Culture

နှစ် ၁၀ဝ ပြည့်တော့မယ့် ချင်းချောင်းနန်းတော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာနှင့် ဗြိတိသျှ  အရပ်ဘက် အရာရှိဟောင်း တဦးဖြစ်သည့် မောရစ်ကောလစ် (Maurice Collis) သည် ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သည်။ သူ၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ပထမရပ် နားသည့်အချိန်တွင် အင်းလျားကန်အတွင်းရှိ “ကျွန်းပေါ်မှ အိမ်ကလေး”  တွင် လာရောက်တည်းခိုရန် အင်္ဂလိပ်အမျိုးသား မိတ်ဆွေတယောက်ကဖိတ် ကြားခဲ့သည်။

သူရေးသားခဲ့သော “နေဝင်ဘုရင်များ” စာအုပ် တွင် မောရစ်ကောလစ်က ထိုအိမ်လေးတွင် တွေ့ခဲ့ရသည့် တရုတ်ကြွေထည်များ၊ ပါရှန်း ကောဇောများ၊ ကြေးဖြင့် သွန်းလောင်းထားသည့် စည်ကြီးများ၊ ပြောင်လက်နေအောင် ဖယောင်းတိုက်ထားသည့် ကြမ်းပြင်၊ အဖြူရောင်အမွှေးပွ ခွေးလေးတကောင် တို့နှင့်အတူ ထင်ရှားသည့် မြန်မာပန်းချီဆရာကြီး ဦးဘဉာဏ်၏ လက်ရာပန်းချီကားများကြောင့် စိတ် ချမ်းမြေ့ခဲ့ရကြောင်း ရေးသားထားသည်။ ထိုအိမ်ကို ကျော်ကြားသည့် တရုတ်သူဌေးကြီး လင်ချင်းချောင်း (Lim Chin Tsong) စတင်ပြီး ကြွယ်ဝချမ်းသာလာခါစ အချိန်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း စာရေးဆရာက အတိုချုပ်ဖော်ပြခဲ့သည်။ မောရစ်ကောလစ် သွားရောက်တည်းခိုသည့် အချိန်မှာတော့ လင်ချင်းချောင်း ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

လင်ချင်းချောင်းသည် တရုတ်လူမျိုး စီးပွားရေး  လုပ်ငန်းရှင်ကြီး တဦးဖြစ်ပြီး ရော်ဘာပင် စိုက်ပျိုးခြင်း၊ အထည်အလိပ်လုပ်ငန်း၊ ဆန်နှင့်ဆီ ကုန်သွယ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများတွင် သူ၏ စီးပွားရေးအင်ပါယာကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ သူက တရုတ်နိုင်ငံ ဖူကျန့် (Fujian) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချလာသည့် တရုတ်လူမျိုးတဦး၏ သားဖြစ်သည်။ ၁၈၆၁ ခုနှစ်တွင် လင်ချင်းချောင်း၏ ဖခင်ဖြစ်သူ Lim Soo Hean ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဆန်အရောင်းအဝယ်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချခြင်း စတင်ပြုလုပ်ခဲ့သည်။

ထိုအချိန်တွင် အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းပိုက်ထားပြီး မြန်မာဘုရင် မင်းတုန်းမင်း အုပ်ချုပ်နေဆဲဖြစ်သည့် အထက်မြန်မာနိုင်ငံကိုပါ သိမ်းပိုက်ယူနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်သည်။ ဗြိတိသျှတို့ အုပ်ချုပ်နေသည့် ရန်ကုန်၌ စီးပွားရေး လုပ်ကိုင်ရာတွင် အပြိုင်အဆိုင်များသည်။ ထို့အပြင် သူ၏ အဓိကအတားအဆီးဖြစ်သည့် ပညာရေး အားနည်းမှုကို Lim Soo Hean သတိပြုမိခဲ့သည်။ သူက ဥရောပတိုက်သားများ၊ အိန္ဒိယနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ကုန်သည်များနှင့် အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုဆက်ဆံနိုင်ခြင်း မရှိပေ။

ထိုကြောင့် အသက် ၁၆ နှစ် အရွယ်ရှိပြီဖြစ်သော သားဖြစ်သူ လင်ချင်းချောင်းကို ရန်ကုန်မြို့ရှိ စိန့်ပေါလ် ကျောင်းနှင့် ရန်ကုန်ကောလိပ်တွင် ပညာသင်ကြား စေခဲ့သည်။ သို့သော်လည်း သူ့သားက လုပ်ငန်းများ ကိုအမွေဆက်ခံပြီး အရှေ့တောင်အာရှတွင် အအောင် မြင်ဆုံး စီးပွားရေးလုပ်ငန်းများထဲမှ တခုအဖြစ် တည်ထောင်နိုင်ခဲ့သည်ကို Lim Soo Hean မြင်မသွားခဲ့ရပါ။

၁၈၈၅ ခုနှစ်တွင် Lim Soo Hean ကွယ်လွန်သွားသည့်အခါ ဖခင်ဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများ ကို ဆက်ခံလုပ်ကိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ဗြိတိသျှ တပ်ဖွဲ့များ မန္တလေးသို့ချီတက်ပြီး သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူသည်။ မြန်မာတနိုင်ငံလုံးလည်း ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်သွားခဲ့ရသည်။

ငယ်ရွယ်ပြီးတက်ကြွသော လင်ချင်းချောင်း သည် ပင်လယ်ကူး သင်္ဘောများ ဝယ်ယူခြင်း၊ နိုင်ငံခြားသို့ ဆန်တင်ပို့ခြင်း၊ သူ၏ သင်္ဘောလုပ်ငန်းကို စင်ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံ (Guangdong) နှင့် အမွိုင် (ဌငောနည) တို့အထိ တိုးချဲ့ခြင်း အားဖြင့် စီးပွားရေးအင်ပါယာကို ချဲ့ထွင်နိုင်ရန် အတွက် စတင်လုပ်ဆောင်ခဲ့သည်။

ထိုခေတ်ကာလက စီးပွားရေးသမားများထဲတွင် တရုတ်သူဌေး လင်ချင်းချောင်းကို ပါရမီရှိပြီး နည်းဗျူဟာမြောက်စွာ တွေးခေါ်စဉ်းစားနိုင်စွမ်း ရှိသူအဖြစ် အသိအမှတ်ပြုကြသည်။ သူ၏ စီးပွားရေး လုပ်ငန်းများနှင့် ထုတ်ကုန်ပစ္စည်းများတွင် “ကျင်တဲ့” (Xie De) အမှတ်တံဆိပ်ကို အသုံးပြု၍ သိသာထင် ရှားအောင် ပြုလုပ်ခဲ့သည်။ မကြာမီမှာပင် လန်ဒန်တွင် အခြေစိုက်သည့် ရေနံကုမ္ပဏီကြီး တခုဖြစ်သော ဘားမားရေနံ ကော်ပိုရေးရှင်း (BOC) နှင့် သဘော တူညီမှုရရှိပြီး BOC ထုတ်ကုန်များအတွက် ဒေသတွင်း တဦးတည်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ရေနံလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း သည် လင်ချင်းချောင်းကို ပိုမိုချမ်းသာကြွယ်ဝစေခဲ့ပြီး ပင်လယ်ရပ်ခြားတွင် အခြေစိုက်သည့် အချမ်းသာဆုံး တရုတ်လုပ်ငန်းရှင်များထဲမှ တယောက်ဖြစ်လာခဲ့သည်။

လင်ချင်းချောင်းသည် ထည်ထည်ဝါဝါ နေထိုင် တတ်သူတယောက်ဖြစ်သလို ပရဟိတလုပ်ငန်းများတွင် ရက်ရောတတ်သူ တယောက်အဖြစ် လူသိများသည်။ ကျောင်းသားများ အင်္ဂလိပ်စာသင်ကြားရေးအတွက် ကျောင်းတကျောင်း တည်ထောင်ရန်နှင့် ရန်ကုန်မြို့တွင် အမျိုးသမီးများအတွက် ဆေးရုံဆောက်လုပ်ရန် ငွေကြေးလှူဒါန်းခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် သူနှင့် သူ၏စီးပွားဖက်များက ရန်ကုန်မြို့တွင် အင်္ဂလိပ်နှင့် တရုတ်ကပြား ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် ကျောင်းများတည်ထောင် ပေးခဲ့သည်။ နောက် ၂ နှစ်ကြာသည့်အခါ လင်ချင်းချောင်းကျောင်းဟု တရားဝင်သိကြသည့် သူ၏ ကိုယ်ပိုင်ကျောင်းကို တည်ထောင်ခဲ့သည်။

ထိုအချိန်က ပညာရေးကိုမြှင့်တင်ရန် တရုတ်လုပ်ငန်းရှင်ကြီးတဦး၏ အားထုတ်မှုကို သိရှိသူသည် ကျေနပ်နှစ်သက်မိပေလိမ့်မည်။ အထူးသဖြင့် ယနေ့ခေတ် မြန်မာနိုင်ငံမှ တရုတ်စီးပွားရေးသမားများ၏ လောဘနှင့်ယှဉ်သော အပြုအမူများကို တွေ့ရှိနေရသည့်အတွက် ဖြစ်ပါသည်။

လင်ချင်းချောင်းကျောင်းသည် ရန်ကုန်မြို့လယ်တွင်ရှိပြီး အင်္ဂလန်နိုင်ငံမှ ဆရာများကို ထိုက်ထိုက်တန်တန် လစာပေး၍ခန့်ထားသည်။ အဆိုပါကျောင်းမှ အင်္ဂလိပ်ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးထားသည့် ပညာတတ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ရန်ကုန်မြို့တွင် လာရောက်ပညာသင်ယူကြသည့် ဟောင်ကောင်နှင့် မကာအိုမှ ကျောင်းသားများလည်း ပါဝင်သည်ဟု သမိုင်းမှတ်တမ်းတချို့အရ သိရသည်။

လင်ချင်းချောင်းသည် မြန်မာနိုင်ငံ ဥပဒေပြု ကောင်စီ၏အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ ဂုဏ်ထူးဆောင် ဘွဲ့ (OBE) ချီးမြှင့်ခြင်းခဲ့ရသည်။ ပထမကမ္ဘာစစ် အတွင်းတွင် ရန်ပုံငွေလှူဒါန်းခဲ့၍ဖြစ်သည်။ ရန်ကုန်မှ Turf ကလပ်နှင့် လင်ချင်းချောင်း ပိုလိုကလပ်တွင် ဩဇာကြီးသည့် အဖွဲ့ဝင်တယောက်လည်း ဖြစ်လာခဲ့သည်။ လင်ချင်းချောင်း ပိုလိုကလပ်သည် သူသေဆုံးပြီးသည့် နောက်ပိုင်းအထိ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

စာရေးဆရာ မောရစ်ကောလစ် သွားရောက်တည်းခိုခဲ့သည့် အင်းလျားကန်အတွင်းမှ အိမ်ကလေးနှင့် များစွာအလှမ်းမကွာသော ရန်ကုန်မြို့ ကုက္ကိုင်းလမ်း (ယခု ကမ္ဘာအေးဘုရားလမ်း) တွင် ခမ်းနားကြီးကျယ်ပြီး တန်ဖိုးကြီးမားသည့် နေအိမ်တလုံးကို လင်ချင်းချောင်းက ၁၉၁၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ အနီရောင်အုတ်များ၊ အစိမ်းရောင် အုတ်ကြွပ်များဖြင့် တည်ဆောက်ထားသည့် အထပ် ၅ ထပ်ပါဝင်သော အဆောက်အအုံသည် ဘေဂျင်း မြို့ရှိ Yihe Yuan နွေရာသီနန်းတော်မှ Fu Xiang ပွဲကြည့်စင်နှင့် ဆင်တူသော်လည်း အမှန်တကယ်အားဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း ဗိသုကာ ဒီဇိုင်းများကို ရောမွှေထားခြင်းဖြစ်သည်။ အချိန် ၂ နှစ်ကျော်ကြာအောင် တည်ဆောက်ခဲ့ရပြီး ကုန်ကျငွေ ရူပီး ၂ သန်းဝန်းကျင်ခန့်  ရှိသည်ဟု သတင်း အချို့က ခန့်မှန်းဖော်ပြခဲ့ကြသည်။

အိမ်အတွက် တရုတ်နှင့် အီတလီနိုင်ငံမှ ဒီဇိုင်နာများပြုလုပ်သည့် ပစ္စည်းများနှင့် လက်မှုလက်ရာများ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းခဲ့သည်။ အတွင်းပိုင်းဒီဇိုင်းများ ပြုလုပ်ရန်အတွက် အင်္ဂလန်နိုင်ငံမှ ထင်ရှားသည့် ပန်းချီဆရာများကို ဖိတ်ခေါ်ခဲ့ သည်။ အိမ်ကိုအလှဆင်ရန် ဖိတ်ခေါ်ခဲ့သူများထဲတွင် အင်္ဂလိပ်လူမျိုး ဒီဇိုင်နာ၊ သရုပ်ဖော်ပညာရှင်နှင့် ပန်းချီဆရာ Ernest Procter နှင့် သူ၏ဇနီးဖြစ်သူ ပန်းချီဆရာမ Dod Procter တို့ ပါဝင်ခဲ့ကြသည်။

သူ၏နေအိမ်ကို လင်ချင်းချောင်း နန်းတော်ဟု သိခဲ့ကြပြီး ဒေသခံများက ချင်းချောင်းနန်းတော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ချမ်းသာကြွယ်ဝမှုကို ဖော်ပြနေသည့် ချင်းချောင်းနန်းတော်တွင် ပျော်စရာပါတီပွဲများ မည်မျှအထိ ပြုလုပ်ခဲ့သည်ကို မှတ်တမ်းမှတ်ရာ မရှိခဲ့သော်လည်း ၁၉၂၀ ခုနှစ်တွင် ပြင်သစ်ဝန်ကြီးချုပ် Georges Clemenceau အရှေ့တောင်အာရှသို့ ခရီးထွက်ရင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ Georges Clemenceau ကို သူ၏နေအိမ်သို့ ဖိတ်ခေါ်ပြီး ဧည့်ခံခဲ့သည်။

၁၉၂၁ ခုနှစ်တွင် ဗြိတိသျှအစိုးရက အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချခြင်းကို ပိတ်ပင်လိုက်သည့်အခါ လင်ချင်းချောင်း၏ အောင်မြင်မှု အရှိန်အဟုန်များ ထိခိုက်ရပ်ဆိုင်းသွားရသည်။ မကြာမီမှာပင် ဈေးကွက်လည်း ပျက်စီးသွားရသည်။ သူ၏ ဝင့်ကြွားထည်ဝါသည့် နေထိုင်မှုများကြောင့် BOC ကုမ္ပဏီက တဦးတည်းကိုယ်စားလှယ် ပေးထားခြင်းကို ရုပ်သိမ်းလိုက်ခြင်းက သူ၏ကုမ္ပဏီကို ပြိုလဲကျဆုံးစေခဲ့သည်ဟု တချို့က ယူဆကြသည်။ ရုတ်ခြည်းဆိုသလို သူ စီးပွားပျက်ခဲ့ရ၏။ သူ၏ ရိုးရွိုက်စ်ကားများ အပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရပြီး မိတ်ဆွေများထံမှ စတင်ပြီး ငွေချေး ငှားရတော့သည်။ လင်ချင်းချောင်း၏ နောက်ဆုံးနေ့ ရက်များတွင် တချိန်က ချမ်းသာကြွယ်ဝခဲ့သော တရုတ်သူဌေးကြီးသည် ဆင်းရဲသားတယောက် ဖြစ်ခဲ့ရသည်။ ချင်းချောင်းနန်းတော်ကြီး ဖွင့်လှစ်ပြီး နောက် ၃ နှစ်အကြာ ၁၉၂၃ ခု နှစ်တွင် လင်ချင်း ချောင်း ကွယ်လွန်ခဲ့သည်။

ထို့နောက် ချင်းချောင်းနန်းတော်သည် ဂျပန် လူမျိုး ကြွေးရှင်တယောက်၏လက်သို့ ပထမဆုံး ရောက်ရှိသွားသည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်ချုပ်စဉ်အခါတွင် ရေဒီယို အသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် အိန္ဒိယလူမျိုး စီးပွားရေးသမားများ လက်အောက်သို့ ရောက်ရှိသွားပြီး ၁၉၅၀ ခုနှစ်တွင် မြန်မာအစိုးရက ကမ္ဘောဇရိပ်သာ အမည်ဖြင့် နိုင်ငံတော် ဧည့်ဂေဟာအဖြစ် ပြုလုပ်ခဲ့သည်။ ယခုအချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှ အနုပညာဦးစီးဌာနက အဆောက်အအုံ အတွင်းတွင် ရုံးတခုနှင့် အနုပညာသင်တန်းကျောင်းတခု ဖွင့်လှစ်ထားသည်။

လင်ချင်းချောင်း၏ ကျဆုံးမှုနှင့် မြန်မာနိုင်ငံ၏ အတက်အကျ အခြေအနေများကို မြင်တွေ့ခဲ့ရသည့် ချင်းချောင်းနန်းတော်သည် ဆယ်စုနှစ်များစွာကို ဖြတ်ကျော်ရပ်တည်နိုင်ခဲ့သည်။ ယနေ့ခေတ် ချင်းချောင်းနန်းတော်တွင် ထိုနေရာတဝိုက်၌ နေထိုင် ကြသော ကလေးငယ်များ ဆော့ကစားနေကြပြီး ခွေးလေခွေးလွင့်များက စူးစမ်းလိုစိတ်ဖြင့် ရောက် လာကြသည့် ဧည့်သည်လူစိမ်းများကို အနှောင့် အယှက်ပေးကြသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ စိတ်ရှုပ်ထွေးနေပုံရသည့် တာဝန်ရှိသူများက ဧည့်သည်များကို ဓာတ်ပုံရိုက်ခွင့်မပေးပါ။ ခန်းမအတွင်း နှင့် ဒုတိယထပ်မှ ပန်းချီလက်ရာများ၊ အပြင်အဆင် များကို မည်သူမျှ မြင်တွေ့နိုင်မည် မဟုတ်တော့ပါ။ ၎င်းတို့ကို ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လင်ချင်းချောင်း၏ နေအိမ်ဟောင်းသည် အမှန်တကယ် ပြင်ဆင်မှုတခုအတွက် အသင့်ဖြစ်နေသည့် အသွင်ရှိပါသည်။

လတ်တလောရရှိသည့် သတင်းများအရ နှစ် ၁၀ဝ ပြည့်အခမ်းအနား နီးကပ်လာသည့်အချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ချင်းချောင်းနန်းတော်ကို ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ရန် သဘော တူညီလိမ့်မည်ဟုသိရသည်။ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ရန်ကုန်တိုင်း ညွှန်ကြားရေးမှူး ဦးကျော်ညွန့်က ဧရာဝတီသို့ မကြာသေးမီက ပြောကြားခဲ့ခြင်းဖြစ်သည်။  ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သော၊ အောင်မြင်သည့် ပညာရေး စီမံကိန်းအချို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သော ကွယ်လွန်သူ လင်ချင်းချောင်းသည်လည်း သူ့ကို အသိ အမှတ်ပြုသည့်အတွက် ကျေနပ်နှစ်သိမ့်ပါလိမ့်မည်။

(၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလထုတ် The Irrawaddy မဂ္ဂဇင်းပါ Aung Zaw ၏  The House on an Island  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading