မွန်းကျပ်လှတဲ့ မြို့ပြနဲ့ ဘာမှ မဆိုင်အောင် ကလောမြို့မှာ ရှူရှိုက်ရတဲ့လေက သန့်ရှင်းအေးမြ နေပါတယ်။ နံနက်ခင်းမှာ ပြတင်းတံခါးတွေပေါ် နှင်းစက်တွေ စိုရွှဲနေတဲ့ အထိ ဆောင်းက ဆောင်းပီသ နေပါတယ်။ ဒီကလောမြို့ လေးကို ပထမဦးဆုံး အကြိမ်ရောက်ဖူးတဲ့ ကျမအတွက် သာယာလှပတဲ့ ရှုခင်းတွေက မောပန်းမှုတွေကို ပြေပျောက် စေပါတယ်။
တည်းခိုတဲ့ “ရွှေကလော” ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် လဟာပြင်ကနေ ကြည့်လိုက်ရင် မြူခိုးတွေ ဝေ့ဝဲနေတဲ့ တောင်တန်းတွေကို လှမ်းတွေ့မြင်နိုင်ပါရဲ့။ နံနက်ခင်းမှာ မြူခိုးတွေ ဝေနေတတ်တဲ့ နေရာတွေက လွမ်းမောဖို့ ကောင်း နေသလို၊ သဘာဝရေ ထွက်ရှိတဲ့ နေရာတွေလို့ ဟိုတယ်က ဝန်ထမ်းတယောက်က ရှင်းပြပါတယ်။ မြို့ရဲ့ တည်နေပုံက လှပသလို ဘုရားစေတီတွေကို သပ္ပာယ်စရာကောင်းအောင် ဖူးမြော် မြင်တွေ့နိုင်ပါတယ်။
ဟိုတယ်နဲ့ မနီးမဝေးမှာ ခရစ် ယာန်ဘုရားကျောင်း တကျောင်းကိုပါ တွေ့ရပြီး ရိုမန်ကက်သလစ် ဘုရားကျောင်းလို့ သိရပါတယ်။
ရန်ကုန်မှာ စားရတဲ့ ရှမ်းခေါက်ဆွဲ အရသာနဲ့ ကလောမှာ စားရတဲ့ ရှမ်းခေါက်ဆွဲအရသာ မတူဘဲ တော်တော် လေး စားလို့ ကောင်းပါတယ်။ ရိုးရာ အစားအစာတွေကို ရောင်းချတဲ့ဆိုင်တွေက ဈေးနှုန်း ချိုသာသလို ဆက် ဆံရေးက လည်း လှိုက်လှဲပျူငှာ ရှိတာပါ။
ကလောရဲ့ ပုံမှန်ဖွင့်နေကျ မြို့မဈေးကြီးထဲကို ကျမရောက်သွားတဲ့အခါ ဈေးရဲ့ သန့်ရှင်းမှုကို အမှတ်မပေးဘဲ မနေနိုင်တော့ပါဘူး။ သား၊ ငါး ရောင်းတဲ့ နေရာတွေက ရန်ကုန်က ဈေးတွေထက် သပ်ရပ်ပြီး စည်းကမ်းရှိ ပါတယ်။ ကြက်သားတပိဿာ ၆၀ဝ၀ ကျပ်၊ ငါးတန် တပိဿာ ၄၀ဝ၀ ကျပ်၊ ငါးကြင်း တပိဿာ ၅၀ဝ၀ ကျပ်ပါတဲ့။
လက်မှုပစ္စည်းနဲ့ အမှတ်တရပစ္စည်းတွေရောင်းတဲ့ ကိုမြတ်မင်းဦးကို သိချင်တာတွေမေးတော့ သူက စိတ်ရှည် လက်ရှည်နဲ့ ပြန်ဖြေပေးပါတယ်။ ကလော မြို့မဈေးကို နံနက် ၆း၃၀ နာရီဝန်းကျင်ဖွင့်ပြီး ညနေ ၅ နာရီမှာ ဈေးသိမ်း ပါသတဲ့။ ဒီဈေးကတော့ နေ့စဉ် ပုံမှန်ဖွင့်တဲ့ ဈေးဖြစ်ပြီး ဒေသထွက် အစားအစာ၊ ဟင်းသီးဟင်းရွက် တွေ ဝယ်ယူနိုင်တဲ့ နေရာပေါ့။
ဈေး ဆိုလိုက်တာနဲ့ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့၊ ရောင်းချင်သလိုရောင်း၊ ဈေးခင်းချင်သလိုခင်းဆိုတာမျိုး ကလောမှာ မတွေ့ရ ပါဘူး။ အမှိုက်စွန့်ပစ်တာ စနစ်တကျ ရှိသလို ကလောရဲ့ လမ်းတွေပေါ်၊ လမ်းဘေး တွေမှာ အမှိုက်တွေ့ရတာ တော်တော်လေး နည်းပါတယ်။ ရာသီဥတု သာယာတာမို့ ပန်းပင်မျိုးစုံနဲ့ လှချင် တိုင်းလှနေတဲ့ မြို့လို့လည်း ဆိုနိုင်ပါရဲ့ လေ။ ပွင့်တူရွက်တူ ပန်းလေးတွေက နီနီရဲရဲနဲ့ လှနေသလို အရောင်အသွေးစုံတဲ့ သစ်ခွတွေကို ဈေးထဲမှာ တွေ့ရပါ တယ်။
ဝိုင်တွေ သိုလှောင်တဲ့စည် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဝက်သစ်ချပင်တွေကိုလည်း ငေးမောကြည့်ဖြစ်ပါရဲ့။ ဝက်သစ်ချက အကြီးမြန်တဲ့ သစ်ပင်တမျိုးဖြစ် နေသလို၊ ထင်းအဖြစ် သုံးလို့ရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကျမက တော့ ထင်းဖြစ် သွားမယ့် ဝက်သစ်ချသားတွေကို သဘာဝပတ်ဝန်းကျင် ရှုထောင့် ကြည့်ပြီး နှမြောမိပါရဲ့။
ကလောမှာ သိသိသာသာ ဖွံ့ဖြိုးလာတာက Tourism ပါ။ ကျမ တည်းနေတဲ့ ဟိုတယ်အပေါ် ဆုံးထပ် လဟာပြင်ကို တက်ပြီး Sunset ကြည့်ရတာ အရမ်းလှပတယ် လို့ သူတို့ထဲက တယောက်က ကျမကို ပြောပါတယ်။ ဟော်လန်နိုင်ငံသူ တယောက်ဆို သနပ်ခါးပါးပါးကွက် ကွက်ထားပြီး သနပ်ခါးကြိုက်တယ်လို့ ဆိုလာလေရဲ့။
Tourism ဖွံ့ဖြိုးလာတာနဲ့အတူ ဒေသခံတွေ အတွက် နိုင်ငံခြားသား ခရီးသည် တွေကို ရှင်းပြရတဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ လိုင်စင်ရ ဧည့်လမ်းညွှန် မဟုတ်ပေမယ့် ဒေသခံ လူငယ် တွေဟာ အင်္ဂလိပ်စကား ပြောနိုင်တာ ကြောင့် တဖက်တလမ်းက ဝင်ငွေရနေတယ် လို့ ဆိုပါတယ်။
ဆိုင်ကယ်တက္ကစီတွေကလည်း အလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ရှားရှားပါးပါး ပြေးဆွဲနေတဲ့ မြင်းလှည်း တချို့လည်း ရှိနေပါသေးတယ်။ ကျွဲကူးရေပါ ဆိုသလို ကလောရဲ့ မြေဈေးတွေကလည်း တက်နေပြီး ဟိုတယ်ဆောက်ဖို့ ကောင်းတဲ့ နေရာတွေဆို ပိုဈေးကြီးတယ်လို့ ကလောမြို့ခံ ကဗျာဆရာက ကျမကို ရှင်းပြပါတယ်။
ကလောမြို့ရဲ့ ရေပေးဝေရေး ကတော့ သဘာဝ ရေထွက်တွေက ရေကို ပိုက်လိုင်းသွယ်ပေးနေတာပါ တဲ့။ ကျမ ရောက်နေတဲ့ ရက်တွေမှာ လျှပ်စစ်မီးလည်း မှန်မှန်လာနေလို့ မေးကြည့်မိတဲ့အခါ လောပိတ ရေအား လျှပ်စစ်စက်ရုံက ဖြန့်ဖြူးတဲ့ ဓာတ်အားလိုင်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကလောမှာ ရပ်ကွက် စုစုပေါင်း ၁၁ ရပ်ကွက်ရှိပြီး ပအို့ဝ်၊ ဓနု၊ ပလောင်၊ တောင်ရိုး စတဲ့ တိုင်းရင်းသားတွေ နေထိုင် ကြတာပါ။
မြို့ခံအများစုက ဖော်ရွေကြသလို လမ်းတလမ်း မသိလို့မေးရင် စိတ်လိုလက်ရ ဖြေပေးတာက ချစ်စရာပါ။
ငါးရက်တဈေး ဈေးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ဈေးနေ့မှာ ဈေးသည်၊ ဈေးဝယ်တွေနဲ့ စည်ကားနေပါတယ်။ အများစုကတော့ ဒေသထွက် ဟင်းသီးဟင်းရွက်တွေကို ရောင်းချကြတာပါ။
အနွေးထည် ရောင်းချကြသူတွေ၊ တခြား လူသုံးကုန်ပစ္စည်း ရောင်းချသူတွေကိုလည်း တွေ့ရပါရဲ့လေ။
တိုင်းရင်းသားတွေရဲ့ ရိုးသားပွင့်လင်းမှု၊ ယဉ်ကျေးပျူငှာမှုကို ဈေးနေ့မှာ မှတ်မှတ်ထင်ထင် သတိပြုမိပါတယ်။ ပအို့ဝ်လူမျိုး၊ ပလောင်လူမျိုးတွေက လက်ဖက်ခြောက်ရောင်းပြီး တဘူးကို ၂၀ဝ ကျပ်၊ ၃ ဘူးကို ၅၀ဝ ကျပ်ပါတဲ့။ ဆိုးဆေး မပါဘူးနော်လို့ ရောင်းတဲ့ အမျိုးသမီးက အသံဝဲဝဲနဲ့ ပြောပြတယ်။ လက်ဖက်ခြောက်အနံ့က သင်းပျံ့နေလို့ သူငယ်ချင်း တယောက်က ၁၀ဝ၀ ကျပ်ဖိုးဝယ်တာ အများကြီးရပါတယ်။
ရန်ကုန်နဲ့ မတူတာက ဝယ်သည် ဖြစ်စေ၊ မဝယ်သည် ဖြစ်စေ ဈေးသည်တွေက စိတ်ရှည်ကြတာ ပါပဲ။ ကျမနဲ့ ကျမမိတ်ဆွေ အစ်မကြီး မေးသမျှကို ဘယ်ဈေးသည်ကပဲ ဖြစ်ဖြစ် ဖြေပါတယ်။ သူတို့ရဲ့ အရိုးခံ စိတ်ဓာတ်ကို မြင်ရလို့ အရမ်းကျေနပ်ရ ပါတယ်။ မြို့ပြမှာဆို မဝယ်ဘဲနဲ့ လာမေးနေတယ် ဆိုပြီး ရန်တွေ့မှာပါ။
လတ်လတ် ဆတ်ဆတ်ရောင်းနေတဲ့ ရုံးပတီသီးတွေကို လာရောင်းတဲ့ အဒေါ်ကြီးက သာစည်က လာရတယ် ဆိုပဲ။ ဈေးနေ့မှာ လာရောင်းပြီးရင် ညနေမှာ ရထားနဲ့ပြန်တယ် လို့ ပြောပါတယ်။ ရထားခ ကလည်း ၁၅၀ဝ ကျပ်ပဲ ဆိုတော့ သက်သာပါတယ် တဲ့။
ဈေးတန်း တနေရာမှာတော့ တခါမှ မတွေ့ဖူးတဲ့ သစ်ဥတမျိုးကို တွေ့လို့ မနေနိုင်ပဲ စပ်စုမိပါတယ်။ “သွေးညှိဥ” လို့ ခေါ်ပါသတဲ့။ နာမည်က အဆန်းဖြစ်နေလို့ မေးတော့ “ခန္ဓာကိုယ်ထဲက သွေးတွေကို အတက်အကျ ထိန်းညှိပေးလို့ သွေးညှိဥလို့ ခေါ်တာပါ” တဲ့။ သွေးညှိဥရဲ့အရည်ကို သကြားနဲ့ ကျိုသောက်ရတယ် လို့ ရှင်းပြပါတယ်။ လက်စွပ်ကွင်း တွေလို ပုံစံ အဆန်းနဲ့ မုန့်တမျိုး တွေ့ပြန်တော့ အညာသူ ကျမ အံ့ဩသွားပြန် ရော။ အဲဒါ မုန့်လက်ကွင်းလို့ခေါ်တယ် လေအစ်မ၊ ကောက်ညှင်းကွင်းနဲ့ လုပ်တာ တဲ့။
ပအို့ဝ် အမျိုးသမီးကြီး တယောက်က မြေပဲဆန်၊ ဟင်းသီးဟင်းရွက်နဲ့ ချင်းတွေ ရောင်းနေတယ်။ ဆေးဖက်ဝင်တဲ့ ချင်းမွှေးကို သူက ရောင်းပေးနေတာပါ။ ဘယ်လို သုံးရမလဲဆိုတာကိုပါ အသံဝဲဝဲနဲ့ ရှင်းပြနေတော့ ကျမနဲ့ ပါလာတဲ့ မမာမာဦးက ၂၅ ကျပ်သား ဝယ်ပါတယ်။ ၁၅ ကျပ်သားကို ၅၀ဝ ကျပ်ပဲ ကျပြီး အလေးချိန်ကလည်း အပြည့်ပါပဲ။ ဈေးဝယ် ဆိုတာ သူလိုမှ သူဝယ်ရတယ်လို့ ပြောတော့ မှတ်သားစရာ စကားပါပဲလေ။
ငရုတ်သီးစိမ်းကို တခြားနေရာတွေမှာ အချိန်နဲ့ ရောင်းပေမယ့် ကလောမှာ ဘူးနဲ့ချိန်ရောင်းတာက အထူးအဆန်း ပါ။ ပဲရွက်တွေက လတ်ဆတ်နေသလို ဈေးရောင်းသူ တော်တော်များများက သဘာဝ အတိုင်း စိုက်ပျိုးထားတဲ့ အသီးအရွက်တွေပါ လို့ ပြောတာကို လတ်ဆတ်မှုက သက်သေခံနေသလို ပါပဲ။

မာလကာသီးတွေက အလုံးသေး ပေမယ့် အန္တရာယ် ကင်းမယ့် ပုံစံပါ။ လိမ္မော်သီးတွေမှာ အရွက်လေးတွေ ကိုတောင်တွေ့ရလို့ မျက်စိပသာဒ ရှိလှပါ တယ်။ ဈေးကလည်း ဆယ်လုံးမှ ၅၀ဝ ကျပ်ပါတဲ့။
ဓနုအမျိုးသမီးကြီးက ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ စမုံနီ၊ ခရမ်းချဉ်သီးတွေကို ရောင်းနေပါတယ်။ ပန်းဂေါ်ဖီထုပ်တွေက ကျစ်ကျစ်ကလေးတွေပါ။ တပွင့်ချင်း မဟုတ်ဘဲ အတွဲလိုက် ရောင်းတော့ ကျမက တတွဲကို ဘယ်လောက်လဲလို့ မေးမိပါရော။ တတွဲကို ၂၀ဝ တဲ့။ ရန်ကုန်မှာ တပွင့်ကို အနည်းဆုံး ၃၀ဝ ရှိလို့ ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်နေ မိပါတယ်။
နံနံပင်တွေ ရောင်းနေတဲ့ မိန်းကလေးကလည်း နံနံပင်တွေကို နှီးကြိုးနဲ့ တွဲထားပါတယ်။ နံနံပင်ကတော့ တတွဲကို ၃၀ဝ ကျပ်ပါတဲ့၊ တတွဲမှာ နံနံပင် ၁၀ စည်း ပါပါတယ်။ ခရမ်းချဉ်သီးတွေကိုလည်း ပိဿာနဲ့ချိန် ရောင်းပါတယ်။ ဈေးထဲမှာ လျှောက်မေးကြည့်ရင်း တကယ့်ကို ဝယ်ချင်စရာ လှိုက်လှဲပျူငှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အရိုးခံစိတ်ဓာတ်ကို မြင်ရပါ တယ်။
ဈေးနေ့မှာ နေ့လယ် ၂ နာရီလောက်အထိ ရောင်းဝယ်ဖောက်ကားကြတာပါ။ တပတ်ပတ်ကြည့်ပြီး ဗိုက်ဆာတာနဲ့ ဧကရာဇ် ဆိုတဲ့ ဆိုင်လေးမှာထိုင်တော့ ရှမ်းသုပ်က အရသာ ကောင်းမွန်လှပါတယ်။ တပွဲမှ ၅၀ဝ ကျပ်ပဲ ပေးရတာပါ။ မြန်မာ အစိမ်းရောင် ကွန်ရက်ရဲ့ တွေ့ဆုံပွဲကို ဖိတ်ကြားထားလို့ အဲဒီကိုလည်း ရောက်ခဲ့ပါတယ်။ ကလော မြို့မ ကျောင်းတိုက်မှာ ကျင်းပတာဖြစ်ပြီး ကလောဒေသခံတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေသာမက မြန်မာနိုင်ငံ တဝန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ တက်ရောက်ကြလို့ အားတက်မိပါရဲ့။
အရင်တုန်းက ကလောမှာ မက်မန်းခြံ၊ သစ်တော်ခြံ၊ လိမ္မော်ခြံတွေ အများကြီး ရှိခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ် ခန့်က ဧကတထောင်နီးပါး ရှိတဲ့ မက်မန်း၊ သစ်တော်၊ လိမ္မော်ခြံနေရာတွေကို စစ်တပ်က သိမ်းယူခဲ့တယ် လို့ ဒေသခံ တယောက်က ပြောတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ “ဟိုးမှာမြင်ရတဲ့ နေရာတွေပေါ့ အစ်မရယ်” ဆိုပြီး သူက လက်ညှိုး ထိုးပြပါတယ်။
ကလောကနေ အောင်ပန်း၊ ဟဲဟိုးဘက်သွားတဲ့ ကားလမ်းရဲ့ တဖက်တချက်မှာ ထင်ရှူးပင်တွေ၊ နေကြာရိုင်းပင် တွေက တော်တော်လေး လှပပါရဲ့။ ဒီအချိန်က နေကြာရိုင်း ပွင့်ချိန်မို့ ဝါဝါထိန်ထိန်နဲ့ လှနေတာများ ဗန်ဂိုးရဲ့ “နေကြာပန်းများ” ပန်းချီ ကားကိုတောင် သွားသတိရမိပါ တယ်။ ပျားသေတ္တာ ချထားတာလည်း တချို့နေရာတွေ မှာတွေ့ရပါတယ်။ နံနက်ခင်းအစောမှာ နှင်းတွေ ထူထူထပ်ထပ် ကျနေလို့ နေရောင် ထွက်လာတဲ့အခါ ထင်ရှူးပင်တွေ ရဲ့ ထိပ်ဖျားမှာ နှင်းပဝါ လွှားထားသလိုပါပဲ။
မန္တလေး၊ စစ်ကိုင်းကို ခရီးဆက်ရဦးမှာမို့ ပြန်ခဲ့ ရပေမယ့် ကလောမြို့လေးက ရင်မှာစွဲထင် ကျန်နေတုန်းပါပဲ။ ၄ ရက်တာ အတွင်း ကလောက ကျမနဲ့ ရင်းနှီးတဲ့ မြို့လေးအဖြစ် အေးမြမှုရော၊ နွေးထွေးမှု ရောပေးနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးသားမှု အရိုးခံ စိတ်ဓာတ်ကိုတော့ ကျမ ဘယ်နေရာ ရောက်ရောက် မမေ့မလျော့ ရှိနေမှာ အသေအချာ ပါပဲ။ ။