ဆောင်းပါး

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

This article has been converted from Zawgyi One to Unicode

Tablet တွေလို့ ပြောရင် ARM ပရိုဆက်ဆာနဲ့  အင်းဒရိုက် OS သုံး တက်ဘလက်၊ အေစီးရီးစီပီယူ တွေနဲ့  iOS သုံး အက်ပဲလ် တက်ဘလက်၊ အင်တဲလ်စီပီယူနဲ့ ဝင်းဒိုးစ် OS သုံး တက်ဘလက် အုပ်စုတွေ ရှိနေပါတယ်။ အင်းဒရိုက် အုပ်စုဝင် တက်ဘလက် တွေက အကြမ်းဖျင်း အနေနဲ့ ဈေးသက်သာနေပြီး၊ Windows 8.1 OS သုံး တက်ဘလက် တွေကလည်း အင်းဒရိုက် တက်ဘလက်တွေနဲ့ အပြိုင် ရောင်းချဖို့ ဈေးချထားပါတယ်။

အခုလတ်တလော ထုတ်လုပ်ထားတဲ့ တိုရှီဘာရဲ့ Windows 8.1 တက်ဘလက် (၁၁၉ ဒေါ်လာ)၊ Acer ရဲ့ Trio Windows 8.1 တက်ဘလက် (ဒေါ်လာ ၁၅၀)၊ Dell ရဲ့ Venue 8 Pro 3000 စီးရီး (ဒေါ်လာ ၁၅၀) တွေလည်း ရှိနေပါတယ်။

အရွယ်အစား

သင် ရွေးချယ်ရမယ့် အချက် တွေထဲက တခုက အရွယ်အစား ဖြစ်ပါတယ်။ သင့် အနေနဲ့ သင့်ရဲ့အိပ်ကပ်ထဲ၊ ဘောင်းဘီထဲ ထည့်သယ်သွားမယ် ဆိုရင် ၇ လက်မ၊ ၈ လက်မ အရွယ်အစား တက်ဘလက် တွေကို ရွေးရ မှာ ဖြစ်ပြီး၊ မြင်ကွင်းကြီးကြီး တက်ဘလက်တွေ ကတော့ ၁၀.၅ လက်မ၊ ၁၃.၃ လက်မ အထိ ရှိနေပါတယ်။ အကြမ်းဖျင်း အနေနဲ့ အရွယ်အစား ကြီးတဲ့ တက်ဘလက် တွေက ဈေးပိုကြီး ပါလိမ့်မယ်။

အင်းဒရိုက် တက်ဘလက်တွေဟာ ၁၅ လက်မ၊ ၂၁.၅ လက်မ ကနေ ထူးထူး ခြားခြား ၆၅ လက်မ အထိ ရှိတာ တွေ့ရပါတယ်။ ဘယ်လို လူမျိုးတွေက ၆၅ လက်မ အရွယ်အစား သုံးသလဲတော့ မသိရပါ။ ပညာရေးနဲ့ ဖျော်ဖြေရေး အတွက် သုံးတာလို့ ယူဆရ ပါတယ်။ စားပွဲ တင်သုံးတဲ့ All-in-One အမျိုးအစား ပီစီကို ဒီက ဆိုင်တခုမှာ တွေ့ခဲ့ပြီး n Vidia T33 Quadcore CPU, RAM 1 GB LCD Display က ၂၁.၅ လက်မ၊ ကြိုးမဲ့ ကီးဘုတ်နဲ့ မောက်စ်ပါပြီး ရောင်းဈေး ဒေါ်လာ ၄၃၀ နဲ့ ရောင်းချထားတာ တွေ့မိပါတယ်။ အရွယ်အစား ကတော့ အဆင်ပြေတဲ့ အရွယ်အစား ရွေးနိုင်ပါတယ်။

စွမ်းဆောင်ရည်

စွမ်းဆောင်ရည်အပိုင်းက နှိုင်း ယှဉ်ရ ခက်ခဲပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်တဲ့ CPU အမျိုးအစား၊ အမြန်နှုန်း၊ core အရေအတွက်၊ အကူပရိုဆက်ဆာ (co-processor) သုံးမသုံး၊ RAM ပမာဏ၊ Screen အရွယ်အစား၊ Resolution, Screen တွေရဲ့ထုတ်လုပ်မှု နည်းပညာ အမျိုးအစား၊ သိုလှောင်သိမ်းနိုင်တဲ့ ပမာဏ၊ ဆက်သွယ်ဆောင်ရွက်ဖို့ ကြိုးမဲ့၊ ကြိုးသုံး အမျိုးအစား စတာတွေ နှိုင်းယှဉ် စစ်ဆေးရပါမယ်။ အဲဒီ အချက်တွေက နည်းပညာပိုင်း ဆိုင်ရာတွေ ဖြစ်လို့ အသေးစိတ် မရေးတော့ပါ။ လိုအပ်ခဲ့ရင် လက်တွေ့ သုံးစွဲနှိုင်းယှဉ်ရေးသားထားတဲ့ ဆောင်းပါးတွေကို အင်တာနက်ထဲမှာ ရှာဖွေဖတ်ရှု ကြည့်နိုင်ပါတယ်။

iPad-mini-vs-ipad
iPad-mini-vs-ipad

iPad နဲ့ iPad Mini

တက်ဘလက် ပီစီတွေဟာ iPad မပေါ်ခင် နှစ်ပေါင်းများစွာ ကတည်းက ဈေးကွက်ဝင်အောင် ကြိုးပမ်းခဲ့ကြ ပါ တယ်။ အကြောင်း အမျိုးမျိုးအပြင် ဟာ့ဒ်ဝဲ ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကြောင့်  တက်ဘလက် ပီစီတွေ ဟာ ရေပန်းအစားဆုံး ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ iPad ကို အက်ပဲလ်က ဈေးကွက်တင်ပြီးတဲ့ အချိန် မှာတော့ အားလုံးပြောင်းလဲသွားပြီး ပီစီ သုံးစွဲသူတိုင်း တက်ဘလက်တွေ သုံး နေကြပြီ ဖြစ်ပါတယ်။

iPad ဟာ ပထမဦးဆုံး သုံးစွဲသူ အမြောက်အများ လက်ခံသုံးစွဲတဲ့ တက်ဘလက်ဖြစ်လာခဲ့ပါတယ်။ လက်ရှိ သုံးစွဲနေ ကြတဲ့ စတုတ္ထ မျိုးဆက် 9.7 လက်မ iPad နဲ့ iPad Mini ဟာ လှပသေသပ်ပြီး သုံးရ လွယ်ကူအောင် ဒီဇိုင်း လုပ်ထားတဲ့ တက်ဘလက်တွေ ဖြစ်ပါ တယ်။ စွမ်းဆောင်ရည်အပိုင်းမှာ အလွန် ကောင်းမွန်ပြီး သူ့ရဲ့ itune app နဲ့ မီဒီယာ စတိုးမှာ အဆင့်မြင့် တက်ဘလက် app တွေ အများကြီး ရှိနေပါတယ်။

လုံခြုံမှုအပိုင်း၊ ဘက်ထရီသုံးစွဲနိုင်မှု အပိုင်းတွေမှာ တခြားတက်ဘလက် အမျိုးအစားတွေ ထက်  အားသာ ချက်ရှိ နေပါတယ်။ iPad တွေမှာ သုံးတဲ့ iOS ကလည်း အမြဲ update လုပ်နေပြီး ဟာ့ဒ်ဝဲရော၊ ဆော့ဖ်ဝဲ၊ OS တွေကိုပါ အဖွဲ့အစည်း တခုတည်းက  ဦးဆောင် ထုတ်လုပ်တဲ့ အတွက် သုံးရတာ ပိုအဆင် ပြေစေပါတယ်။
သုံးထားတဲ့ ဟာ့ဒ်ဝဲတွေ ကလည်း တခြား တက်ဘလက်တွေ ထက် ပိုကောင်းနေပြီး Retina Display သုံးထားတဲ့ iPad Mini 2 ဟာ Screen အရွယ်အစား 7.9 လက်မပဲ ရှိပေမဲ့ Resolution က 2048 x 1536 (326 ppi) ရှိပါတယ်။ အဲဒီ Resolution ဟာ တော်ရုံ Desktop သုံး LCD Display မော်နီတာပေါ်မှာတောင်မှ မရှိတဲ့ Resolution ဖြစ်နေ ပါတယ်။

iPad ဟာ လူတိုင်း သုံးချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေပါတယ်။  ဒါပေမဲ့ အဲဒီ အချက် တွေနဲ့ တင် iPad ကို ဝယ်ယူသုံးဖို့ ဆိုတာ မဖြစ်နိုင် သေးပါဘူး။ သင့် အနေနဲ့ Windows OS သုံး Desktop PC သုံးတဲ့သူ ဖြစ်ခဲ့ရင် သင် အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်သလို iPad တွေက တခြား တက်ဘ လက် တွေထက် ဈေးကြီးနေ ပါတယ်။

iPad နဲ့ အပြိုင် ထုတ်လုပ် ထားတာက အင်းဒရိုက်အုပ်စုဝင် ဆမ်ဆောင်းရဲ့ Galaxy Tab S တွေရှိနေပြီး Galaxy Tab S ဆိုရင် Resolution 2560 x 1600 (WQXGA) ရှိပြီး အရွယ်အစား 10.5 လက်မ ရှိပါတယ်။ iPad Mini နဲ့ အပြိုင် ရှိနေတာက 8.4 လက်မ Galaxy Tab S ရှိနေပါတယ်။ အဲဒီလို အဆင့်မြင့် အင်းဒရိုက်
တက်ဘလက်တွေ ကတော့ ဈေးမပေါလှ ပါဘူး။

နောက်တခုကတော့ အက်ပဲလ်က အလုပ်လုပ်နိုင်တဲ့ အဆင့် (ဥပမာ Mac OS, i3, i5, i7, CPU RAM DDR 3 8 GB ) ရှိတဲ့ တက်ဘလက်မျိုး ထုတ်လုပ် မထားသေးပါဘူး။ အင်တာနက် သုံးရုံ၊ ဗီဒီယိုကြည့်ရုံလောက် နဲ့တော့ iPad တွေဟာ ဈေးကြီးနေတယ်လို့ ပြောရပါမယ်။ အဲဒီအပြင် iPad တွေနဲ့ တွဲသုံးရမယ့် ပစ္စည်းတွေ၊ အပိုပစ္စည်း တွေကအစ တခြား ပစ္စည်းတွေ ထက် ဈေးကြီးနေပြီး ဝယ်ယူဖို့ ခက်ခဲပါတယ်။

အင်းဒရိုက်တက်ဘလက်တွေမှာ USB သုံး ချာဂျာတွေ သုံးထားပေမယ့် iPad က စပါယ်ရှယ်သီးသန့် ဒီဇီုင်း လုပ်ထားတဲ့ adapter သုံးထားပါတယ်။ ပျက်သွား၊ ပျောက်သွား၊ မေ့ကျန်ခဲ့တာမျိုး ဖြစ်ခဲ့ရင် အလွယ်တကူ အစားထိုးသုံး ဖို့မလွယ်ပါ ဘူး။ ဘတ်ဂျက် ချွေတာရေး လုပ်မယ် ဆိုရင်တော့ သူ့လိုပဲ သုံးနိုင်တဲ့ Amazon Kindle Fire က ဈေးပိုသက်သာနေပြီး သူ့ဟာနဲ့သူ ကတော့ သုံးလို့ ရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်လို့ ဘတ် ဂျက် အခြေအနေ ကောင်းပြီး အိတ်ဖောင်းနေတယ် ဆိုရင်တော့ iPad တွေက ရွေးချယ်သုံးဖို့ အဆင့် ၁ တက်ဘလက်တွေ ဖြစ်ပါတယ်။

Android Tablet

Android Tablet တွေဟာ တက်ဘလက် အနေနဲ့ရော တယ်လီဖုန်း ဆက်သွယ်ဖို့ပါ သုံးမယ့် သူတွေ အတွက်နဲ့ ဈေး သက်သက်သာသာနဲ့ အင်တာနက် သုံးမယ့်သူတွေ ဦးစားပေးရွေးချယ်မယ့် အမျိုးအစားဖြစ်ပါတယ်။ Android ဖုန်းတွေ လိုပဲ Android Tablet တွေဟာ ဟာ့ဒ်ဝဲတွေ၊ ဆော့ဖ်ဝဲတွေ တော်တော်များများ တူကြပါတယ်။

နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်တဲ့ ဆမ်ဆောင်း၊ မိုက်ခရိုဆော့ဖ်၊ Asus စတဲ့ ကုမ္ပဏီတွေ အပြင် ဂူးလ်ဂဲလ် (google) ကပါ သူ့ရဲ့ကိုယ်ပိုင် တက်ဘလက်တခု ဖြစ်တဲ့ Nexus တက်ဘလက်တွေကို ထုတ်လုပ်ထား ပါတယ်။ ဂူးလ်ဂဲလ်ကနေ Nexus 7, Nexus 10 တက်ဘလက်တွေကို ထုတ်လုပ်ထားပြီး ဈေးနှုန်းသက်သာ၊ ဟာ့ဒ်ဝဲပိုင်း ဆိုင်ရာ အချက်အလက်တွေ မြင့်တဲ့ တက်ဘလက်တွေ ဖြစ်ပါတယ်။ ဂူးလ်ဂဲလ်က ထုတ်လုပ် တယ် ဆိုပေမယ့် ဟာ့ဒ်ဝဲပိုင်း တွေကို OEM Coriginal Equipment Menufecture အနေနဲ့ Asus, LG စတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အရေးကြီးတာက အင်းဒရိုက် OS သုံး အင်းဒရိုက်ပစ္စည်းတိုင်း၊ တက်ဘလက်တိုင်း မတူကြဘူး ဆိုတာ ဖြစ်ပါ တယ်။ ဝင်းဒိုးစ်၊ Mac OS, iOS စတာ တွေလို ကုမ္ပဏီတခုတည်းက တာဝန်ယူ ရေးသားဖြန့်ချိ၊ သုံးထားတာ မဟုတ်ပါဘူး။ Linux လိုမျိုး Open Source ဖြစ်တဲ့ အတွက် ကုမ္ပဏီတွေ၊ ထုတ်လုပ် သူတွေကနေ သူတို့ ဘာသာ ပြုပြင်ပြောင်းလဲ၊ လိုတိုး၊ ပိုလျှော့ လုပ်ထားနိုင် ပါတယ်။

အင်းဒရိုက် OS ဟာ ဂူဂူးလ်ဂဲလ်ကနေ တာဝန်ယူ ထုတ်လုပ်ထားပြီး ဘယ်သူ မဆို သုံး နိုင်ပါတယ်။ အဲဒီ အတွက် ထုတ်လုပ်တဲ့ သူတွေကနေ ဘယ် ဗားရှင်းကို သုံးမလဲ၊ လက်ရှိ device တွေကို ဘယ်အချိန်မှာ upgrade လုပ်မလဲ စတဲ့ ကိစ္စတွေ အားလုံးကို ကုမ္ပဏီတွေ ကပဲ ဆုံးဖြတ် လုပ်ဆောင်ပါတယ်။ တချို့ ဈေးပေါတဲ့ device တွေကတော့ Google Play Store က app တွေကို install လုပ်ဖို့ ခွင့်မပြုပါဘူး။ တက်ဘလက် တခုကို မဝယ်ယူခင်မှာ သေသေချာချာ စစ်ဆေး ဝယ်ယူဖို့ လိုပါတယ်။

ဟာ့ဒ်ဝဲပိုင်း အနေနဲ့လည်း အလားတူ ပြဿာနာရှိပါတယ်။ ၉ လက်မ အင်းဒရိုက် တက်ဘလက်တခုဟာ ဒေါ်လာ ၁၂၀ လောက်ပဲ ရှိနေတယ်။ ဒါဟာ ဈေးသက်သာတယ် လို့ ပြောရ ပါမယ်။ ဒါပေမယ့် အဲဒီ device ရဲ့ screen resolution ၊ ပရိုဆက်ဆာ၊ ဘက်ထရီ သက်တမ်း  ဘယ်လောက် ကြာကြာ သုံးနိုင်သလဲ ဆိုတာ စစ်ဆေး ကြည့်ရပါမယ်။ စစ်ဆေး ကြည့်ဖို့ မလွယ်ကူခဲ့ရင်လည်း အဲဒီ မော်ဒယ် နံပတ်နဲ့ သက်ဆိုင်တဲ့ review တွေ၊ နှိုင်းယှဉ် ဖော်ပြချက်တွေကို  အင်တာနက်ထဲ ကနေ ရှာဖွေ ဖတ်ကြည့်ရ ပါမယ်။

နောက်တချက်ကတော့ အဲဒီ တက်ဘလက်ကို  အင်တာနက် သုံးရုံလောက်ပဲ အသုံးပြုမှလား၊ အလုပ်လုပ်ဖို့ အတွက်  လိုအပ်တာလား ဆိုတာလည်း ထည့်စဉ်းစားရပါမယ်။  တချို့ တက်ဘလက်တွေက Wi-Fi နဲ့ပဲ သုံး လို့ရတာ၊ Sim Card ထည့်သုံးလို့ မရတာမျိုး ရှိနေပြီး၊ ဆင်းကတ်ထည့်ပြီး အင်တာနက်ချိတ် ဆက်သုံးနိုင် တဲ့ တက်ဘလက် အမျိုးအစားက ဈေးပိုပေးရပါ လိမ့်မယ်။

တယ်လီဖုန်းမသုံးတာ့ဘဲ တက်ဘလက်ကိုပဲ ဖုန်းအနေနဲ့ သုံးမယ်။ ဒါမှမဟုတ် တက်ဘလက်မသုံးဘဲ ဖုန်းအကြီးစား Phablet တွေ သုံးမယ် ဆိုတာလည်း ရွေးရပါမယ်။ သင့်အနေနဲ့ အင်းဒရိုက် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တွေနဲ့ Google က ထုတ်လုပ်တဲ့ Nexus ထုတ်ကုန်တွေကို လေ့လာကြည့်သင့် ပါတယ်။

Amazon Kindle

အင်းဒရိုက် ပစ္စည်းတွေဟာ Google Play Store ကနေ app တွေဝယ်ယူသလိုမျိုး Amazon Kindle Fire ပစ္စည်း တွေဟာလည်း Amazon ကနေ လိုအပ်တာတွေ ဝယ်ယူဖို့ လုပ်ဆောင်ပေးထားပါတယ်။ အဲဒီ Amazon Kindle Fire  ပစ္စည်းတွေဟာလည်း အင်းဒရိုက် တက်ဘလက်တွေ ဖြစ်ပါတယ်။ Amazon ကနေ ထောက်ပံ့မှုအများကြီး လုပ်ပေး ထားတဲ့ အရည်အသွေးမြင့် ဟာ့ဒ်ဝဲတွေဖြစ်ပါတယ်။ အမေဇုန်ပစ္စည်းတွေ  အထူးသဖြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်တွေ၊ တီဗွီပြသမှုတွေ၊ သီချင်းတွေ စာအုပ်တွေ ဝယ်ယူဖို့အပြင် App တွေပါ ဝယ်နိုင်ပါတယ်။

တခြား အင်းဒရိုက် ပစ္စည်းတွေ သုံးပြီး ဝယ်လို့ မရအောင် အဲဒီ Kindle Fire ရဲ့ ကိုယ်ပိုင် အမှတ်တွေသုံးပြီး ထိန်းချုပ်ထား ပါတယ်။ အများသုံးတဲ့ PDF Format ကို အလွယ် တကူပြောင်းသုံးလို့  မရတဲ့ အပြင်၊ ဟာ့ဒ်ဝဲ နံပါတ်တွေနဲ့ပါ ထိန်းချုပ်ထားလို့ Kindle Fire ပစ္စည်းတွေသုံးပြီးမှပဲ e-book တွေ ရယူဖတ်နိုင်ပါမယ်။

Kindle Fire ပစ္စည်းတွေဟာ ဈေးမကြီးဘဲ အလွယ်တကူသုံးစွဲ သယ်ဆောင်နိုင်ပါတယ်။ ဘက်ထရီသုံးနိုင်တဲ့ အချိန်လည်း တခြားတက်ဘလက်တွေနဲ့ မကွာပါဘူး။ ဒါပေမဲ့ အဲဒီပစ္စည်းတွေသုံးပြီး အလုပ်လုပ်ဖို့ အတွက် အဆင် မပြေလှဘဲ အမေဇုန်ရဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေ ကြည့်ဖို့၊ ဖတ်ဖို့ အတွက်ဆိုရင်တော့  အဆင်ပြေပါ တယ်။ အဲဒီ Kindle fire ပစ္စည်းတွေ ဒီမှာလည်း ရောင်းချနေတာ တွေ့ရပြီး ပိုက်ဆံ ချေဖို့အတွက် ကြိုတင် ပေးချေထားတဲ့ Pre paid ကတ်တွေ သုံးနိုင်ပါတယ်။

Windows Tablet

နောက်ထပ် ရှိနေတာက Windows Tablet တွေ ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ၈ လက်မ ဝန်းကျင် အသေးစား၊ ၁၀ လက်မ၊ ၁၀.၅ လက်မ အရွယ်အစား နှစ်မျိုး ရှိပါမယ်။ ဈေးလည်း သက်သက်သာသာ၊ သုံးထားတဲ့ ဟာ့ဒ်ဝဲတွေ ကလည်း စွမ်းဆောင်ရည် အသင့်အတင့်ပဲ ရှိတဲ့ Atom CPU, RAM 2 GB, Storage 32 GB, Windows 8.1 ကန့်သတ် ဗားရှင်း သုံးထား ပါလိမ့်မယ်။

ထုံးစံအတိုင်း ဝင်းဒိုးစ်သုံးစွဲသူ တွေအတွက် အဆင်ပြေမယ့် Tablet တွေ ဖြစ်ပါတယ်။ ကျန်နေသေးတာက အင်းဒရိုက် တက်ဘလက်တွေလို Arm CPU နဲ့ Windows RT သုံး တက်ဘလက်တွေ ဖြစ်ပါတယ်။ မိုက်ခရို ဆော့ဖ်က ထုတ်လုပ်တဲ့ Surface Pro တက်ဘလက်တွေမှာ သုံးထားပြီး၊ နောက်ဆုံးထုတ် Surface Pro 2 တက်ဘလက် ကတော့ Laptop အစားထိုး စွမ်းဆောင်ရည်မြင့် တက်ဘလက်ဖြစ်ပြီး i3, i5, i7 CPU, Windows 8.1 (desktop ဗားရှင်း) တွေသုံး ထားပါတယ်။ မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မဝယ်သင့် ပါဘူး။

တက်ဘလက်တွေ အကြောင်း ရေးခဲ့ပြီး ပါပြီ။ အခုရေးထားတာတွေက နည်းပညာပိုင်း ဆိုင်ရာ အချက် အလက်တွေကို နှိုင်းယှဉ်ရေးထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ တက်ဘလက် တလုံး ရွေးသုံးဖို့တော့ အများကြီး အထောက်အကူဖြစ်ပါလိမ့် မယ်။     ။

Loading