မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်သမိုင်းတွင် ယောမင်းကြီး ခေါ် ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ပညာရှိ မင်းမှုထမ်း အဖြစ် ထင်ရှားခဲ့သူတဦး ဖြစ်သည်။ မြန်မာသမိုင်းကို စိတ်ဝင်စားသူတွေတိုင်း ဦးဘိုးလှိုင်ကို သိကြသည်။ သို့သော် စိတ်မကောင်းစရာကား ဦးဘိုးလှိုင်လို သမိုင်းတင်ခံခဲ့ရသည့် ပညာရှိပုဂ္ဂိုလ်၏ အထိမ်းအမှတ် ဂူဗိဗာန်
မည်သည့်နေရာတွင် စံမြန်းနေသည်၊ မည်သို့ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို ယနေ့ခေတ် လူငယ်အများစု အပါအဝင် သမိုင်းကို စိတ်ဝင်စားသူအချို့ပါ သိရှိသူ နည်းပါးနေခြင်းဖြစ်သည်။
ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူသည် ယဉ်ကျေးမှုမြို့တော်ဟု ခေါ်တွင်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပင်းယလမ်း( ၂၂ စီ လမ်း) အနောက်ထိပ်အနီးတွင် မထင်မရှား တည်ရှိသည်။ စာရေးသူသည်ပင်လျှင် ယောအတွင်းဝန် အထိမ်းအမှတ်အုတ်ဂူ နေရာ အနီးဝန်းကျင်တွင် နေထိုင်သူဖြစ်ပါလျက် တခေါက်တခါမျှ ဝင်ရောက်လေ့လာကြည့်ရှုခြင်း မရှိခဲ့ဘူးပါ။ အပြင်ပမ်းကသာ ဖြတ်သွားဖြတ်လာ ငေးမောကြည့်ဖူးပါသည်။
ပြီးခဲ့သည့်ရက်ပိုင်း မနက်ခင်းတခုမှာတော့ ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူထားရှိရာ ဝင်းအတွင်း သွားရောက်လေ့လာဖြစ်ခဲ့ပါသည်။ အထိမ်းအမှတ် ဂူနေရာဝင်း မျက်နှာစာရှေ့မှာ အခွန်လွတ်ဈေးရဲ့ သားငါးနဲ့ သီးနှံဈေးတန်းတွေက အစီအရီ ရှိနေသည်။ ဈေးတန်းတွေက ကာရံပိတ်ဆို့ထားတာကြောင့် အထိမ်းအမှတ်ဂူ ရှိနေသည်ကို အလွယ်တကူ မသိရှိနိုင်ပေ။ ဈေးဆိုင်တန်းတွေကြားမှာ ရှိနေတာကြောင့် အနံ့အသက်ကလည်း သိပ်မကောင်းဟု ခံစားရသည်။
ဝင်ဝင်ချင်း အပေါက်နဲ့တည့်တည့်တွင် အိုမင်းဟောင်းနွမ်းနေသည့် အုတ် အဆောက်အဦ တခုရှိပါသည်။ ထိန်းသိမ်းခံရမှု မရှိခြင်းကြောင့် အဆောက်အဦ၏ အချို့နေရာတွေတွင် အက်ကွဲကြောင်းတွေ၊ အင်္ဂတေကွာကျနေတွေဖြစ်နေပြီး အောက်ခံရှေးအုတ်များပင် ပေါ်နေသည်။ အဆောက်အဦ ပေါ်တွင်လည်း သစ်ပင်ငယ်တွေပင် ရှင်သန်ပေါက်ရောက်နေပါသည်။
အဲသည် ခပ်အိုအို မဲညစ်ညစ် အဆောက်အဦထဲမှာတော့ ကုန်းဘောင်ခေတ်က အကျော်ဒေးယျ ပုဂ္ဂိုလ် ယောအတွင်းဝန်၏ အုတ်ဂူနဲ့အတူ သူ၏ မိသားစုဆွေမျိုးများ အုတ်ဂူတွေ တည်ရှိပါသည်။ အုတ်ဂူပတ်ဝန်းကျင်တွင်တော့ အစောင့်က သန့်ရှင်းရေးလုပ်ထားပုံရသည်။ အနည်းငယ် သန့်ရှင်း သပ်ရပ်နေသည်။ အုတ်ဂူပေါ်တွင်လည်း ဖယောင်းတိုင် မီးထွန်းညှိပူဇော်ထားသည်ကို တွေ့ရပြီး လျှပ်စစ်မီးထွန်းထားသည်ကိုတော့ မတွေ့ခဲ့ရပေ။
ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူထားရှိရာနေရာကို မြင်တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းသည်။ စနစ်တကျ ထိန်းသိမ်း မထားခြင်း၊ လေ့လာစရာနေရာ တခုအဖြစ် ဖန်တီးပေးမထားခြင်းတို့ကြောင့် ထို အထိမ်းအမှတ်ဗိမာန်နေရာသည် ဗိမာန်နှင့်မတူဘဲ ဖြစ်နေသည်။ အထိမ်းအမှတ်နေရာတခုအဖြစ် အကျယ်အဝန်း အတန်အသင့်ကျယ်သည့် နေရာရှိထားပါလျက်နှင့် ယောအတွင်းဝန် စံမြန်းရာနေရာကို စနစ်တကျ ထိန်းသိမ်းမှု မဲ့နေသည်မှာ သမိုင်းကို တန်ဖိုးမထားရာရောက်သည်ဟု ခံစားနေမိသည်။
အမှန်တကယ်တော့ ဦးဘိုးလှိုင်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟုခေါ်တွင်နိုင်သည့် ရာဇဓမ္မသင်္ဂဟကျမ်း၊ နာမည်ကျော်ဆေးကျမ်းဟု ခေါ်ဆိုနိုင်သည့် ဥတုဘောဇနကျမ်း အပါအဝင် နာမည်ကျော် ကျမ်းပေါင်း ၂၀ ကို လေ့လာ မှတ်တမ်းတင် ပြုစုခဲ့သည့် ထိတ်ထိတ်ကျဲ ဝန်မင်းတပါးပင်ဖြစ်သည်။ တခေတ်တခါက နာမည်ကျော်ကြားခဲ့သည့် ပညာတတ်ဝန်တပါးကို အထိမ်းအမှတ်အဖြစ် နေရာတခု သတ်မှတ်ပေးထားပါလျှက် ပြုပြင်ထိန်းသိမ်းမှုမရှိသည်မှာ သမိုင်းကို မြတ်နိုးသူတဦး အမြင်ဖြင့်ပြောရရင် သက်ဆိုင်ရာဌာနတွေ အနေဖြင့် တာဝန်ယူမှု ကင်းလွန်းရာ ကျနေသည်။ ယောအတွင်းဝန်၏ သမိုင်းတွင် စွမ်းဆောင်ခဲ့သည်များမှာ ယခုလို ထားရှိသည့်ပုံစံများနှင့် မလိုက်ဖက် မတင့်တယ်လွန်းရာ ကျနေသည်။ မိုးနဲ့မြေပမာ ကွာခြားနေသည်။
ယောအတွင်းဝန် အုတ်ဂူ၏ အရှေ့ဖက် မလှမ်းမကမ်းတွင် မြို့သစ်မြို့စား အုတ်ဂူနှင့် သူ၏ဆွေတော်မျိုးတော်များ အုတ်ဂူတွေ တည်ရှိသည်။ အဲသည် အုတ်ဂူအချို့သည်လည်း အထိမ်းအမှတ်ဗိမာန် အစောင့်တို့၏ ထမိန်၊ ပုဆိုး စသည် အဝတ်လှမ်းစရာ နေရာတခုမျှ ဖြစ်နေသည်ကို တွေ့မြင်ရသည်။ အထိမ်းအမှတ်ဗိမာန်ဟုဆိုသော်လည်း လူအသုံးဆောင် ပစ္စည်းတွေက ဗိမာန်ဝင်းအတွင်း ဟိုတစ ဒီတစ ပိုးလို့ပက်လက် ပြန့်ကျဲစွာရှိနေသည်မှာ လာရောက်လေ့လာသူတွေအဖို့ ရှုမြင်မကောင်းပေ။
အထိမ်းအမှတ် အုတ်ဂူနှင့်ပတ်သတ်ပြီး အစောင့်တာဝန်ခံဆိုသူကို မေးမြန်းကြည့်သည့်အခါ ဘာမှမသိပါ။ သိလိုပါလျှင် ရှေးဟောင်းဌာနကို သွားမေးပါဟုသာ ဖြေကြားသည်။ ဗိမာန်ဝင်းအတွင်း လေ့လာကြည့်သည့်အခါတွင်လည်း အနှီတာဝန်ခံဆိုသူကား သမိုင်းကိုပြောမပြသည့်အပြင် နောက်ကနေ မယုံကြည်သလို လိုက်ပါလာပြီး ဓာတ်ပုံမရိုက်ရဟု သတိပေးခံခဲ့ရသေးသည်။ တာဝန်ခံ မယုံကြည်သည်မှာ ထူးတော့မထူးဆန်းပေ။ သည်နေရာကို အထိမ်းအမှတ် ဗိမာန်နေရာအဖြစ် မသိကြသည့်အတွက် လာရောက်လေ့လာသူတွေ
မရှိသလောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
အထိမ်းအမှတ် ဗိမာန်ဝင်း အလယ်တည့်တည့်လောက်တွင်တော့ ယောအတွင်းဝန်၏ ပုံစံတူ ရုပ်တုဖြူဖြူကြီးတစ်ခု စိုက်ထူထားသည်။ ရုပ်တုက ခန့်ခန့်ညားညားရှိသော်လည်း အရောင်တွေက ကာလာကြာရှည်စွာ ထိန်းသိမ်းမှုမဲ့နေခြင်းကြောင့် အရောင်တွေလွင့်ကာ မဲညစ်ညစ်ဖြစ်နေသည်။ ကုန်းဘောင်ရာဇဝင်တွင် သမိုင်းကျန်နေခဲ့သည့် ယောအတွင်းဝန်အတွက် စနစ်တကျ ထိန်းသိမ်းမထားသည်ကို သက်ဆိုင်ရာ မန္တလေးတိုင်းအစိုးရ၊ တာဝန်ရှိ ဝန်ကြီးဌာနတို့ကို မေးခွန်းထုတ်နေမိသည်။ ထိန်းသိမ်းဖို့ ဘတ်ဂျက်မရှိလို့လား၊ သမိုင်းကို နောင်လူတွေ မလေ့လာစေချင်လို့လား၊ ယောအတွင်းဝန် အထိမ်းအမှတ်ဗိမာန် မန္တလေးတွင်ရှိသည်ကို အမှတ်မရတာလား စသဖြင့်။
တတိယမြို့တော်အဖြစ် အဆင့် လျော့ကျခဲ့သည့် မန္တလေးမြို့တော်တွင် ယောအတွင်းဝန်လိုမျိုး သမိုင်းတွင်သည့်ပုဂ္ဂိုလ်အချို့၏ အထိမ်းအမှတ်နေရာများ အုတ်ဂူများရှိနေသေးသည်။ မန္တလေးတောင်ခြေအနီး စန္ဒာမုနိဘုရားအတွင်းရှိ မြန်မာနိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတော်အဖြစ် ပြောင်းလဲဖို့ကြိုးစားခဲ့သူ မင်းတုန်းမင်း၏ နောင်တော် ကနောင်မင်း အုတ်ဂူ၊ နန်းမြို့တွင်းရှိ မန္တလေးမြို့ကိုစတင်တည်ထောင်သူ မင်းတုန်းမင်းတရားကြီး အုတ်ဂူတို့ဖြစ်သည်။
ထိုနေရာများ အုတ်ဂူများသည်လည်း ထိန်းသိမ်းစောင့်ရှောက်မှု စနစ်မကျခြင်း၊ အားနည်းနေခြင်းတွေရှိနေသည်ကို တွေ့နေရသည်။ ထို့အပြင် ခင်စောမူကွေ့အနီးရှိ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆီးဘန်းနီဆရာတော်အုတ်ဂူ၊ ၄၁ လမ်း မဟာအောင်မြေ ကျောက်ဝိုင်းအနီးရှိ သခင်ဗဟိန်း အုတ်ဂူများသည်လည်း လမ်းတွေ စီမံကိန်းတွေကြောင့် ယခုအခါ မရှိတော့သည့်အပြင် နေရာအစားထိုး ထိန်းသိမ်းတာမျိုးလည်း မရှိခဲ့ပေ။
မအ,အောင် သမိုင်းကို သင်ရမည်ဟု သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက မှတ်ချက်ပေးဖူးသည်။ သမိုင်းကိုလေ့လာဖို့ သင်ယူဖို့အတွက် သမိုင်းဝင်နေရာတွေ မှတ်တမ်းတွေ အထိမ်းအမှတ်တွေကို ထိန်းသိမ်းခွင့်ရှိပါလျက်နဲ့ စနစ်တကျ မထိန်းသိမ်းဘဲ လျစ်လျူရှုထားခြင်းသည်လည်း လူတွေကို အ,အောင် လုပ်နေခြင်းပင်ဖြစ်သည်။ လူတွေ အ,ပါက တိုင်းပြည် အ,မည်ဖြစ်သည်။ တိုင်းပြည်သည် နှစ်အတော်ကြာ အ,ခဲ့ပြီဖြစ်သည့်အတွက် လုံလောက်နေပြီဖြစ်သည်။ အ,အ တိုင်းပြည်ကနေ ရုန်းထွက်နိုင်အောင် သမိုင်းတွေ၊ သမိုင်းဝင် အထိမ်းအမှတ် နေရာတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်ကျရောက်နေပါပြီ။
(စာရေးသူသည် အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေးအမြင် ဆောင်းပါးများကို ပုံမှန်ရေးသားနေသော မန္တလေးအခြေစိုက် စာရေးဆရာတဦးဖြစ်သည်။)