သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ထိပါး၊ ခိုးယူခံရတာကို ကာကွယ်ဖို့ လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက်တွေ အကြောင်း ရေးထားပါတယ်။ သင်ဟာ ဝက်ဘ်ဆိုက်တွေ အားလုံးမှာ Password သုံးရမယ့် ကိစ္စတွေ အားလုံးမှာ Password တမျိုးတည်း ပေးထားလေ့ ရှိသလား၊ Facebook မှာ အလွန်အကျွံ ရှယ်ယာလုပ်နေလေ့ ရှိသလားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။
သင့်အနေနဲ့ အဲဒီလို အမြဲလုပ်နေတယ် ဆိုရင်တော့ ဟက်ကာတွေရဲ့ မျက်စောင်းထိုးခံ နေရပြီ ဆိုတာ သေချာနေပြီး၊ ဆိုက်ဘာ အမှုအခင်းတွေရဲ့ သားကောင်ဖြစ်ဖို့ ကျိန်းသေနေပါပြီ။ ဗြိတိန်နိုင်ငံ တခုတည်းမှာတင် ဆိုက်ဘာ အမှုအခင်း တွေကြောင့် ဆုံးရှုံးနစ်နာမှု ပေါင် ၂၇ ဘီလီယံလောက် ဆုံးရှုံးခဲ့ပါတယ်။
သင့်အနေနဲ့ ဆိုက်ဘာမှုခင်း ကျူးလွန်သူတွေရဲ့ ပစ်မှတ် အလွယ်တကူ မဖြစ်အောင် ကြိုတင် လုပ်ဆောင်စရာ ရှိတာတွေ လုပ်ဆောင်ထား သင့်ပါတယ်။
Integrals ရဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ဌာနရဲ့ ဒါရိုက်တာ Garry Sidaway က သင့်အနေနဲ့ လုံခြုံရေး ဆိုင်ရာ Antivirus ဆော့ဖ်ဝဲ သုံးမထားဖို့ များပါတယ်။ သင့်အနေနဲ့ အဲဒီလို ဆော့ဖ်ဝဲတခုခု Install လုပ်မထားဘူး ဆိုရင်တော့ ဒါဟာ သင့်ရဲ့ ပထမဦးဆုံး အမှား လုပ်မိတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းဟာ အစိုးရ အေဂျင်စီတွေ၊ ဆေးဝါး ကုမ္ပဏီတွေ၊ နိုင်ငံတကာ ငွေကြေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေ အတွက် ကွန်ပျူတာ၊ ဆိုက်ဘာလုံခြုံမှုဆိုင်ရာ အကြံပေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါ တယ်။
Garry Sidaway ရဲ့ ပြောကြားချက်အရ ကွန်ပျူတာ သုံးစွဲသူတွေ အားလုံးဟာ ဘယ်လို ပြဿနာ ဒုက္ခတွေ ဖြစ်လာ နိုင်တယ် ဆိုတာ ပိုအာရုံစိုက် လုပ်ဆောင်သင့်တယ် လို့ ပြောကြား ခဲ့ပါတယ်။ သင့် အနေနဲ့ သင်ကိုယ်တိုင် သာမက သင့်ရဲ့ မိသားစုဝင်တွေရဲ့ အပြုအမှု လုပ်ဆောင်မှု တွေကိုပါ ဂရုစိုက် လုပ်ဆောင်ရပါမယ်။ ဥပမာ အနေနဲ့ သင့်ရဲ့ မိခင်ဟာသူ့ရဲ့ အချက်အလက် အကြောင်းအရာ document တွေကို ရှယ်ယာ လုပ်လိုက်မိပြီး၊ ဘာလုပ်လိုက် သလဲ ၊ ဘာကြောင့် လုပ် သလဲ ဆိုတာ သေသေချာချာ မသိဘဲ ရှယ်ယာ လုပ်လိုက်မိတာမျိုး ဖြစ်နိုင်တယ်လို့ လည်း ပြောပါတယ်။
အဲဒီလို မတော်တဆ လုပ်ဆောင်မိတာဟာ သူခိုးတွေကို ဓားရိုးကမ်း မိတာမျိုး ဖြစ်ပြီး ပြဿနာတွေရဲ့ အစ ဖြစ်ပါတယ်။ ဟက်ကာတွေကို လျော့တွက်လို့ မရဘဲ သူတို့ဟာ ဘယ်လို ဒေတာ အမျိုးအစားကို လိုချင်သလဲ၊ လိုအပ်သလဲ ဆိုတာ အတိအကျ သိပါတယ်။ အဲဒီ လို ဒေတာ မျိုးတွေကို ဘယ်လို၊ ဘယ်နေရာ ကနေ ရယူနိုင်သလဲ ဆိုတာ အတိအကျ သိရပါတယ်။ သူတို့ ရယူပြီးတဲ့ ဒေတာတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးမလဲ ဆိုတာလည်း အတိအကျ မသိနိုင်ဘူး လို့ ပြောပါတယ်။
ကျနော်တို့ဟာ တိုက်ခိုက်မှု အမျိုးမျိုးကို အများအပြား ကြုံတွေ့ ခဲ့ရပါတယ်။ သုံးစွဲသူတွေရဲ့ Password တွေကို ခိုးယူချင်လို့ အယောင်ဆောင် အီးမေးလ်တွေ ပို့ပြီး သင် ကလစ်နှိပ်လိုက်မိတာနဲ့ အဲဒီ အချက်အလက်တွေကို သူ့ရဲ့ ဝက်ဘ် တနေရာရာကို ပို့အောင်လုပ်ပြီး၊ ခိုးယူတတ်ပါတယ်။ ဒါဟာ ဟက်ကာတွေ သုံးစွဲတဲ့ နည်းလမ်း တွေထဲက တခုပဲ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ တခုတည်းမှာတင် ပေါင် ၂၇ ဘီလီယံလောက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အထဲမှာ ကုမ္ပဏီတွေရဲ့ အသိဉာဏ် ဆိုင်ရာ ပိုင်ဆိုင်မှုတွေ ခိုးယူခံရတာနဲ့ စက်မှုလုပ်ငန်းတွေရဲ့ လျှို့ဝှက်ချက်တွေကို စပိုင်လုပ် ထောက်လှမ်း ခံရမှုတွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေက ပေါင် ၂၁ ဘီလီယံလောက် ရှိနေပါတယ်။
ဆိုရှယ်မီဒီယာ တွေမှာ ရှယ်ယာလုပ်ကြတဲ့ လုပ်ငန်း သဘောသဘာ၀ လုပ်ဆောင်ချက်နဲ့ အမြဲပဲ ပိုမို ရှုပ်ထွေး ခက်ခဲလာစေတဲ့ malicious software (Malware) တွေဟာ သူတို့ အလိုရှိ သလို လုပ်ဆောင်ဖို့ အတွက် ခွင့်ပြု ပေးနေစေပါတယ်။ ဆိုက်ဘာမှုခင်းတွေဟာ တဦးချင်းစီကိုရော၊ အဖွဲ့အစည်း တွေကိုပါ ရည်ရွယ် တိုက်ခိုက် နေကြပါတယ်။
ကိုယ်ရေး အချက်အလက်တွေကို ခိုးယူမှုတွေဟာ သင့်ရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေတွေကနေ တဆင့်၊ ဒါမှမဟုတ် သင် စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုး၊ သင်စိတ်ချရ ယုံကြည်ရတဲ့ အဖွဲ့အစည်း တခုခု ဥပမာ သင် ဆက်သွယ်နေတဲ့ ဝက်ဘ် တခုခုကနေ အယောင်ဆောင် ရောက် ရှိလာတဲ့ အီးမေးလ်ကို ကလစ်လုပ်မိတာ၊ တွဲဖက် ထည့်ပေး ထားတဲ့ Aattached file တွေကို ကလစ်လုပ်မိတာ မျိုးကနေ ကူးစက် ခံရတာ၊ တိုက်ခိုက်ခံ ရတာမျိုး ဖြစ်နိုင်ပါတယ်။
သိပ်မကြာ သေးခင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုက မိုက်ခရိုဆော့ဖ် ဒစ်ဂျစ်တယ်မှုခင်း ယူနစ်ရဲ့ လုံခြုံရေးဆိုင်ရာ သတိပေးချက် အယောင်ဆောင်ထားတဲ့ စာတွေဟာ မဲလ်ဝဲလ်တွေ ဖြစ်နေပါတယ်။ အများယုံကြည် စိတ်ချရတဲ့ အဖွဲ့အစည်း တခုခုကို မသမာသူတွေက ခုတုံးလုပ် အလွဲသုံးလေ့ ရှိပါတယ်။
သင်လက်ခံရတဲ့ Link တွေကို အလွယ်တကူ ကလစ်မနှိပ်ပါနဲ့။
ဆိုက်ဘာ ရာဇဝတ်မှုတွေ အများဆုံး ဖြစ်လေ့ရှိတာက Link တွေကိုအလွယ်တကူ ကလစ် လုပ်လိုက်မိတာနဲ့ တွဲပါလာ တဲ့ ဖိုင် (attached file) တွေကို ဖွင့်ကြည့်မိတာကြောင့် အများဆုံး ဖြစ်လေ့ရှိပါတယ်။ တခါတလေမှာ ဖစ်ရှင်း (phishing) အီးမေးလ်တွေဟာ စာလုံးပေါင်းတွေ မှားနေတာ၊ ဂရမ်မာတွေ အသုံးလွဲနေတာ အလွယ်တကူ သိနိုင်တဲ့ အီးမေးလ်တွေ ဖြစ်နေတတ်ပါတယ်။
ဖစ်ရှင်းဆိုတာက ဆိုက်ဘာမှုခင်း ကျူးလွန်သူတွေကနေ ငါးစာချပြီး ငါးမျှားသလို အချဉ်လေးတွေ လိုက်ရှာတဲ့ သဘောကို ခေါ်ဝေါ်သုံး ပါတယ်။ စာလုံးပေါင်းကို phishing လို့ပေါင်းပြီး ဖစ်ရှင်းလို့ပဲ အသံထွက် ပါတယ်။
ဒါပေမယ့် သေသေချာချာ ရည်ရွယ် ပြင်ဆင်ပြီး တိုက်ခိုက် လာခဲ့ရင်၊ အစစ်နဲ့တူအောင် လုပ်ထားခဲ့ရင် အလွယ်တကူ မသိနိုင် ပါဘူး။ ဆိုရှယ် မီဒီယာတွေက အချဉ်ဖမ်းခံရဖို့ အကောင်းဆုံးနေရာ ဖြစ်နေပြီး တယောက်ချင်းစီရဲ့ ဘာတွေ စိတ်ဝင်စား သလဲ၊ ဘာတွေ လိုအပ်သလဲ၊ ဘာတွေ လုပ်လေ့ရှိသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်သလို အလွယ်တကူ ဖမ်းမိနိုင်တဲ့ ခြင်းထဲက ငါးတွေ ဖြစ်နေပါတယ်။
မတူညီတဲ့ ဆိုက်တွေ အတွက် password တွေ သီးခြားသုံးပါ။
အီးမေးလ်၊ ဆိုရှယ် မီဒီယာစတာတွေ အတွက် password တွေသုံး ရပါတယ်။ password တွေကို အလွယ်တကူ မပေးပါနဲ့။ အများသိတဲ့ ကိုယ့်ရဲ့ နာမည်ပြောင်၊ ကိုယ့်အချစ်ဆုံး ခွေးလေးရဲ့ နာမည်စတာတွေ မသုံးဖို့ ရေးခဲ့ပြီးပါပြီ။ လက်ရှိဖြစ် နေတဲ့ ပြဿနာက ဖုန်းထဲကအကောင့် ဖွင့်လို့ မရလို့ ကွန်ပျုတာကွန်ရက် တခုခု သုံးထားတဲ့ တခြားသူ တယောက်ယောက်ကို အကောင့်ဖွင့်ခိုင်းတာ၊ သမီးရည်းစား၊ လင်မယား ဘဝတုန်းကတော့ တယောက် password တယောက် ပေးသိထားပြီး ကွဲတာ၊ ပြတ်တာလည်း ဖြစ်ရော အကုန်လုံးသိတဲ့ လျို့ဝှက်ချက်တွေ ဖြစ်လာပါတယ်။ နှစ်ကိုယ်တူ ချစ်ခဲ့သမျှတွေ အားလုံးအင်တာနက် ရောက်ကုန်ပါတယ်။ အရေးအကြီးဆုံးနဲ့၊ ဒီ ပြဿနာ အဖြစ်ဆုံး လုပ်ဆောင်ချက် ပုံစံတခု ဖြစ်နေပါတယ်။
သင့်ရဲ့အဓိက အီးမေးလ်ရဲ့ password တခုတည်းကို မသုံးပါနဲ့။
ဟက်ကာကနေ သင့်ရဲ့ အဓိက အီးမေးလ်ရဲ့ password ကို ခိုးယူရခဲ့ရင် သင် ဝင်ရောက်လုပ်ဆောင်တဲ့ password တွေ အားလုံး အဲ့ဒီ အီးမေးလ်နဲ့ ဆက်စပ် သိရှိနေမှာ ဖြစ်ပါတယ်။ password တွေ ပြောင်းတာ၊ မေ့သွားလို့ အသစ် လုပ်တာတွေ အားလုံး အဲဒီမိန်း အီးမေးလ်နဲ့ ဆက်သွယ် လုပ်ဆောင်မှာ ဖြစ်လို့ အဲဒီ အီးမေးလ်ရဲ့ password သိရင်၊ သူလုပ်ချင်တဲ့ ကိစ္စတွေ အားလုံး နီးပါး အလွယ်တကူလုပ်သွား နိုင်ပါတယ်။
သင့်ရဲ့ ဘဏ်လုပ်ငန်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေ ရယူသွားနိုင်ပါတယ်။ သင့်ဘဏ် အကောင့်ထဲက ပိုက်ဆံတွေ အလွယ်တကူ ခိုးယူ သွား နိုင်ပါတယ်။ အဲဒီလိုခိုးယူ လုပ်ဆောင်မှုတွေကြောင့် ဗြိတိန် တနိုင်ငံထဲမှာ တနှစ်ကို ပေါင် ၂ ဘီလီယံလောက် ဆုံးရှုံး နေပါတယ်။
မသေချာရင် ဘလော့ဂ် (block) လုပ်ပါ
ဖေ့စ်ဘွတ်ထဲကနေ invite လုပ်တာ၊ အဲဒီ ဆက်သွယ်လာတဲ့ သူဟာ မသိတဲ့သူ တယောက်ယောက် ဖြစ်နေခဲ့ရင် လက်မခံသင့် ပါဘူး။ သင် မသိရင်၊ မသေချာရင် ဘာမှ လက်ခံစရာ အကြောင်း မရှိပါဘူး။ သူ့အကောင့်ထဲက ပုံတွေ၊ နာမည်၊ မွေးနေ့၊ မွေးရက်၊ ကျား၊ မ စတာ တွေဟာ ကြိုက်သလို ထည့်ထား နိုင်ပါတယ်။ အကောင့် နာမည်တွေက လည်း ကြိုက်သလို ပေးထား နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ သင်မသိတဲ့ သူ တယောက် တံခါးလာခေါက်တိုင်း ဖွင့်ပေး မလားဆိုတာ သတိပြုပါ။
သတင်းအချက်အလက်တွေ ရှယ်ယာမလုပ်ခင်၊ နောက်တခါ ပြန်စဉ်းစားပါ
သင့်ရဲ့ သတင်း အချက်အလက်တွေကို ရှယ်ယာ မလုပ်ခင်၊ post မလုပ်ခင် သေသေချာချာ စဉ်းစားပါ။ သိသိ မသိသိ invite လုပ်၊ Accept လုပ်ရင်တော့ ဒုက္ခရောက်မှာ သေချာပါတယ်။ ဒီနေ့ အင်တာနက်၊ ဖုန်းစတဲ့ လုပ်ဆောင်သုံးစွဲ နေကြတဲ့ သူတွေ အများစုဟာ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ပေါ့ပေါ့ဆဆနဲ့ လုပ်ဆောင်နေပြီး ဆိုရှယ်မီဒီယာမှာ ပုံတပုံ ပို့လိုက်သလို အလွယ်တကူ လုပ်လိုက်တာများ ပါတယ်။
အရေးကြီးတဲ့ အချက်တွေကို ဆိုရှယ်မီဒီယာမှာ သုံးလိုက်မိတာ၊ တယောက်ယောက်ကို ရည်ရွယ်ပို့တာ ဖြစ်ပေမယ့် ဆက်တင် မှားနေပြီး အများကြည့်နိုင်တဲ့ Public ဆက်တင်မှာ ထားထားမိတာမျိုး ဖြစ်နေတတ်လို့ သင် အကြောင်း အရာ တခုခုကို post မလုပ်ခင်မှာ နှစ်ခါ ပြန်စစ်ဆေး ရပါမယ်။
အီးမေးလ် အကောင့်တခုထက် ပိုသုံးပါ
သင့်အနေနဲ့ ဘဏ်၊ ငွေကြေးဆိုင်ရာ ကိစ္စတွေ အတွက် အကောင့်တခု၊ သီးခြား အကောင့်တခုက ဈေးဝယ်ဖို့ ဒါမှမဟုတ် ဆိုရှယ်ကွန်ရက်ကို သုံးဖို့ လုပ်ထားသင့် ပါတယ်။ ဒါဟာ ဖစ်ရှင်း အီးမေးလ် တွေကို အလွယ်တကူ စစ်ဆေး နိုင်ပါတယ်။ သိရှိနိုင်စေပါတယ်။
ဘာ ဖြစ်လို့လဲ ဆိုတော့ သင့် ဆိုရှယ်ကွန်ရက်ကိုပဲ သီးသန့်သုံးဖို့ လုပ်ထားတဲ့ အကောင့်မှာ ဘဏ်၊ငွေကြေး ဆိုင်ရာ အီးမေးလ် တခုတွေ့ရတယ် ဆိုရင်၊ အဲဒီ အီးမေးလ်ဟာ ဖစ်ရှင်းအီးမေးလ် ဖြစ်ဖို့ သေချာ နေပါပြီ။ သင်ဘဏ်နဲ့ ဆက် သွယ်ခဲ့တုန်းက အဲဒီ အီးမေးလ် လိပ်စာကို သုံးမထားလို့ ဖြစ်ပါတယ်။
Mac တွေဟာလည်း လုံခြုံရေးဆိုင်ရာ ပြဿနာဖြစ်နိုင်တယ်
Mac Book တွေ သုံးထားတယ်။ iphone တွေ သုံးထားတယ်။ ဗိုင်းရပ်စ်တွေ၊ မဲလ်ဝဲတွေ တခြားလုံခြုံရေး ပြဿနာတွေ မဖြစ်နိုင်ဘူး လို့ စိတ်ချ ထားလို့ မရပါဘူး။ OS တခုအတွက် ရေးသားထားတဲ့ မဲလ်ဝဲတခုဟာ တခြား OS ပလက်ဖောင်း တခုကို မကူးစက်၊ မပြန့်ပွားနိုင်တာပဲ ရှိရမယ်။ ပီစီတွေမှာတုန်းက ဝင်းဒိုးစ်အတွက် ဖုန်းတွေမှာ အင်းဒရိုက် အတွက် အဓိကထား တိုက်ခိုက်လေ့ရှိတဲ့ အတွက် တခြား OSသုံး ပလက်ဖောင်းတွေ တိုက်ခိုက်ခံရမှု နည်းပါတာပဲ ဖြစ်ပါတယ်။ Mac OS, ios တွေ အတွက် ရည်ရွယ်ရေးသား တိုက်ခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ Mac OS, iOS ပစ္စည်းတွေဟာ လုံခြုံရေး စိတ်ချရတယ် ဆိုတာ မဟုတ်ပါဘူး။ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ အလားတူ လုပ်ဆောင်ထားဖို့ လိုပါမယ်။
တယ်လီဖုန်း ပြင်ဆိုင်တွေကို ဖုန်း၊ ကွန်ပျူတာ ပြင်ခိုင်းတဲ့ အခါမျိုးမှာ သင့်ရဲ့ ဒေတာတွေရဲ့ စိတ်ချလုံခြုံမှု အတွက် ထည့်စဉ်းစား မိပါသလား။ သင့်ဖုန်းဆင်းကတ်တွေ၊ SD ကတ်တွေကို ဖြုတ်ပြီးမှ၊ ဒေတာတွေကို အရင်ကော်ပီကူးထား ဖို့ကော သတိရရဲ့လား၊ ဆိုတာ ပြန်စဉ်းစား ကြည့်ပါ။ သင့်ရဲ့ ဒေတာတွေကို ဖုန်းပြင် တဲ့သူတွေက ကော်ပီကူးယူထား နိုင်တယ် ဆိုတာ သတိထားပါ။
သင့်ရဲ့ ဒေတာတွေ အရေးကြီးရင် ဆင်းကတ်၊ SD ကတ်၊ Harddrive တွေကို ဖြုတ် ယူထားပါ။ ဒီလိုရေး လိုက်တာဟာ ဖုန်းပြင်သူတွေ၊ ကွန်ပျူတာ ပြင်သူတွေ မရိုးသားဘူးလို့ မဆိုလိုပါ။ မရိုးမသား မလုပ်ခဲ့ရင်တောင်မှ သင့်ရဲ့ ဒေတာတွေ ပျက်သွားနိုင်ပါတယ်။ သင်မလုပ် တတ်ခဲ့ရင်တောင်မှ သင့်ရဲ့ရှေ့မှာ ဖြုတ်ခိုင်း ပြင်ခိုင်းတာမျိုး လုပ်သင့်ပါတယ်။
သင့်ဖုန်းရဲ့ဒေတာတွေကို ဖျက်ပစ်လို့ ရတဲ့လုပ်ဆောင်ချက်သုံးပါ
iPhone တွေ အတွက် Find My iphone၊ Andnoid တွေ အတွက် lost, Black Berry တွေ အတွက် Protect စတဲ့ လုပ်ဆောင်ချက်တွေဟာ သင့်ရဲ့ ဖုန်းပျောက်တာ ခိုးယူခံရတာမျိုး ဖြစ်ခဲ့ရင် သင့်ရဲ့ဒေတာတွေကို အဝေးကနေ လှမ်းဖျက် နိုင်ပါတယ်။
တခြားလုံခြုံရေး ဆိုင်ရာကာကွယ်မှုပေးတဲ့ ဆော့ဖ်ဝဲတွေကလည်း အလားတူ လုပ်ဆောင်ချက်တွေ ဖြန့်ချိ ရောင်းချ ထားပါတယ်။ သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ရေး အချက်အလက်တွေ၊ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ သူများ လက်ထဲ မရောက်အောင် ကြိုတင် လေ့လာထားသင့် ပါတယ်။ သူများကို ရောင်းမယ့် ဖုန်းတွေကိုလည်း ဒေတာတွေ အရင်ဖျက်ပြီး သေချာမှ ရောင်းတာ ပေးတာမျိုး လုပ်သင့်ပါတယ်။
အများသုံး ဝိုင်ဖိုင်တွေကို သတိထားပါ
ဝိုင်ဖိုင် ဟော့စပေါ့တွေ အများစုဟာ သတင်းအချက် အလက်တွေကို လျှို့ဝှက်ကုဒ်တွေ ပြောင်းပို့တဲ့ encrypt လုပ် ဆောင်ချက် သုံးမထားပါဘူး။ သတင်း အချက် အလက်တွေဟာ သင် မြင် တွေ့ မရနိုင်တဲ့ လေထုထဲကနေ ဆက်သွယ် ပို့ဆောင်တာဖြစ်ပါတယ်။ သင့်ရဲ့ သတင်းအချက် အလက် ပို့ဆောင်တဲ့ ဒေတာ packet တွေကို မသမာတဲ့သူ တယောက်ယောက်က ကြားကနေ ဖြတ်ယူ သွားနိုင်ပါတယ်။
သူ့အနေနဲ့ ဆော့ဖ်ဝဲသေးစားလေး တခုကို သုံးပြီး အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် ခရီးသွား လာရင်း လေဆိပ် လိုနေရာမျိုးမှာ အများသုံး ဝိုင်ဖိုင်ကို သုံးပြီး ဘဏ်နဲ့ ချိတ်ဆက်ပြီး ငွေလွှဲတာ ဘဏ်စာရင်းတွေကို စစ်ဆေးတာမျိုး လုပ်မိတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒေတာတွေကို encrypt လုပ်ခဲ့ရင် တောင်မှ စိတ်မချရဘူး ဆိုတာ သိထားပါ။ ဖြစ်နိုင်ရင် အများသုံး ဝိုင်ဖိုင်တွေ သုံးပြီး အရေးကြီးတဲ့ အချက် အလက်တွေ၊ password တွေ၊ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို လုံးဝပို့တာ၊ ယူတာမျိုး မလုပ်သင့်ပါဘူး။
အတည်ပြုချက် လုပ်ဆောင်ဖို့ အဆင့် နှစ်ခု သတ်မှတ်ထားပါ
တကယ်လို့ သင့်ရဲ့ အီးမေးလ် ဒါမှမဟုတ် cloud လုပ်ဆောင်ချက် တခုခု လုပ်ဆောင်မယ် ဆိုရင် ဥပမာ Gmail, Droupbox, Facebook စတာတွေသုံးမယ် ဆိုရင်သင့် password ကို ထည့်သွင်းမယ့် အချိန် အတည်ပြု ချက်ရယူတဲ့ ကုဒ် (Verification code) သင့် ဖုန်းရဲ့ SMS ပို့ပေးဖို့ လုပ်ထား နိုင်ပါတယ်။ Gmail ဆိုရင် ရက် ၃၀ ပြည့်တိုင်းမှာ ကုဒ်အသစ်တွေ ပို့ပေးဖို့ ဆက်တင် လုပ်ထားနိုင် ပါတယ်။ ဒါမှ မဟုတ် မတူညီတဲ့ ကွန်ပျူတာ ပစ္စည်း တခုခုကို သုံးတိုင်း အဲဒီ အတည် ပြုချက်ရယူမယ့် ဆက်တင်ကို သုံးထားတာမျိုး လုပ်နိုင်ပါတယ်။
အဲဒီ အတွက် ဟက်ကာတွေဟာသင့်ရဲ့ password တွေကို ခရက် (crack) လုပ် ခိုးယူနိုင် ပေမယ့် ယာယီထုတ်ပေးတဲ့ အဲဒီ အတည် ပြုချက် ရယူတဲ့ ကုဒ် (verification code) တွေကို ပါတွဲပြီး ရယူသုံးဖို့ မလွယ်ကူဘဲ ဖြစ်နေပါ လိမ့်မယ်။ အမြဲတမ်း မဟုတ်တောင် အရေး ကြီးဒေတာတွေ ပို့ယူမယ့် အချိန်မျိုးမှာ ဂရုစိုက်လုပ်ဆောင်သင့် ပါတယ်။
သင့်ဖုန်းနဲ့ တက်ဘလက်တွေကို လော့ချထားပါ
သင့်ဖုန်းတွေရဲ့လော့ဂ် (Lock) လုပ်ဆောင်ချက်ဟာ အိမ်တအိမ်ရဲ့ အိမ်မကြီးတံခါးပေါက် ဖြစ်နေပါတယ်။ သင်ဖုန်းကို အလွယ်တကူ ရယူ သုံးစွဲလို့ မရအောင် လော့ဂ်ချထား သင့်ပါတယ်။ သင့်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ထဲက သင့်ကို မလိုတမာဖြစ်ပြီး အနှောက်အယှက် ပေးတာမျိုးကို ကာကွယ်နိုင်ပါတယ်။
အဲဒီလို ဖုန်းကိုလော့ဂ် ချတာထက် ပိုစိတ်ချရတဲ့ လုပ်ဆောင်ချက်ဟာ ကွန်ပျူတာ၊ လက်ပ်တောပ့် တွေမှာ သုံးတဲ့ password တွေနဲ့ ဆင်တူပါတယ်။ ဒီထက်ပိုပြီး စိတ်ချချင်ရင်တော့ လက်ဗွေဖတ်တဲ့ (finger print) လုပ်ဆောင်ချက် ပါတဲ့ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် တွေကို ဝယ်သုံးသင့်ပါတယ်။ အဲဒီ လက် ဗွေဖတ်တဲ့ လုပ်ဆောင်ချက်ဟာ ဖုန်းတွေ အခိုးခံရတာ၊ ကျပျောက်တဲ့ အခါမျိုးတွေမှာ ကိုယ့်ဖုန်း ရသွားတဲ့သူ ကနေ အလွယ်တကူ ဖွင့်ကြည့်လို့ မရအောင် ကာကွယ်ပေးပါလိမ့်မယ်။
သင့်ရဲ့ အကောင့်အချက် အလက်တွေ၊ ပရိုဖိုင် (Profile) တွေ ထဲက သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ သင့်ရဲ့ အိမ်လိပ်စာ၊ မွေးနေ့၊ ဖုန်းနံပါတ် စတာတွေကို မဖြည့်ဘဲ ထားလို့ ရရင် မဖြည့်ပဲထားတာ၊ အမှန်မဟုတ်တာတွေ ဖြည့်ထားတာ၊ ပြင်တာမျိုးတွေ လုပ်ထားနိုင်ပါတယ်။
ဒီမှာ လည်းတဖြည်း ဖြည်းနဲ့ အွန်လိုင်း သုံးစွဲမှုတွေ ပိုများလာကြပြီး အွန်လိုင်းနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေ၊ မှုခင်းတွေ အထိပါ ဖြစ်လာနေပါပြီ။ အဲဒီအတွက် အရေးအကြီးဆုံးနဲ့ အဓိက အကျဆုံးလုပ်ရမှာက သင်ကိုယ်တိုင် ဖြစ် နေပါတယ်။
ဆိုက်ဘာမှုခင်းတွေ အများစုထဲမှာ သုံးစွဲသူကိုယ်တိုင်ရဲ့ ပေါ့ဆမှု၊ မေ့လျော့တာ၊ ပျောက်ဆုံးတာ တွေကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တာ တော်တော်များ ပါတယ်။ အမှားတခုခု လုပ်လိုက်မိပြီးမှ ဆောရီးဆိုပြီး ပြင်လို့ မရနိုင် ပါဘူး။ ဒီနေ့ ဒီအချိန်မှာ သုံးစွဲနေကြတဲ့ ဖုန်းတွေ တခြားပစ္စည်းတွေဟာ ဓာတ်ပုံရိုက်တာ၊ အသံဖမ်းတာမျိုးတွေ လုပ်ဖို့ ဘာမှ ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ သင်ကိုယ်တိုင် ဆင်ဆင်ချင်ချင် ပြောဆို နေထိုင်ဖို့ အများကြီး အရေးကြီး ပါတယ်။
အွန်လိုင်း သုံးစွဲသူအားလုံး လုံခြုံစိတ်ချစွာ သုံးနိုင်ကြပါစေကြောင်း လက်ဆောင်ပေးလိုက်ပါတယ်။ ။