မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းမှာ လူကြီး သူမတွေ၊ ဆရာတွေကို ကန်တော့ကြတဲ့အခါ `ဘုန်းကြီးပါစေ၊ အသက် ရှည်ပါစေ၊ ကျန်းမာပါစေ´ ဆိုတဲ့ ဆုကို ပေးတတ်ကြပါတယ်။ သက်ရှည်ကျန်းမာ ဆိုတဲ့ စကား လုံးကိုလည်း တွဲသုံးကြ ပါတယ်။ ကျန်းမာမှလည်း အသက်ရှည်မှာ ကိုး။ လူတွေမှာ တခြားအရာတွေကို ခုံမင်မက်မော ကြတာကလည်း ကျန်းမာရေး ကောင်းနေတုန်း အချိန်ပါပဲ။
ကျန်းမာရေး ထိခိုက်ပြီ ဆိုတာနဲ့ အလိုချင်ဆုံး ဆန္ဒက ပိုက်ဆံတွေ၊ အာရုံခံစားမှုတွေ မဟုတ်တော့ဘဲ ပြန်လည် နေကောင်းလာ စေဖို့ပဲ မဟုတ်ပါလား။ မကျန်းမာလို့ ဆေးကုရင် ကုန်မယ့် ပိုက်ဆံကတော့ တပိုင်းပေါ့လေ။
နေ့စဉ် နေထိုင်စားသောက် နေတာတွေက သက်ရှည်ကျန်းမာ နည်းလမ်းတွေနဲ့ ညီရဲ့လားလို့ သုံးသပ်ကြည့် ရအောင်ပါ။ ခုခေတ်တွေမှာ ခေတ်စား လာနေတာကတော့ မြေထဲပင်လယ်ဒေသ အစားအသောက်တွေနဲ့ အသီးအရွက် အခြေခံ အစားအသောက်တွေက နှလုံးရောဂါတွေ၊ ကင်ဆာရောဂါတွေကို လျော့ပါးစေတာမို့ သက်ရှည် ကျန်းမာ အစားအစာလို့ ဆိုလာကြပါတယ်။
ဒါပေမယ့်လည်း ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်ပဲ ဖြစ်စေဦး အဆမတန် စားပြန်ရင်လည်း မကောင်း နိုင်ဘူး လို့တော့ ဆိုကြ ပြန်ပါတယ်။ အဲဒီတော့ ချင့်ချင့်ချိန်ချိန် စားသောက် နေထိုင်တာက အသက်ရှည်ရာ၊ ကျန်းမာရာ ဆေးနည်းတလက်လို့ ဆိုရမှာပါပဲ။
မြေထဲပင်လယ်ဒေသ အစားအစာ
မြေထဲပင်လယ်ဒေသ အစားအစာလို့ ခေါ်ရတာက မြေထဲပင်လယ် အနီးတဝိုက် နိုင်ငံတွေမှာ နေထိုင်သူတွေရဲ့ စားသောက်မှုကို ဆိုလိုတာပါ။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူတွေမှာ နှလုံးသွေးကြော ရောဂါတွေ အဖြစ်နည်းတာ၊ အသက်ရှည်သူတွေ များတာတွေကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီတာ အစားအသောက် တွေကြောင့်ပဲလို့ သတ်မှတ် ကြတာပါ။
နေထိုင်ရာ တိုင်းပြည်ရဲ့ ထုံးဓလေ့ယဉ်ကျေးမှု ကွာဟချက်တွေ အရ အစားအသောက် ပုံစံတွေ ကွဲပေမယ့် ဒီဒေသ တခုလုံး ခြုံကြည့်ရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေပဲ ဆိုတာ တွေ့လာကြ ပါတယ်။ ဒါပေမယ့် ဒီဒေသမှာသာ ရနိုင်တဲ့ အစားအသောက်တွေတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အခြေခံ အစားအသောက် တွေမှာ ဂျုံကြမ်း၊ ဆန်ကြမ်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေ၊ သံလွင် ဆီ၊ ငါး အစရှိ တာတွေ ဖြစ်ပြီး ပြည့်ဝဆီတွေ၊ သကြားတွေနဲ့ အသားတွေ မပါသလောက် ဖြစ်နေတာမို့ ဒါမျိုး စားစရာတွေကို မြေထဲပင်လယ်စာလို့ ခြုံငုံ ခေါ်ကြတာ ပါပဲ။ အဲဒီ အစား အသောက်တွေက ဘာကြောင့် ကျန်းမာသက်ရှည် အကျိုးကို ရစေသလဲ ဆိုတာ လေ့လာထားတဲ့ အချက်တွေ ရှိပါတယ်။
အကြမ်းများ
ဂျုံကြမ်း၊ ဘာလီကြမ်း၊ ဆန်လုံးညို၊ ကွေကာအုပ်လို အစားအသောက်တွေ ပါပဲ။ သူတို့မှာ အပေါ်ယံ ဖွဲအလွှာ၊ အလယ်မှာ ကစီဓာတ်လွှာ၊ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေပါတဲ့ အတွင်းအလွှာ ဆိုပြီး ပါဝင်ကြပါတယ်။ အဲဒီ အကြမ်းထည်တွေကို ဖြူဖွေးအောင် ဖွပ်ချေလိုက် ရင်တော့ ကျန်းမာသက်ရှည်ရေး အတွက် အထောက် အကူပေးတဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီတွေ ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။
အရည်အသွေး ပြည့်တဲ့ အဲဒီအကြမ်းထည်တွေ စားတာက ကိုလက်စထရောတွေ ကျစေတယ်၊ ဆီးချို ဖြစ်တာ လျော့စေတယ်၊ နှလုံးရောဂါတွေလည်း ကာကွယ်ပါတယ်။ အမျိုးသမီး ကျန်းမာရေး သုတေသန လုပ်သူတွေ ဆယ်စု နှစ်များစွာ လေ့လာ တွေ့ရှိတာကတော့ အဲဒီအကြမ်းတွေကို တပတ်မှာ ၄ ကြိမ်ကနေ ၇ ကြိမ်လောက် အထိ စားရင် လုံးဝ မစားသူတွေထက် အသက်ရှည်နှုန်း ၃၁ ရာခိုင်နှုန်း ပိုတယ်လို့ ဆိုပါ တယ်။ တနေ့တကြိမ်လောက်တော့ စားသုံးသင့်တယ် မဟုတ်လား။ ဖွဲနုနဲ့ လုပ်တဲ့ မုန့်တွေ၊ ဆန်ကြမ်းနဲ့ လုပ်တဲ့မုန့်တွေ၊ ဂျုံကြမ်းပေါင်မုန့်တွေ အများကြီးထဲ က တခုမဟုတ်တခု နေ့စဉ် စားသုံးပေးနိုင်တာ ပေါ့။
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်
မြေထဲပင်လယ်ဒေသ အစားအသောက်တွေမှာ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဖောဖောသီသီ ပါနေတာကို တွေ့ရပါတယ်။ အစားအသောက်ကို အရောင်စုံအောင် စားပါ လို့တောင် ဆိုရိုးထားကြ လေရဲ့။ အရောင်စုံ အသီး အရွက်တွေက ကျန်းမာရေး အတွက် ဆုလာဘ်တွေပါပဲ။ အစာစားတိုင်း အသီးအရွက်ကို ပန်းကန် တဝက်လောက် ဖြည့်တင်း စားသောက်တာက အကောင်းဆုံးလို့ ဆိုကြပါတယ်။ အသီးအရွက် ဖျော်ရည်တွေလည်း ဖြည့်စွက် စားသုံး သင့်ပါတယ်။ အသီးအရွက်တွေရဲ့ သဘာဝအတိုင်း ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ၊ ဗီတာမင်တွေ ပါဝင်တာက ကျန်းမာရေး အထောက်အကူတွေ ပေါ့။
သံလွင်ဆီ
အဆီရဲ့ သဘောကိုက ကောင်းတာနည်းပြီး မကောင်းတာများ တာပါ။ ဒါပေမယ့် သံလွင်ဆီကတော့ အဆီ ထဲမှာ ဘုရင်ပေါ့။ သူ့ရဲ့ အကျိုးကျေးဇူးက နှလုံးကျန်းမာရေး အတွက် အတော်ကောင်းတာ ကိုး။ တခြား အသီး အရွက်ဆီတွေ နေကြာ၊ ပဲပိစပ် စတာတွေ ရှိပေမယ့် အဲဒီအဆီတွေက သံလွင်ဆီနဲ့ မတူတဲ့ အဆီ ဓာတ်တွေလည်း ပါဝင်နေတာပါ။ သံလွင်ဆီကို ကိုယ့်ရပ် ဒေသမှာ ပုံမှန်စားသုံးဖို့ ကတော့ ပြဿနာ ရှိပါ တယ်။
ငါး
အဆီပါတဲ့ ငါးတွေ (သူတို့ဆီမှာတော့ ဆော်လ်မွန်၊ ဆာဒင်း၊ တူနာ၊ မက်ခရဲလ်) ကတော့ မြေထဲ ပင်လယ် စာရဲ့ အဓိက အစားသောက်ပါပဲ။ ကိုယ်တွေ ဆီမှာတော့ ငါးတန်၊ ငါးမြင်းတွေ ပြောရမှာပေါ့။ ဒီငါးတွေ ကျန်းမာရေး ကောင်းစေတာ က အဓိက အားဖြင့် အိုမီဂါ-၃ အဆီ အက်ဆစ်ဓာတ် ကြွယ်ဝ လွန်းလို့ပါပဲ။ သွေးကြောတွေ ကျန်းမာရေးမှာ အဲဒီ အဆီ အက်ဆစ်က အထောက်အကူ အလွန်ပေးပြီး သွေးတိုးထိန်းညှိပေးတာကိုး။ ဒီလို အဆီများငါးတွေကို တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက်တော့ စားသင့်ပါတယ်။
ပဲအမျိုးမျိုး
ပဲသီး၊ ပဲစေ့ အားလုံးက အမျှင်ဓာတ် ကြွယ်ဝပါတယ်။ ပရိုတင်းခေါ်တဲ့ အသားဓာတ် အဓိကပါဝင်တဲ့ အစာတွေလည်း ဖြစ်ပါတယ်။ အဆီလည်း ပါဝင်မှု နည်းပါးလွန်းတာက ကျန်းမာရေး အထောက်အကူ တချက်ပါပဲ။ လတ်လတ် ဆတ်ဆတ်ကို ချက်ပြုတ်စားသုံး နိုင်သလို စည်သွတ်ဘူးတွေလည်း စားလို့ အဆင်ပြေပါတယ်။ သတိပြုစရာ တချက် ကတော့ စည်သွတ်ဘူး လုပ်ရာမှာ ဆားတွေ သိပ်မထည့်မိ စေဖို့ပါပဲ။
အစေ့အဆန်များ
အစေ့အဆန်တွေ (ဖရုံ၊ နေကြာ စသဖြင့်) မှာ ကယ်လိုရီတွေ များတတ်တာမို့ တချို့က ဝမှာကြောက်ပြီး ရှောင်ကြဉ်ကြ ပါတယ်။ ဒါပေမယ့် သူတို့မှာ ပါဝင်တဲ့ အဆီတွေက ပြည့်ဝဆီ မဟုတ်တာကြောင့် စားသုံးသင့်ပါတယ်။ များများစားသုံး တာက နှလုံးရောဂါ ဖြစ်နိုင်ခြေတောင် လျော့ကျစေပါတယ်။ သိပ်ငန်တာမျိုး မဟုတ်တဲ့ အစေ့အဆန်တွေကို တနေ့ လက်တခုပ်စာ လောက်တော့ စားသုံးသင့်တယ် လို့ ဆိုပါတယ်။
ကယ်လ်ဆီယမ်နဲ့ နို့ထွက်ပစ္စည်း
မြေထဲပင်လယ် ဒေသ နေထိုင်သူတွေက ဒိန်ခဲတွေ၊ မလိုင်တွေ အလွန်အကျွံ စားလေ့ရှိကြ ပါတယ်။ ဒါတွေက နှလုံးသွေးကြော ရောဂါတွေ အတွက် ရှောင်ကြဉ်သင့်တာတွေ ဖြစ်နေပါလျက်နဲ့ သူတို့တော့ မဖြစ်ကြတာကို လေ့လာနေကြဆဲ ပါပဲ။ တချို့ကတော့ သူတို့က စားတဲ့ ပမာဏထက် လှုပ်ရှားမှု ပိုများကြလို့ ဆိုပြီး ပြောကြပါတယ်။ ဒိန်ချဉ်လိုမျိုးတွေ စားတာကတော့ ကျန်းမာရေး အထောက်အကူ ဖြစ်ပြန်တယ် လို့ဆိုပါတယ်။
ဝိုင်
ဝိုင်ဆိုတာ ကလည်း အရက်နွယ်ဝင် ပေမို့ ဒီကိစ္စကတော့ အငြင်းပွားစရာ ဖြစ်ပေမယ့် မြေထဲပင်လယ် ဒေသကလူတွေ ဝိုင်သောက်တဲ့ ဓလေ့က သက်ရှည်ကျန်းမာခြင်းနဲ့ သက်ဆိုင်တယ် လို့ ကောက်ချက်ဆွဲ ကြပါတယ်။ အမျိုးသမီးတွေ တနေ့တခွက်လောက်၊ အမျိုးသားတွေ တနေ့ ၂ ခွက်လောက် ဝိုင်သောက် တာက နှလုံးရောဂါဖြစ်ပွားမှု လျော့ကျစေ တာတော့ အမှန်ပဲလို့ ဆိုပါတယ်။ အရက်သဘာဝအရ တခြား အန္တရာယ်တွေ ရှိတတ်တော့ ဒါက ချိန်ဆရမယ့် အချက် ပေါ့။
အထက်မှာ ဆိုခဲ့တာတွေ ကြည့်ရင် မြေထဲပင် လယ်ဒေသမှာ နေထိုင်သူတွေ ကျန်းမာသက်ရှည်စေတဲ့ အစား အသောက်တွေကို သတိမူမိမှာ ပါ။ အဲဒါတွေက မြေထဲပင်လယ်မှာသာ ရတဲ့ အစားအသောက်တွေ မဟုတ်ဘဲ ကိုယ့် ပတ်ဝန်းကျင်တွေ မှာလည်း ရှိနေတာ တွေ့ရမှာပါ။ အဲဒီတော့ ကျန်းမာဖို့၊ အသက်ရှည်ဖို့ အတွက် မြေထဲပင်လယ် အစားအသောက်မျိုးတွေ အသီးအရွက်နဲ့ ငါး အခြေခံ စားသောက်ကြည့်ပြီး စမ်းသပ် ကြည့်ကြရအောင်လား။ ။