Culture

ငြိမ်းချမ်းရေး ကောက်ကြောင်းများနဲ့ ထွန်းဝင်းငြိမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“နိုင်ငံရေးနဲ့ အနုပညာရဲ့ တကယ့်အနှစ်သာရက ငြိမ်းချမ်းရေးပဲလို့ ကျနော်ယုံကြည်တယ်” လို့ ပန်းချီ ထွန်းဝင်းငြိမ်းက ပြောပါတယ်။

ရန်ကုန် ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်း မှာ နိုဝင်ဘာ ၂၁ ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်တဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် အနုပညာပြပွဲမှာ သူက ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ် ရှားမှုတွေမှာ ပါဝင်ခဲ့သလို၊ တဖက်ကလည်း အနုပညာဖန်တီးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေသူပါ။ ဝါဒဖြန့်လှုံ့ဆော်ခြင်းနဲ့ အနုပညာမြောက် ဖန်တီးမှုဟာ အလွန်ကွာခြားပါတယ်။ ထွန်းဝင်းငြိမ်းရဲ့ ဖန်တီးတင်ပြမှုတွေက ဘယ်လိုလဲဆိုတာ စိတ်ဝင်စားစရာပါ။

“ဒီပြပွဲလုပ်နိုင်ဖို့ အချိန် တနှစ်ကျော်ကျော် လောက် ပြင်ဆင်ခဲ့ရပါတယ်။ ရည်ရွယ်ချက်က မြန်မာမှာသာမက၊ ကမ္ဘာမှာပါ ထင်ရှားခဲ့တဲ့ ငြိမ်းချမ်းရေး ဗိသုကာကြီး သခင် ကိုယ်တော်မှိုင်းကို ကြည် ညိုလေးစားစိတ်နဲ့ ကောက်ကြောင်းတွေ ရေးဆွဲတာ ပါ။ ပြီးတော့ အခုခေတ်မှာ မှုန်ဝါးလာနေတဲ့ ဆရာ ကြီးရဲ့အကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆရာကြီးရဲ့ စွန့်လွှတ်စွန့်စား ဆောင်ရွက်ချက်တွေ၊ ငြိမ်းချမ်းရေး သဘောတရားတွေကို ပြန်လည်အမှတ်ရစေလိုတာ လည်း ပါပါတယ်” လို့ ထွန်းဝင်းငြိမ်းက ပြောတယ်။

ဒီနေ့အချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့တဲ့ ငြိမ်းချမ်း ရေးသဘောထားတွေကိုလည်း သတိပြုမိစေချင် တယ်လို့ သူကဆိုပါတယ်။

“ငြိမ်းချမ်းရေးအတွက် သူမနာ ကိုယ်မနာနည်း နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဖြစ်တယ်ဆိုပြီး ဆရာကြီးက နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့တယ်။ အမြစ်ပြတ် ချေမှုန်းပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီ အခွင့်အရေးရှိမှသာ ဖြစ်နိုင်ကြောင်း ဆရာကြီးက ပြောခဲ့တယ်။ ဒါတွေကို ပြန်လည်အမှတ်ရ သိမြင်ဆင်ခြင်နိုင်စေချင်ပါတယ်” လို့ ပန်းချီ ထွန်းဝင်းငြိမ်းက ဆက်ပြောပါတယ်။

တိုင်းပြည်ချစ်စိတ်ရှိမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်၊ တိုင်းပြည်ချစ်စိတ်ရှိမှ ဘယ်နိုင်ငံကပဲ နယ်ချဲ့နယ်ချဲ့ ဆန့်ကျင်နိုင်မှာဖြစ်တယ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဆိုခဲ့တာပါ။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ဖွံ့ဖြိုးရေးတို့ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ သူကဆိုပါတယ်။

အသက် ၅၃ နှစ်အရွယ် ပန်းချီထွန်းဝင်းငြိမ်းဟာ မန္တလေးဇာတိသားတဦးဖြစ်ပြီး ဖခင် ဦးတင်ဖေ၊ မိခင် ဒေါ်ချိုတို့ရဲ့ သားသမီး ၉ ဦးမှာ တတိယမြောက် သားဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် စစ် အစိုးရရဲ့ နှစ်ရှည်ထောင်ချခြင်းခံခဲ့ရပြီး ၂၀ဝ၁ ခုနှစ် မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း တဦးပါ။

“၄၈၂၈ အဖွဲ့မှာပါတယ်ဆိုပြီးတော့ စစ်အစိုးရ က ၁၉၉၀ ဒီဇင်ဘာမှာ ကျနော့်ကို ဖမ်းခဲ့တာပါ။ ၄၈၂၈ အဖွဲ့ဆိုတာက ဗမာပြည် ကွန်မြူနစ်ပါတီက ၁၉၄၈ မတ် ၂၈ မှာ လက်နက်ကိုင်တော်လှန်ရေး စခဲ့တဲ့နေ့ကို သင်္ကေတပြုထားတာပါ။ ပြောရရင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန် ရေး မြေအောက်လှုပ်ရှားသူလို့ သတ်မှတ်တာပါ။ အင်းစိန်ထောင်နဲ့ တောင်ငူထောင်တွေမှာ ၁၀ နှစ်ခွဲ နီးပါး နေခဲ့ရပါတယ်” လို့ ပန်းချီထွန်းဝင်းငြိမ်းက သူအကျဉ်းကျခဲ့ပုံအကြောင်း ပြန်ပြောင်း ပြောပြပါ တယ်။

သူဟာ ၁၉၈၂ ခုနှစ်မှာ မန္တလေး စက်မှုလက်မှု သိပ္ပံ (GTI) ကနေ Mechanical Power အင်ဂျင် နီယာဘွဲ့ရရှိခဲ့ပါတယ်။ ပန်းချီနဲ့ ဒီဇိုင်းပညာကို သူ့ရဲ့ အစ်ကိုကြီး ပန်းချီငြိမ်းဦးနဲ့ ပန်းချီ စစ်ငြိမ်းအေး တို့ထံမှာ သင်ယူခဲ့ပြီး ၁၉၈၀ ဝန်းကျင်ကတည်းက ကော်မာရှယ် ဖန်တီးမှုတွေဖန်တီးခဲ့ပြီး မန္တလေး ၃၅ လမ်း၊ ၈၄ ထ ၈၅ လမ်းကြားမှာ စတားဘလောက် ဆိုင်လေးဖွင့် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၄ မှာတော့ မြန်မာ့ရေနံကော်ပိုရေးရှင်း (MOC) မှာ အင်ဂျင်နီယာအဖြစ် ၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှု အနေနဲ့ ၁၉၈၂ ခုနှစ် မန္တလေး GTI မှာ တက်ရောက်နေစဉ်က အနုပညာအသင်း အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး “မိုးစက်များ” (Rain Drops) အမည်နဲ့ အနုပညာပြပွဲမှာ ပါဝင်ပြ သခဲ့ပါတယ်။

သူ ထောင်ကပြန်လွတ်လာပြီးနောက် ၂၀ဝ၃ ခုနှစ်မှာ မနှင်းနှင်းမွှေးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ မနှင်းနှင်းမွှေးကလည်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ စာအုပ်အဖုံး ဒီဇိုင်းဖန်တီးခြင်းတွေ လုပ်ဆောင်နေပြီး Beauty မဂ္ဂဇင်းမှာ Creative Editor အဖြစ်လည်းကောင်း၊ True News ဂျာနယ်ရဲ့ အနုပညာ အတိုင်ပင်ခံအဖြစ် လည်းကောင်း လုပ်ကိုင်လျက်ရှိပါတယ်။

အနုပညာနဲ့ နိုင်ငံရေးအပေါ် သူ့ရဲ့ သဘော ထားနဲ့ အမြင်ကိုလည်း ပြောပြပါသေးတယ်။

“အနုပညာက မျှဝေတာကို ရည်ရွယ်တယ်၊ နိုင်ငံရေးက ငြိမ်းချမ်းရေးကို ဦးတည်ရမယ်။ အနု ပညာက နိုင်ငံရေးကို အားပေးမြှင့်တင်ပေးတာတွေ လည်းရှိတယ်။ ဥပမာ – ပီကာဆိုရဲ့ ဂွာရာနီကာ ပန်းချီကားကြီးပေါ့။ ရက်စက်တဲ့ စစ်ရဲ့အနိဋ္ဌာရုံနဲ့ စစ်ဆန့်ကျင်ရေးရဲ့ ပြယုဂ်ပဲ။ ပြီးတော့ ကမ္ဘာကျော် ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းချီကားပါပဲ” လို့ သူကဆိုပါတယ်။

ဒါဆိုရင် ထွန်းဝင်းငြိမ်းရဲ့ စကက်ချ်တွေကရော ဘယ်လိုပါလိမ့်။

“တဦးတယောက် တသင်းတဖွဲ့ကို ကိုယ်စားပြုပြီး အားပေးမြှင့်တင်တာက ဝါဒဖြန့်တာပါ။ တနည်းအားဖြင့် Propaganda ပေါ့။ ကျနော့် ပန်းချီကားတွေ၊ စကက်ချ်တွေက လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ ပုံတွေပါ။ ဒါပေမယ့် ကျနော်က အဲဒီတဦးတယောက်ကို Promote လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးကို ကျနော်က မြှင့်တင်တယ်  ဆိုရင်လည်း  ဒါဟာ  ရူးသွပ်တာ သက်သက် ဖြစ်ပါလိမ့်မယ်။ ကျနော့်ရဲ့ ရည်ရွယ် ရင်းအမှန်က စောစောကပြောခဲ့သလို ဆရာကြီးရဲ့ ငြိမ်းချမ်းရေး အယူအဆနဲ့ သဘောထား၊ ရပ်တည်ချက်၊ အမြော်အမြင်ရှိမှုတွေကို ပြန်လည် သတိပြု မိစေချင်လို့ပါ” လို့ ထွန်းဝင်းငြိမ်းက ရှင်းပြပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့တဲ့ တိုင်းပြည်ချစ်စိတ်ရှိမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်၊ ငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီ အခွင့်အရေးရှိမှသာ ဖြစ်နိုင်တယ်၊ ဒီမိုကရေစီ ထွန်းကားမှသာ တိုင်းပြည်ဖွံ့ဖြိုးနိုင်မယ်ဆိုတဲ့စကားတွေကို ပြပွဲကြည့်နေရင်း သတိရမိပါတယ်။

ခေတ်အဆက်ဆက်  မှုန်းဝါးမှေးမှိန်ခဲ့ရတဲ့ ဆရာကြီး  သခင်ကိုယ်တော်မှိုင်းရဲ့  သမိုင်းအမှန် တစွန်းတစ၊ ပြောခွင့်ကြားခွင့် အလွန်နည်းပါးခဲ့ရတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားတွေကို ထွန်းဝင်းငြိမ်းရဲ့ ငြိမ်းချမ်းရေး ကောက်ကြောင်းတွေထဲမှာ ရှာဖွေတွေ့ရှိမိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading