကားမှာ နှင်းတွေကျပြီး တဖက်ရပ် တဲလေးရှေ့ မီးဖိုပြီး လက်ဝဲသုန္ဒရ အမတ်ကြီး ရတု ရွတ်တာလည်း ကြိုက်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျနော်လည်း အဲလို ရွတ်ချင်ဖတ်ချင်နေတယ်။

ပထမဆုံး ကြည့်ရတဲ့ ဇာတ်ပွဲမှာကတည်းက သိလိုက်တာက ဇာတ်သဘင်ဆိုတာ အဆို၊ အငို၊ အပြော၊ ဇာတ် ပို့ တီးလုံးတွေက အခရာကျတယ် ဆိုတာပဲ။ ဇာတ်ကို ကြိုက်ခဲ့တယ် ဆိုတာ အဲဒီ အဆို၊ အငို၊ အပြော၊ ဇာတ် ပို့ တီးလုံးတွေ ပါလား ဆိုတာ အသက်ကြီးမှ သဘောပေါက်လာပါတယ်။

အမေကလည်း ရွှေမန်းတင်မောင် ပရိသတ်ပါ။ ဒါကြောင့် ဝါဆိုဝါခေါင်နဲ့ သီတင်းကျွတ် ကာလတွေ ဘုရားကြီး ၄၅ တာမှာ၊ ကျောက်တော်ကြီးမှာ ဇာတ်ပွဲကြီးတွေ ရုံသွင်းရင် ရွှေမန်းတင်မောင်ဇာတ်ကို နောက်ပိုင်း မလွတ် အောင် ကြည့်တော့တာ ပါပဲ။ (သား သမီးတွေငယ်စဉ်မှာတော့ အမေ့မှာ ဇာတ် ကြည့်ချင် ပေမယ့် အစစ ချွေတာပြီး မကြည့် ဖြစ်ခဲ့ ပေမယ့်၊ သမီးက အပျိုပေါက်၊ သားက အရွယ်ရောက်လာတော့ သမီးနဲ့သား အတွက် မချွေတာ နိုင်တော့တဲ့ မိဘမေတ္တာပါပဲ) အဲဒီ အချိန်ကာလက ကက်နက်စိန်၊ တက်သက်စိန်တို့ရဲ့ စိန်မဟာသဘင်နဲ့ ရွှေမန်းသဘင် တို့က အပြိုင်ပေါ့။ အမေကတော့ ရွှေမန်းမှ ရွှေမန်း ပါပဲလေ။

ဇာတ်ပွဲတွေကို ကြိုက်နှစ်သက် လာပြီးတော့ အဖေကလည်း ပွဲကြိုက်မောင်မို့၊ မန္တလေးဘုရားပွဲ တွေမှာ မပါ မဖြစ်ပါခဲ့တဲ့ ဗလာဇာတ်တွေကို တရေးနိုး၊ စခန်းချချိန်မှ အိပ်ရာက ထပြီး သွားကြည့်တဲ့အခါ ကျနော်က မပျင်းမရိ လိုက်ပါတတ်တဲ့ အဖေ့ရဲ့ အဖော်ကောင်း ဖြစ်ရပါပြီ။

မွန်ကျော်အောင်၊ စိန်လှမြိုင်၊ မြို့တော်ဝင်းမြိုင် စတဲ့ ဇာတ်တွေကို အဖေနဲ့ လိုက်ကြည့်တာက ကလေး တယောက် အတွက် ထူးဆန်းဖွယ်ရာ ပါ။ ဘာကြောင့်လဲဆို အဖေက နှစ်ပါးသွားနဲ့ နောက်ပိုင်းပဲ ကြိုက်လို့၊ စောစောအိပ်ရာဝင်၊ နာရီပြန် ၂ ချက်ထိုးလောက် နှိုးစက်ပေး၊ အဲဒီကျမှ အိပ်ရာကထ၊ မျက်နှာသစ်ပြီး ဇာတ်ပွဲရှိရာ သားအဖနှစ်ယောက် ကုပ်ကုပ်နဲ့ သွားကြတာကိုး။ ဆောင်းတွင်း ဆိုရင် နှင်းတောကြီးထဲ ခိုက်ခိုက်တုန်ပါပဲ။

အဖေကလည်း နှစ်ပါးသွား ကြိုက်တယ်။ နောက်ပိုင်းဇာတ်ကြီးတွေ ကြိုက်တယ်။ ဇာတ်ကောင်း၊ မင်းသား ကောင်း၊ မင်းသမီးကောင်း ဆိုတာကို နှစ်ပါးသွားနဲ့ နောက်ပိုင်းဇာတ်ကြီးတွေ ကပြမှုနဲ့ပဲ အဖေက တိုင်းတာ တယ်။

ကျနော်က လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နောက်ပိုင်းဇာတ်ကြီးတွေ ကြိုက်နေတယ် (ပြဇာတ် နာမည်ကြီးလှတဲ့ မြို့တော် သိန်းအောင် တောင်မှ တော်တော်အသက်ကြီး၊ စာလေးပေလေး ဖတ်တော့မှ ကြိုက်တတ် လာတာပါ)။ ပြန်စဉ်းစား လိုက်တော့ ကျနော်တို့ ကြိုက်ခဲ့တာက “ဇာတ်သံ” ကိုပါ။

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် သဘင်သက် ၈၀ ပြည့် အမှတ်တရပွဲကို MRTV-4 ကနေ ညနေစာ စောစော စားပြီး တီဗီရှေ့နေရာယူကာ မျှော်လင့်တကြီး ကြည့်တယ်။ ငယ်လွမ်းဝေဒနာလည်း ပါတာပေါ့။

ကျနော့်လို ဇာတ်ကြိုက် ခဲ့တဲ့ ဇနီးသည်လည်း ဩဂုတ် ၃ ရက်နဲ့ ၁၀ ရက် ၂ ရက်ပြသတဲ့ ဒီအစီအစဉ်မှာ ဒုတိယရက် ရောက်တော့ ဟန်မဆောင် နိုင်တော့ဘူး။ တီဗီပိတ်ပြီး စောစော အိပ်ရာဝင်လိုက် တော့တယ်။

နောက်ရက် မိုးလင်းတာနဲ့ လှိုင်းတေးသံသွင်း ပြေးပြီး ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်တိတ်ခွေတွေ၊ နှစ်ပါးသွား တိပ်ခွေတွေ အပြေးအလွှား ဝယ်ပြီး ဖွင့် နားထောင်လိုက်ရတယ်။

ဟူး.. အခုမှပဲ “ဇာတ်သံ” ကြားရတော့တာ ကိုး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading