ဆောင်းပါး

အတုအပ လုပ်သူတွေကို ဘယ်တော့ နှိမ်နင်းမလဲ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့လယ်ကောင်တွင် “ကန်တော်ကြီး ကြက်ကြော်” Kandawgyi Fried Chicken ဟု ရေးသားထားသည့် ကြော်ငြာ ဆိုင်းဘုတ်တခုကို မြင်ယောင်ကြည့်လိုက်ပါ။ အတိုကောက်ဆို KFC ပေါ့။ အမေရိကန်နာမည်ကြီး ကန်တက်ကီ ကြက်ကြော် Kentucky Fried Chicken အတိုကောက်ကလည်း KFC ဖြစ်သည်။

အမေရိကန်  KFC ကြက်ကြော်က ရန်ကုန်၏ အမြန်ရ အစားအစာဈေးကွက်သို့ မကြာမီ ဝင်ရောက်လာတော့မည် ဖြစ်သည်။ KFC ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ အမှတ်တံဆိပ်နှင့် အလားတူသော ရုပ်ပုံများ စာသားများကို အခြား စီးပွားရေး လုပ်ငန်းများက အသုံးပြုခြင်းမှ ကာကွယ်ရေး စိုးရိမ်ပူပန်နေမည်မှာ သေချာပါသည်။

သို့သော် လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်ကို အကာအကွယ်ပေးသည့် ဥပဒေမူဘောင်များ သက်ရောက် တည်ရှိခြင်း မရှိသေးသလို ဥပဒေကြောင်းအရ မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုသည်ကလည်း သဲကွဲခြင်း မရှိသေး။ ယေဘုယျ အားဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုသည် စီးပွားရေး လုပ်ရာတွင် စတင် ဖန်တီး တီထွင်သူက မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၊ ထုတ်ကုန်နှင့် လုပ်ငန်း တို့ကို အခြားသူများက ခိုးယူခြင်း၊ တုပခြင်းတို့ မရှိစေရန် ဥပဒေဖြင့် အာမခံထားခြင်း ဖြစ်သည်။

အာရှ၏ နောက်ဆုံး လက်ကျန်ဈေးကွက်မှ အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှု အသစ်များ အပေါ် စိတ်ဝင်စားမှု များ ကြားတွင် ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ပေးသည့် ဥပဒေမူဘောင်အသစ်များ ချမှတ်ပေးရန် မြန်မာ အစိုးရကို တိုက်တွန်း တောင်းဆိုမှုများလည်း မြင့်တက်လာနေသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည့်စုံသော ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေများ ထုတ်ပြန်ပေးရန် ကတိပြုခဲ့ပြီး ဖြစ်သည်။

ပေါ်ထွက်လာနေတဲ့ ဥပဒေမူဘောင်

ဉာဏပစ္စည်းမူပိုင်ခွင့် အတွက် မြန်မာနိုင်ငံမှ လက်ရှိဥပဒေများသည် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ မူပိုင်ခွင့် ဥပဒေ ကဲ့သို့ အင်္ဂလိပ် ကိုလိုနီခေတ် ဥပဒေများနှင့် လတ်တလော ပြဋ္ဌာန်းခဲ့သော ၂၀ဝ၂ ခုနှစ် ငွေကြေးခဝါချမှု ထိန်းချုပ်ရေး ဥပဒေတို့ကို ဆက်စပ် လုပ်ကိုင်ခြင်းမျှသာ ဖြစ်သည်။ ၂၀ဝ၂ ခုနှစ် ငွေကြေး ခဝါချမှု ထိန်းချုပ်ရေး ဥပဒေတွင် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်၍ အကျဉ်းမျှသာ ဖော်ပြထား သည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကိုးကားထားသော အခြား ဥပဒေများမှာ ၁၈၆၀ ခုနှစ် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ၁၈၈၉ ခုနှစ် ကုန်အမှတ်တံဆိပ် ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေတို့ ဖြစ်သည်။

မြန်မာနိုင်ငံမှ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေနှင့် ၂၀၁၂ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ခုလုံးတွင် မူပိုင်ခွင့် ပိုင်ဆိုင်မှု အခွင့်အရေး၊ ကုန်အမှတ် တံဆိပ်နှင့် တည်ထွင်မှု မူပိုင်ခွင့်များအပေါ် အာမခံချက် ပေးထားသော်လည်း ကာကွယ်ပေးမှု ပမာဏနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းစွာ ဖွင့်ဆိုထားခြင်း မရှိပေ။

အလားအလာကောင်းသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အတွက် ဉာဏပစ္စည်း မူပိုင်ခွင့်က အရေးပါသလို မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ကဏ္ဍများမှ ဉာဏပစ္စည်း မူပိုင်ခွင့် သဘောတူညီချက် (Trade-Related Aspects of Intellectual Property Rights-TRIPS) နှင့် အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (ASEAN) ၏ ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ရေးဆိုင်ရာ မူဘောင်များ အတိုင်း လိုက်နာရန် တာဝန်ရှိနေသည့် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ရေးကို စနစ်တကျ ကိုင်တွယ် ဆောင်ရွက်နိုင်မည့် ဥပဒေများကို ရေးဆွဲလျက် ရှိသည်။

ဥပဒေများ ရေးဆွဲရန်နှင့် ပြဋ္ဌာန်း အကောင်အထည်ဖော်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ကုလသမဂ္ဂ ၏ လက်အောက်ခံ အဖွဲ့ တခုဖြစ်သော ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့် အဖွဲ့အစည်း (World Intellectual Property Organization – WIPO) က ကူညီပေးနေသည်။ WIPO သည် မြန်မာနိုင်ငံသို့ ၂၀ဝ၁ခုနှစ်တွင် ရောက်ရှိခဲ့ သည်။

WIPO သည် ၎င်း၏ ဖွံ့ဖြိုးရေး အစီအစဉ် (WIPO Development Agenda) ၏ တစိတ်တပိုင်း အဖြစ် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေဆိုင်ရာ နည်းပညာ အကူအညီများ ပေးနေသည်။  WIPO ၏ ဖွံ့ဖြိုးရေး အစီအစဉ်၏ ရည်ရွယ်ချက်မှာ “ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အနေဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့်စနစ်၏ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန် နှင့် ကမ္ဘာ့စီးပွားရေးတွင် ပါဝင်နိုင်စွမ်း ရှိစေရန် ဖြစ်သည်” ဟု  WIPO ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

“WIPO က မြန်မာနိုင်ငံကို တီထွင်မှု မူပိုင်ခွင့်၊ ကုန်ပစ္စည်း အမှတ်တံဆိပ်၊ စက်မှုဒီဇိုင်းနဲ့ မူပိုင်ခွင့် ဥပဒေစတဲ့ ဥပဒေ ၄ ခုနဲ့ပတ်သက်လို့ဥပဒေ ရေးရာ အကြံဉာဏ်နဲ့ အကူအညီတွေ ပေးနေပါတယ်” ဟု WIPO မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ အီးမေးလ်မှတဆင့် ဖြေကြားခဲ့သည်။ ဥပဒေကြမ်းများကို လွှတ်တော်များတွင် မကြာမီ ဆွေးနွေးတော့မည် ဖြစ်သည်။

ဥပဒေသစ်များ အသက်ဝင်လာသည့် အချိန်တွင်လည်း “WIPO က မြန်မာနိုင်ငံမှာ ခေတ်မီပြီး ထိရောက်တဲ့ အမျိုးသား ဉာဏပစ္စည်း မူပိုင်ခွင့် ရုံးတရုံး တည်ထောင်ပြီးတော့ အမျိုးသား ဉာဏပစ္စည်း မူပိုင်ခွင့် နည်းဗျူဟာတွေ ချမှတ်ပြီး ဉာဏပစ္စည်း မူပိုင်ခွင့် ယဉ်ကျေးမှု တည်ဆောက်လာနိုင်အောင် ဥပဒေနဲ့ နည်းပညာ အကူအညီတွေ ဆက်လက်ပြီး တော့ ပေးသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

နိုင်ငံတကာ ဥပဒေနှင့် အကြံပေးကုမ္ပဏီများ ဝင်လာခြင်း

စီးပွားရေး၏ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကဏ္ဍတွင် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ငန်းရှင် အသစ်များက မြန်မာနိုင်ငံတွင် ရုံးခန်းများ လာရောက် ဖွင့်လှစ်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်အတွင်း ဉာဏပစ္စည်း မူပိုင်ခွင့်ကို အထူးပြုသည့် နိုင်ငံတကာ ဥပဒေနှင့် အကြံပေးကုမ္ပဏီ အနည်းဆုံး ၅ ခုခန့် ရန်ကုန်တွင် ရုံးခန်းများ ဖွင့်လှစ် ခဲ့ကြသည်။

အမေရိကန် အခြေစိုက် ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခုဖြစ်သည့်  Herzfeld Rubin Meyer & Rose က ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ရုံးခန်းဖွင့်လှစ်ခဲ့သည်။ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တဦး ဖြစ်သော Eric Rose က မြန်မာ နိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့် အလေ့အထ ပေါ်ပေါက်လာရေးအတွက်  အဓိက  စိန်ခေါ်မှု များမှာ “ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ရေးကို အထူးပြု ပံ့ပိုးပေးမှုများ၊ အခြေခံအဆောက်အဦများ မရှိခြင်းနှင့်  WIPO  ၏ စံနှုန်းများကို အခြေခံသော ထိရောက်သည့် ဥပဒေသစ်များ လိုအပ်နေခြင်း” တို့ဖြစ်သည် ဟုဆိုသည်။

အမေရိကန်နိုင်ငံ ကုန်သည်ကြီးများ အသင်းက မြန်မာနိုင်ငံဆိုင်ရာ အကြောင်းများ ဆွေးနွေးရန် ကဏ္ဍတရပ် (Myanmar Chapter) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်။ ထိုင်းနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Judy Benn က ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ပေးခြင်းက မြန်မာနိုင်ငံသို့ ကုမ္ပဏီ အသစ်များဝင်ရောက် လာရေး အတွက် အဓိကကျသည်ဟု ဧရာဝတီသို့ ပြောသည်။

“ဉာဏပစ္စည်း မူပိုင်ခွင့်ကို စဉ်းစားတာက တစုံတယောက်ရဲ့ ကုန်ပစ္စည်းတွေကို ပြိုင်ဘက်တွေရဲ့ ကုန်ပစ္စည်း တွေကနေ ခွဲခြား ကာကွယ်ပေးတာကနေ တီထွင်မှု၊ ဒီဇိုင်း၊ ကုန်သွယ်ရေး လျှို့ဝှက်ချက်နဲ့ သတင်းအချက် အလက် နည်းပညာ ကဏ္ဍက တန်ဖိုးရှိတဲ့ သုတေသနတွေကို ကာကွယ်ပေးတာ အထိ အမျိုးမျိုးရှိပါတယ်” ဟု သူက ဆိုသည်။

မန္တလေး တရုတ်စားသောက်ဆိုင်ရှေ့က Donald Duck အတု (ဓာတ်ပုံ - Steve Tickner / The Irrawaddy)
မန္တလေး တရုတ်စားသောက်ဆိုင်ရှေ့က Donald Duck အတု (ဓာတ်ပုံ – Steve Tickner / The Irrawaddy)

ဆက်လက်၍ Judy Benn က “မြန်မာနိုင်ငံမှာ အမြန်ရ အစားအစာဆိုင်တွေ၊ နိုင်ငံစုံ လက်လီ အရောင်း ကုမ္ပဏီတွေနဲ့ သတင်း အချက်အလက် နည်းပညာနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ကဏ္ဍ တိုးတက်လာမယ့် သိသာထင်ရှားတဲ့ အခွင့်အလမ်း တွေ ကျမတို့ မြင်နေရပါတယ်” ဟုပြောသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်ကာကွယ်ရေး အတွက် အစီအစဉ် ပြုလုပ်လိုသော ကုမ္ပဏီများနှင့် ဥပဒေ မူဘောင်သစ်များ ချမှတ် ဆောင်ရွက်ခြင်း မပြုမီ ရှိနှင့်ပြီးသား ဉာဏပစ္စည်း မူပိုင်ခွင့် ပိုင်ဆိုင်မှုများကို ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်ရာတွင် အထောက် အကူပေးရန် ကမ္ဘာ့အဆင့် ဉာဏပစ္စည်း မူပိုင်ခွင့် အတိုင်ပင်ခံ ကုမ္ပဏီတခု ဖြစ်သည့် Rouse က ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ရုံးခန်းဖွင့်လှစ်ခဲ့သည်။

Rouse ၏ ရန်ကုန်ရုံးမှ  Fabrice Mattei  က စာရင်းပြုစုထားသော အဓိက စိန်ခေါ်မှု ၄ ခုမှာ “မြန်မာနိုင်ငံတွင် တွေ့ရှိရသော ပုံစံတူကူးယူထားသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များကိစ္စကို ဖြေရှင်းခြင်း၊ အခြားသူများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်ကို အလေးထားတတ်စေရန် ပြည်သူများကို ပညာပေးခြင်း အားဖြင့် အများ၏ အလေးထား အာရုံစိုက်မှုကို မြှင့်တင်ခြင်း၊ ကုန်ပစ္စည်း အမှတ်အသားများနှင့် အခြား ဉာဏပစ္စည်း မူပိုင်ခွင့် များကို စစ်ဆေးရန် အတွက် စနစ်တကျ လေ့ကျင့်ထားသည့် စစ်ဆေးသူများဖြင့် ဖွဲ့စည်းထားသည့် ဉာဏပစ္စည်း မူပိုင်ခွင့် ရုံးတရုံး တည်ထောင်ရေးနှင့် သင့်လျော်သော လုပ်ထုံးလုပ်နည်းများ၊ စနစ်တကျ လေ့ကျင့်ပေးထားသည့် တရားသူကြီးများနှင့် ယုံကြည်စိတ်ချရပြီး ယှဉ်ပြိုင်မှု ရှိသော ဉာဏပစ္စည်း မူပိုင်ခွင့် တရားစီရင်ရေး စနစ်တခု တည်ထောင်ရေး” တို့ဖြစ်သည်။

ဦးစွာ အသုံးပြုမှုဖြင့် မူပိုင်ခွင့်ရရန် လုပ်ကြခြင်း

မြန်မာနိုင်ငံမှ နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် စာစောင်များတွင် ကုန်အမှတ် တံဆိပ်များ အသုံးပြုမှုနှင့် ပတ်သက်၍ ရှင်းလင်း ကြေညာချက်များဖြင့် ပြည့်နေသည်။ သိရှိသူ အနည်းငယ်မျှသာ ရှိနိုင်မည် ဖြစ်သော်လည်း ထိုသို့ ပြုလုပ်မှု များပြားလာခြင်းသည် ကုမ္ပဏီများက ဦးစွာ အသုံးပြုလုပ်၍ မူပိုင်ခွင့် ရရှိနိုင်ရန် ဖြစ်သည်။

ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေသစ်များတွင် ဥပဒေအတည်ပြု ပြဋ္ဌာန်းခြင်း မပြုမီ ၃ နှစ်က မှတ်ပုံတင်ထားသည့် ကုန်အမှတ် တံဆိပ်များကိုသာ အသိအမှတ်ပြု လက်ခံလိမ့်မည် ဖြစ်သည့် အတွက် နိုင်ငံခြား ကုမ္ပဏီများက သူတို့၏ ပိုင်ဆိုင်မှုများကို ခိုင်မာအောင် ရှင်းလင်းထားနိုင်ရန် စတင်အားထုတ် လာကြခြင်း ဖြစ်သည်။

“လက်ရှိ အချိန်မှာ ဉာဏပစ္စည်း ပိုင်ဆိုင်မှု ရှိသူတွေ အနေနဲ့ ပိုင်ဆိုင်မှုကို ကြေညာပြီး မှတ်ပုံတင်ထား နိုင်ပါတယ်” ဟု Judy Benn က ပြောသည်။ သို့သော်လည်း ထိုသို့ ဆောင်ရွက်ခြင်းသည် ပိုင်ဆိုင်ကြောင်းကို ဥပဒေအရ အပြီးအပြတ် အထောက်အထား မဖြစ်နိုင်ကြောင်း လူပေါင်းစုံက တူညီသော ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်နိုင်ကြောင်း သူက ထပ်ပြောသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုကို မှတ်ပုံတင်ထားပြီး ဖြစ်သော ကုမ္ပဏီများသည် ကြိုတင် စစ်ဆေးခွင့်များနှင့် ဥပဒေသစ်များ ပြဋ္ဌာန်းပြီးသည့် နောက်တွင် ကုန်ပစ္စည်း အမှတ်တံဆိပ် ခွင့်ပြုချက် အရင် ရရှိကြမည်ဟု အာဆီယံ ဉာဏပစ္စည်းအသင်း(ASEAN Intellectual Property Association) ၏ ဥက္ကဋ္ဌ ဒေါ်တင်ဥမ္မာထွန်းက အတည်ပြုသည်။

နိုင်ငံတကာ ကုမ္ပဏီများက ဥပဒေမူဘောင်သစ် များကို ကြိုတင် မျှော်လင့်ပြီး ၎င်းတို့၏ ဉာဏပစ္စည်း မူပိုင်ခွင့်များ သေချာအောင် ပြုလုပ်နေသည့် အချိန်တွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကမူ နောက်ကျသော ခြေလှမ်းများ ဖြင့်သာ စွန့်စားခန်း ဖွင့်နေဆဲ ဖြစ်သည်။

ပြည်တွင်း ရိုက်ခတ်မှု

ရုပ်ရှင် ခိုးကူးခွေများမှသည် Louis Vuitton လက်ကိုင်အိတ်များနှင့် ပုံတူကူး အမြန်ရ စားသောက်ဆိုင်များ အထိ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးမျိုးသည် ဥပဒေသစ်များ ထွက်ပေါ် လာသည့် အချိန်တွင် နိုင်ငံတကာ မူပိုင်ခွင့်၊ ကုန်ပစ္စည်း အမှတ်တံဆိပ်နှင့် တီထွင်မှု ကာကွယ်ရေး များကို ချိုးဖောက်သလို ဖြစ်သွားပါလိမ့်မည်။

အင်အားကောင်းသည့် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများနှင့် မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ရေးကို ထောက်ခံသူများက အဆိုပါ ဥပဒေများသည် တွန်းအား ဖြစ်စေပြီး ပြည်တွင်းတွင် တီထွင် ဆန်းသစ်မှု ဖြစ်စေလိမ့်မည် ဟု ချေပပြောဆိုကြသည်။

Mr.Mattei က ဥပဒေသစ်များ ပြဋ္ဌာန်းပြီးသည့် အချိန်တွင် “ ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ဉာဏပစ္စည်း ပိုင်ဆိုင်မှုတွေကို ပိုပြီး ကောင်းမွန်စွာ ကာကွယ်နိုင်လာပါ လိမ့်မယ်။ သူတို့ရဲ့ ဉာဏပစ္စည်း ပိုင်ဆိုင်မှုတွေ ကာကွယ်မှုကို နိုင်ငံခြား တိုင်းပြည်တွေ အထိ ပိုပြီး လွယ်ကူစွာ တိုးချဲ့ နိုင်ပါလိမ့်မယ်” ဟု အကြောင်းပြသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်ကို ထောက်ခံသူများက မြန်မာနိုင်ငံသည် ဉာဏပစ္စည်းများနှင့် ပတ်သက်သော အမြင်များကို ပြောင်းလဲရန် လိုအပ်သည်ဟု ဆိုကြသည်။ အစိုးရက ဉာဏပစ္စည်း မူပိုင်ခွင့်ကို ခြွင်းချက်မရှိ လေးစားတတ်ရန် ပြည်သူများကို အသိ ပညာပေးရန် လိုအပ်သည်ဟု Mr. Rose က ဆိုသည်။

ASEAN Intellectual Property Association ဥက္ကဋ္ဌ ဒေါ်တင်ဥမ္မာထွန်းကမူ “အောက်ခြေအဆင့်က ပြည်သူအများစု က ဉာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်မှုမှာ ဘာတွေ ပါသလဲ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းက ဘာတွေခိုင်မာ သလဲ၊ ဉာဏပစ္စည်း မူပိုင်ခွင့် စစ်ဆေးသူတွေရဲ့ အခန်းကဏ္ဍနဲ့ ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေတွေက တိုင်းပြည် အတွင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက် ဆွဲဆောင်နိုင်မှာလဲ ဆိုတာကို သတိမပြုမိ ကြသေးဘူး” ဟု သူ၏ စိုးရိမ်မှုကို ပြောပြသည်။

ကမ္ဘာပေါ်တွင် အခြားနိုင်ငံများမှာ ကဲ့သို့ စိတ်ကူးအကြံဉာဏ်ကို ပုဂ္ဂလိက ပိုင်ဆိုင်မှုတခုအဖြစ် မြန်မာနိုင်ငံတွင် အခု အချိန်အထိ လက်မခံကြသေး၊ နားမလည်ကြသေးပေ။

ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အစိုးရများသည် အင်အားကောင်းသော ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေများဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အားပေးရေးနှင့် ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲများ၊ ဆေးဝါးများကဲ့သို့သော အသိပညာ သို့မဟုတ် အသိပညာ အခြေပြု ထုတ်ကုန်များကို လက်လှမ်းမီနိုင်စေခြင်းဖြင့် အများ ပြည်သူဆိုင်ရာ ပစ္စည်းများအား ဦးစားပေးခြင်း အကြား ခက်ခဲသော ရွေးချယ်မှုကို တခါတရံ ပြုကြ ရသည်။

ဥပမာပြရလျှင် နွမ်းပါးသော ပြည်သူများအနေ ဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့်ကြောင့် ဈေးကွက်အတွင်း ယခင်က လက်လှမ်း မီနေသော ဈေးပေါပြီး အမျိုးအစားစုံသော ဆေးဝါးများ ပျောက်ကွယ်သွားပြီး ဈေးကြီးပြီး ရွေးချယ်စရာ နည်းသော ဆေးဝါးများသာ ရရှိနိုင်တော့မည်။

အကယ်၍ လွှတ်တော်မှ ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေများ အတည်ပြုပေးလိုက်ပြီး တင်းကျပ်စွာ အကောင်အထည် ဖော်လာခဲ့လျှင် ပြည်တွင်း လုပ်ငန်းများ အနေဖြင့် အနီးကပ်ဆုံး အရင်ဆုံး ထိခိုက်ကြတော့မည် ဖြစ်သည်။

အနည်းဆုံး အနေဖြင့် ကာလတိုတခုတွင် ဉာဏပစ္စည်းမူပိုင်ခွင့်ကို ချိုးဖောက်ရာရောက်သည့် ပစ္စည်းများ ထုတ်လုပ် နေသည့် စီးပွားရေးလုပ်ငန်း ငယ်များသည် သူတို့၏ စီးပွားရေးပုံစံကို ပြောင်းလဲရန် လိုအပ်လာပြီး လူအမြောက်အမြား အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါသည်။

သို့သော် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးနေသော်လည်း အတုအပပစ္စည်းများ အလွယ်တကူ ရရှိနေသည့် ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံကို သူတို့ လမ်းအတိုင်းသွားရန် ပုံစံပြသနေပါတော့သည်။     ။

Loading