နှစ်စဉ် နှစ်တိုင်း ဝေးလံခေါင်ဖျားသည့် မြန်မာနိုင်ငံ အနောက်ပိုင်း ထောင့်စွန်းနေရာလေးမှ သောင်းနှင့် ချီသော ရိုဟင်ဂျာ မွတ်စလင်များ အနီးအနား တိုင်းပြည်များသို့ လှေစီး၍ ထွက်ပြေးကြသည်။ သို့သော် သူတို့လို ကြီးမားသည့် အခြား စွန့်ခွာထွက်ပြေးမှုက ကမ္ဘာ့သတင်းခေါင်းစဉ်များတွင် မပါသလောက် နည်းပါးနေသည်။
ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များသည်လည်း (ဘင်္ဂါလီများဟု ရန်သူသဖွယ် ခါးခါးသီးသီး သူတို့က ခေါ်သော) ရိုဟင်ဂျာများနည်းတူ မလေးရှားနှင့် ထိုင်းနိုင်ငံ များတွင် အလုပ်အကိုင်ရှာဖွေရန် အတွက် ရခိုင်ပြည်နယ်ကို စွန့်ခွာနေကြသည်။ အရည်အတွက် အနည်းငယ်မျှရှိသည့် ရခိုင်လူမျိုးများသည် ရိုဟင်ဂျာများ သွားသည့် မှောင်ခိုလမ်းကြောင်းအတိုင်း သွားကြပြီးနောက် ရိုဟင်ဂျာများကဲ့သို့ပင် လူကုန်ကူးသူများ၏ သားကောင်အဖြစ်သို့ ရောက်ရှိသွားကြသည်။
ထိုသို့ စွန့်ခွာထွက်သွားမှုများက ကျယ်ပြန့်သော စီးပွားရေးကျဆင်းမှုကို ရောင်ပြန်ဟပ်ပြနေသည်။ မြန်မာနိုင်ငံ၏ အရပ်သား တပိုင်း အစိုးရက ၂၀၁၁ ခုနှစ်တွင် အာဏာရရှိပြီးကတည်းက ပြုပြင်ပြောင်းလဲမှု အမြောက်အမြား ပြုလုပ်ခဲ့သော်လည်း အလုပ် အကိုင်နေရာများ လုံလောက်စွာဖန်တီး ပေးနိုင်ခဲ့ခြင်း မရှိသေးပါ။
“ရခိုင်ရွာတွေကို သွားမယ်ဆိုရင် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ တွေ့လိမ့်မယ်။ လူငယ်တွေက ထွက်သွားကြပြီ” ဟု ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့မှ လူသိများသည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သော ဦးထွန်းမောင်က ပြောသည်။
လူရာနှင့် ချီ၍ သေဆုံးခဲ့ရပြီး မွတ်စလင် အများစုပါဝင်သည့် လူပေါင်း ၁၄၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော လူမျိုးစု အသိုင်းအဝိုင်း ၂ ခုကြားမှ ပဋိပက္ခမျာဖြစ်ပွားခဲ့ပြီး နောက် ၁ နှစ်အကြာ ၂၀၁၂ ခုနှစ် အတွင်းတွင် ရိုဟင်ဂျာများရော ရခိုင် လူမျိုးများပါ စွန့်ခွာထွက်ပြေးမှု မြင့်တက်လာခဲ့သည်။
အိုးအိမ်မဲ့ဖြစ်ခဲ့ရသော မွတ်စလင်များသည် ယခုအခါတွင် ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ ညစ်ပတ်ပေရေနေသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြပြီး ဟောင်းနွမ်းအိုမင်းနေသည့် လူမှောင်ခိုလှေများ လွယ်ကူစွာ ဆိုက်ကပ်နိုင်သည့် နေရာ ဖြစ်နေသည်။
၂၀၁၂ ခုနှစ် ပဋိပက္ခများနောက်ပိုင်းတွင် ရိုဟင်ဂျာ ၁၀၀,၀၀၀ ခန့်လှေဖြင့် ထွက်ပြေးခဲ့ကြသည်ဟု ရိုဟင်ဂျာ အရေး ဆောင် ရွက်နေသော Arakan Project အဖွဲ့ကပြောသည်။
ရခိုင် လူမျိုးများ အမြောက်အမြား ထွက်ခွာသွားနေသည်ကို သတိမပြုမိကြခြင်းမှာ ၎င်းတို့က ကုန်းလမ်းနှင့် လေကြောင်း လမ်းတို့မှ နိုင်ငံကူး လက်မှတ်များကိုင်ဆောင်၍ ပုံမှန်ထွက်သွားနေကြ၍ ဖြစ်ပါသည်။ နိုင်ငံမဲ့ ရိုဟင်ဂျာများမှာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်နိုင်ခြင်း မရှိပေ။
သို့သော်လည်း ရခိုင်လူမျိုးများသည်လည်း ၂၀၁၂ ခုနှစ်မှစ၍ အမြောက်အများထွက်ခွာသွားခဲ့ကြသည်ဟု မြန်မာတာဝန်ရှိ သူ များကပြောကြသည်။ ရာစုနှစ်ဝက်မျှကြာမြင့်ခဲ့သော စစ်အာဏာရှင် အုပ်ချုပ်ရေးကာလအတွင်းတွင် ဥပေက္ခာ ပြုထား ခဲ့သည့်အတွက် ဒေသတွင်း စီးပွားရေး အခြေအနေဆုတ်ယုတ်ကျဆင်းလာခဲ့၍ ဖြစ်ပါသည်။
အလုပ်အကိုင်ရရှိရန်အတွက် သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့ ထွက်ခွာခဲ့ကြသည်။ အိမ်နီးချင်း ထိုင်း နိုင်ငံ တခုထဲမှာပင် မြန်မာနိုင်ငံသား ၂ သန်းခန့်ရှိသည်ဟု နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ကပြောသည်။ မြန်မာ နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာလျှင်ပင် အများစုက ပြန်ကြဖွယ် မရှိပေ။
“သူတို့ကို မယုံဘူး”
ရခိုင်လူမျိုးများနေရပ်ကို စွန့်ခွာသွားကြခြင်းသည် စီးပွားရေးနှင့် အသိုင်းအဝိုင်း ၂ ခုကြား တင်းမာမှုကို ပိုပြီး ဆိုးလာစေ နိုင်သည်။
လူဦးရေ ၃.၂ သန်း နေထိုင်သည့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများသည် လူနည်းစုဖြစ်ပြီး လူဦးရေ အချိုးအစားမှာ ရခိုင် လူ မျိုး ၂ ယောက်ရှိလျှင် ရိုဟင်ဂျာက တယောက်သာ ရှိသည်။
သို့သော်လည်း ပြည်နယ်၏ အနောက်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မောင်တော ဒေသ တွင် အဆိုပါ ကိန်းဂဏန်းများက ပြောင်းပြန်ဖြစ်နေသည်။ လူဦးရေ ၅၁၀,၀၀၀ ရှိရာတွင် ရခိုင် သို့မဟုတ် မွတ်စလင် မဟုတ်သူက ၃၀,၀၀၀ သာရှိသည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
လူငယ်များက နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရန် သူတို့၏ ကျေးရွာများကို စွန့်ခွာသွားကြသည့်အခါ ရခိုင်လူမျိုးများ အင်အားနည်းလာပြီး ဝိုင်းရံခြင်းခံထားရသလို ခံစားကြရသည်။
မလေးရှားနိုင်ငံမှ စက်ရုံတခုတွင် ၇ နှစ်ကြာမျှ အလုပ်လုပ်ခဲ့ပြီး မောရဝတီကျေးရွာသို့ ယခုမှ ပြန်လည်ရောက်ရှိလာသော အသက် ၃၀ အရွယ်ရှိသူ ကိုလှထွန်းဦးက သူနိုင်ငံခြားသို့ ရောက်ရှိနေချိန် ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ကျေးရွာကို ရိုဟင်ဂျာ လူအုပ်ကြီးက မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ပြောပြသည်။
မောရဝတီကျေးရွာကို မြန်မာအစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက် ခဲ့သည်။ အဆိုပါ ကျေးရွာသည် စစ်စခန်းပုံစံ ဖြစ်နေသည်။
စစ်သားများက တောင်ကုန်းထိပ် တခုပေါ်မှနေ၍ ကွင်းပြင်များကို စောင့်ကြည့်နေသည်။ မောရဝတီကျေးရွာနှင့် ကမ်းခြေ တလျှောက်မှ မွတ်စလင် ကျေးရွာများကြားရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခုတွင်း စစ်သားများ စခန်းချထားကြသည်။
အနီးအနားမှ ရခိုင်ကျေးရွာများတွင်လည်း ရဲအဖွဲ့က အမြဲတမ်းစောင့် ကြပ်နေသည်။ မွတ်စလင် ကျေးရွာများကို ရခိုင်လူမျိုးများ ရှောင်ကွင်းပြီးသွားနိုင်ရန် စစ်တပ်က အသစ်ဖောက်လုပ်ပေးထားသည့် လမ်းများဖြင့် ဆက်သွယ်ထားသည်။ ည ၁၁ နာရီ မှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။
“ကျနော့်ကို ဒီမှာမွေးတယ်။ ကျနော့်မြေကို ချစ်တယ်။ ကျနော် ဒီမြေကို ကာကွယ်ချင်တယ်” ဟု ကိုလှထွန်းဦးက သူပြန်လာရသည့် အကြောင်းရင်းကို ရှင်းပြသည်။
သို့သော်လည်း ကိုလှထွန်း၏ ညီ ၂ ယောက်အပါအဝင် ရွာသား ၁၀၀ ခန့်မှာ မလေးရှား သို့မဟုတ် အခြားနေရာများတွင် သွားရောက်၍ အလုပ်လုပ်နေကြသည့် အတွက် မောရဝတီ ကျေးရွာတွင် အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသူ ယောက်ျား ၂၀ ခန့်သာ ကျန်နေသည်။
မွတ်စလင် အိမ်နီးချင်းများနှင့် ဆက်ဆံရေးကလည်း တင်းမာနေဆဲဖြစ်သည်။ ရခိုင်လယ်သမားများက မွတ်စလင် များကို အလုပ်သမားအဖြစ် ငှားရမ်းခြင်း မပြုတော့ပေ။ “သူတို့ကို မယုံတော့ဘူး” ဟု ကျေးရွာ အကြီးအကဲ ဦးမောင်မောင်သိန်းက ပြောသည်။
သို့သော်လည်း အချို့နေရာများတွင် ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်စလင်များမှာ များစွာ ကွာခြားခြင်းမရှိကြပါ။
အသက် ၃၀ အရွယ် ရခိုင်အမျိုးသားတယောက် ဖြစ်သော ကိုဖြူတုတ်သည် နိုင်ငံကူးလက်မှတ် မရှိသည့်အတွက် မလေးရှားနိုင်ငံအတွင်းသို့ မှောင်ခို ဝင်ရောက် နိုင်ရန် ပွဲစားတဦးကို အမေရိကန် ဒေါ်လာ ၆၀၀ မျှ ပေးခဲ့ရသည်။ ခရီးသွား လက်မှတ် မရှိသော ရိုဟင်ဂျာများသည်လည်း ပွဲစားများအပေါ် မှီခိုကြရသည်။
ကိုဖြူတုတ် မြန်မာနိုင်ငံတောင်ပိုင်းသို့ သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံအတွင်းသို့ လှေဖြင့် ဝင်ရောက်၍ တောတောင် ထူ ထပ်သည့် တောင်ပေါ်လမ်းမှနေ၍ မလေးရှားနိုင်ငံအတွင်းသို့ သွားခဲ့သည်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် လည်း ထိုလမ်းကြောင်း အတိုင်းပင် သွားခဲ့ကြသည်။
သူနှင့် အတူ လူ၃၀ ခန့်ပါဝင်ခဲ့သည်။ “အများစုက ရခိုင်တွေပါ” ဟု မလေးရှားနိုင်ငံမှ စက်ရုံတခုတွင် ၁ နှစ်ခန့် လုပ်ကိုင်ခဲ့ သော ကိုဖြူတုတ်က ပြောသည်။
ရိုဟင်ဂျာများကဲ့သို့ပင် ရခိုင်များသည်လည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းခံကြရသည်။ ယခုနှစ် အစောပိုင်းက ထိုင်းနိုင်ငံ မှ ငါးဖမ်းလှေတစင်းပေါ်တွင် လူကုန်ကူးခံခဲ့ရသည့် ရခိုင်အမျိုးသား ၁၄ ဦးကို အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်အတွင်းတွင် တွေ့ ရှိခဲ့ရသည့် အတွက် International Organization for Migration အဖွဲ့က နေရပ်သို့ပြန်နိုင်အောင် သြဂုတ်လ အတွင်းက စီစဉ်ပေးခဲ့ရသည်။
၎င်းတို့ကို ထိုင်းနိုင်ငံတွင် လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု လိမ်ညာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အလုပ်မရှိသော လုပ်သားများ
ရခိုင်မိသားစု အများအပြားသည် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများမှ ပြန်ပို့ပေးသည့် ငွေအပေါ်တွင် မှီခိုနေကြရသည်။ ကိုလှထွန်းဦးက မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် အိမ်သို့ တလလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ပြန်ပို့ ပေးခဲ့သည်ဟု သိရသည်။ ၇ နှစ်ကာလအတွင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၀၀၀၀ မျှ စုဆောင်းနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
သို့သော်လည်း ရခိုင် လူငယ်အမြောက်အများ ထွက်ခွာသွားခဲ့ခြင်းက ၂၀၁၂ ခုနှစ် သွေးထွက်သံယို ကိစ္စများထဲတွင် လုံးလည်လိုက်နေသော ဒေသ၏ စီးပွားရေးကို အထောက်အကူ မဖြစ်စေခဲ့ပါ။
ရခိုင်ပြည်နယ်သည် ဆင်းရဲမွဲတေမှုကို နာတာရှည်ရောဂါတခုလို ခံစားနေရသည်။ အာဟာရ မပြည့်ဝမှုကိုလည်း နေရာ အနှံ့အပြားတွင် မြင်တွေ့နိုင်ပြီး လမ်း တံတားနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အဦကလည်း မရှိသလောက် ချို့တဲ့နည်းပါးသည်။ စက်ရုံများကလည်း အနည်းငယ်သာ ရှိပြီး တခုနှင့် တခု အလှမ်းဝေးလွန်းသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် မွတ်စလင်များက အဓိက ထုတ်လုပ်ပေးနေသည့် ဟင်းသီးဟင်းရွက်နှင့် ပင်လယ်ထွက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့သည်။ အလုပ်သမားခများလည်း မြင့်တက်သွားသည်။ စစ်တွေမြို့မှ စီးပွားရေး လုပ်ငန်းများတွင် မွတ်စလင်များကို အလုပ်သမားအဖြစ် ငှားရမ်းခွင့်မရှိပါ။ ၎င်းတို့ကို မြို့ထဲမှ ထွက်စေပြီး ဝေးလံသည့် ဒုက္ခသည်စခန်းများတွင် ရဲ အစောင့် အကြပ်များဖြင့် နေထိုင်နေကြရသည်။
“အဓိကရုဏ်းနဲ့လူမျိုးရေး ခွဲခြားမှုတွေက စီးပွားရေးကို ထိခိုက်စေပါတယ်။ မွတ်စလင်တွေက စခန်းထဲမှာပဲနေရတော့ အလုပ်မလုပ်နိုင်ကြဘူး။ မတည်ငြိမ်မှုက အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အခက်အခဲဖြစ်စေပါတယ်” ဟု မြန်မာ့အရေး လေ့လာသူတယောက်ဖြစ်သည့် Richard Horsey က ပြောသည်။
အလုပ်အကိုင်ရှာဖွေနေကြသည့် ရခိုင်လူမျိုးများကို မိမိတို့ ဒေသတွင် ဆက်လက်ရှိနေစေရန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက တွန်းအား ဖြစ်စေပါလိမ့်မည်။ စစ်တွေမြို့တွင် စားသောက်ဆိုင် ၂ ဆိုင် နှင့် ဟိုတယ်တခု ဖွင့်လှစ်ထားသည့် စီးပွားရေး လုပ် ငန်းရှင် ဦးထွန်းမောင်ကလည်း ဒီအတိုင်းပဲ မျှော်လင့်ထားပါသည်။
သို့သော် အလုပ်သမား လိုချင်သည့်အတွက် ၆ လမျှ ဦးထွန်းမောင် ကြော်ငြာ၍ ရှာဖွေခဲ့ရသည်။ “ဘယ်သူမှ အလုပ်လာ မလျှောက်ကြဘူး” ဟု သူက ပြောပြသည်။
( Reuters သတင်းဌာနမှ Andrew R.C. Marshall ရေးသားသော Poor and besieged, Myanmar’s Rakhine join Rohingya exodus ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်)