ဆယ်ကျော်သက်၊ မြီးကောင်ပေါက်၊ လူငယ် ဆိုတာကို အမျိုးမျိုး အမည်တပ် ခေါ်ဝေါ်ကြပေမယ့် လူကြီး မဖြစ်သေးမီနဲ့ ကလေးဘဝ ကျော်လွန်လာခါစ အရွယ်ဆိုတာတော့ ယေဘုယျ သတ်မှတ်ထားကြတာပါ။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကတော့ ဆယ်ကျော်သက်၊ မြီးကောင်ပေါက် (Adolescents) ဆိုတာကို ၁၀ နှစ်ကနေ ၁၉ နှစ်အရွယ် လူငယ်တွေလို့သတ်မှတ် ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ အဲဒီအရွယ် ၁ ဒသမ ၂ ဘီလီယံလောက် ရှိပြီး ကမ္ဘာ့ လူဦးရေရဲ့ ၅ ပုံ ၁ ပုံ ရှိနေကာ အရေအတွက်က ပိုပိုတိုးလာနေတာ တွေ့ရပါတယ်။
ဆယ်ကျော်သက်၊ မြီးကောင်ပေါက် လူငယ် ဘဝဆိုတာက ကလေးသူငယ် အဖြစ်ကနေ လူကြီးဆိုတဲ့ ဘဝကို သွားနေတဲ့ ခရီးတခုပါပဲ။ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားမှုပိုင်းတွေ အားလုံးလည်း ပြောင်းလဲ သက်ဝင်စ အရွယ်ပေါ့။
ခန္ဓာကိုယ် ကြီးထွားလာသလို စိတ်ထဲမှာလည်း စူးစမ်းလိုစိတ်တွေ၊ မေးခွန်းတွေ စတင်လာကြတဲ့ အရွယ်ပေါ့။ လွတ်လပ်စွာ နေလိုတဲ့ စိတ်တွေလည်း စတင်လာ ကြပြီပေါ့။ ဒီအရွယ်မှာ အပြောင်းအလဲတွေနဲ့ အတူ သူတို့ရဲ့ ဖြစ်တည်လိုခြင်းတွေ အတွက် သင်ယူဖို့ရာ အထောက်အကူ နည်းမှန်လမ်းမှန်တွေ လိုအပ်တာတော့ အသေအချာပါပဲ။
ဆယ်ကျော်သက်၊ မြီးကောင်ပေါက် ဆိုတာက ကလေး မဟုတ်တော့ပေမယ့် လူကြီးလည်း မဖြစ်သေးဘူး ဆိုတာတော့ သတိပြုရမှာပါ။ အန္တရာယ်ရှိတဲ့ အပြုအမူတွေရဲ့ နောက်ဆက်တွဲတွေကို မစဉ်းစားမိဘဲ စွန့်စားလုပ်ဆောင်တတ်ကြ တာလည်း သဘာဝပါ။ သူတို့အရွယ်တွေက ကျန်းမာကြံ့ခိုင်တယ်၊ အသက် အန္တရာယ်နဲ့ ဝေးပါတယ်လို့ ကလေး သူငယ်တွေ၊ အိုမင်းမစွမ်းတွေနဲ့ နှိုင်းယှဉ်ထင်မြင်လေ့ ရှိကြပါတယ်။
ဒါပေမယ့် ကမ္ဘာကြီးမှာ တနှစ်ကို ၁၀ နှစ်နဲ့ ၁၉ နှစ်အကြားအရွယ်တွေ ပျမ်းမျှ ၁ ဒသမ ၇ သန်းလောက် သေဆုံး နေကြရ ပါတယ်။ ဘာကြောင့်လဲ ဆိုတာကို ဆန်းစစ်တော့ မတော်တဆ ထိခိုက်မှု၊ အကြမ်းဖက်မှု၊ ကိုယ်ဝန်ဆောင်နဲ့ ဆက်စပ်တဲ့ရောဂါ စတဲ့ ကာကွယ်လို့ ရတဲ့ ပြဿနာတွေကြောင့် ပါပဲ။
ဒါကလည်း ဒီအရွယ်တွေရဲ့ သဘာဝအရ ဆူညံအုံကြွတာတွေ၊ ထိတ်လန့် တုန်လှုပ်ဖွယ် စွန့်စားခန်းတွေကို တပ်မက် ရူးမူးကြလို့ ဖြစ်သလို လောကကြီးမှာ အရာရာက ကိုယ်တွေးထင်ထားသလို၊ အိပ်မက်နေသလိုပဲ ဖြစ်နေလိမ့်မယ် ဆိုတဲ့အတွေးနဲ့ ကိုယ်လုပ်သမျှ ဘယ်အရာကမှ ဟန့်တားလို့ မရဘူး ဆိုတဲ့ စိတ်ကူးတွေကြောင့် ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့အရွယ်တွေမှာ ရှိတတ်၊ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ ကိုတော့ သိထားသင့် ကြတာပေါ့။
အာဟာရ
တကယ်တော့ မြီးကောင်ပေါက် အရွယ်တွေမှာ ကျား၊ မ မရွေး ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန် လွန်းနေတာ ကြောင့် သာမန်ထက်ပိုပြီး အာဟာရ ဓာတ်တွေ ဖြည့်တင်းရမှာပါ။ အာဟာရ လိုသလောက် မရရင်၊ အထူးသဖြင့် မိန်း ကလေးတွေမှာ ပျိုဖော်ဝင် နောက်ကျတာ၊ ဆီးခုံအရိုးကွင်း သေးငယ်တာတွေ ကြုံရတတ်ပါတယ်။ ဆယ်ကျော်သက် ကာလ အာဟာရချို့တဲ့ရာက မိခင်ဖြစ်လာရင် ပေါင်မပြည့်တဲ့ ကလေး မွေးဖွားတာနဲ့ သွေးအားနည်းတာတွေက မလွဲ မသွေ ကြုံနိုင်ပါတယ်။
ဆယ်ကျော်သက်ကာလ အမျိုးသမီးလေးတွေမှာ ဓမ္မတာ လာတာကလည်း စတင်နေပြီမို့ သံဓာတ်လို အာဟာရ ဖြည့်တင်းမှု ပိုလိုလာပါတယ်။ ဒါတွေကို သိနားလည်ဖို့ရာ ဆယ်ကျော်သက် ကာလတွေမှာ သဘာဝတရား အကြောင်း နဲ့ အာဟာရ လိုအပ်ချက်အကြောင်းတွေ ပံ့ပိုးအသိပေးဖို့၊ ဗဟုသုတ ပြောဆိုညွှန်ပြပေးဖို့ အထောက်အကူတွေ လိုအပ်တာ အမှန်ပါပဲ။
ကိုယ်ဝန်ပြဿနာ
မြီးကောင်ပေါက်တွေရဲ့ သဘာဝ အတိုင်း စိတ်အလိုလိုက်၊ မိုက်ရူးရဲဆန်မှုတွေ ကနေ အသက်ငယ်ငယ်နဲ့ မလိုအပ်ဘဲ ကိုယ်ဝန်ဆောင်ရတာကြောင့် အသက်အန္တရာယ် ထိခိုက်စေတဲ့ ကိုယ်ဝန်ဖျက်ချတာ မျိုးက ဖွံ့ဖြိုးပြီးရော၊ ဖွံ့ဖြိုးဆဲရော နိုင်ငံ အားလုံးမှာ ကြုံတွေ့ရ များတဲ့ ပြဿနာ တခုပါပဲ။
မြို့ပြဆန်တဲ့ တိုးတက်မှုတွေ မြန်ဆန်လာတာ၊ ထုံးတမ်းစဉ်လာ မိသားစုဖွဲ့စည်းပုံ ယိုယွင်းလာတာ၊ အင်တာနက်တွေ၊ မီဒီယာတွေ ကနေ အရွယ်မတိုင်မီ လိင်နဲ့ ပတ်သက်တဲ့ အကြားအမြင်တွေ တွေ့ထိလာတာ တွေက ပြဿနာရဲ့ ရင်းမြစ်လို့ ဆိုနိုင်ပါတယ်။
လိင်ပညာပေးမှုကို စနစ်တကျ မလုပ်ဆောင်နိုင်တာ ကလည်း အကြောင်းကြီး တခုပါပဲ။ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေ ကိုယ်ဝန်လွယ်ရပြီ ဆိုရင် အရွယ်ရပြီး အမျိုးသမီး တွေထက် ၅ ဆ လောက် ပိုပြီး သေနှုန်းများတယ် ဆိုတာ တိကျတဲ့ သုတေသန တွေ့ရှိချက်တွေရဲ့ အဆိုပါပဲ။
အမူအကျင့်ဆိုင်ရာ ရောဂါအထွေထွေ
မြီးကောင်ပေါက်တွေ လက်တည့်စမ်းတတ်တဲ့ အမူအကျင့်တွေက များသလို၊ အဲဒီ အကျိုးဆက် ဝေဒနာတွေ ကလည်း ဆယ်ကျော်သက်မှာ တွေ့ရတာပါပဲ။ အမူအကျင့်ဆိုးတွေ ဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အစားအသောက်ကို ဖြစ်သလို စားတာ၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ လိင်ကိစ္စနဲ့ ပတ်သက်တာ စတဲ့ အပြုအမူတွေရဲ့ ရလဒ်တွေက ဆယ်ကျော်သက် ကာလမှာ တွေ့ရတတ်တဲ့ ဝေဒနာ အများစုပါပဲ။
မြီးကောင်ပေါက် လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကိစ္စမှန်သမျှက ရူးသွပ်စွဲလမ်း နေတဲ့ အမူအကျင့်ဆိုးတွေ ပါပဲ။ ဒီအမူအကျင့်ဆိုးတွေ စတင်မိ တတ်တာကလည်း အတူတွဲ အပေါင်းအသင်းတွေရဲ့ ဖိအားကြောင့် အားနာ လိုက်လျောတာ၊ စမ်းပြီး သုံးကြည့်ချင်လို့ တခါတရံ လုပ်ကြည့်တာမျိုးတွေ ပါပဲ။
တွေ့ရအများဆုံး အမူအကျင့်ဆိုး ကတော့ ဆေးလိပ်သောက်တဲ့ အကျင့်ပါပဲ။ ပုံမှန် ဆေးလိပ် သောက်ဖြစ်နေသူ အားလုံးနီးပါးက ဒီအလေ့အကျင့်ကို အသက် ၁၈ နှစ်ပတ်ဝန်းကျင်မှာ စတင်ခဲ့ကြတာ ချည်းပါပဲ။ အဲဒီသူတွေပဲ ဆေးလိပ် သောက်တာကို ဆက်ပြီး အကျင့်ဖြစ်လာတဲ့ အခါ ဆေးလိပ်နဲ့ဆက်စပ်တဲ့ ရောဂါနဲ့ပဲ သေဆုံးကြတာပါပဲ။
သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါတွေနဲ့ မြီးကောင်ပေါက် အရွယ်ကတည်းက ဆေးလိပ် သောက်သုံးတာက အတိအကျ ဆက်စပ်နေတာကို သုတေသနတွေ အရ သိရပါတယ်။
ဆေးသုတေသန တွေက ၂၀၃၀ ပြည့်နှစ်လောက် ကျရင် ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါကြောင့် လူ ၁၀ သန်းလောက် သေဆုံးနိုင်ပြီး အဲဒီအထဲက ၇၀ ရာခိုင်နှုန်း ကျော်ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြ ပါတယ်။ မြီးကောင်ပေါက် အရွယ်တွေ ဆေးလိပ်မသောက်ဖို့ အထိရောက်ဆုံး တားမြစ်နည်းကို ကြံဆကြတော့ လည်း ၁၈ နှစ်အောက်တွေကို ဆေးလိပ်မသောက်ရ၊ ဆေးလိပ်မရောင်းရ ဆိုတဲ့ ဥပဒေတွေလောက်နဲ့ အလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။
စီးကရက်ကြော်ငြာတွေ တားမြစ်တာ၊ ဆေးလိပ်နဲ့ ပတ်သက်ရင် အခွန် အခတွေ တိုးမြှင့်တာ၊ ကျောင်း၊ တက္ကသိုလ်နဲ့ အားကစားကွင်းတွေမှာ ဆေးလိပ်မသောက်ရ ဧရိယာအဖြစ် သတ်မှတ်တာတွေ ပူးတွဲလုပ်ဆောင်မှ ထိရောက်တယ် လို့ ဆိုပါတယ်။
မြီးကောင်ပေါက် လူငယ်တွေမှာ ဖြစ်နိုင်ခြေ အများဆုံး ပြဿနာတခုကတော့ မတော်တဆ ထိခိုက်ဒဏ်ရာရမှုတွေပါပဲ။ အထူးသဖြင့် ယောက်ျား လေးတွေပေါ့။ မြို့ပြတွေမှာ ယာဉ်အန္တရာယ်၊ ကားအန္တရာယ် အကြုံရဆုံး အရွယ်တွေပါပဲ။ ဆင်ခြင်တုံ တရား မပြည့်ဝသေးမီမှာ နမော်နမဲ့၊ ဆောင့်ကြွားကြွား ယာဉ်မောင်းတာတွေ၊ လမ်းမပေါ်မှာ ထီမထင်လုပ် တာတွေ ကနေ ဒီပြဿနာတွေ ဖြစ်ရတာပါ။
ယာဉ်စည်းကမ်းတွေကို ငယ်ငယ်ကတည်းက သိနားလည်အောင် သင်ကြားပေးတာမျိုးနဲ့ လုံခြုံစိတ်ချရတဲ့ ယာဉ်အန္တရာယ် လျော့ကျရေး အစီအစဉ်တွေ အများကြီး လုပ်ပေးနိုင်မှသာ ပြေလည်မယ့် ပြဿနာပါပဲ။
နောက်ပြဿနာ တခုကတော့ HIV/AIDS နဲ့ လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ ရောဂါတွေ ပေါ့။ လိင်ကြောင့် ဖြစ်တဲ့ ရောဂါတွေက နှစ်စဉ် လူငယ် ၂၀ မှာ တယောက်နှုန်းတော့ ဖြစ်နေကြတယ် ဆိုပါတယ်။ HIV/AIDS ကတော့ ကမ္ဘာ တဝန်း ပျံ့နှံ့နေရာမှာ မြီးကောင်ပေါက် အရွယ်တွေထဲက တနေ့ကို ၇၀ဝ၀ လောက်က ရောဂါကူးစက် ခံနေရတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ လိင်ဆိုင်ရာ အကြမ်းဖက် ခံနေရတာကလည်း အကြောင်းတခု ပါပဲ။ မိန်းကလေးတွေ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ်တွေက အန္တရာယ် အများဆုံးလို့ ဆိုပေမယ့် ယောက်ျား လေးတွေ လည်း အန္တရာယ် ရှိတာပါပဲ။ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေရဲ့ အခွင့်အရေး အတွက် ပြဋ္ဌာန်းထား တာတွေ ရှိပေမယ့် အန္တရာယ် ကြုံနေကြရတာပါပဲ။
ဆယ်ကျော်သက် အရွယ် အိုးအိမ်မဲ့တွေ၊ မြို့ကြီးတွေရဲ့ လမ်းဘေးနေ ဘဝတွေ၊ သဘာဝ ကပ်ဘေးကြောင့် ဒါမှ မဟုတ်၊ အာဏာပိုင်တွေရဲ့ အဓမ္မ ပြောင်းရွှေ့မှုကြောင့် အိမ်ခြေရာခြေ မဲ့သွားတဲ့ လူငယ်တွေဆို ပိုပြီးဆိုးရွားတဲ့ အနေအထားကို တွေ့ရတာပါ ပဲ။
ကမ္ဘာပေါ်မှာ လိင်ကဏ္ဍကို ကုန်သွယ်မှုတခုလို လုပ်ပြီး လူငယ်တွေကို ခေါင်းပုံဖြတ်တဲ့ စီးပွားရှာမှုတွေ ကလည်း တရားခံ ပါပဲ။ လူငယ် ကျား၊ မတွေကို ပြည့်တန်ဆာဘဝ သွတ်သွင်းတာလည်း ကြားသိနေ ရတာပါ။ အစိုးရပိုင်းကနေ အဲဒီလို လူငယ်တွေ အတွက် ထိရောက်တဲ့ အကူအညီပေး ကယ်တင်မှုတွေနဲ့ ပညာသင်ယူစေမှုတွေ လုပ်ဆောင်ပေး တဲ့ နိုင်ငံတွေမှာတော့ သက်သာရာ ရကြပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
ဆယ်ကျော်သက် အရွယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ စတင်တာက သဘာဝတခုလို ပါပဲ။ အထူးသဖြင့် လူငယ်တွေမှာ စိတ်ကျရောဂါ ဖြစ်လေ့ ရှိပြီး ဒါကလည်း ကိုယ့်ကိုယ်ကိုယ် နိမ့်ကျသလို ခံစားရတာမျိုး ကနေ ဖြစ်တတ် တာပါ။ စိတ်ကျရောဂါက ကြေကွဲစရာ နောက်ဆက်တွဲ အဖြစ် မိမိကိုယ်မိမိ အဆုံးစီရင်မှုကို ဖြစ်စေတာမို့ နှစ်စဉ် ကမ္ဘာမှာ လူငယ် ၉၀ဝဝဝ လောက်က သေကြောင်းကြံမှု လုပ်ကြတာ တွေ့ရပါသတဲ့။
တခြား စိတ်ဝေဒနာဖြစ်တဲ့ စိုးရိမ်လွန်မှု၊ အစားအသောက်မှု မမှန်ခြင်း ဆိုတာတွေ ကလည်း ဒီအရွယ်တွေမှာ တွေ့ရ တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေး ပြဿနာအများစု ကတော့ အမူအကျင့် ဆိုင်ရာ မူမမှန်တာတွေ ကြောင့် ဖြစ်ရတာတွေပါ။
ကလေးဘဝကနေ ဆယ်ကျော်သက်ကို ဝင်ရောက် လာချိန်မှာ သူတိုရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တွေကို အိမ်မှာရော၊ ကျောင်းမှာပါ ဂရုတစိုက် သွန်သင်ပေးနိုင်မှသာ လူငယ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ သူတို့ အရွယ်နဲ့ သင့်လျော်မယ့် အခြေအနေတွေကို ကျောင်းမှာ၊ အိမ်မှာ ကုစားတာမျိုးက အစ ဖန်တီးပေးနိုင်မှ အဆင်ပြေမှာပါ။ ကျောင်းသားနဲ့ ဆရာ အကြား ဆက်ဆံရေး ကောင်းမွန်မှုက အဓိကကျတဲ့ နေရာမှာ ပါဝင်ပါတယ်။
ခြုံငုံကြည့်လိုက်ရင် ဆယ်ကျော်သက် မြီးကောင် ပေါက်တွေမှာ သင့်တင့်လုံလောက်တဲ့ အာဟာရ ရရှိဖို့၊ ကျောင်း ပညာရေး ကလည်း အရည်အသွေး မြှင့်တင်ပေးတဲ့ စနစ်ကို ဦးတည်ဖို့က သူတို့ရဲ့အနာဂတ်မှာ အရေးကြီးပါတယ်။ ဒီအတွက် မိဘအုပ်ထိန်းသူရော၊ ကျောင်းက ဆရာ ဆရာမတွေရောက ဆယ်ကျော်သက်တွေနဲ့ ပတ်သက်ပြီး နားလည် ပံ့ပိုးပေးနိုင်ဖို့က အဓိကပါပဲ။
ဒါမှလည်း ဆယ်ကျော်သက်ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းပြီး ရင့်ကျက်တဲ့ လူကြီးဘဝကို ရောက်မှာပါ။ အစိုးရဘက် ကလည်း ဒီလို အခြေအနေတွေ ဖြစ်လာအောင် စနစ်ကို ဖော်ဆောင်ပေးဖို့ အသိတရားနဲ့ စေတနာရှိမှသာ အရေးအကြီးဆုံးဖြစ်တဲ့ လူ့ဘဝအတွက် အကူးအပြောင်း ကာလ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေး ပြဿနာတွေ ပြေလည်ပြီး တိုင်းပြည် အတွက် ဆိုတာလည်း ကျွဲကူးရေပါ အနာဂတ်လှမယ် မဟုတ်ပါလား။ ။