ဦးသန့်က နိုင်ငံ့ အကျိုး တွေလည်း အတတ် နိုင်ဆုံး ထမ်းဆောင် ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ အဖွဲ့ အစည်း ကြီးမှာ အမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်းမှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက်အနေနဲ့ အလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂလို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။
ကမ္ဘာ့နိုင်ငံတကာအရေးမှာပဲ ကျူးဘားအရေးအခင်းကိစ္စတို့၊ ဒုံးပျံကိစ္စတို့၊ အရှေ့အလယ်ပိုင်းကိစ္စ၊ ဗီယက်နမ်ကိစ္စတို့ကိုကြည့်။ ဒီကိစ္စတွေကိုဆောင်ရွက်ရာမှာ သူဟာ အလွန်ကိုတည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ အောင်မြင်မှုရအောင် ဆောင်ရွက်ခဲ့တာတွေအတွက် ကျနော်တို့ အလွန်ကို ဂုဏ်ယူစရာ ကောင်းတယ်ဗျ။ သူ့ဟာသူ ရာထူးရတာက တပိုင်းပေါ့ဗျ။ လူတယောက် ရာထူးရပြီး ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်တာတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် အများကြီးရှိတယ်ဗျ။
နောက်တခုက ဦးသန့်ဟာ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ် ဆိုတာကိုတွေ့ရတယ်။ ဘယ်အလုပ် လုပ်လုပ် စကားနည်းနည်းပဲပြောပြီး တိတိကျကျ ဆောင်ရွက်တတ်တယ်ဗျ။ ဒါက ကုကသမဂ္ဂလို နေရာမျိုးရောက်မှ မဟုတ်ဘူး မြန်မာပြည်တွင်းမှာ နေစဉ်ကတည်းကလည်း ဒီတိုင်းပဲ။ ဥပမာ ပြန်ကြားရေး ဝန်ကြီးဌာနမှာ အတွင်းဝန်လုပ်တော့ သတင်းစာဌာနတွေဘာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တိတိကျကျ တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရွက်တာ တွေ့ရတယ်။
တည်တည်ငြိမ်ငြိမ်ဆိုတာ တော်တော်လေး အရေးကြီးတယ်ဗျ။ စကားသိပ်မပြောဘူး။ ကျနော်ဆုံဖူးတာလေး တခုဆိုရင် ၁၉၆၀ ကျော် လောက်ကပေါ့ ဗမာပြည်မှာလာပြီး ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်ဖူးတယ်။ ဗီယက်နမ်အရေးကို ကုလသမဂ္ဂရယ် ဗီယက်နမ်တောင်ပိုင်း၊ မြောက်ပိုင်း အလယ်ပိုင်းတွေ ဆွေးနွေးရာမှာ ဗမာပြည်က နေရာပေးတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာသူက အလုပ်လုပ်တာမှာ အကုန်လုံး သင့်သင့်မြတ်မြတ် ဖြစ်အောင် လုပ်တတ်တယ်။
ဒီကိစ္စက လျှို့ဝှက်ကိစ္စဗျ။ ဒါပေမယ့် လူတွေက သိချင်တယ်လေ။ အဲဒီမှာ လျှို့ဝှက်ကိစ္စကိုလည်း မငြင်းရှောင်ဘူး၊ သိသင့်တာကိုလည်း သိရအောင် မီဒီယာရဲ့သိခွင့်ကိုလည်း မလျော့ပါးအောင်လုပ်တတ်တယ်ဗျ။ ကျနော် မှတ်မိတာလေး တခုဆိုရင် သူ သတင်းထောက်တွေနဲ့တွေ့တော့ ကျနော်တို့ထဲက သတင်းထောက်တယောက်က စကားနည်းနည်းလေး ထစ်တယ်။ အဲဒီတုန်းကလည်း သတင်းထောက် နည်းနည်းပဲရှိတာပါ။ ဒါတောင် တယောက်ကို တမိနစ်ပဲ ပေးမယ်ပေါ့ဗျာ။ မေးတာကော ဖြေတာကောနော်။ အဲဒီထစ်တဲ့သူက စကားထစ်ပြီး ဗီ ဗီ ဗီ ဗီ ဆိုပြီး ဗီယက်နမ် ဆိုတာတောင် မရောက်ဘဲ ဖြစ်တယ်ဗျ။ အဲဒီမှာ သူက ပြောလိုက်တယ် ခင်ဗျားဗျာ မေးတာနဲ့တမိနစ်ပြည့်နေပြီ ကျနော့်အဖြေမပေးနိုင်တော့ဘူး ဆိုပြီး ပြောလိုက်တယ်။ တိတိကျကျ လုပ်တာပေါ့ဗျာ။ တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား လုပ်တတ်တာ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ တခုပေါ့ဗျာ။
နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများကြီး မပြောချင်တော့ဘူး။ တခု ပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ်တော့ပဲဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ အပြုအမူမျိုးကိုလုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှားရှား ပြလိုက် တာပဲ။
ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့ သိပ်ကိုဂုဏ်ယူစရာကောင်းတယ်၊ နောက်ပြီး အလွန်ကိုထိုက်ထိုက်တန်တန်နဲ့ ကမ္ဘာ့အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးက သူ့ရဲ့စိတ်သဘော ကိုသိပြီ။ အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။
နောက်ဆုံးပိတ်ကျတော့ ပညာရေးဒုဝန်ကြီးဦးအောင်ထွန်း ဆိုတာ ကျနော့်သူငယ်ချင်းပါပဲ၊ သူ့ကို တာဝန်ပေးလိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံတွေ ဘာတွေဝတ်ပြီး နက္ကတိုင်နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေမယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ်ရောဗျ။ အဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ်ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူအများက ဦးသန့်အလောင်းကြီးကိုအတင်း ကျိုက္ကဆံကွင်း ကနေလုကြတာ။
ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစဉ်ထားတာလို့ ကြားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ်ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင်တယ်။ ခုလို ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ်ချင်တယ်။ အလေးမထားချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင်တယ်။ အဲဒီအတွက် ကြီးစွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။
ဆိုပါတော့ဗျာ ကျနော်စကား ဆက်ပြီးပြောရရင် ဒေါ်ခင်ကြည်ဈာပနတုန်းကလည်း ဒေါ်ခင်ကြည်ကို ကြံတော မှာမြှုပ်ဖို့လုပ်တယ်ဗျ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကကော ကျန်တဲ့ ကျောင်းသား၊ သံဃာ၊ လူထုက လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်တော့ မြို့တော်ခန်းမကိုသယ်ပြီး ပြည်သူ့ဈာပနလုပ်ဖို့အထိ လုပ်မလို့ဗျ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဈာပနလုပ်တာတော့ မကြိုက်ဘူး ဆိုပြီး ပြောတော့မှ သတိရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြိုက်ပါတယ် ဆိုပြီးဖြစ်တာဗျ။ မိသားစုဈာပနပဲပေါ့ဗျာ။ အဲဒီမှာမှ ဦးသန့်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကြား မြေကွက်ကို ပေးလိုက်တာဗျ။ မဟုတ်ရင် အောက်ခြေမှာ ပြည်သူလူထုက ဆူပူတော့မှာ။ ဒေါ်ခင်ကြည်တုန်းကလည်း ဦးသန့်အရေးအခင်းလိုကို ဖြစ်တော့မှာ။
ချုပ်လိုက်ရင် မြန်မာလူမျိုးအတွက်သာမက ကမ္ဘာအတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့သူ ကျူးဘားအရေးအခင်းလို ကမ္ဘာမှာ နျူးကလီးယားစစ်ကြီးတောင် ဖြစ်တော့မယ့် အနေအထားကို တားနိုင်ခဲ့တဲ့သူ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်တဲ့အတွက် ဂုဏ်ယူရမယ်။ တိုင်းပြည်မှာ ဂုဏ်ယူ အလေးထားရမယ့် ပုဂ္ဂိုလ်မျိုးကို အမြဲတမ်း စစ်အစိုးရက သေးသိမ်အောင် မဖွယ်မရာ သဘောထားနဲ့ ပြုမူ ချုပ်ကိုင်တတ်တဲ့ သဘောထားမျိုးရှိတယ်ဆိုတာ ဦးသန့်အရေးအခင်းက သက်သေပြနေတယ်လို့ပဲ ပြောချင်တယ်။
ဦးနေဝင်းက ပုဂ္ဂိုလ်ရေး အာဃာတ ထားတဲ့ပြဿနာတခု .. အဲဒါကတော့ ဦးနေဝင်းပြဿနာဗျ။ ဦးသန့်ပြဿနာ မဟုတ်ဘူး။ ဦးသန့်ဟာ လူတွေနဲ့ဆက်ဆံရာမှာ အလွန်ကို တည်ကြည်မှန်ကန်တဲ့ပုဂ္ဂိုလ်ဗျ။ စကားပြောရာမှာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ အေးဆေးတယ်။ ဘယ်သူ့ဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံတယ်။ ဒီတော့ ဒီကိစ္စဖြစ်တာဟာ ဦးသန့်နဲ့ မဆိုင်ဘူးဗျ။ ဦးနုနဲ့ ဦးနေဝင်းဖြစ်တဲ့ကိစ္စ။ ဦးနုက အာဏာသိမ်းခံရတော့ ကမ္ဘာလှည့်ပြီးနိုင်ငံတွေကို ထောက်ခံချက် တောင်းရင်း ကုလသမဂ္ဂကိုရောက်တော့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲ အခန်းမှာ နိုင်ငံတကာသတင်းထောက်တွေ ရှေ့မှာ ပြောတယ်။
အဲဒီအချိန်က ဦးနေဝင်းက ဦးနုကို ဒေါသဖြစ်နေတာဗျ။ ဦးနေဝင်းအနေနဲ့က သူ့ရဲ့စစ်အစိုးရနဲ့ တိုင်းပြည်ကို ငြိမ်အောင်ကြိုးစားနေရတဲ့ အချိန်မှာ ဦးနုက ကုလသမဂ္ဂလို နေရာမျိုးမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ကမ္ဘာသိကြေညာ၊ စစ်အစိုးရရဲ့ ချွတ်ယွင်း ချက်တွေ ထောက်ပြ၊ သူ့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ တောင်းဆိုတာမျိုးတွေလုပ်တော့ ဦးနေဝင်းက ဒေါသထွက် တုန်လှုပ်တယ်။ ဒါက အစိုးရကို ဖြိုဖျက်နိုင် လောက်အောင် ဖြစ်တယ်လေ။
ဒါပေမယ့် ဦးနေဝင်းရဲ့ဒေါသက ဦးနုထက် ဦသန့်ဆီ ရောက်သွားတယ်။ အဲဒီအချိန်မှာ ဦးသန့်နဲ့ဦးနုကလည်း အလွန်ရင်းနှီးကြတာကိုး။ ငယ်သူငယ်ချင်းတွေကိုး။ ဒါဟာဦးသန့်ဟာ ဦးနုကို အထူးအခွင့်အရေးပေးတာပဲ လို့ထင်တယ်ဗျ။ တကယ်က မဟုတ်ဘူးဗျ။ ဒီအခန်းကို ကုလသမဂ္ဂရောက်တဲ့ ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို သုံးခွင့်ရှိတယ်ဗျ။ သူကလည်း နိုင်ငံ့ခေါင်းဆောင်တဦးပဲကိုး။ အပြင်လူ အနေနဲ့ ဆိုရင်တော့ ဦးနုဟာ ပြုတ်ကျနေတဲ့ ခေါင်းဆောင်ဟောင်း လို့ပြောမယ်။ ဒါပေမယ့် ခေါင်းဆောင်ဟောင်း မဟုတ်ဘူးဗျ။ အာဏာသိမ်းခံထားရတဲ့ ခေါင်းဆောင်ဗျ။ အဲဒီမှာ ဦးနေဝင်းရဲ့ ဒေါသတွေဟာ ဦးနုဆီကနေ ဦးသန့်ဆီကို ရောက်သွားတော့တာပဲ။
ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ်ပဲ။ အဲဒါလည်း ကျနော်တို့သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်းက ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက်နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။ အဲဒီတော့ ဦးနေဝင်းနဲ့ ဦးသန့်နဲ့ ကြားမှာ မညီညွှတ်တဲ့သဘောထားတွေ ဖြစ်ပေါ်လာတာ ဦးသန့်ကြောင့်မဟုတ်ဘူး။ ဦးနုကနေ ဆက်စပ်ပြီး ပေါ်လာတဲ့ သဘောထား။ အဲဒီကနေ တဖြည်းဖြည်းကွာသွားပြီး နောက်ဆုံး ဈာပန အခမ်းအနား မှာတောင် ရုပ်အလောင်းကို ကြိုမိတဲ့ ဒုဝန်ကြီးတယောက်တောင် ပြုတ်ရတဲ့အထိ မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့တာပေါ့ဗျာ။
ဦးနေဝင်းအစိုးရက မထောက်ခံတာကြောင့် ဦးသန့်ရဲ့ တတိယသက်တမ်း ပြယ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဦးနေဝင်းမထောက်ခံရုံနဲ့ ဒီလိုမဖြစ်ပါဘူးဗျ။ ဦးသန့်ကိုယ်တိုင်ကိုက အဲဒီမှာ ကျန်းမာရေးက မကောင်းတော့ဘူး။ ငယ်ငယ်ကတည်းက ဆေးပြင်းလိပ်သောက်ခဲ့တာဆိုတော့ သူ့မှာ ကင်ဆာဖြစ်လာတဲ့ အနေအထားတွေ သူသိမယ်ဗျ။ မိခင်နိုင်ငံကကန့်ကွက်တာနဲ့ လူတယောက် အလုပ်မလုပ် နိုင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးဗျ။ နိုင်ငံအများစုက ထောက်ခံရင်ကို လုပ်နိုင်တာပဲ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံရင်ကိုပြီးတာပဲ။ သူကိုယ်တိုင်ကိုက ကျန်းမာရေးကြောင့် ဆုတ်သွားတာဖြစ်မယ်ဗျ။ အဲဒီနောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်းမှာ ဒီရောဂါကဆိုးရွားခဲ့တာကိုးဗျ။
ပြောစမှတ်ပြုစရာကတော့ အများကြီးတော့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆို အဲဒီတုန်းက ကျနော်က ငယ်သေးတာကိုး။ နောက်ပြီး ကျနော်က သိပ်ပြီးအရေးပါတဲ့သူလည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တခု မှတ်မိ တာကတော့ ကျနော် သတင်းစာအသင်း အတွင်းရေးမှူး လုပ်စဉ်ကပေါ့ အဲဒီတုန်းက ဥက္ကဌက ဂါးဒီးယန်း ဦးစိန်ဝင်း။ ဦးသန့်ကရန်ကုန်ရောက်နေတယ် နှစ်တော့သေချာမမှတ်မိဘူး ၁၉၆၄ ဝန်းကျင်ဖြစ်မယ်ဗျ။ အဲဒီမှာ သတင်းစာအသင်းက ဦးသန့်ကို ဂုဏ်ပြုပွဲလေးလုပ်တယ်ဗျ။
အဲဒီမှာ ကျနော်တို့က ဦးသန့်ကို လက်ဆောင်ပေးဖို့ စီမံတယ်။ အဲဒီမှာ သူ့ရဲ့ဆန္ဒလေးလည်းယူတယ်။ ဒါက လူ ၁ ယောက် ၂ ယောက်ပဲ သိတဲ့ကိစ္စပေါ့။ အဲဒီမှာ ဦးသန့်က ဒီလိုလုပ်ဗျာတဲ့ ကုလသမဂ္ဂမှာ အခန်းတွေ အများကြီး ရှိတာဆိုတော့ ပန်းချီကားတွေ ထားတယ်။ အဲဒီမှာ ဗမာပန်းချီကားလည်း ချိတ်ဆွဲချင်တယ်လို့ပြောတယ်ဗျ။ အဲဒီမှာ ကျနော်တို့က ပန်းချီကားစီစဉ်တယ်။ ပေါ်ဦးသက်ရဲ့ကားဗျ။ ပေါ်ဦးသက်ကလည်း ဆွဲလိုက်တာ ဆင်ပုံကြီးဗျ။ ဆင်နဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ပေါ့။ ဆင်ကလည်း ရိုးရိုး ငုတ်တုတ်နေတဲ့ ဆင်ကြီး မဟုတ်ဘဲ ကခုန်နေတဲ့ ဆင်ပေါ့ဗျာ။ နောက်တခု ပုဏ္ဏားတွေက အဖြူတွေ ဝတ်လို့ ဆင်ကြီးကအမည်းဗျ။ ဆန့်ကျင်ဘက်အရောင်နှစ်ခုနဲ့ ဆွဲထားတာ။ ပုဏ္ဏားတွေက တချို့က ဆင်ကိုစမ်း၊ တချို့က ကခုန်လို့ အဲလိုပုံဗျ။ ကျနော့်မျက်စိထဲမှာ မြင်ယောင် နေသေးတယ်။
အဲဒီကားက ၆ ပေ ၃ ပေလောက်ရှိမယ်။ သူ့ရဲ့ဘောင်က ကနုတ်ထွင်းထားတဲ့ ခေါင်းပွကြီး။ ပန်းခက်တွေနဲ့ ဝန်းရံနေတဲ့ သစ်လုံးကြီးလိုပဲ။ အဲဒီပန်းချီကားကို အကြောင်းကြောင်းကြောင့် ဘောင်ကြီးနဲ့ မသယ်နိုင်ဘူး။ ဒါနဲ့ ဘောင်ကြီးကိုဦးစိန်ဝင်းဆီမှာ ထားခဲ့တယ်။ ဒီကားကတော့ ကုလသမဂ္ဂမှာ ဘယ်ပုံနဲ့ ရှိနေလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဘောင်ကြီးကတော့ ဦးစိန်ဝင်းက ဓမ္မိကဦးဘသန်းတို့ကနေတဆင့် လှူလိုက်တော့ ခု လောကနတ် ပန်းချီပြခန်းမှာ ရှေးဟောင်းကားတခုဖြစ်တဲ့ ဆရာခြုံရဲ့လက်ရာ ခပ်သေးသေးပဲ အဲဒီကားကို ထည့်ထားတယ်။ ဘောင်ကတော့ ဗမာပြည်မှာ ရှိနေတယ်။ လောကနတ်မှာရှိသေးလားတော့ မသိဘူး။
ဒါကဘာကိုပြလဲဆိုတော့ ဦးသန့်ရဲ့ အနုပညာမြတ်နိုးမှုရယ်၊ မြန်မာပြည်ကို အလေးထားတဲ့စိတ် ရှိတာရယ်ပေါ့ ဗျာ။ သူရှိစဉ်က မြန်မာတွေကို ရာထူးပေးတာမျိုးရှိတယ်။ ဒါက ဘက်လိုက်ပေးတာ မဟုတ်ဘူး။ ထူးချွန်တဲ့ သူခြင်းတူရင် ဗမာတွေကို အလုပ်အခွင့်အလမ်း ဖော်ထုတ်ပေးခဲ့တယ်။ မှတ်မှတ်သားသား မပြောနိုင်ပေမယ့် ဒါမျိုးရှိတယ်ဗျ။ ဦးတင်အောင်ဆိုတဲ့ သတင်းစာဆရာတဦးဆို ကုလသမဂ္ဂမှာ လုပ်ခဲ့တာပဲ။ ဦးသန့်ဟာ မထိုက်မတန်ဘဲ ကိုယ့်လူပဲဆိုပြီးဆွဲသွင်းတာမျိုးမဟုတ်ဘူး။ မြန်မာ့အနုပညာကို ဂုဏ်တင် မြတ်နိုးတယ်၊ ကမ္ဘာ့အလယ်မှာတင့်တယ်စေချင်တဲ့သဘောပေါ့။ အဲဒီကိစ္စလေးကတော့ ကျနော့်ရဲ့စိတ်ထဲ စွဲနေတဲ့ အကြောင်းအရာပေါ့ဗျာ။
အမှတ်တရ ဒီနေ့အတွက်ပြောချင်တာကတော့ ဦးသန့်အနှစ် ၁၀၀ ပြည့်တဲ့အချိန်က သာမန်လူပဲဖြစ်ဖြစ် ကမ္ဘာသိ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မှတ်မှတ်သားသား ရှိဖို့ကောင်းတဲ့အချိန်ပေါ့။ ဦးသန့်လိုကမ္ဘာ့အကျိုး၊ မြန်မာ့အကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးကတော့ ပိုပြီး မှတ်မှတ်သားသား လုပ်သင့်တာပေါ့ဗျာ။ ခုလိုချိန်မှာ ကျနော်ပြောချင် တာကတော့ ကျနော်တို့တိုင်းပြည်က ဆင်းရဲတယ်၊ ဒုက္ခမျိုးစုံကြုံခဲ့ရတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရတွေ ပေါ့ဗျာ။ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရက အုပ်ချုပ်တယ်၊ နှစ်ပေါင်း ၂၀ လောက်က ပြည်တွင်းစစ်တွေ ကြုံရတယ်။ အဲဒီမှာ နွံအိုင်ထဲမှာ ပွင့်တဲ့ကြာတပွင့်လိုပဲ ဦးသန့်လိုပုဂ္ဂိုလ်မျိုးပေါ်ထွက်ခဲ့တာဟာ မီးလျှံထဲကနေ ပန်းတပွင့်ပွင့်ခဲ့တာပဲဗျ။ အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အားထုတ်မှုတွေ၊ နမူနာတွေ၊ ထူးချွန်မှုတွေမျိုး ကျနော်တို့ ဗမာတွေရဲ့ စိတ်ထဲမှာရှိသင့်တယ်။ ကျနော်တို့ ဗမာတယောက်စီတိုင်းဟာ ဦးသန့်လိုပဲကြိုးစားသင့်တယ်၊ အားထုတ် သင့်တယ်။ ကြိုးစားကြပါ၊ အားထုတ်ကြပါလို့ပဲ ပြောချင်တယ်ဗျာ။
(ကမ္ဘာ့ ကုလ သမဂ္ဂ အထွေ ထွေ အတွင်း ရေးမှူးချုပ် ဦးသန့်နှင့် သတင်းစာ သမား တဦး အနေဖြင့် တွေ့ကြုံ ခဲ့ဖူးသည့် ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်က ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ဧရာဝတီကို ပြောကြားချက်အား ပြန်လည်ဖော်ပြပါသည်။)