၂၀၁၃ ခုနှစ် ကတည်းက အစိုးရပိုင်းက ဦးဆောင်ကာ ဆွေးနွေးနေသည့် အလုပ်သမားများ၏ အနည်းဆုံး လုပ်ခလစာ အပြီးသတ် သတ်မှတ်နိုင်ရေး ကိစ္စသည် ဆွေးနွေးပွဲများနှင့်သာ ခရီးဆက်နေဆဲဖြစ်ပြီး အတည်ပြုနိုင်ရေးမှာ အလှမ်းဝေး ကြန့်ကြာနေသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေသည် ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် အစိုးရ သတင်းစာများမှတဆင့် အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အနည်းဆုံး လုပ်ခလစာကို အမြန်ဆုံး အတည်ပြု သတ်မှတ်မှသာ ၎င်းတို့၏ လစာရရှိမှုနှင့် အခွင့်အရေး ဆိုင်ရာ ကိစ္စများလည်း တန်းတူညီမျှမှု ရှိလာ နိုင်သည့် အတွက် အပြီးသတ် သတ်မှတ်ရေးကို မျှော်လင့် နေကြသော်လည်း ကြန့်ကြာနေသည့် အပေါ် အလုပ်သမား အများစုက ဝေဖန်ပြောဆိုကြသည်။
“အနည်းဆုံး လုပ်ခလစာ သတ်မှတ်တာကို မြန်မြန် ဆန်ဆန်ပြီးမယ် လို့ ထင်ထားခဲ့တယ်။ အတည်ပြုလို့ မပြီး မချင်းကတော့ ကျနော်တို့ အလုပ် သမားတွေရဲ့ တောင်းဆိုမှုတွေ ဆက်တိုက် ဖြစ်နေဦးမှာပဲ လို့ ထင်တယ်။ သတ်မှတ်ချက် ထွက်လာရင်တော့ တမျိုး ဖြစ်လာမှာပေါ့ဗျာ၊ အခုတော့ မိသားစု ဝင်ငွေတွေ သိဖို့ မြို့နယ်တွေ အထိ စာရင်းကောက်မယ် ပြောပြီး လုပ်မယ့်ကိစ္စ နောက်ဆုတ်တယ် လို့လည်း ပြောနေတယ်” ဟု စက်မှုဇုန် အလုပ်သမား တဦးဖြစ်သူ ကိုထွန်းထွန်းနိုင်က ပြောသည်။
နိုင်ငံတဝန်း အလုပ်သမား လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး မရရှိကြသည့် အတွက် ဆန္ဒ ထုတ်ဖော်မှု၊ တောင်းဆိုမှုများ ယနေ့ အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ၂၀၁၁ ခုနှစ် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုများမှ စတင်ကာ ယနေ့အချိန်ထိ ဆန္ဒပြမှုနှင့် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုပေါင်း ၆၀ဝ ခန့်ရှိနေပြီး စက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုများ အများဆုံး ဖြစ်နေသည်။
“ကျနော်တို့လည်း အဲဒါကို တွက်ချက်နေ ကြရတယ်။ စက်မှုဇုန် အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေက ယနေ့ အထိ ဖြစ်နေတာကိုး။ အနည်းဆုံး လုပ်ခလစာ အပြီးသတ် သတ်မှတ်ရေးကတော့ တဦးတည်း အမြင် သုံးသပ်ရရင် ဒီနှစ်အတွင်း မဖြစ်နိုင်သေးဘူး။ လိုအပ်ချက်တွေ ရှိနေတော့ နောက်ကျတာ ဖြစ် ဖြစ်သွားတယ်” ဟု အလုပ်သမား ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲများ ၂ နှစ်နီးပါး ရှိလာခဲ့ပြီးနောက် အနည်းဆုံး လုပ်ခလစာ အပြီးသတ် သတ်မှတ်ရေး အတွက် ကနဦး ခြေလှမ်း အဖြစ် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား လစာငွေ ပေးနိုင်သည့် ပမာဏနှင့် ရလိုသည့် ပမာဏ ညှိနှိုင်းရခြင်း၊ မိသားစု တစုစီ၏ နေ့စဉ် ဝင်ငွေဆိုင်ရာ အချက်အလက်များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်း ပြုစုနေရခြင်း ကိစ္စများကို စတင်တော့မည်ဟု သိရသည်။
ပထမအဆင့် အနေဖြင့် မြို့နယ်ပေါင်း ၁၃၈ မြို့နယ်မှ အိမ်ထောင်စုပေါင်း သောင်းဂဏန်းကျော်ကို ဝင်ငွေ၊ လစာနှင့် နေထိုင်မှုဆိုင်ရာ စစ်တမ်းကောက် ယူမည် ဟု သိရသည်။ သို့သော် ယင်းစစ်တမ်းမှာ ယေဘုယျ ဆန်လွန်းနေသည့် အတွက် လုပ်သားများပြားသည့် နေရာများတွင် အများဆုံး ကောက်ခံရန် ကိုယ်စားလှယ်များက ပြင်ဆင်၍ တင်ပြထားသည် ဟုလည်း သိရသည်။
ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “လုပ်ခလစာ သဘောတူပြီး နောက်ပိုင်းမှာ အလုပ်သမားတွေရဲ့ တခြားအခွင့်အရေး ဆိုင်ရာတွေလည်း ရှိသေးတယ်။ နောက်ပိုင်း တက်လာတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဆွေးနွေးရမှာပေါ့။ သူတို့ တွေရဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးရမှာ ဖြစ်သလို တဆက်တည်း မှာလည်း အလုပ်ရှင်တွေလည်း မနစ်နာအောင် ဆွေးနွေးရမှာ ပေါ့” ဟု ပြောသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် စက်မှုဇုန် အလုပ်သမား အလွှာ၊ ဝန်ဆောင်မှုလုပ်ငန်းများ အလုပ်သမား အလွှာ၊ ပို့ဆောင်ဆက်သွယ်ရေး အလုပ်သမား အလွှာ၊ လယ်ယာစိုက်ပျိုးရေး အလုပ်သမား အလွှာနှင့် ပင်လယ်ရေကြောင်း အလုပ်သမား အလွှာဟု ခွဲခြားသတ်မှတ်သွားရန် ရှိသည်ဟု သိရသည်။
အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားဆိုင်ရာ ကိုယ်စားလှယ်များ၏ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု များမှ ထွက်ပေါ် လာသည့် ရလဒ်များသည် လုပ်ခလစာ အတည်ပြုနိုင်ရေး အတွက် ခြေလှမ်းတခုပင် ဖြစ်ကြောင်း၊ ထို့ကြောင့် သုံးပွင့်ဆိုင် တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်ရမည် ဖြစ်ပြီး လုပ်ခလစာ သတ်မှတ်နိုင်ရန် အချိန်ယူဆောင်ရွက်ရန် လိုအပ်နေ သေးကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးများသို့ တက်ရောက် နေသည့် အလုပ်ရှင်နှင့် အလုပ်သမား ဆိုင်ရာ ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောဆို ကြသည်။
“အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စား လှယ်တွေရဲ့ သုံးပွင့်ဆိုင် သဘောတူပြီးမှသာ အပြီးသတ် အဖြေက ထွက်လာမှာ၊ အားလုံးကတော့ အဖြေတခု မြန်မြန်ထွက်လာ တာကို လိုချင်ကြတယ် ဆိုပေမယ့် မှန်တဲ့ အဖြေ လိုချင်တယ်။ ဆွေးနွေးပွဲ လုပ်တိုင်းမှာတော့ တိုးတက်မှုတွေ ရှိတယ်၊ အတည် ပြုဖို့ ဘာကြောင့် ကြန့်ကြာ နေရသလဲ ဆိုတာတော့ မသုံးသပ်ချင်ဘူး” ဟု အလုပ်ရှင် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
အာဆီယံ နိုင်ငံများတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ဒေသအလိုက် မတူညီသည့် နှုန်းထားများနှင့် သတ်မှတ်ကြသည်ဟု လေ့လာတွေ့ ရှိရကြောင်း၊ နေထိုင်စားသောက်မှု ကုန်ကျစရိတ် စစ်တမ်းများကို ကောက်ယူ ထားကြောင်း၊ လေ့လာ တွက်ချက်ရာတွင် မိသားစုများ၏ လိုအပ်ချက်များ၊ ကုန်ဈေးနှုန်း အခြေအနေများ၊ လက်ရှိ လုပ်ခများ၊ စားဝတ်နေရေး အတွက် ကုန်ကျစရိတ်နှင့် ပြောင်းလဲချက်များ၊ လိုက်လျောညီထွေ ရှိမယ့် လူနေမှု ဘဝ အဆင့်အတန်းနှင့် တဦးချင်းဝင်ငွေ စသည့်ကိစ္စများကို အဓိကထား တွက်ချက်ရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ၏ ၃ ကြိမ်မြောက် အစည်းအဝေးတွင် ပြောဆိုသည်။
“အလုပ်သမားတွေကို လစာ ပိုပေးလိုက်လို့ လုပ်သားတွေရဲ့ စွမ်းရည်တွေ တိုးတက်လာမှာလား ဆိုတာကိုလည်း အလုပ်ရှင်တွေဘက်က တွက်ချက် ကြတယ်။ လုပ်ခလစာ သတ်မှတ်ချက်တွေ ထွက်လာပြီ ဆိုရင်တော့ လုပ်ငန်း စတင် ကတည်းက အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်တွေ ချုပ်ဖို့ အစီအစဉ်တွေ ရှိလာလိမ့်မယ်” ဟု အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာနိုင်ငံရှိ အခြေခံ အလုပ်သမားတဦး၏ တနေ့တာရရှိသော လုပ်အားခသည် ပျမ်းမျှအားဖြင့် ၅၈၀ ကျပ် (ဝ ဒသမ ၅၈ ဒေါ်လာ) သာရှိနေသည့် အတွက် အာဆီယံ ဒေသတွင်း နိုင်ငံများ အတွင်း အနည်းဆုံး ဖြစ်နေသည်ဟု ပိုလန်နိုင်ငံ အခြေစိုက် စီးပွားရေး အကြံပေး အဖွဲ့အစည်းတခုက ၂၀၁၃ ခုနှစ် အတွင်းက လေ့လာခဲ့သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် အခြေခံလုပ်အားခ တနေ့လျှင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာမှ ၇ ဒေါ်လာကြား၊ ထိုင်းတွင် ၉ ဒေါ်လာမှ ၁၀ ဒေါ်လာ၊ ဗီယက်နမ်တွင် ၃ ဒေါ်လာ၊ မလေးရှားတွင် ၉ ဒသမ ၈၁ ဒေါ်လာ၊ ကမ္ဘောဒီးယားတွင် ၂ ဒသမ ဝ၃ မှ ၂ ဒသမ ဝ၅ ဒေါ်လာ၊ အင်ဒိုနီးရှားတွင် ၂ ဒေါ်လာမှ ၅ ဒေါ်လာ၊ ဟောင်ကောင်တွင် ၂၈ ဒသမ ၈၇ ဒေါ်လာ၊ လာအို တွင် ၃ ဒသမ ၃၃ ဒေါ်လာမှ ၄ ဒသမ ဝ၈ ဒေါ်လာ နှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၉ ဒသမ ၇၂ ဒေါ်လာမှ ၁၀ ဒသမ ၆၀ ဒေါ်လာ ခန့်ရှိသည်ဟု သိရသည်။
“ကျနော်တို့ ကတော့ လုံလုံလောက်လောက် လိုချင်တာပေါ့၊ အလုပ်သမားတိုင်း ကတော့ ဒီလိုပဲ ပေါ့လေ။ ဒါပေမယ့် ကျနော်တို့ လိုချင်တာချည်းပဲ ကြည့်မနေဘဲ အလုပ်ရှင်တွေဘက်ကိုလည်း ကြည့်ရမယ် ထင်တယ်။ အခုကတော့ တယောက်နဲ့ တယောက် ရတဲ့လစာ၊ အခွင့်အရေးချင်းက မတူတော့ ဆန္ဒပြမှု တွေ ဖြစ်နေရတာ” ဟု Master Sports စက်ရုံ အလုပ်သမားဖြစ်ခဲ့သူ ကိုထွန်းထွန်းနိုင်က ပြောပြ သည်။
စက်မှုဇုန် အလုပ်သမားများသည် တနေ့လျှင် အလုပ်ချိန် အနည်းဆုံး ၈ နာရီမှ အများဆုံး ၁၄ နာရီအထိ လုပ်ကိုင်ကြရပြီး အခြေခံလစာ ရရှိမှုမှာ ပျမ်းမျှအားဖြင့် ၄၀ဝဝဝ မှ ၅၀ဝဝဝ ကျပ် ဝန်းကျင်နှင့် ပျက်ရက် မရှိမှု၊ ဆုကြေးနှင့် အချိန်ပို ဆင်းငွေ စသည်ဖြင့် ရရှိကြသည်ဟု သိရသည်။
အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၄၉ မြို့နယ်မှ မိသားစု ၃ ဦးနှင့် အထက် ရှိသော အလုပ်သမားများအား စစ်တမ်းကောက်ယူချက် အရ အခြေခံလုပ်သား တဦး၏ နေ့စဉ် လုပ်ခလစာသည် ၇၀ဝ၀ ကျပ် ရရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ငွေပမာဏသည် သားသမီး ရှိသည့် ဝန်ထမ်းအဆင့် အထိ တွက်ချက် ထားကြောင်း သိရသည်။
“အလုပ်ရှင်တွေ ဘက်ကတော့ ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကျပ် ဝန်းကျင်လောက်ဆို ဖြစ်နိုင်မယ် ဆိုပြီး အရင်တုန်းကတော့ ပြောနေသံတွေ ကြားတယ်။ ဒါပေမယ့် အားလုံး ဆုံပြီး ဆွေးနွေးကြရမှာ ပေါ့” ဟု အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဆိုသည်။
အလုပ်ရှင်များက အခြေခံ လုပ်ခလစာ သတ်မှတ်ရေးမှာ လုပ်ငန်းအခြေအနေ၊ လုပ်ငန်းအဆင်ပြေမှု၊ မပြေမှု အပေါ် မူတည်သည့် အတွက် တပြေးညီ သတ်မှတ်ရေးမှာ လက်တွေ့ကျရန် မလွယ်ကူကြောင်း သိရသည်။
အခြေခံလစာ သတ်မှတ်ပေးရန် ဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အခြေအနေကို လေ့လာရ သကဲ့သို့ လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်ရမှု စရိတ်၊ နိုင်ငံတော်သို့ ပေးသွင်းနေရသည့် အခွန်နှုန်းများနှင့် ကုန်ထုတ်လုပ်မှု စရိတ် စသည့် အချက်အလက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
“ပြည်တွင်းကို ဝင်လာတဲ့ လုပ်ငန်းရှင်တွေကလည်း ဒီကို ဈေးသက်သာလို့ ဝင်လာကြတာ။ လစာကိစ္စ ဖြစ်လာရင်တော့ သူတို့ ရင်ဆိုင်ရမှာပဲ။ အစိုးရကတော့ အလုပ်သမားတွေ ပြေလည်အောင်၊ အလုပ်ရှင်တွေ လုပ်ခဈေးတက်လို့ ဆိုပြီး ပိတ်မသွားအောင် သတ်မှတ်ရင် ကောင်းမှာပေါ့” ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။
ဆန္ဒပြမှုများ အများဆုံး ဖြစ်ပွားသည့် လှိုင်သာယာ စက်မှုဇုန် တခုတည်းတွင် တရားဝင် မှတ်ပုံတင် ထားသည့် စက်ရုံ အလုပ်သမားဦးရေ ၆၀ဝဝဝ ကျော် ရှိကြောင်း၊ တခြား အသေးစားနှင့် အလတ်စား လုပ်ငန်းများပါ ထည့်တွက်မည် ဆိုပါက တသိန်း ဝန်းကျင်ခန့် ရှိကြောင်း ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကောက်ယူခဲ့သည့် စာရင်းအရ ၂၀၁၂ ခုနှစ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီများ၊ အလုပ်ရုံများတွင် အလုပ် လုပ်နေကြသူများသည် ၈၉၅၅၉၇ ဦးရှိသည်။ ၂၀၁၄ ခုနှစ် ဇွန်လကုန် တွင် ကောက်ခံထားသည့် စာရင်းအရ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းဦးရေ ၉၀၃၃၆၆ ဦးရေ ရှိပြီး နိုင်ငံတွင်း အလုပ် လက်မဲ့ ဖြစ်နေသူများကို ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ဝ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု တွက်ချက်ထားကြောင်း အလုပ် သမား ဝန်ကြီးဌာနမှ သိရသည်။ ။