ရဟတ်ယာဉ်သံ ကြားသည်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တံဆိပ်ပါ စက္ကူအလံလေးများ ကိုင်ဆောင်ထားသော လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ၅ မိနစ်ခန့် အကြာတွင် ကောင်းကင်ယံမှ ရဟတ်ယာဉ်တစင်းက ရွာဘေးတွင် တည်ဆောက်ထားသည့် ရဟတ်ယာဉ်ကွင်းထဲသို့ တအိအိ ဆင်းသက်လာသည်။
ခဏအကြာတွင် ရဟတ်ယာဉ်ဆီမှ ကားတန်းတခု ထွက်ခွာလာပြီး ဒေသခံများ စောင့်မျှော်နေကြသည့် သမ္မတ ဦးသိန်းစိန်မှာ ကားတစီးနောက်ခန်းတွင် လက်ပြရင်း လိုက်ပါလာသည်။ ကလေးသူငယ်များ၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဒေသခံအများအပြားက ကြံ့ခိုင်ရေးပါတီ စက္ကူအလံလေးများ ဝှေ့ယမ်းလျက်၊ အနည်းငယ်သော လူတချို့ကလည်း သမ္မတ၏ ဓာတ်ပုံဖြင့် ထုတ်ဝေထားသည့် ပြက္ခဒိန်များကို ကိုင်ဆောင်ပြသလျက် ၎င်းတို့ ကျုံကူးနယ်သား သမ္မတကို ကြိုဆိုနေကြသည်။
သမ္မတ၏ ယခုခရီးစဉ်မှာ ၎င်းမွေးဖွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာသို့ သမ္မတဖြစ်ပြီးနောက် ပထမဆုံး ပြန်လာခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်မည့် သမုဒ္ဒရံသီစေတီတော်ကို ထီးတော်တင်ရန်ဖြစ်သည်။
နှစ်ပေါင်း ၃၀ ကျော်မှ ဇာတိရွာသို့ နောက်တခေါက် ပြန်ရောက်ဖြစ်သည့် သမ္မတ ဦးသိန်းစိန် အဖို့တော့ ၎င်းမွေးဖွား ကြီးပြင်းခဲ့သည့် ကျုံကူးရွာမှာ ယခင်ကထက် များစွာပြောင်းလဲနေသည်ကို မြင်တွေ့သွားခဲ့သည်။ ငယ်စဉ် မောင်သိန်းစိန်ဘဝက ပြေးလွှားဆော့ကစားခဲ့သည့် ဖုန်ထူသော ကျုံကူးရွာ၏ လမ်းများအားလုံး ဖုန်မထသည့် ကွန်ကရစ်လမ်းများ ဖြစ်နေသည်။
ငပုတောမြို့နယ်၊ ငရုတ်ကောင်း ဒေသကဲ့သို့ မြို့အဆင့်ရှိသောဒေသမှာ လမ်းမီးမရှိသည့် အခြေအနေတွင် တိုက်နယ်အဆင့်သာရှိသည့် ကျုံကူးရွာ၌ လမ်းမီးများ ထိန်လင်းနေသည်ကို တွေ့ခဲ့ရသည်။ ငရုတ်ကောင်းမြို့၌ GSM ဖုန်းများ တာဝါတိုင်မရှိ၍ လိုင်းမမိဖြစ်နေချိန်တွင် ကျုံကူးရွာ၌ GSM တာဝါတိုင်ကြောင့် ဖုန်းလိုင်းများ ကောင်းနေသည်။
ကျုံကူးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး (Solar) စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် အသေးစား ဓာတ်အားပေးစက်ရုံ ၄ ခု တည်ဆောက်ထားပြီး ရရှိလာသည့် ဓာတ်အားများကို ကျေးရွာရှိ အိမ်ခြေ ၄၀ဝ ကျော်အတွက် အခမဲ့ပေးဝေနေရာ နေအိမ်အားလုံးနီးပါး လျှပ်စစ်မီးရရှိနေသည်။
မြန်မာနိုင်ငံတွင် မည်သည့်ဒေသတွင်မှ မရှိနိုင်သည့် နေရာတခုကိုလည်း ကျုံကူးရွာတွင် တွေ့ခဲ့ရသည်။ ၎င်းမှာ ကျုံကူးရွာလယ် လမ်းမဘေးရှိအခန်း တခုအတွင်း၌ အများပြည်သူ ထမင်းချက်ရန်နှင့် မီးပူတိုက်ရန် နေရာဟုဆိုကာ ထမင်းပေါင်းအိုး ၅ လုံးနှင့် လျှပ်စစ်မီးပူ ၅ လုံး ထားရှိပေးခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန် ဘုရားထီးတင်ပွဲ ပြုလုပ်သည့် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် အဆိုပါ မီးပူနှင့် ထမင်းပေါင်းအိုးများ အသုံးပြုသူ မတွေ့ခဲ့ရပေ။
ယခင်က ပုသိမ်၊ ငပုတောစသည့် မြို့များကို သွားလာရန် ရေလမ်းခရီး တခုတည်းသာ အားကိုးခဲ့ရသည့် ကျုံကူးရွာမှာ ၂၀၁၁ ခုနှစ်က စတင်၍ ကားလမ်းပေါက်ခဲ့သည့်အတွက် ယခုအခါ ကျုံကူးနှင့် အနီးတဝိုက် ကျေးရွာများမှာ ယင်းကားလမ်းကို အသုံးပြု၍ ပုသိမ်မြို့နှင့် ရန်ကုန်မြို့များသို့ အချိန်မရွေး သွားလာနေကြသည်။
အထက်တန်းကျောင်း၊ ရဲစခန်းနှင့် တိုက်နယ်ဆေးရုံများမှာလည်း အဆင့်မီ တည်ဆောက်ထားရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သည့် လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေသည့် ကျုံကူးရွာမှာ တိုက်နယ်ကျေးရွာအဆင့် ဆိုခြင်းထက် မြို့အသေးစားလေးသဖွယ် ဖြစ်နေသည်ကို တွေ့ခဲ့ရ သည်။ ကျုံကူးရွာအနီးတဝိုက်မှ ကျေးရွာအများစုကတော့ လမ်းမကောင်း၊ မီးမရှိသည့် အခြေအနေဖြစ်ရာ တိုးတက်မှုမှာ ကျုံကူးနှင့် မိုးနှင့်မြေလို ကွာခြားနေသည်ကို တွေ့ရသည်။
“ကျနော်တို့ရွာ တိုးတက်တာတော့ သမ္မတကြီး လုပ်ပေးထားတာချည်းပဲပေါ့။ လျှပ်စစ်မီးဆိုလည်း ဆိုလာနဲ့ပေးနေတော့ ပိုက်ဆံပေးစရာ မလိုဘူး။ လမ်းတွေကလည်း အကုန်လုံး ကွန်ကရစ်တွေ ဖြစ် ကုန်ပြီ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်း အောင်လုပ်ပေးထားတော့ အရင်ထက် အဆင်ပြေ တာပေါ့ဗျာ” ဟု ကျုံကူးရွာသား ဦးသက်လွင်က ဂုဏ်ယူစွာ ပြောပြသည်။
ကျေးရွာအနေဖြင့် ဖွံ့ဖြိုးလာသော်လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် ကိုယ့်ရွာတွင်မနေနိုင်ဘဲ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ အလုပ်ထွက်လုပ်နေကြသည့် ကျုံကူးရွာသားများလည်း အမြောက်အမြား ရှိနေသည်။
“ထိုင်းတို့၊ မလေးတို့၊ စင်ကာပူတို့မှာ သွားအလုပ်လုပ်နေတဲ့ ကျနော်တို့ရွာသားတွေ ရှိပါတယ်။ ခန့်မှန်းခြေ လူ ၃၀ဝ လောက်တော့ရှိမယ်။ နိုင်ငံခြားကနေ အဆင်ပြေလို့ ငွေပြန်ပို့ကြတဲ့လူတွေလည်း ရှိတယ်။ တချို့ကျတော့ အဆင်မပြေလို့ ဒုက္ခရောက်ကြတာတွေလည်း ရှိတာပေါ့” ဟု ဒေသခံ ဦးသက်လွင်က ပြောသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါး၍ ပြည်ပထွက်ခွာမှုက သမ္မတဇာတိရွာပင် မကျန်အောင် ရိုက်ခတ်နေသည့် အခြေအနေဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဦးသိန်းစိန် သမ္မတဖြစ်ပြီးမှ ကျုံကူးဒေသမှာ ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာခဲ့သည်။ ဦးသိန်းစိန်တို့ ငယ်စဉ်ကမူ အလယ်တန်းကျောင်းပင် မရှိသည့် ကျေးရွာလေးတခုသာ ဖြစ်ခဲ့သည်။
ကျုံကူးကျေးရွာ မူလတန်းကျောင်းမှ မူလတန်း အောင်မြင်ခဲ့သည့် ဦးသိန်းစိန်မှာ အလယ်တန်းပညာကို ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝရွာတွင် နိစ္စဓူဝ လှေစီး၍ ကျောင်းတက်ခဲ့ရသူဖြစ်သည်။ ချောင်းဝတွင် အလယ်တန်းပညာ ပြီးဆုံးခဲ့သည့်နောက် ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်း၌ ၁၀ တန်း တက်ရင်းကနေ တပ်မတော် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၉ သို့ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပြီး စစ်ဗိုလ်ဖြစ်လာခဲ့သည်။
အငယ်ဆုံးသားဖြစ်သူ မောင်သိန်းစိန် အထက်တန်းပညာ သင်ယူနိုင်ရန် ဖခင်ဖြစ်သူ ဦးမောင်ဖြိုးမှာ ဆိပ်ကမ်း၌ ကုန်ထမ်း၊ စပါးလှောင်သည့် စပါးကျီများတွင်သုံးရန် ဝါးဖြင့်ရက်လုပ်သော ရိုင်ပတ်များပြုလုပ်ကာ ငွေရှာခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ခင်ညွန့်မှာလည်း ကျုံကူးသင်္ဘောဆိပ်တွင် ခေါက်ဆွဲ၊ မုန့်ဟင်းခါးရောင်းချ၍ သားဖြစ်သူကို ကျောင်းထားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ဗိုလ်ဖြစ်မည့် နိမိတ်ပေလားမသိ။ ဦးသိန်းစိန် ငယ်စဉ်က သားရေကွင်းပစ်ရာတွင် လက်ဖြောင့်သည်ဟု သမ္မတ၏ အစ်ကိုအရင်းဖြစ်သူ ဦးထွန်းမြင့်က ပြောပြသည်။
“သူက ငယ်ငယ်ကတည်းက သစ်သားသေနတ် ကလေးတွေနဲ့ သားရေကွင်းပစ်ရာမှာ လက်ဖြောင့်တယ်။ အဲဒီသေနတ်ကလေးနဲ့ ကလေးအချင်းချင်း သားရေကွင်းပစ်တမ်းဆော့ရင် သူနိုင်တာများတယ်။ အဘက သူ့နောက်ကလိုက်ရတော့ သူနိုင်တဲ့သားရေ ကွင်းတွေကို လက်မှာစွပ်ထားတာ လက်ကောက်ဝတ် အထိရောက်တယ်” ဟု ဦးထွန်းမြင့်က ညီဖြစ်သူ၏ ငယ်ဘဝကို ရယ်ရယ်မောမောနှင့် ပြောပြသည်။
ခြင်းလုံး၊ ဘောလီဘော အားကစားနည်းများ ဝါသနာပါသော ဦးသိန်းစိန်တယောက် ၁၉၆၈ ခုနှစ် မှစတင်၍ စစ်တပ်ထဲ ဝင်ရောက်ပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းမှူး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရွှေတြိဂံ) တိုင်းမှူး၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တွင် အတွင်းရေးမှူး ၁၊ အတွင်းရေးမှူး ၂ ရာထူးများ အပြင် ၂၀ဝ၇ ခုနှစ်မှစတင်၍ ၂၀၁၁ ခုနှစ် မတ်လအထိ နအဖအစိုးရ၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အငြင်းပွားဖွယ်ရာ အနိုင်ရခဲ့သည့် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးသိန်းစိန်သည် ဇမ္ဗူသီရိနယ်မြေ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ၉ ဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။
“သူက အားနေရင်စာဖတ်တယ်။ သူ့အထက်က လူကြီးတွေကိုလေးစားတယ်။ ကလန်ကဆန် မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ ဗိုလ်ချုပ် ခင်ညွန့်တို့အနားမှာ နေရတယ်။ အဲဒီလူကြီးတွေစကား သူနားထောင်တယ်။ ဘာပဲခိုင်းခိုင်း ပျာပျာသလဲ မလုပ်တတ်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ပဲလုပ်တယ်။ အဲဒါတွေကြောင့် သူသမ္မတဖြစ်လာတယ် ထင်မိတယ်” ဟု အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
စစ်ဘက်တွင် ရာထူးကြီးများ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း သမ္မတရာထူး ရရှိထားသော်လည်း ဦးသိန်းစိန်အနေဖြင့် မိသားစုနှင့် ဆွေမျိုးများအပေါ် ငွေကြေးနှင့် လုပ်ပိုင်ခွင့်များ အထူးအခွင့်အရေး ပေးခြင်းမရှိကြောင်း သမ္မတ၏ဆွေမျိုးများကပြောပြသည်။
“ညီလေး (ဦးသိန်းစိန်) ကမိသားစုကို ထောက်ပံ့နိုင်တာမရှိဘူး။ အစ်မ (အမေ) ရောဂါဖြစ်တုန်းကဆို သူက တပ်ရင်းမှူးဖြစ်နေပြီ။ ဆေးကုဖို့ ငွေမရှိလို့ အိမ်ကို တခြမ်းရောင်းလိုက်ရတယ်။ အဘဆိုရင်လည်း ဘာမှထောက်ပံ့တာမရှိဘူး။ မြေလေးတကွက်တောင် မပေးဖူးဘူး။ သူ့ပိုက်ဆံနဲ့ တယ်လီဖုန်းလေး တလုံးတော့ ဝယ်ပေးဖူးတယ်။ အဘ သားသမီးတွေ ဆိုရင်လည်း ဟေ့ “မင်းတို့အရည်အချင်းနဲ့ မင်းတို့လုပ်၊ မင်းတို့ ငါ့တော့ လာမပြောနဲ့ဆိုပြီး အမြဲပြောတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။
နအဖကောင်စီ အတွင်းရေးမှူး (၁) တာဝန် ထမ်းဆောင်စဉ်က ကုမ္ပဏီထူထောင်ရန် အကြံပေးခဲ့သော်လည်း ဦးသိန်းစိန်က လက်မခံခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဘဝမှ အနားယူပါက အေးချမ်းသော လယ်သမားဘဝကိုသာ ဖြတ်သန်းလိုသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောပြကြောင်း ဦးထွန်းမြင့်ကဆိုသည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် အဂတိလိုက်စားမှု နည်းပါးသော်လည်း ၎င်းဦးဆောင်သည့် အစိုးရအဖွဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်၏ အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ခြင်း မရှိခဲ့ကြောင်း ပုသိမ်မြို့နယ် အခြေစိုက် ၁၉၉၀ ရွေးကောက်ခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်ဟောင်း ဦးသန်းဝင်းက ပြောသည်။
“ဦးသိန်းစိန်က သူကြွေးးကြော်ခဲ့သလို သန့်ရှင်းတဲ့အစိုးရဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သူတကိုယ်တည်း ရုန်းနေရုံနဲ့ သူတယောက်တည်း ကောင်းနေရုံနဲ့ အဂတိလိုက်စားမှုက တိုက်ဖျက်လို့ မရပါဘူး။ သူ့နောက်ကလူတွေက သူ့လိုမျိုး လိုက်မလုပ်နိုင်ဘူးလေ” ဟု သူကပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြစ်ဆုံစီမံကိန်းကို သူ့သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့ခြင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း၊ သတင်းမီဒီယာ လွပ်လပ်ခွင့်တချို့ ပေးခဲ့ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကို လွပ်လပ်မျှတစွာ ကျင်းပပေးခဲ့ခြင်းက ပြည်တွင်း၌သာမက နိုင်ငံတကာအထိပါ မျက်နှာရခဲ့သည်။
သို့သော် သမ္မတအနေဖြင့် စစ်တပ်အပေါ် ဩဇာမလွှမ်းမိုးနိုင်ခြင်း၊ သတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချမှုများ ဆက်ရှိနေခြင်း၊ ပြည်သူများအပေါ် ရိုင်းပျစွာပြောဆိုသူ ဝန်ကြီးများအား အရေးယူမှု မရှိခြင်း၊ လူထုထောက်ခံမှုရှိသော ဦးဆန်းဆင့်ကို ထောင်ဒဏ်အပြစ်ပေးခြင်း စသည့် အကြောင်းအရာများက ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့အတွက် မျက်နှာပျက်စရာ အခြေအနေများ ဖြစ်ခဲ့ရသည်။
နိုင်ငံရေးအရ မျက်နှာပျက်စရာ အခြေအနေများ ကြုံတွေ့ခဲ့သော်လည်း အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်သည့် သမ္မတ ဦးသိန်းစိန်က ပြည်သူကဆန္ဒရှိလျှင် ဒုတိယမြောက် သမ္မတသက်တမ်းကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ပြောဆိုထားသည်။
အစ်ကိုဖြစ်သူ ဦးထွန်းမြင့်ကမူ ညီဖြစ်သူ ညသမ္မတအား ယခုသက်တမ်းပြီးလျှင် အနားယူစေချင်သည်ဟု ပြောသည်။
“သူလည်း ၁၈ နှစ်သားကတည်းက တိုင်းပြည်တာဝန် ထမ်းလာတာဆိုတော့ မလုပ်စေချင်တော့ဘူး။ သူ့နှလုံးက စက်တပ်ထားရတယ်။ မှန်တာပြောရရင် ဘာသာရေးကို လုပ်စေချင်ပြီ။ ဒီလောကီရေးဆိုတာတွေက ပြောရရင် ငရဲကျတဲ့ အလုပ်တွေလေ။ ဒါကြောင့် ငါကတော့ မလုပ်စေချင်တော့ဘူး” ဟု ပြောသည်။
ကျုံကူးဒေသခံများကမူ သမ္မတ ဦးသိန်းစိန်ကိုသာ ဆက်လက် တာဝန်ထမ်းဆောင်စေလိုပြီး ရွေးကောက်ပွဲတွင်လည်း ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီကိုသာ မဲထည့်မည်ဟု ပြောဆိုကြသည်။
“ကျနော်က ကြံ့ခိုင်ရေးပါတီ ဝင်ထားပါတယ်။ ဒီနှစ်မှစဝင်တာပါ။ ကျနော်တို့က နိုင်ငံရေး ခံယူချက်တွေ ဘာတွေ သိပ်တော့လည်း နားမလည်ဘူး။ ကိုယ့်ရွာသား သမ္မတကြီးကို ထောက်ခံတဲ့အနေနဲ့ ပါတီဝင်လိုက်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ၂၀၁၅ ကျရင်လည်း သမ္မတကြီးပါတီကိုပဲ မဲပေးမှာပါ” ဟု ကျုံကူးရွာသား ဦးသက်လွင်က ပြောသည်။
ကျုံကူးဒေသသားများ သမ္မတဆက်လုပ်စေချင်သည့် ဦးသိန်းစိန်သည် ၎င်းကိုယ်ပိုင်ငွေဖြင့် တည်ထားပူဇော်ခဲ့သည့် သမုဒ္ဒရံသီစေတီတော်ကို ထီးတော်တင်လှူပြီးနောက် ဖခင်ဖြစ်သူ အုတ်ဂူအား ရှိခိုးကန်တော့ကာ ရဟတ်ယာဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့သည်။
ရဟတ်ယာဉ် ထွက်ခွာသည်နှင့် ဖုန်လုံးကြီးများ အလိပ်လိုက်တက်လာပြီးနောက် လက်ပြနေသူများကို ဖုံးလွှမ်းသွားခဲ့ပြီး သမ္မတဦးသိန်းစိန် စီးနင်းလိုက်ပါသွားသော ရဟတ်ယာဉ်မှာလည်း ကျုံကူးရွာနှင့် ဝေး၍ ဝေး၍သွားသည်။
ကျုံကူးရွာသားများကမူ နှစ် ၃၀ ကျော်မှ တခေါက်ပြန်လာသည့် သူတို့ရွာသား သမ္မတကို ရဟတ်ယာဉ်မြင်ကွင်းမှ ကွယ်ပျောက်သည်အထိ လက်ပြနှုတ်ဆက်ရင်း ငေးကြည့်နေကြသည်။