မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ဗဟိုချုပ်ကိုင်မှုပုံစံနှင့် နှစ်ပေါင်း ၅၀ ကျော် ကိုင်တွယ်လာ ပြီးနောက် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစား သည့်အနေနှင့် ပညာရေးစနစ် တခုလုံးကို ပြောင်းလဲနိုင်ရေး အမျိုးသားပညာရေး ဥပဒေတရပ် ကို ကျောင်းသားသမဂ္ဂများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည်။
အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေသည် ပညာရေး လွတ်လပ်ခွင့် အပြည့်အဝ ပေးနိုင်ကြောင်း အစိုးရပိုင်းက ကတိပြု ထောက်ခံချက်များ ပေးနေသော်လည်း ကျောင်းသား များ၊ ဆရာများ၊ ပညာရှင်များနှင့် ပြည်သူ လူထုကြားတွင် ယခုပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု အပြည့်အဝ ပါဝင်နေသည်ဟု ဝေဖန်ကန့်ကွက်နေကြသည်။
ယင်းကန့်ကွက်မှုများထဲတွင် မကြာသေးမီ ရက်ပိုင်းက ကျောင်းသားထုတရပ်လုံး၏ အမျိုးသား ပညာရေး ဥပဒေအပေါ် ကန့်ကွက်ဆန့်ကျင်မှုက အမြင့်ဆုံးဖြစ်လာခဲ့ပြီး ပညာရေးလွတ်လပ်ခွင့် လုံးဝ မရှိသော၊ ဒီမိုကရေစီနည်းစနစ်မကျသော အမျိုးသား ပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် ကျောင်းသားများက တောင်းဆိုကြသည်။
နိုဝင်ဘာ လ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၀ဝ နီးပါးက ရန်ကုန်မြို့၏ အထင်ကရ နေရာများစွာကို သွားရောက်ပြီး လေးရက်ကြာ ကျောင်းသားသပိတ်ကို ဆင်နွဲခဲ့ကြသည်။ ကျောင်းသားများ၏ သပိတ် မှောက် ဆန္ဒပြ တောင်းဆို မှုကို ပရဟိတ လူငယ်အဖွဲ့အစည်းပေါင်း လေးဆယ် ကျော်နှင့် ဆရာ၊ ဆရာမ သမဂ္ဂ အဖွဲ့ အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများက ထောက်ခံအားပေးကြသည်။
အမျိုးသားပညာရေး ဥပဒေသည် စစ်အာဏာရှင် အဆက်ဆက်က ဥပဒေမရှိဘဲ ကျင့်သုံးခဲ့သည့် ညွှန် ကြားချက်များကို ပြန်လည်အသက်သွင်းနေသည်ဟု ယူဆရသည့်အတွက် ကျောင်းသားများမှာ လက်မခံနိုင်ခြင်း ဖြစ်ကြောင်း မဖြိုးဖြိုးအောင် က ပြောသည်။
သို့သော်လည်း အစိုးရဘက်မှ တာဝန်ရှိသူများကတော့ ယခုရေးဆွဲသည့် အမျိုးသားပညာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု လုံးဝမပါဝင်ကြောင်း ရဲရဲဝံ့ဝံ့ ချေပပြောဆိုနေကြသည်။
“ဒီဥပဒေအတိုင်း ကျင့်သုံးတယ်ဆိုရင် အမျိုးသား ပညာရေး ဥပဒေဟာ ဗဟိုချုပ်ကိုင်မှုစနစ် လုံးဝ မပါဘူးလို့ ပြောရဲတယ်။ ဗဟိုချုပ်ကိုင်မှု မလိုချင်လို့ ဒီဟာကိုရေးဆွဲတာ။ သို့သော် ဗဟိုချုပ်ကိုင်မှုဆိုတာ ဒီနေ့၊ မနက်ဖြန် တခါတည်း လျှော့ချ လိုက်လို့ မရဘူး။ အချိန်ယူပြီး ဗဟိုချုပ်ကိုင်မှုကို အဆင့်ဆင့် လျှော့ချသွားရမယ်” ဟု ပညာရှင် အကြံပေးအဖွဲ့ နာယက ဆရာကြီး ဦးသန်းဦးက အဆင့်မြင့်ပညာ ရေးဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
အမျိုးသားပညာရေး ဥပဒေသည် တက္ကသိုလ် ပညာရေး တခုတည်းကို ရည်ရွယ်ရေးဆွဲထားခြင်း မဟုတ်ဘဲ မူကြိုအရွယ်၊ ဘုန်းတော်ကြီးသင် ပညာရေး၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်၊ အသက်မွေး ဝမ်းကျောင်း ပညာရေး၊ ဆရာ အတတ်သင်ပညာရေး၊ နည်းပညာ၊ ဆေးပညာ၊ ပါရဂူအဆင့် အပါအဝင် ပညာရေးစနစ် တခုလုံးအတွက် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေအရ အမျိုးသား ပညာရေး ကော်မရှင်တရပ်ကို အရင်ဆုံး ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မရှင်တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တဦးဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား ပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ ဝင်များအဖြစ် ပါဝင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းကော်မရှင်ဖွဲ့စည်းမှုတွင် အစိုးရဝန်ကြီးများ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းကပင် မလွတ်လပ်သော ပညာရေးကော်မရှင်အဖွဲ့အဖြစ် ကျောင်းသားများက ထောက်ပြပြောဆိုနေကြသည်။
“Mother Law ဥပဒေမှာတော့ ဘယ်လိုဖွဲ့ရ မလဲပဲပါမယ်။ နောက်ထွက်လာမယ့် နည်းဥပဒေမှာ အသေးစိတ် ရေးဆွဲထားနိုင်တယ်။ ဒါပေမယ့် အခု ကော်မရှင်တို့၊ ကော်မတီတို့ ဖွဲ့ရမယ်လို့ ဆိုထားတဲ့ ဥပဒေတိုင်းကတော့ တကယ်ဖွဲ့ပြီဆို အစိုးရဘက်တော်သားတွေ များနေတာပဲ။ အခု ဒီဥပဒေက ဆိုထားတာကို ကြည့်မယ်ဆိုရင်လည်း အစိုးရဘက်အပိုင်းက လူဦးရေများနိုင်တယ်” ဟု တရားလွှတ်တော် ရှေ့နေတဦးက ဆိုသည်။
အမျိုးသားပညာရေး ဥပဒေအရ အစိုးရဝန်ကြီး အများစုပါဝင်သော အမျိုးသားပညာရေး ကော်မရှင်သည် ပေးအပ် ထား သော လုပ်ပိုင်ခွင့်ဖြင့် ပညာရေးစနစ်ကြီး တခုလုံးကို အစိုးရက လိုသလို စိတ်ကြိုက် ဖန်တီးနိုင်သော အာဏာ ရှိနေသည်။ ထိုအချက်ကလည်း ကျောင်းသားအများစု ဆန့်ကျင်ကန့်ကွက် နေသော အဓိကအချက်ကြီး တခုပင်ဖြစ်သည်။
ထို့ပြင် အမျိုးသားပညာရေး ဥပဒေအရ အမျိုး သားပညာရေး ကော်မရှင်သည် ပညာရေးမူဝါဒများ ရေးဆွဲရုံသာမက ပညာရေးအတွက် ဘဏ္ဍာငွေခွဲဝေ သုံးစွဲမှုများတွင်ပါ အဓိက ဝင်ရောက် ကိုင်တွယ်နိုင်သော အခွင့်အရေးရှိနေပြီး ပြည်တွင်း ၊ ပြည်ပ ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်း နှင့် ပိတ်သိမ်းခြင်း ဆိုင်ရာမူဝါဒများ ချမှတ်ခြင်းဟု ဖော်ပြ ထားသည့်အတွက် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း အပါအဝင် ပုဂ္ဂလိပညာရေး စနစ်တခုလုံးကို ကော်မရှင် ၏ အာဏာတွင် ထားရှိထားသည်။
အမျိုးသားပညာရေး ဥပဒေ အခန်း ၃ အမျိုးသား ပညာရေးဆိုင်ရာ အခြေခံမူများ၏ ပုဒ်မ ၄၊ အပိုဒ်ခွဲ (ဆ) တွင် “တက္ကသိုလ် နှင့် ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည် ရေး” ဟု လည်းကောင်း၊ အခန်း ၅၊ အမျိုးသား ပညာရေးစနစ်၊ ပုဒ်မ ၂၆ တွင် “အဆင့်မြှင့်ပညာရေး ကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေး စနစ်ကို ကျင့်သုံးရမည်” ဟု လည်း ကောင်း ပြဋ္ဌာန်း ထားသော်လည်း ပုဒ်မ ၂၇ တွင် အဆင့်မြှင့်ပညာရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက် နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လွတ်လပ်စွာ ရပ်တည်သော အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို အမျိုးသားပညာရေး ကော်မရှင်က ဖွဲ့စည်းပေးရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။ ဥပဒေရှေ့ပိုင်းတွင် တက္ကသိုလ်ပညာရေး ကို လွတ်လပ်ခွင့် ပေးထားသယောင် တက္ကသိုလ်များကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် အပြည့်အဝပေးမည်ဟု ဆိုထားသော် လည်း ဥပဒေနောက်ပိုင်းတွင် အဆင့်မြင့်ပညာ သင်ကြားမည့် တက္ကသိုလ်၊ ကောလိပ်များကို အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်းဖြင့် ပြန်လည်ချုပ်ကိုင်ထားသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက “ဗဟိုထိန်းချုပ်မှုပါသလား၊ မပါဘူးလားဆိုတာထက် ကျနော့် အနေနဲ့ဆို ပုဒ်မ ၂၆ တခု တည်းနဲ့ကို ကျေနပ်နေတာ။ ပုဒ်မ ၂၆ က ဘာလဲဆို တက္ကသိုလ်မှာ လွတ်လပ်စွာ ကိုယ်ပိုင် စီမံခန့်ခွဲခွင့် ကျင့်သုံးရေးဆိုတဲ့ တချက်တည်းကို ကျေနပ်နေပြီ။ ရှေ့ဆက်တဲ့ အဆင့်မြင့်ပညာရေး ဥပဒေတွေမှာ ပေးဖို့ပဲ ကျန်တော့တယ်။ အဲဒီအပေါ်မှာ ပေးတယ်၊ မပေးတယ် ကြည့်ပြီးမှ ထိန်းချုပ်တယ်၊ မထိန်းချုပ် ဘူးဆိုတာကို ပြောချင် တယ်” ဟု ဆိုသည်။
ကျောင်းသားများက အမျိုးသားပညာရေးအရ ဖွဲ့စည်းမည့် အမျိုးသားပညာရေး ကော်မရှင်၊ အဆင့်မြင့်ပညာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီများကို အယုံအကြည် မရှိကြောင်း၊ အမျိုးသားပညာရေး ဥပဒေကိုလည်း လုံးဝလက်မခံဟု ဆိုကြ သည်။
“ကော်မရှင်က ဖွဲ့စည်းပေးမယ့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဟာ တက္ကသိုလ်တွေကို တိုက်ရိုက် ထိန်းချုပ်ဖို့အတွက်ပါ။ အဲဒီကော်မတီ ကနေ မူဝါဒတွေ ချမှတ်ပါလိမ့်မယ်။ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပါလိမ့်မယ်။ အမိန့် ကြေညာစာ တွေထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့ အဲဒီလို အမိန့်ကြေညာစာတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေ ကို အပေါ်စည်းက ချမှတ်တာတွေကို မလိုအပ်ပါဘူး။ အဲဒါသည် ဗဟိုချုပ်ကိုင်မှုပါ” ဟု စီးပွားရေး တက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင်က ပြောသည်။
အမျိုးသားပညာရေး ဥပဒေ၊ အခန်း ၇ သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးညွှန်းတမ်းစံ သတ်မှတ်ခြင်း ပြဋ္ဌာန်းချက်တွင်လည်း အမျိုးသားပညာရေး ကော် မရှင်သည် သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် ကြပ်မတ်ဆောင်ရွက်ခွင့် ရှိသည်ဟု လည်း ကောင်း ၊ ပုဒ်မ ၄၁၊ အပိုဒ်ခွဲ (က) တွင် “ဝန်ကြီးဌာနနှင့် သက် ဆိုင်ရာဝန်ကြီးဌာနများသည် အခြေခံပညာရေးစနစ် ၏အဆင့် တိုင်းအတွက် အမျိုးသားပညာရေး သင်ရိုး ညွှန်းတမ်းစံများကို ကော်မရှင်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းပေး ရမည်” ဟု လည်းကောင်း ဖော်ပြထားသည်။
“သင်ရိုးညွှန်းတမ်းတွေကို ဗဟိုက ချုပ်ကိုင်ထား တယ်။ ဖတ်စာအုပ်တွေကိုလည်း ဗဟိုက ချုပ်ကိုင် ထားတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြုပြင်ဖို့လိုတယ်။ သင်ရိုးညွှန်းတမ်းက သူ့ဒေသအလိုက် ဖွံ့ဖြိုးတဲ့ သူ့ကျောင်း အလိုက် ဖွံ့ဖြိုးတဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့်တယ်” ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် မှ ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်က ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားခွင့် နှင့် ပတ်သက်၍ အခန်း ၃၊ ပုဒ်မ ၄၊ အပိုဒ်ခွဲ (ဃ) တွင် “နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘဝ တလျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေး အခွင့်အလမ်းများ ဖန်းတီး ပေးရေး” ဟု ဖော်ပြထားပြီး အပိုဒ်ခွဲ (ဇ) တွင် “သင်ယူလိုသူ၏ ဆန္ဒကိုအခြေခံပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များ၏ သတ်မှတ်ထားသော အရည်အချင်း ပြည့်မီမှု အရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံး စေ ရေး” ဟု ဆိုထားပြန်ရာ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာ ရွေးချယ်မှုကို လွတ်လပ်ခွင့် မပေးထားဘဲ အရည် အချင်း သတ်မှတ် ချက်နှင့်သွားသည့် လက်ရှိကျင့်သုံးနေသော စနစ်ကို သာ ပြန်လည်အသက်သွင်း ခြင်းဟု ကျောင်းသားများ ကဆိုကြသည်။
“ဒီမိုကရေစီစနစ်လည်း မကိုက်ညီဘူး။ ကျောင်း သား အခွင့်အရေးတွေလည်း ဆုံးရှုံးနေတဲ့ ဒီလို ဥပဒေမျိုးကို ပညာရေး လွတ်လပ်ခွင့် အပြည့်အဝ ရှိနေတယ်လို့ပြောတာ ကျနော် တော်တော်နားမလည် တော့ဘူး။ ဒီလိုပုံစံအတိုင်းသွား ကျနော် တို့ မြန်မာ နိုင်ငံရဲ့ ပညာရေးဟာ နောက်နှစ် ၁၀ဝ လည်း အစမ်းသပ်ခံပညာရေးပဲဖြစ်နေဦးမှာပဲ” ဟု ကျောင်း ဆရာ ဟောင်း တဦးက ပြောသည်။
အမျိုးသားပညာရေး ဥပဒေတွင် ပညာရေး အရည်အချင်းစစ်ဆေးမှုနှင့် ပတ်သက်၍ ပြဋ္ဌာန်း ချက်များလည်း ပါဝင်ပြီး “အရည်အသွေး အကဲဖြတ် မှုနှင့် အရည်အသွေးအာမခံမှု” ကို ဖော်ပြထားသည့် ဥပဒေပြဋ္ဌာန်းချက် အခန်း ၁၀၊ ပုဒ်မ ၅၅ တွင် “ကော်မရှင်သည် ပုဒ်မ ၅၄ ပါ လုပ်ငန်းများကို လုပ် ကိုင်ဆောင်ရွက်ရန် အမျိုးသားပညာရေး အဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီကို လွတ်လပ်သည့် အဖွဲ့အစည်းတရပ် အဖြစ် သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးရ မည်” ဟု ဆိုထားကာ ပုဒ်မ ၅၄၊ အပိုဒ်ခွဲ (ဂ) တွင် “ကော်မရှင်သည် အရည်အသွေး ခိုင်မာမှုအတွက် စစ်ဆေး အကဲဖြတ်ရမည့် စံချိန်စံညွှန်းနှင့် နည်း လမ်းများကို သတ်မှတ်ပေးရမည်” ဟု ပြဋ္ဌာန်းထား သည်။
ပညာရေး အရည်အချင်းစစ်ဆေးမှု စာမေးပွဲ များကိုလည်း ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့်သာ လုပ် ဆောင်ရမည့်အခြေအနေ ရှိနေရာ ယင်းအချက်ကို လည်း ကျောင်းသားများက မလိုလားကြပေ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်က “စာမေးပွဲစနစ်ရဲ့ ဆိုးဝါးမှုကြောင့် ကျောင်းသား တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်လာပါပြီ။ အဲဒါဟာ ပညာရေး ရဲ့ဆိုးဝါးမှုကို ထောက်ပြနေတာပါ။ ကျမတို့ ပညာရေး စနစ်က လူ့အသက်ရော လူ့ဘဝကိုပါ သေဆုံးနိုင် အောင် ပြုလုပ်ထားတဲ့ ပညာရေးစနစ်မျိုး ဖြစ်နေ တယ်။ အဲဒီလို ပညာရေးစနစ်မျိုးကို ကျမတို့က ဒီလို ဥပဒေနဲ့ အသက်သွင်းဖို့ကို လက်ခံမှာလားဆိုတဲ့ ဘက်ကို ပြန်ပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်” ဟု ဆိုသည်။
အမျိုးသားပညာရေး ဥပဒေကို ကျောင်းသား များ အဓိကဆန့်ကျင်နေသော အကြောင်းအရာများ အနက် တခုမှာ ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုသည်ဆိုသော ပြဋ္ဌာန်းချက် လုံးဝ ထည့် သွင်းမထားခြင်းကြောင့် ဖြစ်သည်။
အစိုးရကမူ အမျိုးသားပညာရေး ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုသည်ဟု ဆိုသည်။
“ကျောင်းသားအသင်းအဖွဲ့ကို ဖွဲ့ပေးဖို့အတွက် ဥပဒေမျိုး အာမခံချက်မရှိတဲ့ အခြေအနေမျိုးမှာ ဖွဲ့ခွင့်ပေးမယ်ဆိုတာ သံသယရှိဖို့ ကောင်းပါတယ်။ ဒါသည် သူတို့ပြောတဲ့ဥပဒေနဲ့ လုံးဝ အရှေ့အနောက် မညီတဲ့ စကားရပ်ပါ။နောက်ပြီးတော့ တကယ်လို့ ဒီကျောင်းသား အသင်းအဖွဲ့ကို ဖွဲ့ခွင့်ပေးမယ်ဆို ကျနော်တို့သမဂ္ဂ ကိုလည်း ဖွဲ့ခွင့်ပေးပါ။ ညှိနှိုင်းဆောင် ရွက်ပေးပါ” ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင်က ဆိုသည်။
အမျိုးသားပညာရေး ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၄၊ အပိုဒ်ခွဲ(ဍ) တွင် ဆရာ၊ ဆရာမများနှင့် ပတ် သက်၍ “ပညာရေးဝန်ထမ်း အားလုံး၏ အရည် အသွေးနှင့် လူမှုဘဝမြှင့်တင်ရေးကို အလေးထား ဆောင်ရွက်စေခြင်းဖြင့် ကိုယ်ကျင့်တရား ကောင်းမွန် ကာ ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက်နိုင်မှုနှင့် ကိုယ် တိုင်တာဝန်ယူတတ်မှုကို ဖွံ့ဖြိုးလာမှုအပေါ် မူတည်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ်ကို ကျင့်သုံးရေး” ဟု ပြဋ္ဌာန်းထားရာ ယင်းပြဋ္ဌာန်းချက်ကို ဆရာ၊ ဆရာမများက ပြင်းပြင်းထန်ထန် ကန့်ကွက် ကြသည်။
“ကျနော်တို့ ဆရာတွေကို ကိုယ်ကျင့်တရား မကောင်းဘူးလို့ သုံးနှုန်းလိုက်တာပဲ။ ဥပဒေအတည် မပြုခင် မူကြမ်းမှာ ကတည်းက ကျနော်တို့ ဆရာ၊ ဆရာမတွေက အဲဒီအသုံးအနှုန်းစာပိုဒ်ကို ကန့်ကွက် ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ သဘောထားကို အလေးမထားတဲ့ သဘောပဲ။ ကျနော်တို့ကတော့ အခု အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ် မှောက် နေတာကို ထောက်ခံတယ်။ ဒီဥပဒေမှာ ကျောင်းသား၊ ဆရာ၊ ပြည်သူတွေရဲ့ သဘောထား တွေကို လျစ်လျှူ ရှု ထားတယ်” ဟု တက္ကသိုလ် ဆရာ များအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အာကာမိုးသူက ဧရာဝတီသို့ ပြောသည်။
နိုင်ငံသား အားလုံးအတွက် ရည်ရွယ်သော အမျိုးသားပညာရေးဥပဒေဟု ဆိုသော်လည်း မသန် စွမ်းသူများ၏ ပညာရေး အတွက်မူ တစုံတရာပြဋ္ဌာန်း ထားခြင်းမရှိကြောင်း၊ မသန်စွမ်းသူများ ပညာသင် ကြားခွင့် ရနိုင်ရန်အတွက် မသန်စွမ်းသူများ ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်းမွန်လာရန် ပြုလုပ်စရာ မလိုဘဲ ကျောင်းတွင်းတည်ဆောက်ပုံများ၊ ဆရာ၊ ဆရာမ များနှင့် သင်ကြားရေးစနစ်များကို ပြုပြင်ပေး ရေး စသည့် မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် အခွင့်အရေးများ ယင်းဥပဒေတွင် ပြဋ္ဌာန်းနိုင်ရန် လူမှုအဖွဲ့အစည်းများက တောင်းဆိုဆွေးနွေးခဲ့သော် လည်း ယင်းဆွေးနွေးချက်များမှာ အရာမထင်ခဲ့ဟု လူမှုအဖွဲ့အစည်းများက ဆိုကြသည်။
“ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေက ဥပဒေရေးဆွဲရာမှာ နောက်ကျနေပြီဆိုလို့ မထည့် သွင်းခဲ့ရပါဘူး။ ဒါပေမယ့် အစိုးရ ဘက်ကတော့ နည်းဥပဒေမှာ အားလုံးထည့်သွင်း ရေးဆွဲပေးမယ်လို့ ကတိပေးတယ်” ဟု မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ အစီအစဉ်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။
အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းပေါ်ပေါက် လာရာတွင်လည်း အစိုးရနှင့် လွှတ်တော်ကြား ပြိုင် ဆိုင်မှုဖြင့် ပေါ်ပေါက် လာခြင်းဖြစ်ပြီး လွှတ်တော်က ဖွဲ့စည်းထားသော “အမျိုးသားပညာရေး ဥပဒေ မူကြမ်း ရေးဆွဲရေးကော်မတီ” နှင့် သမ္မတရုံးက ဖွဲ့စည်းထားသော “လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ” တို့က အမျိုးသားပညာရေး ဥပဒေ ဖြစ်လာမည့် ဥပဒေကြမ်း ၂ ခုကို အပြိုင်အဆိုင် ရေးဆွဲတင်သွင်း ခဲ့ကြသည်။
လွှတ်တော်တွင် အမျိုးသားပညာရေး ဥပဒေ ရေးဆွဲပြီး မူကြမ်းအပေါ် ဆွေးနွေးနေစဉ်အချိန်တွင်း မှာပင် အစိုးရက အမျိုးသား ပညာရေးဥပဒေ ရေးဆွဲ နေကြောင်း အသိမပေးထားဘဲ အမျိုးသားပညာရေး ဥပဒေမူကြမ်းတခုကို တင်သွင်း လာခဲ့ရာ ရှုပ်ထွေးမှု များစွာဖြင့် အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက် လာခြင်းဟု ဆိုရပေမည်။
“ပညာရေးဥပဒေ မူကြမ်းနှစ်ခု ထွက်လာတယ်။ အစိုးရဘက်ကတခု၊ လွှတ်တော်ဘက်ကတခု ထွက် လာပါတယ်။ ဒါပေမယ့် အဲဒီမူကြမ်း နှစ်ခုထဲမှာ အတည်ပြုသွားတာက လွှတ်တော်ဘက်က တင်ပြတဲ့ အချက် အနည်းငယ်လောက်သာ ပြင်ဆင်ပြီးတော့ အစိုးရဘက်က ဥပဒေကို အတည်ပြုသွားတာပါ။ ဒီအစိုးရနဲ့ လွှတ်တော်ကြားမှာ အင်အားပြိုင်ဆိုင်မှုကို ကြည့်မယ်ဆိုရင် ဘယ်သူက၊ ဘယ်သူ့ကို လွှမ်းမိုးနိုင် တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်” ဟု ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်က ပြောသည်။
လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ဥပဒေ အများစုတွင် အစိုးရ၏ ချုပ်ကိုင်မှု များစွာ ပါဝင်နေ ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။
“အစိုးရရဲ့ သဘောထားက ပညာရေးဥပဒေမှ မဟုတ်ဘူး၊ အသစ်ပေါ်ထွက်လာတဲ့ မြေယာဥပဒေ၊ မီဒီယာဥပဒေ၊ အလုပ်သမား ဥပဒေ၊ အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေတွေ အားလုံးဟာ ချုပ်ကိုင်တဲ့ ဥပဒေ တွေသာဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့သဘောထား က ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းမှာ သူတို့ချုပ်ကိုင်မယ် ဆိုတာကို ကျနော်တို့ မြင်နေရပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ကျောင်းသားများက အမျိုး သားပညာရေး ဥပဒေကို ဖျက်သိမ်းရေး ရက်ပေါင်း ၆၀ အတွင်း အစိုးရပိုင်း နှင့် ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းသွားရန်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER၊ အစိုးရ၊ လွှတ်တော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရေး ဆန္ဒပြမှုများဖြင့် တောင်းဆိုလျက်ရှိသည်။
အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက် အပေါ် တစုံတရာ တရားဝင် ပြန်လည်အကြောင်းပြန် ခြင်းမရှိသော်လည်း အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အထူးကောင်းမွန်သော ဥပဒေတခု အဖြစ် အစိုးရပိုင် သတင်းမီဒီယာ များမှ တဆင့် ပုံဖော်တင်ဆက်လျက်ရှိသည်။
ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများ၏ ဆန့်ကျင်မှုရှိနေ သော အမျိုးသားပညာရေး ဥပဒေကို လွှတ်တော်က အတည်ပြုထားပြီး ကျောင်းသားများက ဥပဒေ ပြင် ဆင်ပေးခြင်းမပြုလျှင် နိုင်ငံတဝန်း သပိတ် မှောက် မည်ဟု ရာဇသံပေးထားရာ အမျိုးသားပညာရေး ဥပဒေသည် စစ်အုပ်ချုပ်ရေး ပြန်လည်အသက်ဝင်စေ မည့် မီးပွား မဖြစ်စေရေး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားများနှင့် ပညာရေး အဖွဲ့အစည်းများစွာ ပါဝင်သော ဆွေးနွေးပွဲတခု မဖြစ် မနေ လိုအပ်နေ သည်မှာ အသေအချာဖြစ်သည်ဟု ပြည်တွင်းနိုင်ငံ ရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။