နေဝင်ရီတရော အချိန်၊ ရန်ကုန်မြို့၏ လူအရှုပ်ဆုံး မြို့လယ်ကောင် ဆူးလေဘုရားလမ်းပေါ်က ဆူးလေခုံးတံတား အောက်နားတွင် ဆံပင် အနီရောင် ထိုးထိုးထောင်ထောင် ပုံစံဖြင့် ဆူးချွန်များ ပါဝင်သော အဝတ်အစားများကို ဝတ်ဆင်ထားသော၊ ခန္ဓာကိုယ် နေရာတချို့တွင် တက်တူးထိုးထားပြီး နားတွင် နားပေါက် ခပ်ကြီးကြီးဖောက်၍ နားကွင်း တပ်ထားသော လူငယ်တချို့ကို အလွယ်တကူ တွေ့နိုင်ပါသည်။
အဆိုပါ လူငယ်များမှာ ပန့်ခ် ဝတ်စားဆင်ယင်မှုကို နှစ်သက်သူ၊ ပန့်ခ် နေထိုင်မှုပုံစံဖြင့် ဘဝကို ရှင်သန် ဖြတ်သန်း နေကြသူ လူငယ်များ ဖြစ်သည်။
ပန့်ခ်နှင့် သက်ဆိုင်သော Accessories ပစ္စည်းများ၊ ပန့်ခ်ဒီဇိုင်း တီရှပ်များ ရောင်းချပေးသော “ကျော်ကျော်ပန့်ခ်ဆိုင်” ဆိုလျှင် ဆူးလေ ခုံးတံတား နားတဝိုက် မသိသူ မရှိသလောက် ဖြစ်သည်။ ညနေဆိုလျှင် ထိုပန့်ခ်ဆိုင်လေးက ပန့်ခ်လူငယ်များ ဆုံစည်းနေကျ ဆုံရပ်လေးတခု၊ အထူးသဖြင့်တော့ အပတ်စဉ် တနင်္လာနေ့တိုင်း ပန့်ခ်လူငယ်များ လာရောက် ဆုံစည်းလေ့ ရှိသည့် နေရာလေးပင် ဖြစ်သည်။
ဆူးလေ ဘုရားလမ်း တလျှောက် ဖြတ်သွားသော ခရီးသည်တင် ယာဉ်လိုင်းကားများ၊ လမ်းလျှောက် ခရီးသွားများက သူတို့ အုပ်စုအဖွဲ့ကို စိတ်ဝင်တစား အထူးဆန်းသဖွယ် ကြည့်သွားကြသည်။
သူတို့အဖွဲ့က Punk တို့၏ နေထိုင်မှု ဘဝပုံစံအတိုင်း လွတ်လပ်စွာ နေထိုင်သူများ ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့တိုင်း ည ၈ နာရီ၊ သူတို့ပန့်ခ်ဆိုင် ပိတ်ချိန်တွင် သူငယ်ချင်းများစု၍ တတ်နိုင်သလောက် ဝင်ငွေနှင့် မုန့်ဖိုးများ စုပေါင်းကာ မရှိဆင်းရဲ နွမ်းပါးသူများ၊ တောင်းစားကြသူများ၊ သက်ကြီးရွယ်အိုများ၊ လမ်းဘေး ကလေးငယ်များကို အစားအစာနှင့် မုန့်များ ဝေငှလှူဒါန်းပေးကြသည်။ အဲဒီအလှူအဖွဲ့ကလေးကို သူတို့က Food Not Bombs ဟု အမည်ပေးထားသည်။
Food Not Bombs လှုပ်ရှားမှု ဆိုသည်မှာ ကမ္ဘာတဝန်းရှိ နိုင်ငံအချို့တွင် လူမှုထူထောင်ရေး လုပ်သူများနှင့် ပန့်ခ် လူငယ်များက ချို့တဲ့ ဆင်းရဲ နွမ်းပါးသူများ၊ အိမ်ခြေယာမဲ့များ၊ လမ်းပေါ်တွင် တောင်းရမ်း စားသောက်နေရသော သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်များကို အစားအသောက်များ လိုက်လံ ဝေငှလှူဒါန်းပေးသည့် လှုပ်ရှားမှုတခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုလေးကို နိုင်ငံတကာတွင် လုပ်ဆောင်နေသည့် အတိုင်း ရန်ကုန်မြို့တွင်လည်း စတင် မြင်တွေ့နေ ရပြီ ဖြစ်သည်။ ယင်း ပန့်ခ်လူငယ်များသည် Food Not Bombs လှုပ်ရှားမှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ခြင်း ဖြစ်သည်။
အင်တာနက်မှတဆင့် Food Not Bombs လှုပ်ရှားမှုများကို မြင်တွေ့ဖူးခဲ့ရာမှ ၂၀၁၃ ခုနှစ်အတွင်း ၎င်းတို့ အဖွဲ့ အင်ဒိုနီးရှား နိုင်ငံသို့ သီချင်းသွားဆိုဖြစ်ခဲ့ကြပြီး အင်ဒိုနီးရှား သူငယ်ချင်းများက သီချင်းဆိုရင်း Food Not Bombs လှုပ်ရှားမှုကိုပါ တွဲလုပ်နေကြခြင်းကို တွေ့ခဲ့ကြသည်။ သူငယ်ချင်းများ၏ လှုပ်ရှားမှုကို စိတ်ဝင်စားကာ မေးမြန်းရင်း မြန်မာပြည်တွင် စတင်လုပ်ဖြစ်ခဲ့သည်ဟု ပန့်ခ်အသုံးအဆောင် ပစ္စည်းဆိုင်မှ ကိုကျော်ကျော်က ဧရာဝတီကို ပြောသည်။
အသက် ၂၇ နှစ်အရွယ်ရှိ ကိုကျော်ကျော်က လက်ရှိ တက္ကသိုလ် ပထမနှစ် စီးပွားရေး အထူးပြုဖြင့် တက်ရောက် နေပြီး ပန့်ခ်နေထိုင်မှု ဘဝပုံစံကို သူ အသက် ၁၇ နှစ် အရွယ်တွင် စတင်သိရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်မှု ပုံစံကို ကြိုက်နှစ်သက်သဖြင့် ပန့်ခ်လောကထဲသို့ ခြေစုံပစ်၍ ဝင်ခဲ့ကြောင်း သူက ဆိုသည်။
ညနေဘက်တွင် ပန့်ခ်ဆိုင် ဖွင့်ထားသော ကိုကျော်ကျော်က နေ့လယ်ဘက်များတွင်တော့ ဖောက်သည်များ မှာယူထား သည့် တီရှပ် ဒီဇိုင်းများ ရိုက်နှိပ်သည့် အလုပ်ကို လုပ်သည်ဟု ပြောပြသည်။ တီရှပ်ဒီဇိုင်းများ ရိုက်နှိပ်သည့် အခါတွင် လည်း ကိုယ်ပိုင် စိတ်ကူးဖြင့် တီထွင်ရိုက်နှိပ် သလို၊ နိုင်ငံခြား ပန့်ခ်ဂီတ အဖွဲ့များ၏ Band Logo များကိုလည်း မှာယူသူ စိတ်ကြိုက် ရိုက်နှိပ်ပေးရသည်ဟု ဆိုသည်။
သူ၏ ပန့်ခ်ပစ္စည်းဆိုင်ကလေး ဖွင့်သည့် နှစ်နှစ်အတွင်း “ကျော်ကျော်ပန့်ခ်ဆိုင်” ဟု ဆူးလေနား တဝိုက်တွင် နာမည်ရ လာပြီး သူတို့ ဆိုင်ကလေးက ပန့်ခ်သမားများ၏ ဆုံရပ်နေရာတခုလို ဖြစ်လာခဲ့သည်။ သူတို့ အဖွဲ့တွင် လူ ၂၀ ကျော်ရှိပြီး ပန့်ခ်သမားများလည်း ပါသလို၊ အပြင်လူတွေလည်း ပါပြီး၊ အများစုက ပန့်ခ်သမား များဟု သိရသည်။
အဆိုပါ Food Not Bombs လှုပ်ရှားမှုကို စလုပ်စဉ်က ကိုယ့်ဝင်ငွေနဲ့ကိုယ် တယောက်ကို ကျပ် တထောင်၊ နှစ်ထောင် စသဖြင့် တတ်နိုင်သလောက် စုကာ စတင်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ရံဖန်ရံခါ နိုင်ငံခြားသား ဧည့်သည်များက ၎င်းတို့အဖွဲ့ အကြောင်း မေးမြန်းရင်း ငါးထောင်၊ တသောင်း ပေးလှူသွားခြင်း မျိုးလည်းရှိသည့် အတွက်ကြောင့် အလှူငွေများလည်း ရရှိလာပြီဟု ဆိုသည်။
“ကျနော်တို့က ဖြစ်နိုင်ရင် အလှူငွေထက်စာရင်၊ အစားအသောက်ကို ပိုပြီး လှူစေချင်တယ်။ ဘာလို့လဲ ဆိုတော့ ပိုက်ဆံ လက်ခံတယ် ဆိုတဲ့ ကိစ္စက နောက်ပိုင်းမှာ သံသယတွေ ဘာတွေ ရှိနိုင်တယ်၊ အဲဒါမျိုးတွေ ကျနော်တို့ မဖြေရှင်းချင် ဘူး။ ကျနော်တို့ အနေနဲ့ အစားအသောက်ပဲ လှူဒါန်းစေချင်တယ်” ဟု ကိုကျော်ကျော်က ပြောသည်။
သူတို့ အဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်း ည ၈ နာရီ ဆိုင်ပိတ်ချိန် ရောက်လျှင် ရန်ကုန်မြို့ လယ်ကောင်တဝိုက် သိမ်ကြီးဈေးထောင့်၊ ဗိုလ်ချုပ်ဈေးထောင့်၊ ဆူးလေ အောက်ဘက်၊ ပန်းဆိုးတန်း ခုံးတံတားအောက်၊ သမ္မတ ခုံးကျော် တံတားနား တဝိုက်ရှိ တောင်းရမ်း စားသောက်သူ တချို့၊ လမ်း ပေါ်က သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အစားအသောက်များ လိုက်လံဝေငှသည့် အလုပ် ပုံမှန် လုပ်ဖြစ်သည်ဟု သိရသည်။
ယင်းအပြင် ရန်ကုန်မြို့ တဖက်ကမ်းရှိ ဒလမြို့နယ်သို့ တခါ၊ လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် ဘက်သို့ နှစ်ခါ အစားအသောက်များ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
“ကျနော်တို့ စစလုပ်ချင်းတုန်းက တချို့လမ်းဘေးမှာ အိပ်နေတဲ့ သူတွေရှိတယ်။ သူတို့က အိပ်နေတော့ ကျနော်တို့ ကလည်း မနှိုးရက်ဘူး။ သူတို့ကို နှိုးလိုက်ရင် အိပ်ရေးပျက်သွားမှာစိုးလို့ မသိအောင် ဘေးနားမှာ မုန့်လေးတွေ သွားချတာ၊ သူတို့က လူသံကြားလို့ ထကြည့်တော့ ကျနော်တို့ရဲ့ ဖိနပ် ချွန်ချွန်တွေကို မြင်ပြီး ရဲတွေထင်ပြီး ထွက်ပြေးကြတယ်။ ကျနော်တို့က မပြေးပါနဲ့၊ ကျနော်တို့က လှူတာပါ ဆိုပြီး ရှင်းပြမှ နောက်ပိုင်းမှာ ကျနော်တို့နဲ့ ယဉ်သွားတာ” ဟု သူက ပြောပြသည်။
လမ်းသွားလမ်းလာ တော်တော်များများနှင့် သူတို့အကြောင်းကို မသိသေးသူတချို့က သူတို့၏ ဝတ်စား ဆင်ယင်မှု (ပန့်ခ်စတိုင် အချွန်အတက်များ နှင့် ဆံပင်ထိုးထိုးထောင်ထောင်) ပုံစံများကြောင့် သူတို့ကို လမ်းသရဲများဟု မြင်ကြ လေ့ရှိသည်။
“ဟုတ်တယ်၊ ပန့်ခ် ဆိုတာ လမ်းသရဲဖြစ်တာ မှန်တယ်။ ဒါပေမယ့် လမ်းသရဲတိုင်းက လူတွေထင် ထားသလိုမျိုး လမ်းပေါ်မှာ ဆိုးသွမ်းရမ်းကား မူးရူးပြီး အနာဂတ်မဲ့နေတာမျိုး မဟုတ်ဘူး။ လမ်းသရဲတိုင်း သူတို့ ထင်ထားသလို အနာဂတ်ပျောက် နေတာမျိုး မဟုတ်ဘူး” ဟု ကိုကျော်ကျော်က ပြောသည်။
ဆက်လက်ပြီး ဘဝတွင် အရေးအကြီးဆုံးက အစားအသောက်ဖြစ်ကြောင်း သူက ဆိုသည်။
“အစားအသောက်က တကယ်လည်း အရေးကြီးတယ်လေ။ ပိုက်ဆံလှူတာက လှူလို့ရတယ်။ ပိုက်ဆံလှူတာ ကျတော့ တောင်းရမ်း စားသောက် သူတွေရဲ့ နောက်ကွယ်မှာ ကလေးတွေကို ခိုင်းစားနေတဲ့ လူဆိုးဂိုဏ်းတွေ ရှိနေမယ်။ ပြီးတော့ စီးပွားရေး သက်သက် ရှာနေတဲ့ လူလိမ်တွေ ရှိနေမယ်။ မုန့်ပေးလှူ လိုက်ရင် သူတို့ ရယ်ဒီ စားလိုက်ရုံပဲ။ အဆင်လည်း ပြေတယ်။ တယောက်နဲ့ တယောက် လောဘတွေလည်း ဖြစ်စရာ မလိုတော့ဘူး။ ဆင်းရဲတဲ့ လူတွေက ပိုက်ဆံပေးတဲ့ နည်းနဲ့ ကယ်တင်လို့ မရဘူးဗျ။ အစားအသောက်ပေးပြီး အသိဉာဏ် ဖွင့်ပေးတဲ့ နည်းနဲ့ ကယ်တင်မှပဲ ရမှာ” ဟု ကိုကျော် ကျော်က သူ၏အမြင်ကို ပြောပြသည်။
Food Not Bombs ကို ကိုကျော်ကျော်က သူနားလည်သလို ဘာသာပြန်ထားသည် ဟုလည်း သိရသည်။
“Bombs ဆိုတာ လက်ပစ်ဗုံးပေါ့။ အဲဒါကို ထပ်ပြီး အဓိပ္ပာယ်ဖွင့်မယ် ဆိုရင် စစ်ပွဲတွေမှာသုံးတဲ့ လက်နက်၊ အဲဒါကြောင့် ဘာသာပြန်မယ် ဆိုရင် စစ်ပွဲမဟုတ်တဲ့ အစားအသောက်ပေါ့။ ကျနော်ကတော့ ဘာသာပြန် မကျွမ်းကျင်ပါဘူး” ဟု သူက ဆိုသည်။
ဆက်ပြီး သူက “ကမ္ဘာမှာ ကြည့်လိုက်မယ် ဆိုရင် စစ်အစိုးရတွေရဲ့ စစ်အသုံးစရိတ်က လူမှုထူထောင်ရေး အသုံး စရိတ်ထက် ဆယ်ဆလောက် များပြားနေတယ်။ စစ်ပွဲတွေမှာ အသုံးပြုနေတဲ့ လက်နက်တွေ၊ ဒုံးကျည်တွေ နေရာမှာ အစားအသောက်တွေ ထည့်ကြဲမယ် ဆိုရင် သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက တကယ်ရမှာပါ။ အခုလက်ရှိ ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ လေယာဉ်ပေါ်ကနေ ဒုံးကျည်တွေ ပစ်ချမယ့်အစား ပေါင်မုန့်တွေ အများကြီး ပစ်ချကြည့် ပါလား၊ လူတွေက ပိုပြီးတော့ တကယ့်ကို ငြိမ်းချမ်းမှုကိုတောင် ရနိုင်ဦးမယ်” ဟု ပြောသည်။
“လူသားတွေ အတွက် အရေးကြီးတဲ့ အစားအသောက်၊ လူသားတွေ အတွက် အရေးကြီးတာက စစ်ပွဲ မဟုတ်ဘူး၊ အစားအသောက်ပါ။ Bombs ကိုတော့ လက်ပစ်ဗုံးထက် ကျနော်က စစ်ပွဲလို့ပဲ ဘာသာပြန်တယ်” ဟု သူက ထပ်၍ ပြောသည်။
ဆူးလေတဝိုက်တွင် မြန်မာမုန့် အမျိုးမျိုး ရောင်းချနေသည့် အသက် ၅၃ နှစ်အရွယ် ဒေါ်အေးကလည်း ထိုပန့်ခ်အဖွဲ့ကို ခင်မင်နေကြောင်း ပြောပြသည်။
“အဘွားက ဒီကလေးတွေကို မြင်မြင်ချင်း အရမ်းခင်မိတယ်။ သူတို့အပေါ် သံယောဇဉ်လည်း ရှိတယ်။ သူတို့ကလေ အဘွား ဈေးရောင်း မကုန်လို့ ဒီဘက်ကို လာတိုင်း အဘွားမှာ ကျန်တဲ့ မုန့်မှန်သမျှ အကုန်ဝယ်ပြီး အားပေးတယ်။ ပြီးရင် အဘွားကိုလည်း ကြင်ကြင်နာနာလေး ဆက်ဆံပေးတယ်။ အဘွား နေကောင်းလား၊ ရောင်းကောင်းလား ဆိုပြီး အမြဲ နွေးနွေးထွေးထွေး မေးတယ်” ဟု ဒေါ်အေးက ဆိုသည်။
အချိန်က တဖြည်းဖြည်း မိုးချုပ်လာပြီး ညနေပိုင်းမှ ညပိုင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ည ၇ နာရီအချိန်တွင် လူစုံတက်စုံ ဖြစ်သော သူတို့၏ ဆုံရပ်နေရာသို့ ပန့်ခ်လူငယ်များနှင့်အတူ မိန်းကလေး တဦးလည်း ရောက်လာသည်။ သူ့နာမည်က မဆုရည်ဝင်း ဖြစ်သည်။ သူလည်း Food Not Bombs အဖွဲ့ဝင်တဦးပင် ဖြစ်ကြောင်း သိရသည်။
အသက် ၂၄ နှစ် အရွယ် မဆုရည်ဝင်းက လက်ရှိ အချိန်တွင် စာသင်သည့် အလုပ်ကို လုပ်နေပြီး သူက ရော့ခ်ဂီတနှင့် ပန့်ခ်သီချင်းများကို ကြိုက်နှစ်သက်သည်ဟု ဆိုသည်။ ဆုရည်ဝင်းက ယောက်ျားလေး ပန့်ခ် သူငယ်ချင်းများနှင့် ယခုကဲ့သို့ တနင်္လာနေ့တိုင်း လာရောက်တွေ့ဆုံကာ ညဘက်မုန့်ဝေသည့် အလုပ်၊ ရံဖန်ရံခါ သီချင်းဆို ဖျော်ဖြေရင်း အလှူခံသည့် အလုပ်များကို ပုံမှန်လုပ်လျက် ရှိသည်။
“ပတ်ဝန်းကျင်က ညီမကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်လာလည်း ညီမက ဂရုမစိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နေနေတာ အဆင်ပြေနေတာပဲ လေ။ ကိုယ်က မကောင်းတာ လုပ်နေတာမှ မဟုတ်တာ။ ညီမတို့ အခုလို မရှိဆင်းရဲသားတွေ၊ တောင်းရမ်း စားသောက်နေရသူတွေကို ပစ္စည်းတွေ၊ ပိုက်ဆံတွေ ပေးပြီး လှူလိုက်ရတာ ထက် အစားအသောက်တွေ ကျွေးပြီး လှူလိုက်ရတာကို အရမ်းပျော်တယ်။ ညီမက အပြင်မှာ စာသင်တဲ့ အလုပ်ကို လုပ်တော့ လမ်းဘေးက ကလေးတွေဆိုလည်း တတ်နိုင်သလောက် ကြုံတဲ့အခါ စာသင်ပေးတယ်။ သူတို့ကို မြင်ရင်လည်း ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံပေးပါတယ်” ဟု မဆုရည်ဝင်းက ရှင်းပြသည်။
ပန်းခြံထဲတွင် သူတို့အဖွဲ့ သီချင်းဆိုရင်း အလှူခံစဉ်က ပထမပိုင်းတွင် လူတချို့က နှာခေါင်းရှုံ့ကြကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံခြားသားများက သူတို့အဖွဲ့ အကြောင်း လာရောက်မေးမြန်းရင်း ပြန်ရှင်းပြသည့်အခါမှ အဖွဲ့အကြောင်းကို သိလာပြီး အလှူငွေများလည်း လိုလိုလားလားနှင့် လာထည့်သူများ ရှိလာကြောင်း သူက ဆိုသည်။
“ညီမတို့ အဓိကပေးချင်တဲ့ Message က လူငယ်တွေ ဘယ်လိုပဲ ဝတ်စားဆင်ယင်ဆင်ယင် သူတို့မှာ ဖြူစင်တဲ့ နှလုံးသား ရှိတယ်၊ လူသားချင်း စာနာစိတ်ရှိတယ်၊ အဲဒီလိုဟာမျိုးကို ပြချင်တာ။ လူတွေရဲ့ အပြင် ပုံပန်းသဏ္ဌာန်ထက် သူဘယ်လိုလဲ ဆိုတာ အရေးကြီးပါတယ်” ဟု ဆုရည်ဝင်းက သူ၏အမြင်ကို လွတ်လပ်ပေါ့ပါးစွာ ပြောသည်။
အချိန်က ည ၈ နာရီခန့် ရောက်လာသောအခါ ရန်ကုန်မြို့၏ လမ်းမထက် ကားကျပ်မှုများက သိသိသာသာ လျော့ သွားပြီ ဖြစ်သည်။ ကိုကျော်ကျော်တို့ အဖွဲ့ကလည်း လူစုံလာသဖြင့် မုန့်ဝယ်သူက ဝယ်၊ ရေသန့်ဝယ်သူက ဝယ်နှင့် သူတို့၏ Food Not Bombs လှုပ်ရှားမှုကို စတင်ကြသည်။
အဘွား ဒေါ်အေးကလည်း သူ၏မုန့်များကို အကုန်ဝယ်သွား သဖြင့် ဝမ်းသာပျော်ရွှင်စွာဖြင့် ငွေများရေတွက်ရင်း မုန့်ထည့်သည့် အိုးအလွတ်ကို ခေါင်းတွင်ရွက်ကာ သူတို့အဖွဲ့လေးကို နှုတ်ဆက် ထွက်ခွာသွားပြီ ဖြစ်သည်။
“Food Not Bombs က နောက်ပိုင်းမှာ ကျနော်တို့ အပတ်စဉ် တနင်္လာနေ့တွေ အပြင် ကျနော်တို့ ဝင်ငွေပိုက်ဆံ၊ အလှူငွေပေါ် မူတည်ပြီး ပိုက်ဆံမရှိတဲ့ လူတန်းစားတွေ ထပ်ထပ်ပြီး များများ လှူသွားဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ခဏနေရင် ကျနော်တို့ ဒီ ဆူးလေနားတဝိုက် ခါတိုင်း လှူနေကျ ပုံစံအတိုင်း သွားလှူမယ်။ ပြီးရင် လက်ရှိ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြသူတွေကိုလည်း မုန့်တွေ ဝေငှသွားမယ်” ဟု ကိုကျော်ကျော်က ပြောစဉ် သူတို့ အဖွဲ့ဝင်များက ဆိုင်ကို သိမ်းကာ နွမ်းပါးသူများအား ပေးလှူရန် မုန့်များနှင့် ရေသန့်ဘူးများကို သယ်ဆောင်၍ ဆူးလေလမ်းမ တလျှောက် ထွက်ခွာသွား ကြတော့သည်။ ။