ယာဉ်ထိန်းရဲများ လာဘ်ပေးလာဘ်ယူပြုလုပ်ပါက တိုင်ကြားနိုင်မည့် ဖုန်းလိုင်းများ သီးသန့်် ထားပေး သွားမည်ဟု မန္တလေး မြို့ယာဉ်ထိန်းရုံးမှ ရဲမှူးသိန်းကိုကိုက နိုဝင်ဘာ၂၄ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်း အဝေးတွင် ပြောဆိုခဲ့သည့် သတင်းဖတ်ရှုရသည့်အခါ များစွာကျေနပ်မိပါသည်။ ရဲမှူးသိန်းကိုကိုက အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မီဒီယာများကို ဖိတ်ကြား၍ အသေးစိတ် ရှင်းလင်းပြောကြားသွားမည်ဟု သိလိုက်ရသည့်အခါ မန္တလေးမြို့ခံ သတင်း ထောက် တဦးအနေဖြင့် ရဲမှူးကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ လွန်စွာ အားကိုး မိပါတော့ သည်။
တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ပေးမည့် ရဲမှူးတယောက်ဟု ထင်မြင်မိပါသောကြောင့် မြို့ခံတယောက်အနေဖြင့် ယာဉ်ထိန်းများနှင့် ပတ်သက်သည့် ရင်တွင်းခံစားချက်လေးများ ပြောခွင့်ပြုပါခင်ဗျား။
တရားဝင်မှတ်ပုံတင်မော်တော်ယာဉ် ရှစ်သောင်းကျော်(၈၂၃၃၄) ၊မော်တော်ဆိုင်ကယ် ခြောက်သိန်းနီးပါး (၅၇၆၂၆၀)နှင့် စက်ဘီးသုံးသိန်းကျော် အသုံးပြုနေသော မန္တလေးမြို့ကြီးကို ယာဉ်ထိန်းရဲအင်အား ၃၆၀ ကျော်ဖြင့် ထိန်းသိမ်းနေရ သည် မှာ မလွယ်ကူလှကြောင်း ကောင်းကောင်းကြီးသဘောပေါက်ပါသည် ရဲမှူးခင်ဗျား။ သို့သော်လည်း အားနာနာဖြင့်ပင် သိလို သည်များ မေးမြန်းပါရစေခင်ဗျား။
ပထမဦးစွာအနေဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို နေကာမျက်မှန်များ တပ်ဆင်ခွင့်ပေးရုံသာမက အဝေး အနီး ကောင်းမွန် စွာ မြင်နိုင်သည့် ပါဝါမျက်မှန်များလည်း တာဝန်ထမ်းဆောင်ရာတွင် တပ်ဆောင်ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းပါရစေ ခင်ဗျား။ အဘယ့်ကြောင့်ဆိုသော် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်ဦးထုပ်ဆောင်းလာသူများ၏ အိပ်ကပ်ကို အဝေးက လှမ်းကြည့် ရုံဖြင့် ဤလူသည် ယာဉ်မောင်းလိုင်စင် မပါသည့်လူ၊ ဖမ်းကို ဖမ်းရမည်။ ဤလူသည် ယာဉ်မောင်းလိုင်စင် ပါသည့်လူ၊ စစ်ဆေး နေရင် အချိန်ကြာတယ်၊ လွှတ်ပေးလိုက်ဟု အချိန်သုံးစက္ကန့်မှျှ စူးစိုက်ကြည့်ရုံဖြင့် သေချာတိကျစွာ ခွဲခြား စစ်ဆေး နိုင်သည့်အတွက် ယာဉ်ထိန်းရဲများသည် အဝေးကြည့် လွန်စွာ စူးရှကြောင်း သိရပါသည်။သို့သော်လည်း တခါတရံတွင်မူ မျက်စိမှုန်မှုန် သွားတက်သည်ကို တွေ့မြင်နေရသောကြောင့် အထက်ပါ မေးခွန်းကို မေးရခြင်း ဖြစ်ပါသည်။
ပြီးခဲ့သော လအတန်ကြာက မန္တလေးမြို့ရှိ လမ်းမကြီးများတွင် ယာဉ် ၂ ထပ် မရပ်ရဆိုသည့်စည်းကမ်းကို သတင်းစာ၊ ဂျာနယ် များတွင် အကျယ်တဝင့် ဖော်ပြအသိပေးသောကြောင့် မန္တလေးမြို့အတွင်းရှိ ဆိုင်ငယ်လေးများမှာ မိမိဆိုင် လာ သော မော်တော်ယာဉ်များ ယာဉ် ၂ ထပ်မရပ်ရန် ဗွီနိုင်းဆိုင်းဘုတ်များ သူ့ထက်ငါအပြိုင်အဆိုင် ချိတ်ဆွဲ ကြပါသည်။ သို့သော်လည်း ၈၄ လမ်းမကြီး၊ ၇၈ လမ်းမကြီးများပေါ်ရှိ သြဇာအရှိန်အဝါကြီးမားလှသော ဆိုင်ကြီးများရှေ့တွင်မူ ယာဉ် ၂ ထပ်မက ၃ ထပ်၊ ၄ ထပ် ရပ်ဆဲသာဖြစ်ပါသည်။
မြို့နယ်ပေါင်း ၇ မြို့နယ်၊ ရပ်ကွက်ပေါင်း ၉၆ ခု၊ ကျေးရွာအုပ်စု ၁၀၀၊ ကျေးရွာပေါင်း ၃၀၀ဖြင့် ဖွဲ့စည်းထားကာ စတုရန်း မိုင်ပေါင်း ၃၆၅ ဒသမ ၂၂ ကျယ်ဝန်းသည့် မန္တလေးမြို့တွင် နေရာတိုင်းတော့ ဘယ်လိုက်စစ်ဆေးနိုင်ပါ့မလဲလေဟု ကိုယ်ချင်းစာ စိတ်လေးထားပေးမိပါသည်။
သို့သော်လည်း ပြီးခဲ့သော တလကျော်က မော်တော်ပီကယ်၊ ယာဉ်ထိန်း၊ ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းဖွဲ့စည်းထားသည့် ယာဉ်မှုစစ်အဖွဲ့ကြီးတဖွဲ့အနေဖြင့် မန္တလေးဘူတာကြီးနား ဗဟိုပြုလျက် ဦးထုပ် မဆောင်းသည့်ဆိုင်ကယ်သမားများကို အကွက်စေ့စွာ လမ်းထောင့်များတွင်ပါ ကင်းပုန်းများချလျက် ဖမ်းဆီးနေသည်ကို တွေ့မြင်ရပါသည်ခင်ဗျား။ အဆိုပါ အဖွဲ့ ဖမ်းဆီးနေသော နေရာမှ တောင်ဘက်သို့ ကြည့်လိုက်လျှင် ဒိုင်းမွန်းပလာဇာကြီး ကိုမြင်တွေ့ရမည်ဖြစ်ပြီး ထိုပလာဇာ ဘေး လမ်းမကြီးပေါ်တွင် ယာဉ် ၂ ထပ်မကပဲ ယာဉ် ၅ ထပ်မျှ ဆိုင်ကယ်များ တန်းစီ အပ်နှံ ထားသည်ကို တွေ့ရပါသည်။
ထိုမျှမကသေးပါ။ အဆိုပါ အဖွဲ့ကြီး၏ မြောက်ဘက်သို့ မျှော်ကြည့်လိုက်လျှင် ၇၈ လမ်းမကြီး အရှေ့ဘက်တလျှောက် မိုဘိုင်းဖုန်းကတ်များကို လမ်းလယ်တက်ရောင်းနေသည့် လမ်းဘေးဈေးသည်များကို တွေ့နိုင်ပြီး လမ်းမကြီး အနောက် ဘက် တွင် မန္တလေးမြို့ ၏ ရောင်းအားအကောင်းဆုံး ဖုန်းဆိုင်ကြီးများ စုဝေးတည်ရှိသည့်နေရာရှေ့တွင် ကားများ၊ ဆိုင်ကယ် များ သုံးလေးထပ် ရပ်ထားသည်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါသေးသည်။
ထိုကဲ့သို့ လမ်းသွားလမ်းလာများအားလုံးက မြင်နေရသော်လည်း ရဲမှူး၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ ဟန့်တားခြင်း တစုံတရာကို မတွေ့မြင်ရပါခင်ဗျား။ ထိုကဲ့သို့ လမ်းမကြီး ပြည့်လုနီးပါး ရပ်ထားသည့်ယာဉ်များကို ယာဉ်ထိန်းရဲများက မတွေ့ ရခြင်းမှာ တပ်ဖွဲ့ဝင်များအနေဖြင့် မျက်စိမှုန်နေခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆသည့်အတွက် ယခုလို အဝေး အနီး မြင်ရ သည့် ပါဝါမျက်မှန်များ တပ်ဆင်ပေးရန် အကြံပြုရခြင်းဖြစ်ပါသည်။
သို့မဟုတ်လျှင်လည်း ဆိုင်ရှေ့ယာဉ် ၂ ထပ်ရပ်လျှင် အရေးယူမည်ဟု ထုတ်ပြန်ထားမှုသည် ဆိုင်ရှေ့ယာဉ် ၂ ထပ် ရပ်လျှင် အရေးယူမည် (မှတ်ချက်) ယာဉ် ၃ ထပ်၊ ၄ ထပ် ရပ်လျှင် ထိုင်ကြည့်နေမည်ဟူသော ပြင်ဆင်ချက် လေးတိုး ပေးစေလိုပါသည်ခင်ဗျား။
ရဲမှူးခင်ဗျား။ မြို့အတွင်း Down town ဧရိယာများအတွင်း ထော်လာဂျီ နှင့် ၃တန်အထက် မော်တော်ယာဉ်များ ၊ ချယ် ဂါလီ၊ ဆိုက်တွဲများ ဝင်ရောက်မောင်းနှင်ခွင့်မရှိဟု ကြေညာထားသည်ကိုလည်း ပြန်လည်ရုပ်သိမ်းစေလိုပါသည်ခင်ဗျား။ အမရပူရ ၊ စစ်ကိုင်း၊ တံတားဦးဘက်ရှိ မိတ်ဆွေများကို မန္တလေးမြို့သို့လာရောက်ရာတွင်အဆိုပါ မော်တော်ယာဉ် များ မောင်းနှင်ခြင်း မပြု ရန် ကျနော် တို့ မန္တလေးမြို့ခံများက သတိ အတန်တန် ပေးတားမြစ်သည့်အတွက် ၎င်းတို့ကလည်း မန္တလေးမြို့သို့လာရောက်ရာတွင် အဆိုပါယာဉ်များပါရှိလာပါက အမရပူရမြို့အဝင်တွင် အပ်နှံပြီးမှ မြို့တွင်းသို့ လာရောက် ကြပါသည်။
သို့သော်လည်း ယင်းမိတ်ဆွေများကို မန္တလေးမြို့ထဲသို့ လိုက်လံပို့ဆောင်သည့်အခါ အဆိုပါ တားမြစ်ထားသည့် ယာဉ်များ သည် မန္တလေးမြို့ အနှံ့ သွားလာနေသည်ကိုတွေ့မြင်နေရသည့် အတွက် တားမြစ်မိသည့် ကျနော်တို့ မြို့ခံများမှာ အရှက် လုံးလုံးကွဲရပါသည်။ ထို့ကြောင့် ယင်းတားမြစ်ထားသည့် ယာဉ်များသာမက သဲတင်ယာဉ်၊ ကုန်တင်ယာဉ်ကြီးများကိုပါ မန္တလေးမြို့အတွင်း လွတ်လပ်စွာ ဝင်ရောက် သွားလာခွင့်ပြုကြောင်း ပြန်လည် ကြေညာပေးစေလိုပါသည်ခင်ဗျား။ သို့မဟုတ်လျှင် သတင်းစာတွင် ကြေညာထားသည်က တမျိုး။ အပြင်လက်တွေ့တွင် ဖြစ်နေသည်က တမျိုး ဖြစ်နေသည့် အတွက် နိုင်ငံပိုင် သတင်းစာ နေ့စဉ် ဖတ်သည့် ကျနော်တို့်မှာ သတင်းစာကို ယုံရမည်လား၊ အပြင်တွင် မျက်ဝါး ထင်ထင် မြင်တွေ့ရသည့် မိမိမျက်စိ ၂ လုံးကိုပဲ ယုံရမည်လား ဝေခွဲ မရဖြစ်နေသောကြောင့်ပါ ခင်ဗျား။
ရဲမှူးခင်ဗျား။ ယာဉ်တိုက်မှု လျော့နည်းစေရန်၊ ယာဉ်အန္တရာယ်ကင်းဝေနိုင်၇န် အတွက် ယာဉ်ထိန်းရဲ၊ စည်ပင်၊ မြို့နယ် အုပ်ချုပ်ရေး၊ ရဲစသည့် ဌာနဆိုင်ရာ အဖွဲ့များ ပေါင်းစည်းကာ ပူးပေါင်းအဖွဲ့ ၇၉ ဖွဲ့ တိတိ ဖွဲ့ကာ စစ်ဆေးနေပါသည်ဆို သော်လည်း မန္တလေးမြို့တွင် ၂၀၁၄ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀ လတာကာလ)အတွင်း ယာဉ်တိုက်မှု ပေါင်း ၃၃၈ မှုဖြစ်ပွားကာ ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃၆၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါသည်ခင်ဗျား။
မန္တလေး ပြည်သူ့ ဆေးရုံကြီး ၊ ဦးနှောက်နှင့်အာရုံကြောဌာနတွင်လည်း ယာဉ်မတော်တဆမှုကြောင့် ကုသမှုခံယူနေရသည့် လူနာများအပြည့် ရှိနေသည်ကိုလည်း မြင်ရပါသည်ခင်ဗျား။
အားနာနာဖြင့် ပြောရလျှင် ဆိုင်ကယ်သမားများကို ဦးထုပ်ဆောင်း၊ မဆောင်း ၊ မေးသိုင်းကြိုး တပ်၊ မတပ်၊ လိုင်စင် ပါ၊ မပါ ၊ လိုင်စင်မဲ့ ဆိုင်ကယ် ဟုတ်၊ မဟုတ် ဆိုသည့် အချက်များကို တိတိကျကျစစ်ဆေးပြီး ဒဏ်ငွေဆောင်ခိုင်ခြင်းကိုသာ ထိထိ ရောက်ရောက် လုပ်ဆောင်နေပါသည်ဟု ဆိုချင်ပါသည် ရဲမှူးခင်ဗျား။
အခြားသော ယာဉ်စည်းကမ်းမလိုက်နာသည့် လူငယ်များ ဆိုင်ကယ်အုပ်စုဖွဲ့ကာ လမ်းမကြီးအပြည့် ရမ်းကားစွာ မောင်းနှင် မှုများ၊ ရှေ့နံပါတ်ပြား၊ နောက်နံပါတ်ပြား မတပ်ဘဲ အရှိန်ပြင်းစွာ မောင်းနှင်သည့် ဆိုင်ကယ်သမားများ၊ လူစည်ကားသည့် လမ်းမကြီးများတွင် ပြိုင်ကားများ၊ ကားငယ်များ အရှိန်မြှင့်မောင်းနှင်ကာ အကွေ့များတွင် ဆလစ်ရိုက်ကွေ့ခြင်း၊ လိုင်းကား များ၊ ခရီးသည်တင်ကားများ တဘက်လမ်းကြော ရောက်သည်အထိ အပြိုင်အဆိုင် ကျော်တက်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခြင်း၊ မြို့ထဲတွင် ညအခါ ရှေ့မီးကြီးဖွင့်၍ မောင်းနှင်ခြင်း၊ အကွေ့များတွင် အချက်ပြမီး မပြဘဲ ရုတ်တရက် ကွေ့ခြင်း၊ ကားနောက်ဖုံးကို ကျော်လွန်သည်အထိ ၅ ပေ၊ ၆ ပေ မျှ ထိုးထွက်နေသော ပိုက်ချောင်းများ၊ သံချောင်းများကို ရောင်ပြန် တပ်ဆင်ခြင်းမရှိဘဲ သယ်ယူမှုများ စသည့် စည်းကမ်းဖောက်ဖျက်မှုများစွာဖြင့် မောင်းနှင်သူများကို နေ့စဉ်နှင့် အမျှ အများအပြား တွေ့မြင်နေရသော်လည်း အဆိုပါ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူမှု တစုံတရာ မတွေ့ရသေးပါ ခင်ဗျား။ ထိုနေရာတွင် တာဝန်မကျေသော်လည်း ဒဏ်ကြေးကောက်ရာတွင် လွန်စွာ တာဝန် ကျေလှပါသည် ရဲမှူးခင်ဗျား။
မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာမက နယ်မြို့ကြီးများတွင်ပါ တာဝန်ကျေလှကြောင်း ဥပမာတခု ပြောပြချင်ပါသည်။ ၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ် ဦးထုပ် ဆောင်း၊ မေးသိုင်းကြိုးတပ်ကာ လိုင်စင်လည်း အပြည့်အစုံ ပါသူ တဦး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး၏ တားမြစ်မှုကို ခံလိုက်ရပါသည်။ အဘယ်ကြောင့် ဖမ်းပါသနည်းဟု ပြန်လှန်မေးခွန်းထုတ်ကြည့်ရာ မေးသိုင်းကြိုးလိမ်နေသည့်အတွက် ဖမ်းဆီးခြင်းဖြစ်ပါသည်တဲ့။ ရန်ပုံငွေရှာဖွေရာတွင် ထိုမျှ တာဝန်ကျေပွန်လှသည့်အတွက် အဆိုပါ ယာဉ်မှုစစ်အဖွဲ့ကြီးကို တိုင်းဒေသကြီးဘတ်ဂျက်ရှာဖွေသည့် အဖွဲ့ဟု နာမည်ပြောင်းလဲခေါ်စေလိုပါသည်ခင်ဗျား။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွက် မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းအရ လိုငွေ ကျပ်ဘီလီယံ ၁၂၀ ကျော် ရှိကြောင်း လွှတ်တော်ထံမှ သိရသည့်အတွက် တိုင်းဒေသကြီးဘတ်ဂျက် လိုငွေရှာဖွေးရေး အဖွဲ့ဟု အမည်ပြောင်းလျှင် ပဏာတင့်ပေလှမည်ဟု ထင်မြင်မိပါသည် ရဲမှူးခင်ဗျား။
ရဲမှူးခင်ဗျား။ ထိုကဲ့သို့ ပြောင်းလဲခေါ်ဝေါ်ခြင်းမပြုလိုလျှင်လည်း ယင်းပူးပေါင်းစစ်ရေးအဖွဲ့များအတွက် ရုပ်ဖျက်မိတ်ကပ် များ၊ ကိုယ်ရောင်ဖျောက် အဝတ်အစားများလည်း မြန်မာ့တပ်မတော်သို့ အကူအညီတောင်းခံကာ မှာယူပေးစေလိုပါသည် ခင်ဗျား။ တလမ်းမောင်းအဖြစ် သတ်မှတ်ထားသော ၃၆ လမ်း၊ ၃၇ လမ်း၊ ၄၀ လမ်းများတွင် လမ်းပြောင်းပြန် ဝင်လာသည့် ဆိုင်ကယ်များ ပြန်လှည့်မထွက်စေရန် ၇၇ x ၇၈ ကြား မီးရထားသံလမ်းဘေးတွင် အဆိုပါ အဖွဲ့ဝင်များ ကိုယ်ရောင် ဖျောက်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ပုန်းခိုဖမ်းဆီးနေရသည်ကို တွေ့မြင်ရသည်မှာလည်း စိတ်မချမ်းသာသည့်အတွက် ယခုကဲ့သို့ အကြံပြုရခြင်းဖြစ်ပါသည်ခင်ဗျား။
ရဲမှူးခင်ဗျား။ ယာဉ်ထိန်းရဲများငွေတောင်းလျှင် ရဲမှူးက တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ စီစဉ်ပေးမည်ဟု ပြောထားပါသည်။ ယာဉ်ထိန်းရဲများကြောင့် ငွေပျောက်ဆုံးလျှင်လည်း တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ စီစဉ်ပေး လိုပါသည်ခင်ဗျား။
ပြီးခဲ့သည် တလကျော် ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၁၆ ရက်နေ့ ကျောက်ဆည်မြို့၊ ကြက်မင်းတွန် လမ်းဆုံတွင် ဘဲဥသည်တဦး စီးလာသော ဆိုင်ကယ်ကို ကျောက်ဆည်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးက စစ်ဆေးရန် အတွက်သော့ကိုဆွဲနုတ်ပြီး ဖမ်းဆီးသည့်ပူးပေါင်းအဖွဲ့က ဆိုင်ကယ်ကိုတွန်းသွားပါသည်။ ဘဲဥသည်က စလစ်ဖြတ်ပိုင်း နေရာတွင် စောင့်ဆိုင်းနေစဉ် ဘဏ်မှပူပူနွေးနွေး ထုတ်လာသော ငွေရှစ်သိန်းခွဲမှာ မျက်လှည့် ပြလိုက်သည့် အလား ပျောက်သွားပါသည်ခင်ဗျား။
တရားခံမည်သူဖြစ်မလဲဟုမှန်းဆရရန်မှာလည်း ဖမ်းဆီးသည့်အဖွဲ့တွင် ရဲ၊စည်ပင်၊ယာဉ်ထိန်းစသည့် ဝန်ထမ်းများ ပါဝင် နေ သဖြင့် တရားခံဘယ်လိုရှာရမလဲဆိုသည့် မေးခွန်းမှာတော်တော်ခေါင်းကိုက်စရာ ကောင်းလှပါ သည်ခင်ဗျား။ ယခုတလ ကျော်သည်အထိ တရားခံရှာမတွေ့သေးပါ။ ဘဲဥသည်မှာလည်း တငိုငိုတရီရီဖြင့် ဘဲများကိုပင် အစာကောင်း ကောင်း မကျွေး နိုင်တော့သဖြင့် ဘဲမများသည်ပင် သိပ်မဥနိုင်တော့ကြောင်းသိရပါသည်။
မန္တလေးမြို့နှင့် ကျောက်ဆည်မှာ နီးနီးလေးသာဖြစ်သောကြောင့် ဓာတ်ကူးလာမည်ကို ကျနော်တို့မှာ ကြောက်လှပါသည်။ ထို့ကြောင့် ရဲမှူးအနေဖြင့် ဆိုင်ကယ်အဖမ်းခံရခိုက် ဆိုင်ကယ် တူးဘောက်အတွင်း ထည့်ထားသည့် ပစ္စည်းများ ပျောက်ဆုံးလျှင် တိုင်ကြားရမည့် ဖုန်းနံပါတ်လေးပါ လိုရမည်ရ စီစဉ်ပေးလိုပါသည်ခင်ဗျား။ ထပ်မံ၍ နိဂုံးချုပ် စကား လေးတခွန်း ပြောလိုပါသည်ခင်ဗျား။
ပြီးခဲ့သည့် ကထိန်ရာသီအတွင်း ရဲမှူးတို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကထိန်ခင်းသည့်အကြောင်း ကြားသိလိုက်ရပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ကထိန်ဟူသော အသုံးအနှုန်းအစား မန္တလေးမြို့သူ မြို့သားများ၏ မပေးချင်၊ ပေးချင် ဘုံကထိန်ဟု နာမည်ပြောင်းပေးပြီး ရေစက်ချလျှင်လည်း မန္တလေးမြို့သူ မြို့သား ၁၆ သိန်းကျော်၏ အမည်များကို ရေရွတ်ကာ ရေစက် ချပေးစေလိုပါကြောင်း။
လေးစားစွာဖြင့် ဖိုးစမ်းချောင်း(GG)
စာကြွင်း။ ။ နောင်များ အခွင့်ကြုံလျှင်လည်း မြို့တော်ဝန်ကြီးသို့လည်းကောင်း လိပ်မူပြီး ပြောချင်ပါသေးသည်ခင်ဗျား။ ရန်ကုန်အကြွား၊ မန္တလေး စကား ဆိုသော်လည်း ကျနော်တို့ မန္တလေး မျိုးဆက်သစ်များမှာ တရုတ်လူမျိုးများနှင့်သာ ကျင်လည်ဆက်ဆံနေရသည့်အတွက် မြန်မာစကား ကောင်းကောင်း မပြောတတ်ပါ၍ အမှားပါလျှင် ခွင့်လွှတ်ပေး ပါခင်ဗျား။