မြန်မာနိုင်ငံတွင် နိုင်ငံရေးအပေါ် စစ်တပ်၏ လွှမ်းမိုးမှု မြင့်တက်လာပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲကို နှောင့်နှေးစေမည် ဆိုလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုများ ကျဆင်း ရပ်တန့် သွားနိုင်သည်ဟု စီးပွားရေး လေ့လာဆန်းစစ်သည့် အဖွဲ့အစည်းတခုက သတိပေးလိုက်သည်။
နိုင်ငံခြား အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ လည်း နည်းပါးသွားနိုင်ပြီး အရေးပါသည့် ဥရောပ အစိုးရအချို့က ဒဏ်ခတ် အရေးယူမူကို ပြန်လည် စတင်ရန် ဖိအားဖြစ်လာလိမ့်မည် ဟု အမေရိကန် အခြေစိုက် စီးပွားရေး လေ့လာဆန်းစစ် သည့် အဖွဲ့တခုဖြစ်သည့် IHS က ပြောသည်။
အဆိုပါအဖွဲ့၏ Global Insight Country Risk အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စစ်တပ်၊ လွှတ်တော်နှင့် အာဏာရ ပါတီတို့ ကြားတွင် သဘောထားကွဲပြား ပြိုင်ဆိုင်မှုများ ရှိနေသည့် အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်း ရနိုင်သည့် အခြေအနေတခု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အာဏာနှင့် ဩဇာ လွှမ်းမိုးမှု လျော့ကျမည်ကို စစ်တပ်က စိုးရိမ်ပူပန်မှု တိုးလာသည့် ကြားတွင် သမ္မတ ရာထူး နေရာအတွက် သုံးပွင့်ဆိုင် ပြိုင်ဆိုင်မည့် အခြေအနေများ ရှိနေသည် ဟု ၎င်းတို့က ယူဆသည်။
“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တည်ငြိမ်မှုကို ပြသပေးမယ့် ဘာရိုမီတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ပျက်ကွက်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ရာမှာလည်း အကျိုးအမြတ် ပြန်လည်ရရှိမှု နည်းနိုင်ခြေလည်း တိုးလာပါလိမ့်မယ်။ ကြီးမားတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ အတွက် အာမခံကိစ္စ တွေမှာ ဆိုးရွားသွားနိုင်သလို သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေကို ဈေးကွက် စိတ်ဝင်စားမှု မှေးမှိန်သွားနိုင်ဖွယ်ရာ ရှိပါတယ်” ဟု IHS က ပြောသည်။
“နောက်ပြီးတော့ သဘာဝ သယံဇာတ အရင်းအမြစ်ကို အခြေခံတဲ့ လုပ်ငန်းတွေပေါ်မှာ မှီခိုနေရတဲ့ စီးပွားရေးကနေ ခွဲထွက်ရာမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦး စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နေတဲ့ ခေါင်းဆောင် ပိုင်းရဲ့ အားထုတ်မှု တွေကိုလည်း ထိခိုက်နိုင်ပါတယ်” ဟုလည်း ၎င်းတို့က ပြောသည်။
စစ်တပ်က ထိန်းချုပ်နိုင်သည့် အနေအထား ရရှိသွားလျှင် စီးပွားရေး စွမ်းဆောင်မှုများ လျော့နည်းသွားပြီး ကြီးမားသည့် လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်လာနိုင်သည်ဟု အကဲဖြတ်လေ့လာမှုတွင် ဖော်ပြထားသည်။
စစ်တပ်၊ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံကြားမှ ပြိုင်ဆိုင်မှုများကို မဖြေရှင်းနိုင် ခဲ့လျှင် လာမည့်နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း ခြင်းများ ဖြစ်လာနိုင်သည်ဟု IHS က သတိပေးလိုက် သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ရရှိခဲ့လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားအဖွဲ့များကြား မဟာမိတ် အနေအထားကို ပိုမိုခိုင်မာ အားကောင်းသွား မည်ကို စစ်တပ်က စိုးရိမ်နေသည်။
အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား လတ်တလော တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် “၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကနေ ဒီအဖွဲ့တွေက သမ္မတသစ်ကို ရွေးချယ်ပေးမယ့် သမ္မတရွေးချယ် ရေးအဖွဲ့ကို လွှမ်းမိုးသွားမှာကို အမှန်တကယ် စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါက စစ်တပ်က ကျောထောက် နောက်ခံပေးမယ့် သမ္မတလောင်း သမ္မတဖြစ်လာရေး အလားအလာကို လျော့ကျစေမှာ ဖြစ်ပါတယ်” ဟု IHS ၏ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
“တိုက်ခိုက်မှုတွေ အသစ်ပြန် ဖြစ်လာတာက တိုင်းရင်းသား အဖွဲ့ငယ်တွေကို စစ်တပ်က လက်ခံနိုင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ထိုးဖို့ ဖိအားပေးတဲ့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ စစ်တပ်ကသာလျှင် ငြိမ်းချမ်းရေးကို အမှန်တကယ် ပေးနိုင်စွမ်းရှိတယ် ဆို တာကို ပြသပြီးတော့ NLD နဲ့ မဟာမိတ် ဖြစ်ဖို့ အလားအလာ ရှိသူတွေကို ချေမှုန်းရေး ဖြစ်ပါတယ်” ဟု IHS ၏ လေ့လာဆန်းစစ်မှုတွင် ဖော်ပြထားသည်။
“ဒါက နောက်ပိုင်းကျရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင် သမ္မတ ရည်မှန်းချက်ကို အထောက်အကူ ဖြစ်လာပါလိမ့်မယ်” ဟု IHS က ဆိုသည်။
နောက်ထပ် ဖြစ်နိုင်ခြေရှိသည့် သမ္မတလောင်း ၂ ဦးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သည်ဟု IHS က ပြောသည်။
စစ်တပ် ပိုမိုအင်အား ကောင်းလာခြင်းသည် တခြားမည်သည့် နိုင်ငံရေး လွတ်လပ်မှုကို မဆို ဆန့်ကျင်မည် ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်ဟု IHS ကဆိုသည်။
“စစ်တပ်ရဲ့ အနေအထား ပြောင်းလာတာက စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ခြင်းအားဖြင့် စစ်တပ်က လက်မခံနိုင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့ အထိ ရောက်သွားမှာနဲ့ NLD ရဲ့ မဟာမိတ် တိုင်းရင်းသား အဖွဲ့တခု အခြေခိုင်သွားမှာကို စိုးရိမ်မှုကြောင့် ဖြစ်ဖွယ်ရှိပါတယ်။ NLD နဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေက ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖွဲ့စည်းချင်ကြတယ်။ စစ်တပ်က ဒီနှစ်ခုလုံးကို ဆန့် ကျင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအခြေအနေကို အာမခံချက်ပေးတဲ့ လက်ရှိ အခြေခံ ဥပဒေကိုပဲ သူတို့က ဆက်လက်ထိန်းသိမ်းချင် ကြတယ်” ဟု IHS က ဆိုသည်။
IHS က စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်သည့် အခြေအနေနှင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ဩဇာလွှမ်းမိုးမှု အရှိဆုံး စီးပွားရေးသမားများ ထဲမှ တဦးကို နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်း ကဲ့သို့သော ဒဏ်ခတ်မှုများ အသစ်ပြန် ဖြစ်လာနိုင်ဖွယ် ရှိသည်များကို သတိပေး လိုက်သည်။ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စား လှယ်တဦးဖြစ်သော ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ စီးပွားရေးမှ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို ပျက်ပြားစေရန် တက်ကြွစွာ လုပ်ဆောင်နေသည်ဟု သတ်မှတ်ပြီး နာမည်ပျက်စာရင်း သွင်းလိုက်ခြင်း ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဌာနက ဦးအောင်သောင်း မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို တိကျစွာ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း နာမည်ပျက်စာရင်း သွင်းလိုက် ခြင်းအားဖြင့် အမေရိကန်နှင့် ဆက်သွယ်နေသော ဘဏ်များမှ သူ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း လုပ် ဆောင်ခြင်းကိုလည်း တားမြစ်လိုက်သည်။
“နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တယောက်ကို အမေရိကန်က ဒဏ်ခတ် အရေးယူ လိုက်တာ မြန်မာနိုင်ငံကို အနောက်တိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်ဖို့ ကြိုးစား နေတဲ့ ကုမ္ပဏီတွေ အတွက် ဖြေရခက်တဲ့ မေးခွန်း တခုကို ဖော်ပြနေပါတယ်။ နာမည်ပျက်စာရင်းမှာ အမည်တွေ ပိုပြီး ပေါ်လာဖို့လည်း ရှိနေပါ တယ်။ အခုလို လုပ်လိုက်တာက ၂၀၁၂ ခုနှစ်မှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးပြီး နောက်ပိုင်းမှာ အဆင့်မြင့် တာဝန်ရှိသူတဦးကို ပထမဆုံး နာမည်ပျက်စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်” ဟု Wall Street Journal က ရေးသားခဲ့သည်။
ဦးအောင်သောင်းနှင့် သူ၏ မိသားစုသည် မြန်မာနိုင်ငံတွင် အဓိက စီးပွားရေးလုပ်ငန်း အများအပြားကို ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှသည် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် ဆည်များ တည်ဆောက်ခြင်း အထိ လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသော IGE ကုမ္ပဏီလည်း အပါအဝင် ဖြစ်သည်။
IGE ကုမ္ပဏီသည် တရုတ်နိုင်ငံမှ China Gezhouba Group ကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ မန္တလေးတိုင်းအတွင်းမှ ရဲရွာ ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်ရာတွင် ပါဝင်ခဲ့သည်။
IGE ကုမ္ပဏီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍနှင့် ပိုက်လိုင်း တည်ဆောက်ရေးကဏ္ဍ သို့လည်း ဝင်ရောက်ခဲ့သည်။ မကြာသေးမီက ကမ်းလွန်နှင့် ကုန်းတွင်းပိုင်း လုပ်ကွက် ၂၀ ကျော် ချထားပေးခဲ့ သဖြင့် လုပ်ငန်းများ စတင်ချိန်တွင် လုပ်ငန်းလိုအပ်ချက်များ မြင့်တက်လာသည့် အတွက် ဖြစ်သည်။ လုပ်ကွက်များ ချထားပေးရာတွင် အမေရိကန်ကုမ္ပဏီ အချို့လည်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
“ဒဏ်ခတ် အရေးယူမှု အသစ်တွေက မြန်မာ နိုင်ငံမှာ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ အခွင့်အလမ်း ရှာဖွေနေတဲ့ အနောက်တိုင်း ကုမ္ပဏီတွေ အတွက် အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် အမေရိကန် သံတမန်တွေက မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကို နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးရေး လျှောက်ထားဖို့ တက်တက်ကြွကြွတိုက်တွန်းအားပေး နေကြပါတယ်။ အခုအချိန်အထိ ၁၀ဝ နဲ့ အထက်မှာ ရှိတဲ့ စာရင်းထဲမှာ နာမည်အချို့ကို ဖယ်ရှားပေးပြီး ဖြစ်ပါတယ်” ဟု Wall Street Journal ကဆိုသည်။
“၂၀၁၄ ခုနှစ်ထဲမှာတော့ ပယ်ဖျက်ပေးလိုက်တဲ့ သူ မရှိပါဘူး။ ၂၀၁၃ ခုနှစ်အတွင်းမှာ တယောက်ပဲ ဖယ်ရှားပေးလိုက် ပေမယ့် အမြောက်အမြား စာရင်း ထပ်သွင်းခဲ့တာကို မှတ်တမ်းတွေ အရ သိရပါတယ်” ဟုလည်း ဖော်ပြထားသည်။