ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ဟာ စီပီယူ တခုတည်းပေါ်မူတည် မနေပါဘူး။ ဒါပေမဲ့ စီပီယူရဲ့ စွမ်းဆောင် ရည်ဟာ ကွန်ပျူတာ၊ လက်တော့ပ်၊ တက်ဘလက် တလုံးရဲ့ စွမ်းဆောင်ရည်ကို အဓိက အဆုံးအဖြတ် ပေးပါတယ်။ ကွန်ပျူတာ တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အ ချက်အလက်တွေ ဒါမှမဟုတ် စီပီယူရဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက် တွေကို အသေးစိတ် မသိချင်ရင်တောင်မှ လက်ရှိ ထုတ်လုပ်ထားတဲ့၊ သိပ်မကြာခင် ထုတ်လုပ်မယ့် စီပီယူတွေ အကြောင်းတော့ သိဖို့လိုပါတယ်။
စီပီယူရဲ့ မျိုးဆက်တွေ အကြောင်း မသိဘဲ i3, i5, i7 ဆိုပြီး ဝယ်ရင်တော့ အဝယ်မှားဖို့ သေချာပါတယ်။ အခု ထုတ်လုပ်ထားတာပဲ ပထမ မျိုးဆက်၊ ပထမမျိုးဆက် (Core)၊ ဒုတိယ မျိုးဆက် (Sandy Bridge)၊ တတိယမျိုး ဆက် (Ivy Bridge) ၊ စတုတ္ထ မျိုးဆက် (Haswell) ၊ ပဉ္စမမျိုးဆက် (Core-M) မျိုးဆက် ၅ ခုတိုင် ရှိနေပါတယ်။
Core -M စီပီယူတွေက ဘာတွေ ထူးလို့လဲ
Core -M စီပီယူ အသစ် တွေက ဘာတွေထူးလို့လဲ ဆိုတာ မရေးခင် စီပီယူတွေရဲ့ အခြေခံကျတဲ့ အချက်တွေကို အရင်သိဖို့ လိုပါမယ်။ စီပီယူတွေရဲ့သဘာဝက စွမ်းဆောင်ရည် တနည်းအားဖြင့် အမြန်နှုန်းကို တိုးအောင်လုပ်ရင် ပါဝါစားနှုန်း တိုးပါတယ်။ ပါဝါစားနှုန်းတိုးရင် အပူ ထုတ်လွှတ်မှု မြင့်ပါတယ်။ အပူထုတ် လွှတ်မှု မြင့်ရင် အပူစွန့်ထုတ်ဖို့ heat sink တွေ၊ပန်ကာတွေ လိုလာပါတယ်။ ပန်ကာတွေသုံးရလို့ ဘက်ထရီအား မြန်မြန်ကုန်စေပါတယ်။
အပူစွန့်ထုတ်ဖို့ heat sink တွေသုံးရလို့ အိမ်ခွံတွေကို ပါးအောင် လုပ်လို့ မရပါဘူး။ နောက်ဆက်တွဲ ဆိုးကြိုးတွေ ဆက်တိုက် ဖြစ်လာစေပါတယ်။ Core-M တွေကတော့ အဲဒါတွေ အားလုံးရဲ့ပြောင်းပြန် ကောင်းကျိုးတွေ ဖြစ်စေ ပါတယ်။ စီပီယူရဲ့ ပါဝါစားနှုန်းကို လျှော့ချနိုင်တာဟာ ပန်ကာ မလိုတဲ့ ကွန်ပျူတာတွေ ထုတ်လုပ်နိုင်စေပြီး၊ ဘက်ထရီ သုံးနိုင်တဲ့ အချိန်လည်း ပိုများလာစေပါတယ်။
အင်တဲလ်က ထုတ်လုပ်ထားခဲ့ပြီးတဲ့ စီပီယူတွေထဲမှာလည်း ဝိတ်လျှော့ထုတ်ထားတဲ့ Atom စီပီယူတွေက လွဲရင် ပန်ကာ မသုံးတဲ့ ပထမဦးဆုံး စီပီယူတွေ ဖြစ်လာပါတယ်။ အရင်က ဝင်းဒိုးစ် တက်ဘလက်တွေ၊ ဝင်းဒိုးစ်ဖုန်းတွွေမှာ သုံးထားခဲ့တဲ့ Atom စီပီယူတွေထက်လည်း စွမ်းဆောင်ရည် မြင့်နေပါမယ်။ အဲဒီအချက်ဟာ ARM စီပီယူတွေနဲ့ အင်တဲလ် စီပီယူတွေရဲ့ တိုက်ပွဲ အစ ဖြစ်ပါတယ်။
အင်တဲလ် ရဲ့ တည်ဆောက်မှု နည်းပညာ
Broadwell Core-M CPU တွေ ဟာ အင်တဲလ် ရဲ့ 14 nm တည်ဆောက်မှု နည်းပညာသုံး ထုတ်လုပ် ထားပါတယ်။ သူ့အရင်က Haswell စီပီယူတွေကို 22 nm နဲ့ထုတ်လုပ်ထားပါတယ်။
Core-M စီပီယူတွေကိုတော့ အင်တဲလ်ကနေ ၂၀၁၄ ခုနှစ် ကုန်လောက်မှာ ဖြန့်ချိပါ လိမ့်မယ်။ OEM (Original Equipment Menuturer) တွေကတော့ Core-M စီပီယူသုံးထားတဲ့ တက်ဘလက်တွေကို ဈေးကွက်တင်ထားပြီး ဖြစ်ပါတယ်။ Core-M ဆိုတာ Broadwell-Y စီးရီးရဲ့ မိုနီကာ (Moniker) စီပီယူတွေလို့ ခေါ်တာ ဖြစ်ပါတယ်။
အင်တဲလ် ရဲ့ ပထမဦးဆုံး 14 nm သုံး စီပီယူတွေ ဖြစ် ပြီး လက်ရှိ အများသုံးစွဲနေကြတဲ့ x86 ပလက်ဖောင်း ကို အပြည့်အဝ ထောက်ခံပေးနိုင်တဲ့ စီပီယူတွေ ဖြစ်ပါတယ်။ စီပီယူတွေရဲ့အရွယ်အစား ပိုသေးအောင် လုပ်ထားနိုင် တဲ့အတွက် အရွယ်အစား သေးငယ်တဲ့ ပစ္စည်းလေးတွေ အတွက် ပိုသင့် တော်ပါမယ်။
စီပီယူရဲ့အထူကို ၁.၅ လက်မကနေ ၁.၀၅ လက်မ လျော့ချ ထားနိုင်မှာ ဖြစ်ပြီး စီပီယူရဲ့ ဧရိယာကိုတော့ Haswell-Y စီးရီးတွေ ထက် ၃၇ ရာခိုင်နှုန်း ပိုသေးအောင် လုပ်လာနိုင်ပါ တယ်။ ပထမဦးဆုံး အနေနဲ့ ဖြန့်ချိတဲ့ Core -M စီပီယူတွေ ကို ၃ မျိုး ၃ စား ထုတ်လုပ် ထားပြီး Dual core ၊ 4 thread ၊ ဂရပ်ဖစ်ကို HD 5300 သုံးထားပါမယ်။ အဲဒီ စီပီယူရော၊ ဂရပ်ဖစ်ပါဝါ စားနှုန်း TDP (Ther-mal Design Power) 4.5W ပဲ ရှိပါတယ်။ အဲဒီ Core-M စီပီယူတွေရဲ့ အသေးစိတ် နှိုင်းယှဉ် ချက် ဇယားကို ဖော်ပြ ပေးထားပါတယ်၊
Intel Core M Sepcitication
ပရိုဆက်ဆာ ၃ မျိုးထဲက Core M-5Y70 ဟာ စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်နေပြီး နားလည်ရခက်တဲ့ နာမည်တခု ဖြစ်နေပါတယ်။ ဒါပေမယ့် အင်တဲလ် ရဲ့ Core စီးရီးတွေရဲ့ 5 ဟာ i5 နဲ့ အလား တူပါတယ်။ Dual Core ပရိုဆက်ဆာ ဖြစ်ပြီး Hyper Threading လုပ်ဆောင် ချက်ထောက်ပံ့ လုပ်ဆောင်ပေးထားလို့ Core နှစ်ခု thread လေးခု စီပီယူတွေ ဖြစ်ပါတယ်။ Yဆိုတာက Broadwell-y လို့ ခေါ်တာဖြစ် ပြီး 70 ဆိုတာကတော့ ဟာဒ့်ဝဲတွေရဲ့ ရမှတ်အဆင့်ကို ၇၀ လို့ ပြောတာပါ။
အဲဒီ စီပီယူတွေဟာ Turbo Boost လုပ်ဆောက် ချက်တွေ ပိုမြင့်တာ တွေ့ရပြီး၊ ဂရပ်ဖစ်ပိုင်း မှာလည်း အရင် စီပီယူတွေထက် စွမ်းဆောင်ရည် ပိုမြင့် ပါတယ်။ Turbo Boost ဟာ မတူညီတဲ့ အချိန် ကာလမှာ မတူညီတဲ့ နှုန်းတွေနဲ့ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး လုပ်ငန်းတွေ အလိုက်ကွဲပြားနေတဲ့ ဝန်အား၊ ပါဝါသုံးစွဲမှု စုစုပေါင်းစတဲ့ အချက်တွေပေါ် မူတည်ပြီး၊ အတိုးအလျော့ လုပ်ဆောင်ပေးပါ လိမ့်မယ်။ 5Y70 ရဲ့လုပ် ဆောင်မှုတွေထဲက စိတ်ဝင်စားစရာ တခုက base clock 1.1GHz ကနေ Core တခု ဒါမှမဟုတ် နှစ်ခုစလုံးကို Turbo boost 2.6GHz အထိတိုးမြှင့်လုပ်ဆောင် နိုင်စေပါတယ်။
HD 5300 GPU အသစ် ဟာလည်း အခြေခံအဆင့် 100MHz ကနေ turbo ဆိုရင် 850MHz အထိ တိုးတက် လုပ်ဆောင် ပေးပါလိမ့်မယ်။ တခြားမော်ဒယ်နှစ်ခုနဲ့ မတူတာက 5Y70 ဟာ clock speed ပိုမြင့်ပြီး အင်တဲလ်ရဲ့ Vpro, Intel TXT လုပ်ဆောင်ချက်နှစ်ခုကို လုပ်ဆောင်ပေးနိုင်တဲ့ ပရိုဆက်ဆာ ဖြစ်ပါတယ်။ တခြားပရိုဆက်ဆာမော်ဒယ် နှစ်ခု ဖြစ်တဲ့ 5Y10a နဲ့ 5Y10 တွေက dual core စီပီယူ တွေဖြစ်ပြီး Hyper Threading လုပ်ဆောင်ပေးနိုင်ပါတယ်။
အမြန်နှုန်း clock speed အနေနဲ့ base frequency 800MHz, Turbo boost 2.0 GHz အထိပဲ လုပ်ဆောင်ပေးနိုင်ပါ လိမ့်မယ်။ အဲဒီ CPU နှစ်ခုရဲ့ အဓိက ကွာခြားချက်က မရှိသလောက်ပါပဲ။ ဒါပေမဲ့ 5Y10 ဟာ “4w Config Down TDP” (cTDP Down) ကို ထောက်ပံ့လုပ်ဆောင် ပေးနိုင်ပါတယ်။ ဂရပ်ဖစ်ကတော့ 5Y70 ထက် အမြန်နှုန်း နည်းနည်း နိမ့်ပြီး 800 MHz ပဲရှိပါတယ်။
နောက် စိတ်ဝင်စား စရာတခုကတော့ အဲဒီ စီပီယူ သုံးမျိုး စလုံးရဲ့ အခုတထောင်ဝယ်ရမယ့် (1K unit) ဈေးနှုန်း 281 ဒေါ်လာ ရှိပါမယ်။ အဲဒီ chip တွေဟာ hybrid, tablet နဲ့ Laptop တွေ အတွက် OEM တွေကိုပဲ ရောင်းချမှာ ဖြစ်လို့ ဈေးနှုန်း အနေနဲ့က OEM တွေနဲ့ အင်တဲလ်နဲ့ ညှိနှိုင်း ဝယ်ယူရရှိတဲ့ အချက်တွေပေါ် မူတည်ပြီး ကွဲပြားနေပါ လိမ့်မယ်။ အကြမ်းဖျင်းအနေနဲ့ပြောရင် အဲဒီ CPU တွေကို OEM ကနေ ဘယ်လောက်ပါဝါစားနှုန်းအထိပဲ ခွင့်ပြုမယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး မော်ဒယ်အမျိုး အစားတွေကို ရွေးချယ်ကြပါ လိမ့်မယ်။
ဂရပ်ဖစ် HD5300 ဟာ Core-M တွေရဲ့ အစိတ်အပိုင်း တခုအနေနဲ့ တွဲပါလာမှာ ဖြစ်ပြီး ပရိုဆက်ဆာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ Core-M ပရိုဆက်ဆာ အပိုင်းနဲ့ GPU တည်ဆောက်မှု နည်းပညာရဲ့ အခြေခံကျတဲ့ အချက်တွေ ကတော့ Haswell နဲ့ ဘာမှ ကွာခြား ပြောင်းလဲမှု မရှိပါဘူး။ ပိုသေး သွားတာပဲ အဓိက ဖြစ်ပါတယ်။ အဲဒီ GPU ဟာ Direct X 11.2, Open GL4.2 နဲ့ Open CL 2.0 နဲ့ Ultra HD (3840×2160) ကို ထောက်ပံ့ လုပ်ဆောင်ပေး ပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ အတွက် HDMI (24Hz) ကို ထောက်ပံ့ လုပ်ဆောင်ပေးပါ လိမ့်မယ်။ အဲဒီ အချက်တွေဟာ Ultra HD ထောက်ပံ့ လုပ်ဆောင်ပေးနိုင်တဲ့ ပန်ကာမဲ့ တက်ဘလက်တွေ ဖြစ်လာစေပါတယ်။
အင်တဲလ်ရဲ့ ဂရပ်ဖစ်ဖော်ပြချက်တွေထဲမှာ အရေးပါတဲ့ တခုက စီပီယူပန်ကာ သုံးစရာမလိုတဲ့ ၇၊ ၈ နဲ့ ၁၀ မီလီ အိမ်ခွံသုံး တက်ဘလက်တွေဟာ သူ့ရဲ့ အိမ်ခွံမှာ 41 ံC ရှိနေနိုင်ပြီး သူ့ထက် ပိုများတဲ့တက်ဘလက်တွေ ကတော့ ပန်ကာသုံးဖို့ လိုမယ့်အကြောင်း ဖော်ပြပေးထား ပါတယ်။
Core-M ပရို ဆက်ဆာတွေရဲ့ ပထမအသုတ် 4.5 W စီပီယူတွေဟာ အရွယ်အစား ၁၁.၆ လက်မ အထူ ၈မီလီ ရှိတဲ့ ပန်ကာမဲ့ တက်ဘလက်တွေ ထုတ်လုပ်လာနိုင်ပြီး ၁၀.၁ လက်မ ၁၀ မီလီမီတာအထူ ရှိတဲ့ တက်ဘလက်တွေ အတွက်လည်း သင့်တော်ပါတယ်။ ပန်ကာမဲ့ တက်ဘလက်တွေနဲ့ သင့်တော်အောင် အင်တဲလ်ကနေ သူ့ရဲ့ Core-M စီပီယူတွေကို TDP ပေါ် အခြေခံပြီး ဖရီကွင်စီကို လိုတိုးပိုလျော့ လုပ်နိုင်အောင် စီစဉ်ထားပါတယ်။
အင်တဲလ်ကနေ တက်ဘလက်နဲ့ ချိတ်သုံးနိုင်မယ့် dock လုပ်ဆောင်ချက်ကိုလည်း ထောက်ပံ့လုပ်ဆောင် ပေးထားပြီး စီးပွားရေးလုပ်ငန်း ပါတနာတွေကနေ I/O တွေကို ချဲ့ထွင် လုပ်ဆောင်ပေးဖို့ အတွက် ဥပမာ WiGig (Wireless Gigabit) လို လုပ်ဆောင် ချက်တွေ တိုးချဲ့ သုံးစွဲနိုင်အောင် ဖြစ်ပါတယ်။
အလားတူပဲ 802.11ac ဆက်သွယ်မူ အတွက် AC 7265 ချစ်ပ်, ပါဝါစားနှုန်းနိမ့်တဲ့ ဗားရှင်း တက်ဘလက်တွေ အတွက် 2T2R 7260 ချစ်ပ်တွေ သုံးထားပါလိမ့်မယ်။ WiDi 5.0 ကိုလည်း ထောက်ပံ့ လုပ်ဆောင် ပေးနိုင်ပြီး နမှုနာ စမ်းသပ် နှိုင်းယှဉ်ကြည့်တဲ့ Haswell-y တွေကို Core-M အမြန်နှုန်းနဲ့ တူအောင် clock speed လျှော့ချပြီး စမ်းသပ်ခဲ့ပါ တယ်။ အဲဒီ စမ်းသပ်မှု အရ Core-M စီပီယူသုံး တက်ဘလက်တွေဟာ Haswell-Y စီပီယူ သုံးထားတာတွေထက် ဘက်ထရီအသုံးခံနိုင်မှု ၁.၇ နာရီနဲ့ အထက် တိုးလာတာ တွေ့ရပါတယ်။
ဖော်ပြပေးထားတဲ့ဇယားက HD ဗီဒီယိုတွေ ဖွင့်ကြည့်ခဲ့ရင် ပါဝါသုံးစွဲမှု အခြေအနေကို ဖော်ပြပေးထားတဲ့ ဇယားဖြစ်ပြီး ပါဝါစားနှုန်း လျော့စေတဲ့ Digital Signaling Processor (DSP) ကို သုံးထားပြီး Smart Sound Technology နဲ့ တွဲဖက်ကာ အဓိက အသံထုတ်လုပ်မှု အပိုင်းကို die ရဲ့ အစိတ်အပိုင်းတွေ အဖြစ် ပြောင်းလဲ လုပ်ဆောင်စေပြီး ပါဝါစားနှုန်း လျှော့ချနိုင်အောင် လုပ်ထားပါတယ်။
AMD ရဲ့ True Audio Sound တွေဟာ အရင်ကတည်းက အလားတူ လုပ်ဆောင် မှုတွေကို လုပ်ဆောင်သုံးခဲ့ပြီး ဖြစ်ပါတယ်။ Broadwell မှာ သုံးထားတဲ့ DSP တွေမှာ configure လုပ်ထားတဲ့ API တွေဟာ True Audio တွေနဲ့ ဆင်တူသလားလို့မေး မြန်းထားပြီး အင်တဲလ်ကနေတရားဝင်ဖြေ ကြားတဲ့အထိ စောင့်ကြည့်ဖို့လိုပါမယ်။
သူ့ရဲ့ Platform Controller Hub (PCH) တွေက USB 3.0 နဲ့ SATA 6 Gbps, PCIe lane ၄ ခုကို ထောက်ပံ့ လုပ်ဆောင်ပေး ထားပါတယ်။ PCH တွေရဲ့ ဒီဇိုင်းကိုလည်း ဒိုင်းနမစ် ဒီဇိုင်းလုပ်ထားပါတယ်။ သဘောက မလိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ထားပြီး ပါဝါစားနှုန်း လျော့အောင်လုပ်တာဖြစ်ပါတယ်။ အဲဒီ ဒီဇိုင်းဟာ (Near Field Communication) NFC လုပ်ဆောင်ချက်နဲ့ USB 3.0 port နှှစ်ခု၊ PCIe lane နှစ်ခု ကိုပဲ ထောက်ပံ့လုပ်ဆောင် ပေးထားပါတယ်။
သိပ်မကြာသေးခင်က ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ရေဒီယိုဆက်သွယ်ရေး ပြပွဲ ဘာလင် (International radio Exhibition Berlin) IFA မှာ အင်တဲလ်ကနေ သူ့ရဲ့ Core-M ပရိုဆက်ဆာသုံး တက်ဘလက် တွေ၊ လက်ပ်တော့ပ်တွေ အမျိုး ၂၀ လောက်ပြသ ခဲ့ပါတယ်။ အဲဒီအထဲမှာ Computex မှာ ကြော်ငြာခဲ့တဲ့ လက်ပ်တော့ပ် လိုရော၊ တက်ဘလက် လိုပါ သုံးနိုင်တဲ့ ဟိုက်ဘရစ် အမျိုးအစား Asus ရဲ့ Transformer Book T300 Chi လည်း ပါပါတယ်။ အဲဒီ အမျိုးအစားဟာ ပန်ကာသုံးမထားဘဲ ၁၂.၅ လက်မ၊ အထူ ၇.၃ မီလီ မီတာပဲ ရှိပါတယ်။ 4G LTE လုပ်ဆောင်ဖို့ ထည့်သွင်းပေးထားပြီး၊ Resolution 2560 x1600 ရှိပါတယ်။ Asus ကနေပါဝါ စားနှုန်း နိမ့်အောင် ထပ်ဆောင်းပြုပြင် ထားတဲ့ အတွက် ပါဝါစားနှုန်း 4W ပဲ ရှိပါတယ်။ အပူချိန်ကတော့ သူ့ရဲ့အိမ်ခွံမှာ အပူဆုံး 41 ံC ရှိပါ တယ်။
အခုလောလောဆယ် လက်ဦးမှု ရယူပြီးထုတ်လုပ် ဈေးကွက်တင်ထားတဲ့ တက်ဘလက်က Dell ရဲ့ ၁၁ လက်မ ၇၀၀၀ စီးရီး (Dell Venue 11 Pro 7000 Series) တက်ဘလက်တွေ ဖြစ်ပါတယ်။ အမေရိကမှာ ရောင်းချနေပါပြီ။ အဲဒီ တက်ဘလက်တွေဟာ အင်တဲလ်ရဲ့ Core-M 5Y10a/5Y70 (Dual core 0.8 ကနေ 2.0 GHz/1.2 GHz), DDR3 L 1600 MHz RAM 4GB ကနေ 8GB အထိ သုံးထားပါတယ်။ Wi-Fi ဗားရှင်း၊ LTE ဗားရှင်း စသဖြင့် မော်ဒယ်တွေ ကွဲနေသလို ဈေးနှုန်းအနေနဲ့ကလည်း ဒေါ် လာ ၇၀၀ လောက်က စရောင်းထားပါတယ်။
တခြားကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ Core-M သုံးဟိုက်ဘရစ် လက်ပ်တော့ပ် တွေလည်း ရှိနေပါတယ်။ HP ရဲ့ HP Envy x2 13t, Lenovo Yoga tablet 3, Lenovo 11.6 လက်မ, ThinkPad Helix2 (၉၉၉ ဒေါ်လာ), Dell Latitude 13 7000 (၁၁၉၉ ဒေါ်လာ) နဲ့ရောင်းချ ထားပါတယ်။ အဲဒီ Core-M စီပီယူသုံး ပစ္စည်းတွေဟာ ရုံးလုပ်ငန်းတွေ လုပ်ဆောင်မှု ၁၂ရာခိုင်နှုန်း၊ ဝက်ဘ်အသုံးချဆော့ဝဲတွေ လုပ်ဆောင်ရာမှာ ၄၇ရာခိုင်နှုန်း၊ သရီးဒီဂရပ်ဖစ် လုပ်ဆောင်ရာမှာ ၈၂ ရာခိုင်နှုန်းလောက် တိုးတက်လာပါလိမ့်မယ်။
အဲဒီတက်ဘလက်တွေ၊ ဟိုက်ဘရစ် နုတ်ဘွတ်၊ လက်ပ်တော့ပ် တွေဟာ 4G LTE ကိုထောက်ပံ့ လုပ်ဆောင်ပေးတဲ့ အတွက် Windows 8.1 OS ကို ရာခိုင်နှုန်းပြည့် ထောက်ပံ့ လုပ်ဆောင်ပေးနိုင်တဲ့ တက်ဘလက်တွေမှာ ဖုန်း လုပ်ဆောင်ချက် တွေကိုပါ တွဲသုံးနိုင်ပါတယ်။ core-M ပရိုဆက်ဆာ သုံးထားတဲ့ ကွန်ပျူတာတိုင်း 4G လုပ်ဆောင်ချက် ပါမှာ မဟုတ်သလို တချို့ကလည်း မော်ဒယ်တွေပေါ် မူတည်ပြီး အချက်အလက်တွေ ကွဲလွဲမှုရှိနိုင်တာပါတယ်။
Dell ရဲ့ Venue 11.6 လက်မ တက်ဘလက်တွေဟာ ဝိုင်ဖိုင်ဗားရှင်း, LTE ဗားရှင်း ဆိုပြီး ခွဲရောင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ LTE လုပ်ဆောင်ချက် ပါတဲ့မော်ဒယ်ကို ဝယ်ယူချင်တယ် ဆိုရင် LTE လုပ်ဆောင်ချက်ပါတဲ့ ဗားရှင်းမော်ဒယ် ဟုတ်မဟုတ် သေချာအောင် စစ်ဆေးဝယ်ယူရပါမယ်။ အင်တဲလ်ကလည်း Core-M တွေ ထုတ်လုပ်ရောင်းချ ပြီးခဲ့ရင် အဲဒီ Core-M တွေထက် ပိုစွမ်းဆောင်ပေးနိုင်တဲ့ မျိုးဆက်သစ် CPU တွေကို တီထွင် ထုတ်လုပ် ရောင်းချဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။
ARM ပရို ဆက်ဆာတွေ ဘက်ကလည်း လက်ရှိ ပရိုဆက်ဆာတွေထက် စွမ်းဆောင်ရည် မြင့်တဲ့ မျိုးဆက်သစ် ပရိုဆက်ဆာတွေကို သူ့နည်းသူ့ဟန်နဲ့ ထုတ်လုပ် ရောင်းချ ပါလိမ့်မယ်။ အဲဒီ ပြိုင်ဆိုင်မှုဟာ မိုလ်ဘိုင်း ပရိုဆက်ဆာ တွေရဲ့ ပြိုင်ပွဲ သာမက အင်တဲလ်နဲ့ အတွဲဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ဝင်းဒိုးစ် အိုအက်စ်၊ ARM ပရိုဆက်ဆာရဲ့ အတွဲ Google ရဲ့ အင်းဒရိုက် အိုအက်စ်တွေရဲ့ ပြိုင်ဆိုင်မှုပါ ဖြစ်နေတဲ့ အတွက် တော်တော်ကြည့်ကောင်းမယ့် စိန်ခေါ်ပွဲကြီး ဖြစ်နေပါတယ်။ ။