Travel

ဝါရှင်တန်က သတင်းပြတိုက်သို့ အလည်တခေါက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန်အစိုးရ ရုံးစိုက်ရာ မြို့တော် ဝါရှင်တန်ဒီစီရှိ ပင်ဆယ်လ်ဗေးနီးယား လမ်းမကြီးတလျှောက် တဖက်တချက် တွင် ကြီးမားထည်ဝါသည့် အဖြူရောင် အဆောက်အအုံများ အစီအရီ တည်ရှိနေသည်။

အမေရိကန် ပြည်ထောင်စု၏ ကွန်ဂရက် အဆောက်အအုံဆီသို့ ဦးတည်ရာ ထိုလမ်းမပေါ်ရှိ အဆောက်အအုံများမှာ ပုဂ္ဂလိက အလှူရှင်တဦးက အများပြည်သူ လွတ်လပ်စွာ ဝင်ရောက်လေ့လာနိုင် ရန် အမေရိကန်အစိုးရသို့ လှူဒါန်း ခဲ့သော ပြတိုက်များ ဖြစ်သည်။

ထိုလမ်းမပေါ်တွင်ပင် သတင်းစာဆရာများ အတွက် တန်ဖိုး မဖြတ်နိုင်သည့် သမိုင်း အထောက်အထားနှင့် သတင်းစာ ပညာရပ်ဆိုင်ရာ အချက်အလက်များ၊ အမွေအနှစ်များ စုဝေးတည်ရှိရာ ကမ္ဘာ့ တခုတည်းသော သတင်းသမိုင်း ပြတိုက် (Newseum) တခုလည်း တည်ရှိသည်။ ထိုပြတိုက်သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကပိုင် ပြတိုက်ကြီး တခု ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ လွှတ်တော် ရွေးကောက်ပွဲကာလတွင် International Center For Journalist (ICFJ) ၏ အစီအစဉ်ဖြင့် သွားရောက် လေ့လာခွင့်ရရှိခဲ့သည့် မြန်မာသတင်းစာ ဆရာများ အနက် မိမိလည်း ပါဝင်ခွင့်ရခဲ့ရာ ဝါရှင်တန် ဒီစီသို့ ရောက်ခိုက်တွင် ထိုသတင်းပြတိုက်ဆီသို့ သွား ရောက်လေ့လာခွင့် ရခဲ့သည်။

ဧရိယာ အကျယ်အဝန်း အားဖြင့် ပေ ၂ သိန်းခွဲ ရှိသည့် ၇ ထပ် အဆောက်အအုံကြီး အဝင်ဝ အပြင်ဘက်တွင် မှန်ပေါင်သွင်းထားသော သတင်းစာများကို တွေ့ရသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်မှ သတင်းစာများ၏ ခေါင်းကြီးပိုင်း များကို The Today’s Front Pages Gallery ဟု အမည်တပ်ကာ ပြသထားခြင်း ဖြစ်သည်။ အဆောက်အအုံ အတွင်းသို့ ဝင်လိုက်လျှင် လာရောက်လည်ပတ်သူများမှာ လူငယ်လူရွယ် ပိုမို များပြားသည်ကို မြင်ရပြီး အရွယ်စုံ လေ့လာသူများ ကြောင့် ပြတိုက်တခုလုံး စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

မြေအောက်ထပ်ရှိ ပြခန်းတခုအတွင်း ပထမဆုံး မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်ထိခိုက်မှု၊ ဝမ်းနည်း နာကျင်မှု တမျိုးကို ခံစားလိုက်ရသည်။ ဘာလင်တံတိုင်း ပြခန်းသည် မိမိ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲဆောင် လိုက်သည်။

ဖိနှိပ်မှုတို့ ကြားမှ ပွင့်အန်ထွက်ခဲ့သည့် နံရံဆေးမှုတ် အနုပညာများသည် ဘာလင်တံတိုင်း နံရံဟောင်းများ ပေါ်တွင် အရောင်စုံ ပြန့်ကျဲလျက် ရှိသည်။ သမိုင်းဝင် အဖြစ်အပျက်များကို ဓာတ်ပုံပြခန်းများ အဖြစ် ဖန်တီးထားသည်။ Freedom ဟု ရေးထားသည့် တံတိုင်း နံရံကြီးများအား သံတူကြီးများဖြင့် အဆက်မပြတ် ထုနှက်သံတို့ကို ကြားရ သယောင် ခံစားမိသည်။ ဘာလင်တံတိုင်းကြီးပေါ်တွင် မတရားမှု တံတိုင်းကို ချိုးဖျက်ရန် တိုက်ပွဲဝင်နေသူများ လက်ချင်းယှက်၍ ကခုန်နေကြမည့် မြင်ကွင်းကို မြင်ယောင်လာ မိစေသည်။

၁၉၉၄ ခုနှစ်တွင် ဘာလင်မြို့ရှိ Checkpoint Charlie Museum က လက်ဆောင် အဖြစ်ပေးလိုက်သော Death Tower ဟု အမည်ပေးထားသည့် ကင်းစောင့်မျှော်စင်တခုသည် ပြခန်း၏အလယ်တွင် မားမားကြီး ရပ်လျက်ရှိသည်။ သတင်းဓာတ်ပုံများနှင့် သမိုင်း အချက်အလက်များကို ရေးထိုးထားသည့် ဘာလင်တံတိုင်း ပြခန်းသည် အတိတ်က လှုပ်ရှားမှု များကို အနှေးပြကွက်တခု ကြည့်နေရသည့်နှယ် လူတွေကို တဒင်္ဂ ငြိမ်သက်သွားစေခဲ့သည်။

ထို့နောက် ပြတိုက်ဝန်ထမ်း တဦး၏ အကြံပေးချက်အတိုင်း အပေါ်ဆုံးအထပ်ရှိ ပြခန်းများသို့ အရင်ဆုံး ဦးတည်လိုက် ကြသည်။ Newseum တွင် ဓာတ်ပုံ ပြခန်းပေါင်း ၁၄ ခုနှင့် မှတ်တမ်းသတင်း ဇာတ်လမ်းများပြသသည့် ဇာတ်ရုံငယ် ပေါင်း ၁၅ ခု ရှိသည်။ ထိုပြဇာတ်ရုံများတွင် သတင်းမီဒီယာများက ပြောသော သမိုင်းဖြစ်ရပ် တို့ကို ပြသနေရာ စိတ်ဝင် တစား ဝင်ရောက်ကြည့်ရှုနေ ကြသူများကို တွေ့ရသည်။

ပြတိုက်ကြီး၏ အပေါ်စီး ဝရန်တာမှ ကြည့်လျှင် အမေရိကန်ပြည်ထောင်စု၏ လွှတ်တော်အဆောက် အအုံကို လှမ်းတွေ့ ရသည်။ အပြင်ပိုင်းကို အကြီးစား ပြင်ဆင်နေဟန်တူသည့် ထိုကွန်ဂရက် အဆောက်အအုံသည် ခံ့ညားလွန်းလှသည်။ ထည်ဝါလွန်းလှသည်။

အပေါ်ဆုံးထပ်သို့ ရောက်သည်နှင့် ပထမဆုံး မြင်ရသည့် စာကြောင်းမှာ “လူတယောက်က တိုင်းပြည် တပြည်ကို ရောက်သွားလို့ အဲဒီတိုင်းပြည်က သတင်းစာတွေမှာ သတင်းကောင်းတွေ ချည်းပဲ တွေ့ရမယ် ဆိုရင်၊ လူကောင်းတွေ ထောင်ထဲရောက်နေတာ သေချာပြီ” ဟူ၍ဖြစ်သည်။ သတင်းစာဆရာတယောက်၏ ဘဝကို မြတ်နိုးတတ်သူများ အတွက်တော့ အားတက်ဖွယ်စကားလုံးများပင်။

“လူတွေကို သတင်း အချက်အလက်တွေ သိခွင့်ပေးလိုက်ပါ။ အဲဒါဆိုရင် အဲဒီတိုင်းပြည် လုံခြုံသွားလိမ့်မယ်” ဆိုသည့် အမေရိကန် သမ္မတဟောင်း အေဗရာဟင်လင်ကွန်း၏ ပြောစကားကိုလည်း နံရံတွင် အပြည့်ရေးထိုးထားသည်။

အလားတူ “ဒီမိုကရေစီ၏ အုတ်မြစ်သည် သတင်းလွတ်လပ်ခွင့်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားသည် ဒီမိုကရေစီ ကူးပြောင်းစ ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ မြန်မာနိုင်ငံမှ သတင်းသမားတဦး အတွက် ဘဝကို ရှေ့ဆက်လျှောက်လှမ်းရန် အင်အားများစွာ ပေးနေသကဲ့သို့ ရှိသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စုရှိ တိုင်းရင်းသား သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို ပြထားသည့် ပြခန်းငယ်ကို ဖြတ်ရသည်။ ထိုပြခန်းကို သစ်ပင်တပင်၏ အကိုင်းအခက်များ သဏ္ဌာန် အလှ ဆင်ထားပြီး သစ်ရွက်များမှာ မတူကွဲပြားသော တိုင်း ရင်းသားလူမျိုးများ၏ ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

ထို့နောက် အမေရိကန်နိုင်ငံ၏ ပထမဆုံး တိုင်းရင်းသား သတင်းစာများကို မှန်ပေါင်သွင်း၍ ပြသထားသည်ကို တွေ့ရသည်။ လက်ရှိတွင် အမေရိ ကန်နိုင်ငံအတွင်း နေထိုင်သည့် လူနည်းစု တိုင်းရင်းသား ပေါင်းစုံတို့၏ ဘာသာစကား အသီးသီးဖြင့် ရေးသားဖော်ပြသည့် သတင်းစာပေါင်း ၃ ထောင်ကျော် ရှိကြောင်း သိရသည်။

သတင်းပြတိုက်၏ မျက်နှာကြက်တွင် သတင်းလွှင့်တင်သော ဂြိုဟ်တု ပုံစံတခုနှင့် သတင်းလိုက်စဉ် အသုံးပြုခဲ့ကြသည့် ရဟတ်ယာဉ်ငယ် တစီးကို ချိတ်ဆွဲပြသ ထားသည်။

ထို့နောက် ၅ ထပ်မြောက်တွင် ၁၄၅၅ ခုနှစ်မှ ယနေ့အထိ ထုတ်ဝေခဲ့သည့် သတင်းစာမူရင်းများ၏ မျက်နှာဖုံး စာမျက်နှာများကို မှန်ပေါင်အံဆွဲကြီးများ ပြုလုပ်၍ ပြသထားသည်ကို တွေ့ရသည်။ ဘေးဖက် နံရံများတွင်လည်း အခြေခံ သတင်းစာပညာနှင့် သက်ဆိုင်သော ရှင်းလင်းချက်များနှင့် သတင်းစာ ကျင့်ဝတ်ဆိုင်ရာ ရှင်းလင်းချက်များကို အများနား လည်လွယ်စေနိုင်သော တင်ပြမှုမျိုးနှင့် ခင်းကျင်း ပြသထားသည်။

ထိုပြခန်းထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး အရာမှာ ဗုံးခွဲခံထားရသည့် ရှေးခေတ်မော်တော်ကား တစင်းပင် ဖြစ်သည်။ ၁၉၇၀ ဝန်းကျင်ကာလက ထို မော်တော်ကားကို စီးနင်းလာသည့် သတင်းစာဆရာ ၂ ဦးစလုံး လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ သူတို့နှစ်ဦး ရေးသားဖော်ထုတ်နေသည့် သတင်း ဆောင်းပါးတပုဒ်ကြောင့် အမှန်တရားကို ဖုံးကွယ်လို သည့် လူသတ်သမားတို့က လုပ်ကြံခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူတို့သေဆုံးသွားချိန်တွင် သူတို့ ရေးသားလက်စ၊ စုံစမ်းထောက်လှမ်းလက်စ သတင်းကို လုပ်ဖော်ကိုင်ဖက် သတင်းသမားများက ဆက်လက်တာဝန်ယူ ဖော်ထုတ်ရေးသားနိုင်ခဲ့သည်။ ထို သတင်းဆောင်းပါးကိုလည်း ခင်းကျင်း ပြသထားသည်။ ထိုပြခန်း၏ ထောင့်တွင် “သတင်းစာဆရာကို သတ်ခြင်းအားဖြင့် သတင်းတွေကို မသတ်နိုင်ဘူး” ဟု ရေးထားသည့် နံရံပြည့် ပိုစတာတခုကို ကပ်ထားသည်။

ထို့နောက် တခြားနံရံများတွင် စစ်မြေပြင်အသီး သီး၌ သေဆုံးသွားသည့် စစ်သတင်းထောက်များ၏ အကြောင်းများနှင့် သူတို့၏ ကျန်ရစ်ခဲ့သော ပစ္စည်းများကို အမှတ်တရ ပြသထားသည်ကို တွေ့ရသည်။ သူတို့ဆောင်းခဲ့သည့် ဦးထုပ်များ၊ သူတို့ သုံးခဲ့သည့် ကင်မရာများ၊ သူတို့ရေးသားခဲ့သည့် သတင်းများ၊ ဆောင်းပါးများကို တခမ်းတနားဖြင့် ခင်းကျင်းပြသ ထားသည်။ ကျည်ဆန်ရာများ နေရာလွတ် မရှိအောင် ထိုးဖောက် ဝင်ရောက်ထားသည့် ကားတစီးကိုလည်း တွေ့ရသည်။ သတင်းထောက်တဦး စီးနင်းခဲ့သည့်ကား ဖြစ်သည်။

ထိုမှတဆင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ လျှောက်လဲခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့် များကို သရုပ်ဖော်ထားသည့် ပြခန်းနှင့် မှတ်တမ်း ရုပ်ရှင် ပြခန်းတို့ကို ဖြတ်သန်းခဲ့ရာ စိတ်ဝင်တစား ကြည့်ရှုနေသူများကို တွေ့ရသည်။ စာလုံးတိုင်းသည် အဓိပ္ပာယ်အပြည့် ပါဝင်နေသည်။

ပြတိုက်ထဲရှိ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ပြခန်းတခုမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ သတင်းရယူရင်း သေဆုံးသွားပြီ ဖြစ်သည့် သတင်းစာဆရာများ အထိမ်းအမှတ် ပြခန်းပင် ဖြစ်သည်။ ကမ္ဘာတလွှားတွင် အန္တရာယ် ရှိသော သတင်းများ နောက်သို့ လိုက်ရင်း သေဆုံးခဲ့ရသည့် သတင်းသမားများ နေ့စဉ်နှင့်အမျှ ရှိနေသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့် အတွက် သူတို့၏ဘဝကို စွန့်လွှတ်သွားခဲ့ရသည့် သတင်းထောက်များ၏ အမည် စာရင်းကို ဤသတင်း ပြတိုက်ရှိ Journalists Memorial ပြခန်းတွင် နှစ်စဉ် ဖြည့်သွင်းထားခြင်း ဖြစ်သည်။

ထိုမှတဆင့် ကမ္ဘာကျော် အကြမ်းဖက်မှုကြီး တခုဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ သတင်းစာပေါင်း များစွာက ရေးသားဖော်ပြခဲ့သော မျက်နှာဖုံးသတင်း စာမျက်နှာများဖြင့် နံရံအဖြစ် ဖန်တီးထားသည့် ပြခန်းကိုရောက်သည်။

လာရောက်လေ့လာသူများသည် ထိုအကြမ်း ဖက်မှုကြောင့် သေဆုံးခဲ့သူများ အတွက် ဆုတောင်း ပေးသည့်စာများကို ရေးသားကြသည်။ ရုပ်သံမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းမှတ်တမ်းများကို ပြသနေသည့် ပြဇာတ်ရုံ အခန်းငယ်သည် ပရိသတ် အပြည့်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုပြခန်းသည်လည်း ဘာလင်တံတိုင်း ပြခန်း ကဲ့သို့ပင် စိတ်နှလုံးကို ထိခိုက်စေသည်။ အသက် မသေဘဲ လွတ်မြောက် လာသည့် လူများနှင့် အင်တာ ဗျူးထားသည့် ပြကွက်၊ သေဆုံးသွားသူများ၏ မိသားစုဝင်တို့ ပူဆွေးသောက ရောက်နေသည့် မြင်ကွင်းတို့သည် ကြေကွဲဖွယ်ဖြစ်သည်။ အမျိုးသမီးကြီး တဦးသည် မျက်နှာကို လက်ဝါးဖြင့် အုပ်တော့မည့် အသွင်ရှိသည်။ အခြားသူများသည် မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့သည့် အရာကို ပြန်လည် ကြည့်နေသည့် ဟန်မျိုးရှိနေသည်။

အကျယ်အဝန်း အားဖြင့်ရော၊ ထုထည်အားဖြင့်ပါ ကြီးမားလှသည့် ၇ ထပ်တိုက်ကြီး တခုထဲတွင် မိမိ အသက်မွေး ဝမ်းကျောင်း ပြုနေသည့် သတင်းစာ ပညာရပ်ဆိုင်ရာ အထောက်အထားများ၊ သမိုင်းကြောင်းများဖြင့် ပြည့်နှက်နေသည် ကိုလည်းကောင်း၊ ထိုပြတိုက်ကြီးဆီသို့ လူပေါင်းများစွာက တန်ဖိုးထား လေ့လာနေမှုများကို မြင်ရ၍လည်းကောင်း စိတ်ထဲတွင် အံ့ဩဂုဏ်ယူနေမိသည်။

မကြာမီ ပြတိုက်ပိတ်တော့မည် ဖြစ်သည်။ အထပ်တိုင်းတွင် မြင်တွေ့ လေ့လာခဲ့ရသမျှသည် မိမိအတွက် အကျိုးရှိလှသည်။ သို့သော် အချိန်မလုံလောက်သည့် အခက်အခဲကြောင့် တချို့သော ရေဒီယိုနှင့် ရုပ်သံ ပြခန်းများသို့ ဝင်မကြည့်ဖြစ်ခဲ့သည်ကို နှမြောမိ၏။

ပြီးခဲ့သည့် ၅ နှစ်အတွင်း Newseum သို့ လာ ရောက်လေ့လာ လည်ပတ်သူပေါင်း ၂ ဒသမ ၂၅ မီလီယံ ရှိခဲ့သည်။ ဝါရှင်တန်ဒီစီမြို့တော်၏ အထင်ရှားဆုံး လေ့လာလည်ပတ်စရာများ အနက် တခုဖြစ်သည့် ဤသတင်းပြတိုက်သို့ ရောက်ခွင့် ကြုံခြင်းသည် သတင်းသမား တဦးအနေနှင့် တန်ဖိုးမဖြတ်နိုင်အောင် ရှိလှသည်။ နှစ်ပေါင်းများစွာ လက်တွေ့ ဖြတ်သန်းပြီးမှ ရရှိနိုင်မည့် အတွေ့အကြုံနှင့် ဗဟုသုတများစွာကို တနေရာတည်းတွင် အချိန်တိုအတွင်း ရရှိခဲ့သည်။

ပင်ဆယ်လ်ဗေးနီးယား လမ်းမကြီးတလျှောက်ရှိ အခြားသော ပြတိုက်များသို့ အချိန်အခက်အခဲကြောင့် သွားရောက် နိုင်ခြင်း မရှိခဲ့သော်လည်း Newseum သို့ ရောက်ခဲ့ရခြင်းသည်ပင်လျှင် သတင်းသမားတဦးအဖို့ ထိုက်တန် လှပေ သည်။

“သတင်းစာဆရာတွေဟာ သမိုင်းမူကြမ်း ရေးသူတွေပါပဲ” ဆိုသည့် အဆိုအမိန့်သည် သတင်းပြတိုက်မှ အပြန်ခရီး အတွက် ခြေလှမ်းများကို ပို၍တက်ကြွ စေခဲ့လေသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading