“ယောက်ျား စာမတတ်တော့ အကန်း။ မိန်းမ ရက်ကန်း မတတ်တော့ အကျိုး” ဆိုတဲ့ ဆိုရိုးစကားက ရှေးလူကြီး သူမတွေ ပြောလေ့ရှိတာ ကြားဖူးပါတယ်။ မိန်းမမှန်ရင် ရက်ကန်း တတ်ရမယ်လို့ သတ်မှတ်ထားတဲ့ ခေတ်တခု ဟာလည်း တဖြည်းဖြည်း ပျောက်ကွယ်လုနေပြီ ဖြစ်သလို “လက်ခတ်သံ လက်ခတ်သံ၊ မလေး လက်ခတ်သံ၊ လက်ခတ်သံ လက်ခတ်သံ၊ ပျိုလေးလက်ခတ်သံ၊ လက်ခတ်သံ ကျွန်းဖိုသား၊ သောင်းတိုင်က ကြားသလေ လေ့” ဆိုတဲ့ ရှေးစာဆိုတွေ ရေးစပ်သီကုံးဖွဲ့ဆိုထားတဲ့ မလေးလက်ခတ်သံ ဆိုတဲ့ သီချင်းသံ ဆိုတာလည်း မေ့မေ့ပျောက်ပျောက် ရှိနေပြီ ဖြစ်ပါတယ်။
မြန်မာ့ ချည်ထည်လေးတွေကို တန်ဖိုးထားတယ်၊ မြတ်နိုးတယ်၊ မြန်မာ့ကျေးလက် အနုပညာကို လေးစား တယ်၊ ဂုဏ်ယူတယ် ဆိုတဲ့ အသိဟာလည်း နည်းပါးလာပြီ ဖြစ်ပါတယ်။ ခေတ်ပေါ် Readymade အဝတ် အစားတွေ ပေါများ လာတဲ့ အချိန်မှာ မြန်မာ့ရိုးရာ ရက်ကန်းထည် တွေဟာ ဈေးကွက် မဝင်တဲ့ အပြင် စိုက်ထုတ်ရတဲ့ အရင်းနဲ့ ပြန်လည် ရရှိတဲ့ အမြတ်ငွေ တွက်ခြေ မကိုက်တော့တာကြောင့် ရက်ကန်းအထည် ထုတ်တဲ့ စီးပွားရေးလုပ်ငန်းဟာ ဒေသ အသီးသီးမှာ နည်းပါးလာခဲ့ရ ပါတယ်။
ဒီလို အခြေအနေတွေမှာ မြန်မာ့ချည်ထည်တွေ ကို မက်မက်စက်စက် ဝတ်ဆင်လာသူတွေ ပြန်လည် ရှိလာတာကြောင့် ဒီလုပ်ငန်းတွေက ပပျောက်သွားတဲ့ အထိတော့ မရှိသေးပါဘူး။ မြန်မာတိုင်းရင်းသားတွေ တော်တော်များများက ရိုးရာ ရက်ကန်း လုပ်ငန်း ကိုယ်စီ လုပ်ခဲ့ကြပါတယ်။ ခေတ်ကာလ အရွေ့မှာ ရိုးရာလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာတာ၊ ခေတ်နဲ့ အညီ ပေါ်ထွက်လာတဲ့ အဝတ်အထည်တွေ အလွယ်တကူရလာတာ စတဲ့ အကြောင်းအရာတွေကြောင့် ရိုးရာ လုပ်ငန်းဖြစ်တဲ့ ရက်ကန်းလုပ်ငန်းဟာ ဒေသတခုစီမှာ အင်မတန်နည်းပါးလာတယ်လို့ ဆိုရ ပါလိမ့်မယ်။
ရိုးရာထဘီတွေ ထဲမှာ တိုင်းရင်းသား တမျိုးချင်းစီရဲ့ ရိုးရာထဘီတွေဟာ နာမည်တခုစီ ရကြတာ မှန်ပေမယ့် ရေခံမြေခံ ကြောင့် ကချင်ရိုးရာ ထမီဟာ တခြားတိုင်းရင်းသား ရိုးရာထဘီတွေထက် ပိုနေရာ ရပါတယ်။
ရေခံမြေခံ အရ ချည်သား ဆေးဆိုးရာမှာ တခြား ဒေသတွေထက် ပိုလှတယ်လို့ အဆိုရှိ တာကြောင့် ကချင်ရိုးရာ ထဘီကို လူမျိုးပေါင်းစုံ နှစ်သက်ကြ ပါတယ်။ ဒီလို နာမည်ရတဲ့၊ ပတ္တမြားမြေ လို့ခေါ်တဲ့ မြောက်ပိုင်း ကချင်ဒေသမှာလည်း ကချင် ရိုးရာထဘီ၊ ပုဆိုး၊ တဘက် စတာတွေကို ရိုးရာမပျက် ရက်လုပ်ကြပါတယ်။
ဒီ ကချင်ထဘီတွေကို ကချင် တိုင်းရင်းသား တွေထက် မြန်မာပြည် အလယ်ပိုင်းက ဗမာတွေ ပိုပြီးရက် လုပ်တာ များတယ် လို့ သိရပါ တယ်။ ကချင်တိုင်းရင်းသား အများစုမှာ သက်ကြီး ကချင်အမျိုးသမီးကြီး တွေ ကသာ ကိုယ်တိုင်ရက်လုပ် ဝတ်ဆင်တာ ရှိပါတော့တယ်။ တကယ့် ကချင် ဂျပ်ခုတ်အထည် ဆိုတာ ကလည်း ရက်လုပ်မှု နည်း လာသလို ဂျပ်ခုတ်ထည် အစစ် တထည်ကို ကျပ် သိန်းချီ အထိ ရှိနေတယ်လို့ သိရပါတယ်။
ပတ္တမြားမြေလို့ တင်စားတဲ့ ကချင်မြေမှာ မန်ဘူ၊ ရွှေညောင်ပင် ဆိုတဲ့ ကျေးရွာတွေ ကတော့ ကချင်အမျိုး သမီးဝတ် ထဘီတွေကို ဒိုင်ခံ ရက်လုပ် ပေးတဲ့ ရွာတွေ ဖြစ်ပြီး အဲဒီမှာ ကချင်တိုင်းရင်းသား တွေထက် စစ်ကိုင်းတိုင်းဘက်က ရွာလုံးကျွတ် ရွှေ့ပြောင်းလာကာ ရက်ကန်း လုပ်ငန်းကို နှစ် ၃၀ နီးပါး လုပ်ကိုင် နေသူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့ ဒေသမှာ ရက်ကန်းလုပ်ငန်း အဆင်မပြေမှုကြောင့် ရေကြည်ရာ မြက်နုရာရှာရင်း ဒီဒေသမှာ အခြေချ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့ နေထိုင်ရာ ရွာကလေးမှာ ရက်ကန်း လုပ်ငန်းက အဓိက လုပ်ကိုင်တဲ့ လုပ်ငန်းတခု ဖြစ် ပေမယ့် ဈေးကွက် သိပ် မရတာကြောင့် အလုပ် မဖြစ်ခဲ့ဘူး လို့ ရွှေဘို အညာသူ စစ်စစ် ဒေါ်တိုးမက ဆိုပါတယ်။
ရေကြည်ရာ မြက်နုရာကို ရှာရင်း အခုဆို သူတို့ မိသားစု တစုပြီး တစု၊ အမျိုး တအိမ်ပြီးတအိမ်ဟာ ဒီကချင် မြေကို ရောက်လာခဲ့ပြီး အခုဆို ကချင်အထည်တွေ အဓိကထုတ်လုပ်တဲ့ မန်ဘူရွာကလေးဟာ သူတို့ အတွက် နေရာကောင်း ဖြစ်လို့ နေပါပြီ။
“ဈေးကွက် ကတော့ မြန်မာနိုင်ငံတွင်းပဲ ပေါ့။ အခု နောက်ပိုင်းတော့ တော်တော်လေး ဝတ်လာကြတယ်။ မြန်မာ ချည်ထည်တွေ ပြန်ခေတ်ထ လာတယ် ပြောရမယ်။ ဒီမှာက ကချင်ထဘီ တော်တော်များများ ကချင်တိုင်းရင်းသားတွေ ရက်တာ နည်းပါတယ်။ အစ်မတို့က အလယ်ပိုင်းက လာကြတာ။ ဒီမှာ ရွာတခုလို ဖြစ်နေပြီ။ အလယ်ပိုင်းဘက်က လူတွေနဲ့ တရွာဖြစ်နေတာပေါ့” လို့ မြစ်ကြီးနားမြို့မှာ နှစ် နှစ်ဆယ်ကျော် အခြေချနေထိုင်ကာ ကချင်ထဘီ ချည်ထည် တွေ ရက်လုပ်နေတဲ့ ဒေါ်တိုးမက ပြောပါတယ်။
ဒေါ်တိုးမဟာ စစ်ကိုင်းတိုင်း ရွှေဘိုထူးကြီးရွာ ကနေ ပြောင်းရွှေ့ကာ ကချင်ဒေသမှာ အခြေချနေ ထိုင်ရင်း လက်ရက်ကန်းစင် ၁၀ ခု ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ကချင်ဘက်က ရေခံမြေခံဟာ မြန်မာပြည် အလယ် ပိုင်း ထက် ပိုကောင်းတာကြောင့် ချည်ဆေး ဆိုးရာမှာ ပိုပြီးအရောင်လှတယ်လို့ သူ့အပြောအရ သိရပါတယ်။
“ရွာမှာက ဒီလောက် ချည်ဆေးဆိုးတာ မလှဘူး။ ချည်တွေက အိန္ဒိယ၊ ယိုးဒယားဘက်က လာတယ်။ ဒီချည် တွေပဲ မန္တလေးကနေ ဝယ်ကြတာပါပဲ။ ရေခံမြေခံ ကွာတယ်လို့ ပြောရမယ်။ ဒါကြောင့် ဒီဘက်မှာ ရက်ကန်း စင်က ပိုအလုပ် ဖြစ်တယ်။ ကချင်အဆင်ဆိုတာက နာမည်ကြီးတယ်လေ” လို့ ဒေါ်တိုးမက ဆိုပါတယ်။
ဂျပ်ခုတ်လို့ ခေါ်တဲ့ ရိုးရာ အထည်ကတော့ ရက်လုပ်တာ ရှားသွားပြီး တနိုင်တပိုင် ရှေးလူကြီး တချို့သာ ကိုယ်တိုင် ဝတ်ဆင်ဖို့ ရက်လုပ်ကြတာ များတယ် လို့ သူက ပြောပြပါတယ်။ဒီလို ဂျပ်ခုတ်ထည် တွေကလည်း တလမှာ တထည်တောင် ရရှိဖို့ခက်တယ်လို့ သိရပါတယ်။
ရက်ကန်းစင်ကနေ လုံချည်၊ ထဘီ (ကွက်စိပ်၊ ကွက်ကျဲ၊ ချိတ်၊ ပန်းပွင့်ပုံဖော်) တွေ၊ အကျႌ (ညဝတ်၊ လက် ရှည်၊ ပင်နီတိုက်ပုံ)၊ စောင်၊ တဘက်စောင်တွေ ရက်လုပ်တတ် ပေမယ့်လည်း အများအားဖြင့် အမျိုးသမီး ဝတ်တွေကိုသာ ရက်လုပ်ရတယ်လို့ ဒေါ်တိုးမက ဆိုပါတယ်။
တိုင်လေးတိုင်နဲ့ ရက်ကန်းစင်မှာ လက်ခတ်၊ နှပ်၊ ခြေနင်း၊ လွန်း၊ စသည်ဖြင့် ရှိတတ်ပြီး ရှေးဦးစွာ ရက် လုပ် မယ့် အထည် လာရောက်အပ်နှံရင် ရက်လုပ်ရတဲ့ နေ့ရက်ပေါ် မူတည်ပြီး ဈေးကွာခြားမှုတွေ ရှိတယ်လို့ သိရပါတယ်။
“တရက်နဲ့ အပြီးရက်လုပ်တာလည်း ရှိတယ်။ ဒါဆို ဈေးပေးရတာ နည်းတယ်။ ဈေးကြီးတန်းဝင်တွေ ကျတော့ လုပ်ရတဲ့ ဒီဇိုင်းပေါ် မူတည်ပြီး ရက်လုပ်တာ မှာ ၄ ရက်၊ တပတ်အထိ ကြာတယ်။ ချည်တွေကလည်း အမျိုး မျိုးရှိတယ်။ နှစ် ၈၀၊ နှစ် ၁၀ဝ၊ ပိုး စတာတွေ အမျိုးမျိုးရှိတယ်။ ဒီမှာ လုပ်တဲ့ ချည်တွေက ကိုယ့်ဗမာ ဝါက ထွက်တဲ့ ချည်ထက် အိန္ဒိယ၊ ယိုးဒယားက ချည်ပိုများတယ်။ ကိုယ့်ချည်ကျတော့ အဲဒီလောက် မထွက်ဘူး။ ဒီတော့ လုပ်တာက နိုင်ငံ ခြားချည်နဲ့ လုပ်တာပဲ ရှိတယ်” လို့ ဒေါ်တိုးမက ပြော ပါတယ်။
ထိုးလိုတဲ့ ပုံစံ၊ ဒီဇိုင်းတွေကို ချည်ထည် အပ်ထည် လာရောက်အပ်သူက ပြသပေးတယ် လို့ သူက ဆိုပါတယ်။ အပ်ထည် လာအပ်သူက လိုချင်တဲ့ ဒီဇိုင်းကို နှုတ်တိုက် ပြောတာရှိသလို ပုံစံရေးဆွဲ ပြတဲ့အပေါ်မှာ ဒီဇိုင်း ဖန်တီးသူ၊ ရက်ကန်းအခေါ် ဇာချည်ကောက်သူက ပုံစံဖော်ပေးရတယ်လို့ သိရ ပါတယ်။
“ကချင်ဒေသဆိုတော့ ရိုးရာအဆင်ပေါ့။ မနော အဆင်က ရိုးရာပေါ့။ ဒီပေါ်မှာ ဒီဇိုင်းကွဲတယ်။ ဒီဇိုင်းကို ထွင်ရ တယ်။ အဲဒီလူ ဆွဲတဲ့ဒီဇိုင်းကို လုပ်ရတာပေါ့။ အထည် အရေအတွက်ကို တခါတည်း ဘယ်ဒီဇိုင်း ဘယ်နှစ် ထည်၊ ဘယ်ဒီဇိုင်း ဘယ်လောက် လုပ်မယ် ဆိုတာ ပြောသွားတယ်။ နှပ်ကောက်သူက ဒီဇိုင်းကို တရက်၊ ဒါမှမဟုတ် နှစ်ရက် ဆွဲပေးတယ်” လို့ ဒေါ်တိုးမက ဆိုပါတယ်။ ချည်တကွင်းမှာ ပါဝင်တဲ့ ဒီဇိုင်းပမာဏ အရလည်း ဈေးအနည်း အများ ကွာသွားတယ် လို့ သိရပါတယ်။
ဒီလို ဒီဇိုင်းဖော်ပေးတဲ့ ဇာချည်ကောက်သူတွေ အတွက်က သီးသန့် ဉာဏ်ပူဇော်ခကို ဒီဇိုင်းရေးဆွဲ ပုံပေါ် မူတည်ပြီး ဒီဇိုင်း တကွက်စာကို ကျပ် ၁၅၀ဝ ကနေ ၅၀ဝဝဝ အထိ ပေးရတာ ရှိတယ်လို့ သိရပါ တယ်။ ပထမဆုံး စတင် ရက်လုပ်မယ် ဆိုရင်တော့ ချည်တွေကို ရက်လုပ်တာမှာ ရှုပ်ထွေးမှု မဖြစ်အောင် ရှင်းလင်းဖို့ တိုင်လေးတိုင် ထောင်ထားတဲ့ ခြေနင်း ပါတဲ့ ခုံပေါ်မှာ ရှင်းရပါတယ်။
တဖက်ကနေ ဆွဲထားတဲ့ ချည်တွေ အကြားကို ချည်စာသီးလို့ ခေါ်တဲ့ သစ်သားတိုင် တချောင်းထိုး သွင်း ထားပြီး ခြေနင်း တချက် နင်းလိုက်တာနဲ့ ခြေနင်းနားမှာ ရှိတဲ့ ဒီသစ်သားချောင်းက ချည်လုံးကို ရှင်းပေး ပါတယ်။ ဒီလိုရှင်းရာမှာ တဖက်က ချည်ထားတဲ့ အတွက် တင်းနေပြီး အောက်ခြေက စပြီး အထက်အထိ တဆင့်ချင်း ရှင်းလင်းပေးတာကို ချည်ချတယ် လို့ ခေါ်ပါတယ်။
ရှင်းပြီးသား၊ ချည်ချ ပြီးသား ချည်လုံးသတ်မှတ်ရာ အလုံးအဝိုင်း ပမာဏ ဖြစ်အောင် နောက်တဆင့်တက် လုပ်ဆောင်ရ ပါတယ်။ အဲဒီ ရှင်းပြီးသား ချည်မျှင်လေးတွေကိုမှ တဖက်က စက်ဘီးလို အမြောင်းပါ ဘီးတခု ပေါ်ကို တဖက်က လက်နဲ့လှည့်ပြီး ရစ်တင်ပေးရပါတယ်။ ဒါကို ရက်ဖောက်ရစ်တယ်လို့ ခေါ်ပါတယ်။
“အရင်က ချည်အဖြူပဲ လာတယ်။ ဒီတော့ ဆေးပြန်ဆိုးရတယ်။ အခုကတော့ ဆေးဆိုးစရာ မလိုတော့ဘူး။ ဆေးဆိုးရမယ် ဆိုရင်တော့ အဆင့် တဆင့် ထပ်ပိုတာပေါ့။ အခုကတော့ ဆိုးပြီးသားတွေ လာနေပါပြီ” လို့ ဒေါ်တိုးမက ပြောပြပါတယ်။
ရက်ဖောက်ထားတဲ့ ချည်ထည်က ရက်ကန်းရက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကို ခုနက ချည်ချတဲ့ နေရာမှာ ပြန်ပြီး ရက်ကန်းစင်ပေါ် တင်နိုင်အောင်၊ ချည်လိပ်တခု ဖြစ်အောင် သစ်သားချောင်းတခုကို အလယ် ပြုကာ အဲဒီသစ်သားချောင်းဆီကို တဖြည်းဖြည်း ရစ်ပတ်ရပါတယ်။ ဒါကို ရဟတ်ပုတ်တယ် လို့ ခေါ်ပါတယ်။
ဒါက ချည်သားတွေ တခုတည်း အလုံးလိုက် ဖြစ်အောင် လုပ်တာဖြစ်ပြီး ဒီရဟတ် ပုတ်တာကို ရက်ကန်းစင် ပေါ်တင်မှာ ဖြစ်ပါတယ်။ ရဟတ်တခု ကို အထည် ၄၀ ကျော်လောက် ပမာဏ ရက်လုပ် နိုင်တဲ့ အလိပ်တခု ဖြစ်အောင် လုပ်ထားတာ ဖြစ်ပါတယ်။
“ဒါက အောက်ခံချည်ပေါ့။ ဒီမှာ တကွင်းစာ အနေအထား အပြားပေါ်မှာ ခုနက ဇာချည်ကောက် သူ ပေးတဲ့ ဒီဇိုင်းကို လုပ်မယ် ဆိုရင် အရင် သံပြားအပေါက်ပါတဲ့ သံဆန်ခါထဲကို ချည်ဝင်အောင် နှပ်ကောက်ရတယ်။ ဒါက ဒီဇိုင်းပုံ တခု ရအောင် ဒီဇိုင်းပုံထိုးမယ့် အရောင်ချည်ကို အဲဒီ သံဆန်ခါ ပေါက်ထဲကို ဝင်အောင်လုပ် ထားရတယ်။ ခြေတချက် နင်းရင် အလယ်က သစ်သား ခုနအောက်ခံ ရဟတ် လုံးက ထွက်တဲ့ချည်ကို နှစ်ခု ဟလိုက်တယ်။ ဒါထဲမှာ ခုန နှပ်ကောက် ထားတဲ့ ပုံစံအတိုင်း လိုက်ပြီး ရက်ရတယ်” လို့ ဒေါ်တိုးမက ဆိုပါတယ်။
ရက်ကန်းစင် ဆိုတာ တိုင်လေးတိုင် ထောင်ထား တာ ဖြစ်ပြီး ပါဝင်တဲ့ ပစ္စည်းတွေ ကတော့ ခြေနင်း၊ နှပ်၊ လက်ခတ်၊ လွန်း၊ ယောက်လုံး စတဲ့ အရာတွေ ပါ ပါတယ်။ အောက်ခြေကနေ ခြေတချက် နင်းလိုက်တာနဲ့ လက်ကလည်း ဟန်ချက် ညီညီ နှပ်လို့ ခေါ်တဲ့၊ ဒီဇိုင်းဖော်ထားတဲ့ ပုံစံခွက် ဆန်ခါခံထဲကို လိုချင်တဲ့ သက်ဆိုင် ရာအရောင် ယောက်လုံးတွေထဲက ပန်းချည် အရောင်ကို လက်နဲ့ ကောက်ရပါတယ်။
ပြီးရင် လက်ကနေ ရှေ့တိုးနောက်ငင် လုပ်ချိန်မှာ အလယ်မှာ ထားတဲ့ လွန်းကလေးထဲ ထည့်ထားတဲ့ ဖောက် ချည်လို့ ခေါ်တဲ့ ချည်ကတော့ အောက်ခံ အရောင်ချည်၊ ဒီဇိုင်းပုံဖော်တဲ့ ပန်းချည် ဒီနှစ်ခုကို တွဲစပ်နိုင်ဖို့ တဖက်နဲ့ တဖက် ပြေးပြီး ရက်ပေးမှသာ အသားဖြစ် လာတယ်လို့ သိရပါတယ်။
ဒီလို တထည် တကွင်း ပြီးဖို့ကို အဆင့်ဆင့် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အပွင့် အနည်းအများ၊ ဒီဇိုင်း အနည်းအများ ရက်လုပ်တဲ့ ချည်သားပေါ် မူတည်ပြီး ချည်ထည် ၁ ထည်ကို ကျပ် ၆၀ဝ၀ ကျော ်ကနေ ၁၀ဝဝဝ ကျော် အထိ ရရှိ ပါတယ်။
ထဘီတွေသာ လက်နဲ့ ရက်လုပ်မှု များပြီး အမျိုးသားဝတ် ပုဆိုးတွေကတော့ စက်ရက်ကန်းတွေနဲ့ ရက်လုပ် တာ များတယ် လို့ သိရပါတယ်။ မြန်မာပြည် အလယ်ပိုင်းဒေသမှာတော့ ပုဆိုးတွေကို အခုလို လက်ရက်ကန်း နဲ့ပဲ ရက်လုပ် ကြသေးတယ် လို့ ဒေါ်တိုးမက ပြောပါတယ်။
“ရက်လုပ်တဲ့ ပုံစံက တနေရာနဲ့ တနေရာ မတူဘူး။ တခုနဲ့တခုလည်း မတူဘူး။ ရှမ်းပြည်ဘက်မှာဆို ကြိုးဆွဲ ရက်ကန်းစင် ရှိတယ်။ အဲဒါနဲ့ ခတ်ကြတယ်။ အလယ်ပိုင်း ကျတော့ ဗိုင်းငင်တာတွေ ဘာတွေ လုပ်တယ်။ ကွာတယ်။ ကချင်ဒေသမှာက အမျိုးသမီးဝတ် ထဘီတွေကိုပဲ လက်ရက်ကန်းနဲ့ ခတ်တယ်” လို့ သူက ဆက် ပြောပါတယ်။
စက်ရက်ကန်းနဲ့ အထည်ထုတ်လုပ်မှု များလာတာ၊ လက်ရက်ကန်း အထည်တွေဟာ ဈေးကွက် နည်းပါး လာ တာ၊ လုပ်ငန်းရှင် အသစ်အသစ်တွေ ထွက်ပေါ်လာပြီး အလုပ်သမား ရှားပါးတာ စတာ တွေကြောင့် ရက်ကန်း လုပ်ငန်းဟာ ထင်သလောက် စီးပွားရေး အရ တွက်ခြေမကိုက်တော့ဘူး လို့ သိရပါ တယ်။
“အလုပ်သမားတွေက တအား ရှားလာတယ်။ တခြား အလုပ် လုပ်ကြတာ များတယ်။ ခေတ်က အလုပ်သမား ကို ကိုယ်တွေက လိုက်ရှာရတဲ့ ခေတ် ဖြစ်နေတယ်။ ဒါတွေကြောင့် နယ်ဘက် အလယ်ပိုင်း က လူတွေကို ခေါ်ကြရတယ်။ အလယ်ပိုင်း ကလည်း ဒီလို ပြဿနာတွေ ဖြစ်နေတော့ ခက်တာပေါ့။ ဒီ အလုပ်ကို သိပ် မလုပ်ချင်ကြဘူး” လို့ ဒေါ်တိုးမက ရှင်းပြတယ်။
ရက်ကန်း ရာသီချိန် ဆိုတာမျိုး ကြုံလာချိန်မှာ အလုပ်သမ ရှားပါးမှုတွေ ကြောင့် ကိုယ်တိုင် ဝင်ခတ်ရတာ တွေလည်း ရှိတယ် လို့ ဒေါ်တိုးမက ဆိုပါတယ်။ ကချင်ထဘီတွေ ရက်လုပ်တာ အများဆုံး ရာသီချိန် ကတော့ ဆောင်းတွင်း ကာလလို့ သိရပါတယ်။ အဲဒီ အချိန်မှာ အပ်ထည်များ တတ်ပြီး အသေအချာ ဂရုစိုက် လုပ် ဆောင်ရလေ့ ရှိပါတယ်။ မိုးတွင်းပိုင်း ကတော့ အရောင်းအဝယ် အေးတယ်လို့ သိရပါတယ်။
“ဒီမှာက ထမင်းစား စရိတ်ငြိမ်း ပေးရတယ်။ နောက်ပြီး ကွင်းစားနဲ့ သူတို့က လုပ်တာပါ။ တကွင်း ကို ၃၀ဝ၀ ရတာ ရှိတယ်။ ၆၀ဝ၀ ရတာ ရှိတယ်။ လုပ်တဲ့အပေါ် မူတည်တယ်။ ၁ လလုံး ၂ ရက် တကွင်းနှုန်း လောက် တော့ ကျမတို့ ပြီးအောင် လုပ်တယ်။ ထမင်းစရိတ် ပြန်နုတ်မယ်ဆို ၁ သိန်းကျော် လောက် ကျန်တယ်။ မိဘကို ပို့တယ်” လို့ ရက်ကန်းသမ တဦးဖြစ်သူ မပိုပိုမြင့်က ဆိုပါတယ်။
ရွှေဘိုသူ မပိုပိုမြင့်က ကချင်မြေမှာ ရက်ကန်း အလုပ်သမ လိုတယ် ဆိုတာသိလို့ လာရောက် လုပ်ကိုင်တာ ဖြစ်ပါတယ်။ ရက်ကန်းကျောင်းတွေ ရှိပေမယ့် ရက်ကန်း ကျောင်းဆင်း တယောက် မဟုတ်တဲ့ မပိုပိုက ဒီရက်ကန်း ပညာကို အမေဆီကနေ အမွေရ ခဲ့တာလို့ သိရပါတယ်။
“ထမင်းက ရက်ကန်းရုံ ပိုင်ရှင်က ကျွေးတယ်။ ညီမတို့က နံနက် ၆ နာရီလောက်က စလုပ်တယ်။ ၈ နာရီမှာ ထမင်းကြမ်း တခါစားတယ်။ နောက် နေ့လယ် ၁၂ နာရီလောက် တခါစားပြီး နားတယ်။ နေ့လယ် ၂ နာရီ လောက် တခါနားတယ်။ ည ၈ နာရီလောက်အထိ ခတ်တယ်။ ခတ်တာ အပြင် ဇာချည်ကောက်ရင်လည်း ကောက်ခ သတ်သတ်ရ တယ်။ လုပ်သက်ရှည်တဲ့ သူဆို ၂ မျိုး လုပ်တယ်။ ပိုက်ဆံပိုရတယ်” လို့ မပိုပိုမြင့်က ဆိုပါတယ်။
ရက်ကန်းခတ် အတတ်ပညာ သင်တန်းကျောင်းတွေ ရှိပေမယ့် သင်တန်းတက် လုပ်ကိုင်နိုင်သူထက် နီးစပ်ရာ မှာ သင်ယူရင်း လုပ်ကိုင်ကြသူက ပိုများတယ်လို့ ဒေါ်တိုးမက ပြောပါတယ်။ ခေတ်အရ ဒီထက်ပိုပြီး ဝင်ငွေ ကောင်းတဲ့ အလုပ်တွေ ပေါ်လာတာဟာလည်း ရက်ကန်း လုပ်ငန်းတွေ တဖြည်းဖြည်း တိမ်ကောစေတဲ့ အချက်တချက် ဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။
“ဈေးကွက်က ဒီပြည်တွင်းပဲ လေ၊ ဒီတော့ ရက်ကန်းအလုပ်က အမြတ်ကျန်တာ နည်းတယ်။ ဒါတွေကြောင့် အလုပ်သမ တွေကိုလည်း တခြား အလုပ်တွေလို သိန်းချီ မပေးနိုင်ပြန်ဘူး။ တော်တော်များများက နိုင်ငံခြား သွားကြတာ များတယ်။ အလယ်ပိုင်းက ဒီပြဿနာကြုံရတယ်။ ဒီမှာ အစ်မတို့က လည်း အလယ်ပိုင်းကပဲ လူခေါ်တာ လေ။ ကချင် ဒေသက ကချင်တိုင်းရင်းသား တွေက စိတ်ဝင်စားတာ နည်းတယ်။ မလုပ်ကြဘူး” လို့ ဒေါ်တိုးမက ဆိုပါတယ်။
အခုချိန်မှာတော့ တချိန်က ရက်ကန်းစင်မှာ ကြားနေရမယ့် “လက်ခတ်သံ လက်ခတ်သံ၊ မလေး လက်ခတ် သံ” ဆိုတဲ့ သာယာနာပျော်ဖွယ် သီချင်း သံလေးအစား ခေတ်ပေါ် အဆိုတော်များစွာရဲ့ ခေတ်သီချင်းတွေ က နေရာယူလာပြီ ဖြစ်ပါတော့တယ်။