ရာသီ အကူးအပြောင်းလေးတွေ ရောက်လာပြီ ဆိုမှဖြင့် ဖျားချင်နာချင်၊ ချောင်းလေးတဟွပ်ဟွပ်၊ ဟပ်ချိုးသံလေး တညံညံနဲ့ လည်ချောင်းနာ အသံအက်ကလေးတွေ ဖြစ်တတ်ကြတာပါပဲ။ လူကြီးတွေလည်း အလုပ်ထဲမှာ အမူအရာ ပျက်ရသလို ကလေးတွေလည်း ကျောင်းပျက်ကြရတာပေါ့။
အအေးပတ်တယ်၊ နှာစေးချောင်းဆိုး ဖြစ်တယ် ဆိုလေ့ ရှိကြသလို တုပ်ကွေးမိတယ် လို့လည်း ပြောလေ့ရှိကြ ပါတယ်။ သာမန်အသိနဲ့ အဲဒီလို ပြောကြပေမယ့် ဆေးပညာအရတော့ အအေးမိ (Common Cold) နဲ့ တုပ်ကွေး (Influenza (or) Flu] ကတော့ မတူကြပါဘူး။ ဘယ်လို ဝေဒနာတွေ ကွာခြားတယ်လို့ ပြောဖို့ခက်ပေမယ့် တုပ်ကွေးကတော့ ပိုပြီး ဝေဒနာ ပြင်းထန်ခံစားရတယ် လို့ပဲ အပြင်ပန်းကနေ ပြောနိုင်တာပါ။
အအေးမိခြင်း
ဆရာဝန်ဆီကို ကလေးသူငယ်တွေ အများဆုံး ရောက်ရတဲ့ ရောဂါပါပဲ။ ကလေးတယောက်ဟာ တနှစ်ကို ၈ ကြိမ် လောက် အထိ ဖြစ်လေ့ ရှိပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီတခုနဲ့ တခု ပြောင်းတိုင်းမှာ ဖြစ်ကြလေ့ ရှိတာပါ။ အအေးမိ ရောဂါ အများစုက တော့ လေထဲမှာ ရှိနေတဲ့၊ ဒါမှမဟုတ် ထိကိုင်မိတဲ့ အရာတွေမှာ ရှိနေတဲ့ ဗိုင်းရပ်စ် ပိုးတွေကြောင့် ဖြစ်ရတာပါ။ ပုံမှန်အားဖြင့်တော့ အနားယူလိုက်ရုံနဲ့ သူ့ အချိန်တန်ရင် သက်သာ ပျောက်ကင်းသွားတတ်တာပါ။
လက္ခဏာတွေ ကြည့်ရင် နှာစေးနှာပိတ် ဒါမှမဟုတ် နှာရည်ယိုတာ၊ လည်ချောင်းယားတာ ဒါမှမဟုတ် နာတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ အဖျားနည်းနည်းရှိတာ၊ မောပန်းနုံးချည့်တာ၊ ခံတွင်းပျက်တာ အစရှိတာ တွေ ခံစားရပါတယ်။
လက္ခဏာတွေ သက်သာဖို့ ကတော့ ပါရာစီတမော့လို ဆေးမျိုးကို အချိန်အဆအတိုင်း သောက်သုံးတာ၊ နွေးနွေးထွေးထွေး နေတာ၊ နှာခေါင်းထဲကို ဆားရည်လေး ထည့်ပေးတာတွေ လုပ်နိုင်ပါတယ်။ နို့လို၊ သစ်သီး ဖျော်ရည်လို အရည်တွေ များများ သောက်သင့်ပါတယ်။ ဒါပေမယ့် ကဖင်းဓာတ် ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် လိုမျိုးတွေ ကတော့ မကောင်းလှဘူး ပေါ့။
ဒါပေမယ့် အအေးမိ လက္ခဏာတွေက တပတ်ထက် ပိုကြာတယ်၊ ချောင်းဆိုးတာ ပိုလာတယ်၊ အသက်ရှူရ ခက်လာတယ်၊ အဖျားပိုလာပြီး ပိုနုံးလာတယ်၊ စားလို့သောက်လို့ မရတဲ့အထိ လည်ချောင်းနာ လာတယ်၊ ခေါင်းကိုက်တာက မခံနိုင်လောက်အောင် ဖြစ်လာတယ် ဆိုရင်ဖြင့် ဆေးခန်းပြေးပြီး ဆရာဝန်နဲ့ ပြဖို့ လိုအပ်လာပြီ ဆိုတာ သတိပြုထားရ ပါမယ်။
ကာကွယ်ရေး အနေနဲ့တော့ အအေးမိ ဖျားနာနေသူနဲ့ လက်ပွန်းတတီး မနေဖို့၊ မကြာခဏ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ပေးဖို့၊ နှာချေချောင်းဆိုးရင် လက်ကိုင်ပဝါ ဒါမှ မဟုတ် တစ်သျှူးနဲ့ အုပ်ပြီး လုပ်ပေးဖို့ လိုအပ်ပါတယ်။
တုပ်ကွေး
တုပ်ကွေးကတော့ တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ လက္ခဏာတွေက ပိုသလို ပြင်းထန်မှု လည်း ပိုပါတယ်။ တချို့တော့လည်း သိပ်ပြီး မခံစားရဘူး လို့ ဆိုပါတယ်။ အများအားဖြင့် ဆောင်းရာသီမှာ တွေ့ရများပါတယ်။
လက္ခဏာတွေ ကြည့်ရင် ဖျားမယ်၊ ချမ်းတုန်မယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေ နာကျင် ကိုက်ခဲမယ်၊ ခံတွင်းပျက်မယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ နှာရည်တွေ ယိုမယ်၊ ပျို့အန်မယ်၊ ဝမ်းလျှောမယ်၊ မူးဝေနေမယ်၊ မောပန်း နုံးချည့်နေမယ် ဆိုတဲ့ လက္ခဏာ ပြင်းပြင်းတွေ တွေ့ရပါတယ်။
တုပ်ကွေးလို့ ယူဆရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အနားယူတာ၊ အရည်များများ (နို့၊ ရေ၊ သစ်သီးဖျော်ရည်၊ တခြား အချိုရည်တွေ (ကဖင်း ဓာတ်ပါတာမှ အပ) သောက်သုံးနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးတာ၊ နွေးထွေးအောင် နေတာ၊ နှာခေါင်းထဲ ဆားရည်လေး အစက်ချပေးတာ၊ ပါရာစီတမောလို ဖျားနာကိုက်ခဲ သက်သာတဲ့ ဆေးတိုက် ကျွေးတာတွေ လုပ်လို့ ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် တခြားဆေးတွေ သောက်သုံးတာမျိုး မလုပ်မိဖို့ လိုပါတယ်။
ဆေးရုံ၊ ဆေးခန်း အမြန်ပြေးသင့်တဲ့အခြေအနေ တွေကတော့ လက္ခဏာတွေ ပိုဆိုးလာတာ၊ ချောင်း ဆိုးတာက ပိုလာတာ၊ အသက်ရှူကျပ်လာတာ၊ ဖျား နာတာက အသက် ၃ လအောက် ကလေးဖြစ်နေတာ၊ လည်ပင်းတောင့် (ဇက်ခိုင်) လာတာ၊ ဆေးဘယ်လို သောက်သောက် ခေါင်းကိုက် မပျောက်တာ အစရှိတာတွေ ပေါ့။
ကာကွယ်ဖို့ ကတော့ တနှစ်တကြိမ် တုပ်ကွေး ကာကွယ်ဆေး ထိုးနိုင်ရင် အကောင်းဆုံးပါ၊ လူစု လူဝေးနဲ့ နေရာတွေ၊ ပွဲလမ်းသဘင်တွေ တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ အထူးသဖြင့် တုပ်ကွေး အအေးမိရာသီ တွေမှာ ပေါ့။ လက်မကြာခဏ ဆေးတဲ့ အလေ့အထကတော့ အကောင်းဆုံး ကာကွယ်နည်း ပါပဲ။
အကြမ်းဖျင်း ကွာခြားချက်များ
လက္ခဏာတွေ ကြည့်လိုက်ရင် အအေးမိနဲ့ တုပ်ကွေးက ဆင်တူလို ဖြစ်နေတာ တွေ့ရမှာပါ။ ဖြစ်နေတာ တုပ်ကွေးလား၊ အအေးမိလား ဆိုတာ အကြမ်းဖျဉ်း ခွဲခြားနိုင်တဲ့ အချက်ကလေးတွေတော့ ရှိပါတယ်။
တုပ်ကွေးက ရုတ်တရက် ဖြစ်လာပြီး အအေးမိတာက တဖြည်းဖြည်း ဖြစ်တာပါ။ တုပ်ကွေးမှာ အဖျားက ကြမ်းပြီး အအေးမိတာက အဖျားနည်းနည်း ဒါမှမဟုတ် အဖျား လုံးဝ မရှိတာလည်း ဖြစ်ပါတယ်။ တုပ်ကွေးဖြစ်ရင် နုံးချိ နွမ်းလျမှုက ပိုပြီး အအေးမိတာက အဲဒီလောက်မဆိုးလှပါဘူး။
တုပ်ကွေးမှာ ခေါင်းကိုက်တာ ပိုဆိုးပါတယ်။ တုပ်ကွေးဖြစ်ရင် ခံတွင်းပျက်တာက မလွဲမသွေ ကြုံရမှာ ဖြစ်ပြီး အအေး မိရင်တော့ အဲဒီလောက် မဆိုးလှပါဘူး။ ကိုယ်လက်ကြွက်သားတွေ နာကျင်မှုက တုပ်ကွေးမှာ ပိုခံစားရတတ်ပြီး အအေးမိတာက မခံစားရသလောက် ပါပဲ။ ချမ်းစိမ့် တာ၊ တုန်တာက တုပ်ကွေးမှာသာတွေ့ရပြီး အအေးမိတာ သက်သက် မှာတော့ မတွေ့ရတတ် ပါ ဘူး။
အဲဒီ လက္ခဏာ ကွာဟမှုတွေနဲ့ အအေးမိတာလား၊ တုပ်ကွေးလား ဆိုတာကို အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ ဒါပေမယ့်လည်း သတိဆိုတာ ပိုတယ် မရှိလေတော့ လက္ခဏာတွေကို စောင့်ကြည့်ရင်း မသက်သာနိုင်တာ၊ ပိုဆိုးလာတာ တွေကတော့ ဆေးရုံဆေးခန်း သွားဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေ ပေါ့။ တခြား ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ရောဂါတွေနဲ့လည်း တုပ်ကွေး ဒါမှ မဟုတ် အအေးမိတာတွေက လက္ခဏာဆင်တူ နေတတ်တာကို သတိ ပြုဖို့ လိုပါတယ်။ လည်ချောင်းနာတာမျိုးတွေ ပေါ့။
ဘာပဲဖြစ်ဖြစ် ရောဂါ မပြင်းထန်သည့်တိုင် မကြာခဏဖြစ်တတ်ပြီး စိတ်ညစ်ရတဲ့ သာမန်အအေး မိတာရော၊ စိုးရိမ်ရတဲ့ တုပ်ကွေးရောဂါ ဗိုင်းရပ်စ် ရောဂါတွေမို့ ကာကွယ်ဆေး ထိုးလို့ရတဲ့ တုပ်ကွေးအတွက် ကာကွယ်ဆေးထိုး၊ လက်ဆေးတဲ့ အလေ့အကျင့် လိုမျိုးတွေ လုပ်ပေးပြီး ရောဂါရှိနေရင် လူစုလူဝေး ရှောင်ပေးတာက တခြားသူတွေကို မကူးစက်စေတဲ့ နည်းပါပဲ။ နှာချေချောင်းဆိုးတဲ့ အခါလည်း အကာအကွယ်လေးနဲ့ ပေါ့။
အကိုက်အခဲပျောက်ဆေး လေးသောက်၊ အရည်များများသောက်၊ အနားယူရင်း ဝေဒနာကို ရက်အနည်း ငယ်လောက်နဲ့ ဖြတ်ကျော်နိုင်ဖို့ ကြိုးစားရင်း ရာသီအပြောင်းတွေ၊ ဆောင်းကာလ တွေမှာ နေကောင်းထိုင်သာ ရှိကြပါစေ။ ။